Saturday, 31 October 2015

ဝက်သားလုံး ကြာဇံဆီချက်


ကြာဇံဆီချက်လေး လုပ်စားဖြစ်လို့ အိမ်မှာလုပ်စားတဲ့နည်းလေး မျှဝေလိုက်ပါတယ် အိမ်လုပ်ဆိုပေမဲ့ နံမည်ကြီး ဆိုင်တွေထက်တောင် အရသာက ပိုလို့တောင် ကောင်းနေပါသေးတယ် အပြင်စာထက် အိမ်မှာလုပ်စားရတဲ့ အရသာကို ပိုပြီးနှစ်သက်တဲ့ မာမာတို့အတွက်တော့ နတ်သုဒ္ဒါပါဘဲ။

လိုအပ်သော ပစ္စည်းများ

  • ၀က်သားကြိတ်ပြီးသား - 350g
  • ဆန်ကြာဇံ - 150g
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  • ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
  • ကြက်သွန်မိတ် - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် - လိုသလောက်
ဝက်သားအရသာနယ်ရန်
  1. ၀က်သားကို ဆားလက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် ရောပြီးနယ်ထားပေးပါ
ကြက်သွန်ဖြနှင့် နှမ်းကြော်ရန်
  1. ကြက်သွန်ဖြူ အမွှာကြီးကြီး ၁၅မွှာလောက်ကို မညက်တညက်ထောင်းထားပါ
  2. ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူထောင်းကို ထည့်ကြော်ပါ
  3. ကြော်နေစဉ် အဆက်မပြတ်မွှေပေးပြီး ရွှေဝါရောင်သန်းလာတာနဲ့ ကြက်သွန်ကြော်များကို ဆယ်ပြီးအအေးခံထားပါ
  4. ကြက်သွန်ကြော်ထားသော ဆီပူပူထဲကိုနှမ်းများထည့်ပြီး ကြော်ပေးပါ
  5. နှမ်းစေ့ထည့်ပြီး မိနစ်ဝက်လောက်နေတာနဲ့ မီးပိတ်ပြီး လက်ကျန်ဆီအပူရှိန်နဲ့ နှမ်းကို မွှေးလာတဲ့ထိကြော်ပြီး အအေးခံထားပါ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ၀က်သားကြိတ်သားကို ကြက်သားမှူန့် ဆားနှင့်နယ်ကာ ကွမ်းသီးဆံ အလုံးလောက်လေးတွေ လုံးထားပါ
  • ရေ 4cupsကို ဆူအောင်တည်ပြီး ရေပွက်ပွက်ဆူလာတာနဲ့ ၀က်သားလုံးများကို ထည့်ပြုပ်ပေးပါ
  • ၄မိနစ်လောက်ပြုပ်ပေးပြီး ဆယ်ကာ ရေစစ်ထားပါ   
  • ၀က်သားလုံး ကျက်သွားပါက ခပ်သေးသေးလေးတွေ လှီးထားပါ
  • ဆန်ကြာဇံကို ရေနာရီဝက်လောက်စိမ်ထားပြီး ရေစစ်ကာ ရေစစ်ထားသော ကြာဇံများကို ဇလုံတလုံးထဲထည့်ပြီး ရေနွေးဆူဆူလောင်းထည့်ပါ 
  • ရေနွေးစိမ်ထားချိန် ၂မိနစ်နေရင် ရေနွေးစိမ်ထားသော ကြကာဇံကို ဇကာထဲသွန်ချပြီး ရေနှေစ်ထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူကြော် နှမ်း ကြော်ပြီးသားကို ပြင်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တပွဲစာပြင်ပါမယ်
  • ပြုပ်ထားသော ကြာဇံကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • အနေတော် လှီးထားသော ၀က်သားလုံး နှစ်သက်သလောက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း နှမ်းဆီချက် ထမ်းစားဇွန်း ၂ဇွန်းခွဲ ငံပြာရည် လက်ဖက်ရည်ဇွန်း တ၀က်သာသာ ကြက်သွန်ဖြူဆီချက် အဖတ် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။


Friday, 30 October 2015

ကြက်ဥကြော် ချဉ်ရည်ဟင်း



ကြက်ဥချဉ်ရည်ဟင်းကို အမျိုးမျိုးချက်ကာ စားကြတဲ့အထဲက ဒီချက်နည်းလေးက ကြက်ဥကို ကြော်ပြီးမှ ပြန်ချက်တဲ့ နည်းလေးပါ  ချက်နည်းကတော့ အရင် ကြက်ဥချဉ်ရည်ဟင်း ချက်နည်းအတိုင်းအတိုင်းပါဘဲ ကြက်ဥကို အလုံးလိုက် ဖောက်ပြီး ကြော်တဲ့ ချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

  • အလုံးလိုက်ဖောက်ကြော်ထားသော ဘဲဥ( သို့) ကြက်ဥ - ၆လုံး
  • အခွံခွာပြီး ရှစ်စိတ်စိတ်ကာ ရေဆေးထားသောအာလူး - အနေတော် ၃လုံး
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
  • ရေစိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • မဆလာ - အနေတော်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ ဇွန်း
ချက်နည်းလေးကိုပြောပါမယ်
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥများကို တလုံးခြင်း ဖောက်ကြော်ပြီး ဆယ်ထားပါ
  • ကြက်ဥကြော်ထားသော ဆီထဲမှာဘဲ ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ထဲ့ကာ မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ အာလူးကိုထဲ့ပြီး ငါးငံပြာရည် တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ အာလူးနူးအောင်တည်ပေးပါ
  • အာလူးနူးလာတာနဲ့ ကြက်ဥကြော်ပြီးသားကို အရင်ထည့်ကာ မကျီးသီးမှည့်အရည်ထဲ့ပြီး ရေဆူအောင် ဆက်တည်ပြီး ဆီကျန်ရေကျန်ထားပြီး မဆလာအုပ်ကာ မီးပိတ်ပေးနိုင်ပါပြီ။



Thursday, 29 October 2015

ကံ့ကူရံငါးခြောက် အစပ်ကြော်


ငါးခြောက်ထဲမှာ ငါးယောင်ခြောက်ပြီးရင် အသားအများဆုံး ငါးခြောက်တမျိုးပါ ဆီကျန်ရေကျန် ချက်စားလဲ အဆင်ပြေတဲ့ ငါးခြောက်ပါ မာမာကတော့ စပ်စပ်လေးကြော်ပြီး ထားလိုက်တာမို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခြောက် - 400g
  • ကြက်သွန်နီ - ခပ်ကြီးကြီး တဥ 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှ
  • ချင်း - လက်တဆစ် သာသာ
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးသာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ငါးခြောက်ကို အကောင်လိုက်ရေ နာရီဝက်လောက် စိမ်ထားပြီး လက်တဆစ်အရွယ်လေးများ တုံးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  5. ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  6. ငါးခြောက်ကို အရင်ဆုံး ကြွတ်သွားအောင် ကြော်ပြီး ဆယ်ထားပါ
  7. ငါးခြောက်ကြော်ထားသော ဆီထဲမှာဘဲ ကြက်သွန်နီကိုအရင် နွမ်းအောင်ကြော်ပေးပါ
  8. ကြက်သွန်နီ နွမ်းမှကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ
  9. ကြက်သွန်များ အရမ်းမကြွတ်ခင် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငံပြာရည်တို့ကို ထည့်မွှေပါ
  10. ကြက်သွန်များ ကြွတ်လာပြီဆိုတာနဲ့ ကြော်ပြီးဆီစစ်ထားသော ငါးခြောက်ကြော်ကို ရောမွှေပေးပါ
  11. အေးသွားပါက ကြွတ်ပြီး မွှေးနေသော ငါးခြောက်ကြော် စပ်စပ်လေးကို လိုသလို စားနိုင်ပါပြီ။

Wednesday, 28 October 2015

ချဉ်ငံစပ် ပဲကြာဇံသုပ်


ပဲကြာဇံသုပ်လေး သုပ်စားဖြစ်လို့ သုပ်နည်းလေးနဲ့အတူ ပဲကြာဇံသုပ် ပို့ခဲ့ပါပြီ ထမင်းနဲ့ဘဲစားစား ဒီအတိုင်းဘဲ စားစား အရမ်းကောင်းတဲ့ ပဲကြာဇံသုပ် ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားကြည့်စေချင်ပါတယ်။

တစ်ပွဲစာအတွက် ပါဝင်ပစ္စည်းများ
  • ရေနာရီဝက်လောက် စိမ်ပြီး ရေနွေး တမိနစ်လောက်ဖျောပြီး ရေစစ်ထားသော ပဲကြာဇံ - 100g
  • ရေနာရီဝက်လောက် စိမ်ပြီးရေစင်အောင်ဆေးထားသော မှိုခြောက် - 30g
  • ပါးပါးလှီးထားသော ဂေါ်ဖီ - လက်ဖက်ရည်ပန်းကန် တလုံးစာ
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • သံပုရာသီး - တစိတ်
  • နံနံပင် - အနည်းငယ်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ပဲအကျက်မှုန့်. - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  1. ပဲကြာဇံကို ရေနွေးဖျောပြီး ရေအေးနှင့်ဆေးကာ ဇကာနှင့်စစ်ထားပါ
  2. မှိုခြောက်ကို ရေစိမ်ပြီး ရေစင်အောင်ဆေးကာ ရေနွေးဆူဆူနှင့် ၂မိနစ်လောက်စိမ်ကာ အနေတော်လှီးထားပါ
  3. ဇလုံကျယ်ကျယ် တလုံးထဲမှာ ပဲကြာဇံ မှိုခြောက် ဂေါ်ဖီ  ကြက်သွန်နီ ပဲမှုန့် ငရုတ်သီးမှုန့် ဆီချက် ငံပြာရည် ပုဇွန်ခြောက်မှုန့် အရသာမှုန့် နံနံပင် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွနယ်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင် နိုင်ပါပြီ။

Tuesday, 27 October 2015

ဂေါ်ရခါးသီးကြော် ကြွတ်ကြွတ်လေး


ဂေါ်ရခါးသီးကြော် ကြွတ်ကြွတ်လေး ကြော်ဖြစ်လို့ ကြော်နည်းနဲ့အတူ ဂေါ်ရခါးသီးကြော်လေး ပို့ခဲ့ပါပြီ ကြော်နည်းက လွယ်လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ရခါးသီး  - ခပ်ကြီးကြီး တလုံး
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဂေါ်ရခါးသီးကို အခွံခွာပြီး ရေဆေးကာ လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
  • အရသာစပ်ထားသော မုန့်နှစ်ထဲမှာ ဂေါ်ရခါးသီးကို နှစ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ဂေါ်ရခါးသီးမုန့်နှစ်လူးကို တခုခြင်း ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက ဂေါ်ရခါးသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဂေါ်ရခါးသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

ဘဲသား ဆန်ပြုပ်



ဘဲသားဆန်ပြုပ် ပြုပ်သောက်ဖြစ်လို့ ပြုပ်နည်းလေး မျှဝေလိုက်ပါတယ် ဒီဆန်ပြုပ်ကိုလဲ အရင်ပြုပ်ဖူးတဲ့ ကြက်သားဆန်ပြုပ်နည်းအတိုင်း ဆန်လှော်နဲ့ဘပြုပ်ထားတာပါ

မာမာတို့တော့ မိသားစု၃ယောက် တစ်နေကုန် ဆာရင်ဆာသလိုသောက်နိုင်ဖို့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး၂ဗူးကို လှော်ပြီးပြုပ်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • ရေဆေးပြီး ရေမထဲ့ဘဲ ညိုတဲ့ထိလှော်ထားသောဆန် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၂ဗူး
  • အရိုးအသားတွဲထားသော ဘဲသား - 350g
  • အခွံခွာပြီးရေဆေးထားသော ကြက်သွန်နီ - ဥအသေး ၁၀လုံး
  • ဆား - လက်ဖက်ရည်ဇွန်း ၄ဇွန်းး ( ဇွန်းတ၀က်ကို ဘဲသားပြုပ်ထဲထည့်ရန်)
  • နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံပုံ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  • ပါးပါးလှီးထားသောကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်းခွဲ (တ၀က်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၎မွှာ
  • ထောင်းထားသောငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပြုပ်ရန်ပြင်ဆင်ပါမယ်
  • လှော်ထားသောဆန်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ပါ
  • ဆန်လုံးများကျေလာအောင် ပြုပ်ပေးပါ
  • ဘဲသားကို အတုံးလိုက်ရေဆေးပြီး ချင်း ဆားနှင့်နယ်ကာ နူးအောင်ပြုပ်ပေးပြီး အရိုးအသား သတ်သတ်စီ ထွင်ပေးပါ
  • ဆန်ပြုပ်နေတုံး ဆီကို နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသောကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
  • ကြက်သွန်များပျော့ပြီး မွှေးလာပါက ဘဲ အရိုးအသားများကို ထဲ့ပြီး ၅မိနစ်လောက် ဆီသတ်ပေးထားပါ
  • ဆန်လှော်များ မနူးသေးပါကနူးတဲ့ထိ ရေထဲ့ပြီးပြုပ်ပေးပါ
  • ပြုပ်နေစဉ် မကပ်အောင်မွှေမွှေပေးပါ
  • ဆန်နူးပြီဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန် ၆လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ဘဲသားဆီသတ်ကို ထဲ့ပြုပ်ပေးပါ
  • ဆားနှင့်အရသာမှုန့်၂ဇွန်းကိုထဲ့ပြီး အရသာမြည်းပါ
  • လိုအပ်သော အရသာပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထဲ့ပြီး မီးနွေးနွေးနဲ့ထားပြီး လိုသလောက်ထဲ့သောက်ကာ သောက်ကာနီးမှ ကြက်သွန်မိတ်ဖြူးပြီးသောက်နိုင်ပါပြီ။

Monday, 26 October 2015

ဝက်နံရိုး ဆီပြန်ဟင်း



ရံဖန်ရံခါမှ စားတတ်ပေမဲ့ ၀က်နံရိုးဟင်းက ချက်တတ်ရင် အရမ်းစားလို့ကောင်းတာမို့မာမာချက်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး - 500g
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ချင်း - လက်တစ်ဆစ်ခန့်
  • ကြက်သွန်ီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • စပါးလင် - တလက်မခန့်
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက်တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  1. ၀က်နံရိုးကို ရေစင်အောင်ဆေးပြီး တလက်မလောက် အတုံးလေးများ တုံးပေးထားပါ
  2. ၀က်နံရိုးများကို ဇလုံတလုံးထဲထည့်ပြီး နနွင်း ဆား ငံပြာရည် အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာဝင်အောင် ၁၀မိနစ်လောက် နှပ်ထားပါ
  3. ချင်း စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ငရုတ်သီးမှုန့်နှင့် ရောပြီး ထောင်းထားပါ
  4. အားလုံးအဆင်သင့်ဖြစ်ပြီဆို ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီထည့်ပါ
  5. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  6. ဆီသတ်နံ့မွှေးလာတာနဲ့ ၀က်နံရိုးကို ထည့်ပြီးဆီသတ်ပါ
  7. ၀က်နံရိုးအသားများ မာလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  8. ပထမ တရည်ခမ်းပြီး နောက်တရည် ထပ်ထည့်ပြီး တည်ပေးပါ
  9. ရေခမ်းပြီး ဆီပြန်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။

Sunday, 25 October 2015

ဂေါ်ရခါးသီး ကြက်ဥကြော်


ဂေါ်ရခါးသီးဆို ဟင်းချက်စား ကြော်စား ပြုပ်တို့ အရသာစုံအောင် လုပ်စားလို့ရတာမို့ ဒီတခါတော့ ကြက်ဥနဲ့မွှေကြော် ကြော်ထားပါတယ် သဘာဝအရသာက ချိုပြီးသားမို့ အများကြိုက်ကြတဲ့ အသီးကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ရခါးသီး - ခပ်ကြီးကြီး တလုံး
  • ကြက်ဥ - တလုံး
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  1. ဂေါ်ရခါးသီးကို အခွံခွာပြီး ရှည်ရှည်အမြှောင်းရအောင်လှီးပြီး ရေဆေးကာ စစ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းကို ထည့်ပေးပါ
  4. ဆီ အငွေ့တက်လာတာနဲ့ ကြက်သွန်နီကို နွမ်းအောင် ကြော်လိုက်ပါ
  5. ကြက်သွန်နီ နွမ်းတာနဲ့ ဂေါ်ရခါးသီးကို ထည့်မွှေပါ
  6. ၂မိနစ်ကျော်ကျော်လောက် အဖုံးအုပ်ထားပြီး ဂေါ်ရခါးသီး နွမ်းလာတာနဲ့ ဆားနှင့်အချိုမှုန့် ထည့်မွှေပါ
  7. ပြီးတာနဲ့ ဂေါ်ရခါးသီးကို ဘေးတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေလိုက်ပါ
  8. ကြက်ဥကြက်တာနဲ့ ဂေါ်ရခါးသီးနှင့် ရောမွှေပေးပြီး အရသာမြည်းကာ လိုသလိုပြင်ပြီး စားသုံးနိုင်ပါပြီ။

ပဲပေါင်း စိမ့်စိမ့်လေး



ပဲပေါင်းလုပ်နည်းလေး ပြောပြချင်ပါတယ် ပဲကြီးဟင်းချက်တဲ့ ပဲကို နူးနေအောင် ပြုပ်ပြီးလုပ်ထားတာပါ တခြားပဲတွေကို လုပ်လို့ရပေမဲ့ ဒီပဲလောက် အရသာမကောင်းလှပါဘူး ကလေးလူကြီး နှစ်သက်မဲ့ ပဲပေါင်းဟင်းမို့လို့ ပဲပေါင်း စိမ့်စိမ့်လေး လုပ်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြီး LIMA BEEANS - 500g
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်တလုံး
  • ဆား လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. ပဲရဲ့အထက် ရေလက်တထွာလောက် ရေမြုပ်အောင်ထည့်ပြီး တညရေစိမ်ထားပါ
  2. နောက်နေ့မနက်မှာ ပဲများပွလာပါက အခွံကို တစေ့ချင်းထွင်ပေးပါ
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါလှီးထားပါ
  4. အားလုံးပြီးတာနဲ့ ဇောက်နက်နက်အိုးထဲမှာ ထည့်ပြီး နူးအောင်ပြုပ်ပေးပါ
  5. ပဲများ နူးအိလာပါက ဇွန်းနှင့် ဖိပြီးချေထားပေးပါ
  6. ဒယ်အိုးတလုံးထဲမှာ ဆီထည့်ကာ အပူပေးပါ
  7. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီ ကြက်သွန်နီကို ထည့်ကြော်ပြီး ကြွတ်လာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  8. ကြက်သွန်ကြော်လို့ ပိုတဲ့ဆီထဲမှာ ပြုပ်ပြီး ချေထားသော ပဲများကို ထည့်ကြော်ပေးပါ
  9. ပဲများကို အဆက်မပြတ်မွှေပေးပြီး ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပေးပါ
  10. ပဲများအိလာပြီး မွှေးလာပြီဆိုတာနဲ့ ကြော်ထားသော ကြက်သွန်နီကြော် ကို ပဲပေါင်းအပေါ်မှဖြူးပြီး စားသုံးနိုင်ပါပြီ။

Saturday, 24 October 2015

အာဗျဲခြောက် (ငါးနှပ်ခြောက်) အစပ်ကြော်


အာဗျဲခြောက်ဆိုရင် တချို့က အနံ့မကြိုက်လို့ မစားကြပါဘူး အဲဒီလိုအခါမျိုးမှာ ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီတို့နဲ့ ကြော်ကြည့်စေချင်ပါတယ် မောင်ကြံ တတို့ ဖြစ်မှ သေချာပါတယ်။

ပါဝင်ပစ္စည်းများ

  • အာဗျဲခြောက် - 100g
  • ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း တဇွန်းခွဲ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
  1. အာဗျဲခြောက်ကို အကောင်လိုက် ရေဆေးပြီး လက်နှစ်ဆစ်လောက် အနေတော် တုံးပေးပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  4. ဒယ်အိုးကို အပူပေးပြီး နနွင်းမှုန့် အရင်ထည့်ကာ ငါးခြောက်ကို ကြွတ်တဲ့အထိကြော်ပြီး ဆယ်ထားပါ
  5. ငါးခြောက်ကြော်တဲ့ ဆီထဲမှာဘဲ ကြက်သွန်နီကို အရင် နွမ်းအောင်ကြော်ပေးပါ
  6. ကြက်သွန်နီ နွမ်းတော့မှ ကြက်သွန်ဖြူကိုထည့်ကာ ကြော်ပေးပါ
  7. ကြက်သွန်ဖြူ ကြက်သွန်နီ အနံ့သင်းလာတာနဲ့ ငရုတ်သီး လုံးခြမ်းခွဲကို ထည့်ကြော်ပါ
  8. ငရုတ်သီးကြော်ချိန် မကြာစေဘဲ ၅ချက်လောက် ဆက်တိုက်မွှေပြီးတာနဲ့ ငါးခြောက်ကြော် အချိုမှုန့်တို့ ထည့်မွှေပြီး မီးပိတ်ပေးပါ
  9. ထမင်းမိန်စေတဲ့ ငါးခြောက် အစပ်ကြော်ရပါပြီ။

Friday, 23 October 2015

ကြက်ဥ ချဉ်ရည်ဟင်း



ကြက်ဥချဉ်ရည်ဟင်းကို အမျိုးမျိုးချက်ကာ စားကြတဲ့အထဲက ဒီချက်နည်းလေးက ကြက်ဥကို ပြုပ်ပြီး အခွံခွာကာ အလုံးလိုက် ကြော်ပြီးမှ ပြန်ချက်တဲ့ နည်းလေးပါ  ချက်နည်းကတော့ ကြက်ဥကို ကြော်ပြီးမှ ချက်တာကလွဲရင် ချက်နေကျ နည်းအတိုင်းဘဲ ချက်ထားပါတယ်။

ပါဝင်သော ပစ္စည်းများ

  • ပြုပ်ပြီးအခွံခွာကာ ထားသောဘဲဥ( သို့)ကြက်ဥ - ၆လုံး
  • အခွံခွာပြီး ရှစ်စိတ်စိတ်ကာ ရေဆေးထားသောအာလူး - အနေတော် ၃လုံး
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
  • ရေစိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • မဆလာ - အနေတော်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ချက်နည်းလေးကိုပြောပါမယ်
  • ဆီကိုနနွင်းမှုန့်ထဲ့ကာအပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥများကို အပေါ်ယံတင်းသွားအောင် ကြော်ပြီး ဆယ်ထားပါ
  • ကြက်ဥကြော်ထားသော ဆီထဲမှာဘဲ ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ထဲ့ကာ မွှေးလာတဲ့ထိဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ အာလူးကိုထဲ့ပြီး ငါးငံပြာရည် တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ အာလူးနူးအောင်တည်ပေးပါ
  • အာလူးနူးလာတာနဲ့ဘ ကြက်ဥကြော်ပြီးသားနဲ့မကျီးသီးမှည့်အရည်ထဲ့ကာ ရေဆူအောင် ဆက်တည်ပြီး ဆီကျန်ရေကျန်ထားပြီး မဆလာအုပ်ကာ မီးပိတ်ပေးနိုင်ပါပြီ။

Thursday, 22 October 2015

သရက်သီးစိမ်း သနပ်



သရက်သီးစိမ်းသနပ် လုပ်နည်းလေး မေးထားလို့ သရက်သီးကလဲ မာမာနေတဲ့ နိုင်ငံမှာ ပေါ်ကာစ အသီးက သိပ်မကြီးသေးလေတော့ သရက်သီး ခပ်သေးသေးလေးတွေနဲ့ဘဲ သရက်သီးစိမ်း သနပ်လုပ်ပြီး လုပ်နည်းလေး တင်ပေးလိုက်ပါတယ်။

တယောက်နဲ့တယောက် လုပ်ပုံလုပ်နည်း တူချင်မှ တူပါလိမ့်မယ် မာမာကတော့ စိတ်ထဲမှာ အရိုးစွဲနေတဲ့ မာမာ့အမေ လုပ်တဲ့နည်းနဲ့ဘဲ လုပ်ထားပါတယ် စားလို့ကတော့ တကယ်ကောင်းပါတယ် သရက်သီးသနပ် တမျိုးထဲနဲ့ကိုဘဲ ထမင်းစားလို့ရအောင် ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ


  • သရက်သီးစိမ်း အသေး -  ၅လုံး  150g ခန့်
  • ကြက်သွန်ဖြု - ၇မွှာ
  • လေးညှင်း - ၁ပွင့်
  • စမုံစပါး - အစေ့ ၂၀ခန့်
  • သစ်ဂျပိုးခေါက် - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
  • စမုံစပါး လေးညှင်း သစ်ဂျပိုးခေါက် အလွယ်တကူမရှိလျှင် ရိုးရိုးမဆလာကို သုံးနိုင်ပါတယ်
သရက်သီး ပြင်ဆင်ပုံ
  • သရက်သီးကို မခွံမခွာပဲ အညှာမှဖြတ်ကာ ရေတနာရီလောက် စိမ်ထားပါ
  • ရေစိမ်ပြီးမှ အနေတော် အတုံးလေးများ တုံးပေးပါ
  • မနက်ဖြန်မနက် သရက်သီးသနပ် လုပ်မယ်ဆို တရက်ကြိုပြီး လှီးထားပေးပြီး ပန်းကန်တခုထဲ ထည့်ထားပေးပါ
ပြင်ဆင်ပုံ
သစ်ဂျပိုးခေါက် စမုံစပါး လေးညှင့်ပွင့်ကို အနည်းငယ်လှော်ပြီး ထောင်းကာ မဆလာ လုပ်ထားပါ
  1. သနပ်လုပ်ရန် စပ်ထားသော မဆလာကို ပြင်ထားပါ
  2. ဆားကို နည်းနည်း ညိုသွားအောင် လှော်ပြီး အအေးခံထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး အစိတ်စိတ်ထားပါ
  4. ဇလုံတလုံးထဲမှာ သရက်သီး ဆား မဆလာ ကြက်သွန်ဖြူတို့ကို ရောမွှေထားပါ
  5. ဆီကို ဒယ်အိုးထဲ ထည့်ပြီး ပူလာအောင် အပူပေးပါ
  6. ဆီပူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ကာ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး မွှေထားပါ
  7. ငရုတ်သီး အရောင်တင်မှုန့် ထည့်ထားသော ဆီကို ခပ်နွေးနွေးအချိန်မှာ သရက်သီးဇလုံထဲ လောင်းခိပြီး မွှေပေးပါ
  8. အားလုံး သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲ သရက်သီးကို ဆီမြုပ်အောင်ပြီး အဖုံးလုံအောင်ပိတ်ထားပါ
  9. ၃ရက်မှ၎ရင်အတွင်း ရရင် အထက်အောက် မွှေပေးပြီး စားသုံးနိုင်ပါပြီ။

Wednesday, 21 October 2015

ကိုယ်တိုင်လုပ် ပုဇွန်ချဉ်သုပ်


ပုဇွန်ချဉ်စားချင်လို့ ကိုယ်တိုင်လုပ်လိုက်တာ အဆင်ပြေလွန်းလို့ ပုဇွန်ချဉ်လုပ်နည်းနဲ့ သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဘော့ချိတ် သို့ ပုဇွန်ခေါင်းချိုး သန့်စင်ပြီးသား 200g
  • ခပ်မာမာချက်ထားသော ထမင်း လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံး
  • ဆား ထမင်းစားဇွန်း ၂ဇွန်း
ပြုလုပ်ပုံ
  1. ပုဇွန်ကို အခွန်မခွာဘဲ ခေါင်းဘဲဖြုတ်ပေးပါ
  2. ကြောဘက်မှနေ၍ သွားထိုးတံ အချွန်လေးဖြင့် ထိုးကလော်ပြီး အမဲကြောင်းကို ထုတ်ပေးပါ
  3. အားလုံးသန့်စင်ပြီးပါက ရေစင်အောင်ဆေးပြီး ရေခြောက်အောင် paper towel နှင့်သုပ်ပေးပါ
  4. ထမင်းကို ခပ်မာမာချက်ပေးပြီး အအေးခံထားပေးပါ
  5. ထမင်းအေးတော့မှ ပုဇွန်ကို စပြီးသန့်စင်ပေးပါ
  6. ပုဇွန်သန့်ပြီးတာနဲ့ ဇလုံထဲထည့်ပြီးဆား ထမင်းနှင့်ပုဇွန်တို့ကို နယ်ပေးပါ
  7. နယ်ပြီးသောပုဇွန်ကို ကော်ဗူးသန့်သန့်ထဲ ဖိသိပ်ပြီးထည့်ပေးပါ
  8. အပေါ်မှာနေရာလွတ်နေပါက အသုံးမပြုရသော ပလစတစ်စများ ထိုးထည့်ပြီး ဗူးဖုံးကို လုံအောင်ပိတ်ထားပါ
  9. ပုဇွန်ထည့်ထားသော ဗူးကို အိမ်မှာ အခန်းအပူချိန် အများဆုံးရှိတဲ့ မီးဖိုဆောင်အခန်းမှာ ထားပေးပါ
  10. ၃ရက်လောက်နေရင် အရည်များ ထွက်လာပါလိမ့်မယ် ထွက်လာတဲ့အရည်ကို ဗူးမှောက်ပြီး စစ်ထားပေးပါ
  11. ၄ရက်၅ရက်လောက်နေရင် စားလို့ရပါပြီ
ပုဇွန်ချဉ်သုပ်နည်း
  • ပုဇွန်ချဉ်ကို ဗူးထဲက ထုတ်ပေးပါ
  • ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်း စားနိုင်သလောက် လှီးထားပါ
  • နံနံပင်ကို ကြိုက်သလောက် လှီးထားပါ
  • ဇလုံတလုံးထဲမှာထည့်ပြီး ပဲဆီ ထမင်းစားဇွန်း တဇွန်း ဆမ်းပြီး နယ်ပေးပါ
  • ပုဇွန်ချဉ်မှာ အငံပါပြီးသားမို့ ဆားထည့်ရန်မလိုပါ။





Tuesday, 20 October 2015

ကြက်ချိုချဉ် အစိမ်းကြော်


ဟင်းအမယ် တမျိုးထဲ ချက်မယ်လို့ စိတ်ကူးတဲ့နေ့ဆိုရင် အခုလို ချိုချဉ်ကြော်လေး ကြော်တတ်ပါတယ် အပြင်အစာတွေ သိပ်မစားတတ်လေတော့ အခုလို တွေးရင်တောရင်း ပေါ်လာတတ်တဲ့ ချိုချိုချဉ်ချဉ်လေးက ထမင်းကို မထင်မှတ်ဘဲ မိန်စေတတာတာမို့ ကြော်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီး ခပ်ပါးပါးလှီးထားသော ကြက်သား - 150g
  • အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးစိပ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  • အရှည်လိုက် လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • အနေတော်လှီးထားသော ပဲသီး - ၁ုတောင့်
  • တလက်မစီလောက် လှီးထားသော တရုတ်နံနံ - ၂ပင်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ချယ်ရီ ခရမ်းချဉ်သီး - ၅လုံး
  • ခရမ်းချဉ်သီးဆော့ ထမင်းစားဇွန်း ၂ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း (ချိုချဉ်ကြော်ရန် )
  • သစ်ရွက်ဆီ လက်ဖက်ရည် ပန်းကန်လုံးတလုံး( ကြက်သားကြော်ရန် )
ကြက်သားအရသာနယ်ရန်
  1. ကြက်သားကို ပြောင်းကော်မှုန့် ထမင်းစားဇွန်းတဇွန်း ရေအနည်းငယ်နှင့် ခပ်ပြစ်ပြစ် နယ်ထားပါ
  2. ဆီကို အပူပေးပြီး ကြက်သားကို ဇွန်းနှင့်ခပ်ပြီး တတုံးခြင်းကြော်ပေးပါ
  3. ရွှေဝါရေင် သန်းလာလျှင် ဆယ်ပြီးဆီစစ်ပေးပါ
ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပါ
  • မိနစ်ဝက်ပြည့်တာနဲ့ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ကြက်သားကြော် ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တမိနစ်လောက် ရပြီဆိုတာနဲ့ခရမ်းချဉ်သီးနှင့် တရုတ်နံနံတို့ ထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

သီးစုံ ပဲချဉ်ရည်ဟင်း


သီးရွက်စုံလို့ ပြောပေမဲ့ တကယ်တမ်းကျတော့ အိမ်မှာရှိတာတွေ ပြစ်ပျက်ထည့်ပြီး ချက်လိုက်တဲ့ ဟင်းတမယ်ပါ ဟင်းတွေကို ဘာစတိုင် ညာစတိုင်ဆိုပြီး ချက်ရတာထက် မိသားစု ခံတွင်းလိုက်စေမဲ့ အစာလေးတွေကို ချက်ရတာ စိတ်ထဲမှာ ပီတိတော်တော်လေး ဖြစ်ရတာမို့ မာမာချက်တဲ့ မာ့မာ့စတိုင် သီးစုံ ပဲချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၃ယောက် ညမနက်စာ)

  • ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  • အာလူး - ခပ်ကြီးကြီး တလုံး
  • မုံလာဥနီ - အနေတော် တဥ
  • ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  • ပဲတောင့်ရှည် - ၅တောင့်
  • ရုန်းပတေသီး - ၅တောင့်
  • မုံလာဥနီ - အနေတော် တဥ
  • မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲအရမ်း မနူးအာင် ပြုပ်ထားပါ
  • ပဲသီးကို  အနေတော်လှီးထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တဆစ် အရွယ်တုံးထားပါ
  • ရုံပတေသီးကို တ၀က်ဖြတ်ထားပါ
  • ကြက်သွဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင်ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အသီးအရွက်များကို ရုံးပတေသီးမှလွှဲပြီး  ထည့်ဆီသတ်ပါ 
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ ငံပြာရည်ကို တခါထဲထည့်မွှေပေးပါ
  • အသီးများနည်းနည်း နွမ်းလာတာနဲ့ ဇောက်နက်သော အိုးတလုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ပြုပ်ထားသော ပဲကိုထည့်ပြီး ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့ဖျော်ပြီး မကျည်းရည်ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက. ရုန်းပတေသီး ဆားနှင့် အရသာမှုန့်ထည့်ပြီး အရသာကို လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။

ချဉ်ငံစပ် ငါးပြေမဟင်း


ငါးပြေမ အဆင်သင့်ချက်ရုံ ဗူးလေးတွေနဲ့လာတာမို့ ကိုင်ရခုတ်ရတာ သက်သာတဲ့အတွက် အချဉ်ဆီပြန်ဟင်းလေး ချက်ဖြစ်သွားတာနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ငါးပြေမ- 500g
  • ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  • ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  • ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးစိမ်း - ၁၀ တောင့်
  • နံနံပင် - နှစ်သက်သလောက်
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးအရသာနယ်ရန်
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသောငါးပြေမကို ဇလုံကျယ်ကျယ်ထဲထဲ့ပါ
  • ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်သာသာနှင့်ငံပြာရည် ထမင်းစားဇွန်းတဇွန်းတို့ထဲ့ပါ
  • နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံနှင့် အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့ထဲ့ပါ
  • အားလုံးထဲ့ပြီးပါက အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
ဟင်းချက်ရန်
  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို ၂မိနစ်လောက် မွှေးလာတဲ့ထိထဲ့မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားမာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထဲ့ ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းထဲ့ပြီး အိုးအဖုံးအုပ်ပြီးတည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ် ငရုတ်သီးစိမ်းတောင့်တို့ကိုထဲ့ပြီး ဆီပြန်တဲ့အထိတည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းပြီး နံနံပင်အုပ် မီးပိတ်ပေးပါ
  • နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာကောင်းတဲ့ ငါးပြေမ ဆီပြန်ဟင်းလေးရပါပြီ

ငါးသေတ္တာဟင်း



  • ငါးသေတ္တာ - ဗူးကြီး တဗူး
  • အခွံခွာပြီး ရေဆေးကာ အကွင်းလိုက်လှီးထားသော ကြက်သွန်နီ - ကြီးကြီး တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ခရမ်းချဉ်သီး - နှစ်လုံး ( တလုံးကို လေးစိတ် စိတ်ထားပါ)
ပြင်ဆင်ပုံ
  • ငါးသေတ္တာဗူးကို ဖောက်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်နီကို နွမ်းအောင်ကြော်ေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ငါးသေတ္တာနှင့် ဆားတို့ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ရေဆူအောင်တည်ပါ
  • ရေဆူလာတာနဲ့ ခရမ်းချဉ်သီးထည့်မွှေပြီး တမိနစ်လောက် တည်ပေးရင် ရပါပြီ။

ထောပတ် ခရမ်းသီးနှပ်


ခရမ်းသီးနှပ်ဆိုရင် ထမင်းမိန်ရာ ဟင်းတမျိုးလို့ ထင်နေမိလို့ ခရမ်းသီးရတိုင်း နှပ်ချက်လေး ချက်ပြီး စားဖြစ်တာက များပါတယ် အခုတော့ ထောပတ်ခရမ်းသီးကို ပုဇွန်ခြောက်နဲ့ နှပ်ထားလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်ခရမ်းသီး - ၂လုံး
  • နူတ်နူတ်စဉ်းထားသော ကြက်သွန်နီဥကြီးကြီး - တဥ
  • ပုဇွန်ခြောက်  - ၁၅ကောင်ခန့်
  • နူတ်နူတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာဖြတ် အခွံခွာကာ လေးစိတ် စိတ်ပေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက လက်နှစ်ဖက်နဲ့ ဆုတ်ပြီး ရေကို ညှစ်ပြီး ဖယ်ပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့် ဆား အရသာမှုန့် ပုဇွန်ခြောက်တို့ကို ရောနယ်ပေးထားပါ
  • အောက်ခြေမကပ်သော ဇောက်နက်နက်အိုး တလုံးထဲမှာ ခရမ်းသီး ဆီနှင့် ရေမမြုပ်တမြုပ်ထည့်ကာ အဖုံးအုပ်ပြီးတည်ပေးပါ
  • ရေ မခမ်းခင်  အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး ဆီကျန်ရေကျန်ချိန် မီးပိတ်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

ပြောင်းဖူးထောင်းကြော် စိမ့်စိမ့်လေး


သဘာဝအချိုအရသာနဲ့ ပြည့်ဝနေတဲ့ ပြောင်းဖူးထောင်းကြော် ကြော်စားဖြစ်လို့ ကြော်နည်းနဲ့အတူ လာပို့ခဲ့ပါပြီ မာမာကတော့ ငရုတ်ဆုံထဲမှာ ညက်နေအောင် စိတ်ရှည် လက်ရှည်ထောင်းထားပေမဲ့ အချိန်မရလို့ မထောင်းနိုင်ရင် ဗလင်ဒါထဲ ထည့်ပြီးကြိတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပြောင်းဖူး - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်လုံးစာ (အစေ့ထွင်ပြီးသား )
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ရေ - ပြောင်းဖူးမြုပ်အောင် ထည့်ပါ
ပြင်ဆင်ပုံ
  1. ဆီပူပူမှာ ထောင်းထားတဲ့ ပြောင်းဖူးထောင်းနှင့်ဆားကို ထည့်ပြီးမွှေပေးပါ
  2. ပြောင်းဖူးစေ့ထည့်ပြီး တမိနစ်လောက်ရတာနဲ့ ဆားနှင့်ရေကိုထည့်ပြီး တည်ပေးပါ
  3. ပြောင်းဖူးနူးပြီး အရည်မခမ်းခင် အချိန်မှာ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး စားသုံးနိုင်ပါပြီ။

ကြက်ဟင်းခါးသီးကြော်


ကြက်ဟင်းခါးသီးကို အမျိုးမျိုးလုပ်စားကြတဲ့အထဲက ဒီတခါတော့ ပုဇွန်အစိုကို ထောင်းပြီး ကြက်ဟင်းခါးသီးနဲ့ ကြော်ထားလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး ၂လုံး
  • ပုဇွန်အစို - ပုဇွန်ထုတ် ခပ်ကြီးကြီး ၃ကောင်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပါးပါးရိတ်ရိတ်လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ထူထူလှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဘက်မှ အမဲကြောင်းထုတာကာ ငရုတ်ဆုံထဲထည့်ပြီး ညက်အောင်ထောင်းပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • နွမ်းပြီဆိုတာနဲ့ ပုဇွန်ထောင်းကို ၂မိနစ်လောက်ထည့်ကြော်ပြီ ကြက်ဟင်းခါးသီးထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တမိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၃ ဇွန်းလောက်ထည့်ပြီး အိုးအဖုံးမအုပ်ဘဲ ကြော်ပေးပါ
  • ဟင်းအိုးကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး စားဖို့ပြင်ဆင်နိုင်ပါပြီ။

ကြက်ဥ ကြာဇံကြော်


ဆန်ကြာဇံကြော်လေး ကြော်ဖြစ်လို့ သိပ်မထူးဆန်းတဲ့ အိမ်ကြော်နည်းလေးအတိုင်း ကြော်ထားပေမဲ့ စားလို့ကောင်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ကြော်ရန်အတွက်

  • ၅နာရီခန့်ရေမြုပ်အောင် စိမ်ထားသောဆန်ကြာဇံ - 150g
  • အနေတော် လှီးထားသော ပဲသီး - ၅တောင့်
  • ခပ်ထူထူ လှီးထားသောပန်းဂေါ်ဖီ - နှစ်သက်သလောက်
  • အရှည်အမြှောင်း ရအောင် လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  • တရုတ်နံနံ - အနည်းငယ်
  • ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား -  ထမင်းစားဇွန်း တစ်ဇွန်းမရှိတရှိ
  • ကြက်ဥ - တလုံး
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကိုရေစစ်ပြီး ငံပြာရည် ပဲငံပြာရည် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီးကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
    •  
  • ကြက်သွန်ဖြူနံ့ မွှေးလာပါကပဲသီး မုံလာဥနီ ပန်းဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီးရောကြော်၍ ကြာဇံပျော့လာပြီဆိုတာနဲ့ဘေးကိုတွန်းထားပြီး ကြက်ဥကိုဖောက်ထည့်ကာ အနှစ်ဖောက်ပြီး တ၀က်ကျက်အောင်ကြော်ပြီး တရုတ်နံနံ ထည့်အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်ဆိုရင် ကြာဇံကြော်လေးရပါပြီ

ကြက်ဥ ခေါက်ဆွဲပြားကြော်


ခေါက်ဆွဲ အလုံးလေးတွေ ကြော်စားရတာ ရိုးလာတော့ ကြက်ဥ ခေါက်ဆွဲပြားလေးဘက် တခါ လှည့်ကြော်ပါတယ် ကြက်ဥခေါက်ဆွဲမို့ အရသာကတော့ မကြော်ခင်ထဲက ပြည့်ဝနေပြီးသားပါ အသားမစားတဲ့ သမီးလေးပါ စားလို့ရအောင် ကြက်ဥဖောက်ထည့်ပြီး အားဖြည့်ထားပါတယ် ကြော်နည်းကတော့ အိမ်ကြော် ကြော်နေကျ ထုံးစံအတိုင်းပါဘဲ နှစ်သက်ရာအသီးအရွက်လေး ထည့်ပြီးကြော်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပျော့သွားအောင် ပြုပ်ပြီး ရေဆေးကာ ရေစစ်ထားသော ကြက်ဥ ခေါက်ဆွဲအပြား - 100g
  • အနေတော် လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • အနေတော် လှီးထားသော ဂေါ်ဖီ - အနည်းငယ်
  • အနေတော် လှီးထားသော ဘရိုကိုလီ - ၅ခက်ခန့်
  • လေးထောင့်အဖတ်လေးများ လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
  • တလက်မခန့်အရှည်လှီးထားသော ပဲတောင့်ရှည် - ၃တောင့်
  • တလက်မခန့်အရွယ် လှီးထားသော တရုတ်နံနံ - ၂ခက်
  • ဆီ - ထင်းစားဇွန်း ၅ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • နှမ်းဆီ - လက်ဖက်ဇွန်း သုံးပုံ တပုံ
  • ပဲငံပြာရည်အနော် - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော အသီးအရွက်များကို ရေစင်အောင်ဆေးပြီးမှ လိုအပ်သလို လှီးဖြတ်ကာ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီးမှ လိုအပ်သလို လှီးပေး ထုပေးပါ
  • ရေနွေး 8cups လောက်ကို ဆူအောင်တည်ပေးပြီးမှ ခေါက်ဆွဲခြောက်ကို ထည့်ပြုပ်ပေးပါ
  • အနေတော် အနေအထားရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေစင်အောင် စစ်ထားပေးပါ
  • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား ပဲငံပြာရည်တို့နဲ့နယ်ပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်သွန်နီ ပန်းဂေါ်ဖီ ဘရိုကိုလီ ပဲသီး ဂေါ်ဖီ မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့်ခေါက်ဆွဲကို သမသွားအောင်  တမိနစ်လောက် မွှေပြီးတာနဲ့ ခေါက်ဆွဲကို ဘေးတွန်းထားပြီး ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကျက်တာနဲ့ ခေါက်ဆွဲနှင့်ရောမွှေပြီး တရုတ်နံနံနှင့် နှမ်းဆီထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ သတ်သတ်လွတ် ခေါက်ဆွဲကြော်လေး ရပါပြီ
  • အပေါ့အငံကို လိုသလိုမြည်းပြီး ပြင်ပေးပါ။

ကြက်ဥသုပ် မွှေးမွှေးလေး


အသားမစားချင်တဲ့ရက်ဆို ကြက်ဥကိုပြုပ်ပြီး သုပ်လိုက်ရင် အဆင်ပြေတဲ့ ထမင်းဝိုင်းလေး ဖြစ်သွားတတ် သလိုပါဘဲ ပဲဆီစိမ်းရဲ့ အနံ့မွှေးမွှေးလေးက ထမင်းကို မိန်စေမှာဖြစ်တဲ့အတွက် ကြက်ဥသုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၃လုံး 
  • ကြက်သွန်နီ - အနေတော် တလုံး
  • ပဲဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က် မရှိတရှိ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကြက်ဥကို ကျက်အောင်ပြုပြီး အခွံခွာကာ ခပ်ထူထူလှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေတထပ်ထပ်ဆေးပါ
  3. ဇလုံတလုံးထဲမှာ ကြက်ဥ ကြက်သွန်နီ ဆား အချိုမှုန့် ဆီတို့ထည့်ပြီးခပ်ဖွဖွ နယ်ပေးပါ
  4. အားလုံးသမသွားပါက အရသာမြည်းကာ ကြက်ဥသုပ် မွှေးမွှေးစိမ့်စိမ့်လေးကို စားပွဲပြင်နိုင်ပါပြီ။

ပြောင်းဖူးကြော် ချိုချိုလေး


မိသားစုအကြိုက် သားသတ်လွတ်ဟင်းလေးပါ ပြောင်းဖူးဆို ပြုပ်လဲကြိုက် ကြော်လဲကြိုက် မီးဖုတ်ရင်လဲကြိုက်ကြလေတော့ အမျိုးစုံအောင် လုပ်စားဖြစ်ပါတယ် ပြောင်းဖူးကို လက်ဖက်လေးနဲ့ရောပြီး သုပ်စားရင်လဲ စွဲမက်စရာပါ။

အရမ်းကို လွယ်လွယ်လေးနဲ့ ဟင်းတစ်မျိုးရနိုင်ပြီး အကုန်အကျနဲသလောက် ထမင်းမိန်တဲ့ ဟင်းတစ်မယ်ပါ ချိုစိမ့်စိမ့်လေးမို့ အကြိုက်တွေ့စေဖို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပြောင်းဖူး - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်လုံးစာ (အစေ့ထွင်ပြီးသား )
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ကြက်သွန်နီ ခပ်သေးသေး - တခြမ်း (ပါးပါးလှီးထားပါ )
  • နနွင်းမှုန့် -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  1. ဆီပူပူမှာ နနွင်းမှုန့်ကို အရင်ထဲ့ပြီး ကြက်သွန်နီကို ကြော်ပေးပါ
  2. ကြက်သွန် နွမ်းသွားမှ ပြောင်းဖူးစေ့ကို ဆားထည့်ပြီး မွှေပေးပါ 
  3. အားလုံရောမွှေပြီး နှစ်မိနစ်လောက်ကြော်ပေးပြီး အရသာမြည်းကာ လိုသလိုပြင်ပေးပြီး စားသုံးနိုင်ပါပြီ။




ပုဇွန်တိုးပွား အချိုကြော်

 

ပုဇွန်တိုးပွားကြော်လို့ နံမည်လေးတပ်လိုက်တော့ ဆန်းနေသလိုပါဘဲ တကယ်တမ်းကျတော့ ပုဇွန်ထုတ်ကို အကောင်လိုက်ကြော်ရင် ဟင်းပြင်တဲ့အခါမှာ မလှမှာဆိုးလို့ ထက်ခြမ်းခြမ်းပြီး ကြော်လိုက်တော့ ဟင်းပွဲပြင်တဲ့အခါမှာ များများလေးဆိုတော့ လှသွားတယ်လို့ ထင်ရမှာပါ ကြော်နည်းကတော့ ပုဇွန်အချို ကြော်နည်း အတိုင်းပါဘဲရှင်။

ပါဝင်ပစ္စည်းများ
  • ပုဇွန်ထုတ် - 300g
  • ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
ကြော်ဖို့ပြင်ပါမယ်
  • ပုဇွန်ကို မလိုသော အရာများဖယ်ပြီး သန့်စင်ထားပေးပါ
  • သန့်စင်ထားသောပုဇွန်ကို အကောင်လိုက် ခါးဘက်မှနေ၍ ဓါးထက်ထက်နဲ့ ထက်ခြမ်းကွဲအောင် ခွဲပေးပါ
  • ပြီးတာနဲ့ နနွင်း အရသာမှုန့် ငံပြာရည်တို့နဲ့နယ်ပြီး အရသာဝင်အောင် ၁၀မိနစ်လောက် နှပ်ထားပေးပါ
  • လိုအပ်တာတွေ ပြင်ပြီးပါက ဆီကိုအပူပေးပါ
  • ဆီပူလာပါက ကြက်သွန်ဖြူကို အနည်းငယ် နွမ်းလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ နွမ်းလာတာနဲ့ ကြက်သွန်နီကိုပျော့သွားတဲ့ထိကြော်ပေးပါ
  • ကြက်သွန်များ ပျော့သွားတာနဲ့ပုဇွန်အရသာနယ်ကို ၃မိနစ်လောက်ထည့်ကြော်ပေးပါ
  • ပုဇွန်ကျက်ပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ စားပွဲ ပြင်ပေးနိုင်ပါပြီ။



ကြက်ပြုပ် မွှေးမွှေးလေး


ငရုတ်သီးအစပ်ဟင်း မစားနိုင်သူတွေအတွက် ချင်း ကြက်သွန်ဖြူ နနွင်းမှုန့်တို့နဲ ပြုပ်ထားတဲ့ ကြက်ပြုပ် ဟင်းလေးပါ ပြုပ်ရတာလွယ်ပါတယ် ဒါပေမဲ့ စားလို့ကောင်းစေဖို့အတွက် ကြက်သားကို ရွေးဖို့တော့ လိုပါတယ် တကောင်လုံးပြုပ်ရင် ရနိုင်ပေမဲ့ တကောင်လုံးမပြုပ်ဘဲ တယောက် နှစ်ယောက်စာဘဲ ပြုပ်မယ်ဆိုရင်တော့ အရည်ခွံပါတဲ့ ကြက်ပေါင်ရင်းသားကို ရွေးပြီးပြုပ်တာ အကောင်းဆုံးပါ။

ဆီလုံးဝ ထည့်စရာမလိုဘဲ အရည်ခွံကထွက်တဲ့ အဆီနဲ့ကိုဘဲ အရသာပြည့်စုံတဲ့ ကြက်ပြုပ်ဟင်းလေး ရနိုင်တာမို့ ဟင်းချက်နည်းကို မျဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်ရင်းသား - ၂တုံး
  • ချင်း - ခပ်ပါးပါး ၄ပြား
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်သွန်ဖြူ - ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး ဆား အချိုမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  2. ချင်းကို အခွံခွာပြီး ပါးပါးလှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. ကြက်သားနှင့် ချင်းကို ဇောက်နက်သော အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်တည်ပါ
  5. ပထမတရည် ခမ်းကာနီးပါက ကြက်သွန်ဖြူနှင့် နောက်ထပ်တရည်ထည့်ပြီး တည်ပေးပါ
  6. နောက်တရည် မခမ်းခင် အရည်မခမ်းခင် မီးပိတ်ပေးပါ
  7. ချင်း ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ကြက်ပြုပ်မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင် နိုင်ပါပြီ။

Monday, 19 October 2015

ပန်းဂေါ်ဖီရှမ်းနံနံအုပ် ချဉ်ရည်ဟင်း


အသားမလိုဘဲ ပုဇွန်ငါးပိနဲ့ ချက်ထားတဲ့ ပန်းဂေါ်ဖီချဉ်ရည်လေး စားကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ချဉ်ရည်ဟင်းအတွက်ပါဝင်တာလေးတွေကတော့
  • အခက်ချွေထားသော ပန်းဂေါ်ဖီ - တပွင့်
  • အနေတော်လှီးထားသော မုန့်ညှင်းစိမ်း - တပင်
  • ထက်ဝက်ပိုင်း လှီးထားသော ရုံးပတေသီး - ၅တောင့်
  • ရှမ်းနံနံ - ဆယ်ရွက်ခန့်
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - အနည်းငယ်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း တ၀က်
  • မကျည်းသီး အနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  • ညက်နေအောင်ထောင်းထားသောချင်း - လက်တဆစ်
ပြင်ဆင်ပုံ
  • ပန်းဂေါ်ဖီနှင့်အရွက်များ ဆီ နနွင်းမှုန့် ငံပြာရည် ဟင်းချိုမှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့နှင့် အားလုံးကိုရောပြီး ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရောနယ်ပြီး ရေအနည်းငယ်ထဲ့ပြီး ဟင်းကိုလုံးမိအောင်တည်ပေးပါ
  • ရေဆူလာပြီး အသီးအရွက်များ နူးလာပါက ရေကို ဟင်းရေသောက်ပန်းကန်လုံး၂လုံးစာလောက် ထဲ့ပြီးတည်ပေးပါ
  • ရေဆူလာပါက. ပုဇွန်ငပိကို အရည်ဖျော်ကာ မကျီးမှည့်အနှစ် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် အတူထဲ့ပြီး ရေပွက်ပွက်ဆူအောင်တည်ပေးပါ
  • ၅မိနစ်ရေလာက်ဆူပြီးပါက အပေါ့အငံမြည်းပြီး  ပန်းဂေါ်ဖီချဉ်ရည်ဟင်းကို ရုံးပတေသီးနှင့် ရှမ်းနံနံအုပ်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ပန်းဂေါ်ဖီ ချဉ်ရည်ဟင်းလေးကို မြိန်ယှက်စွာနဲ့ သုံးဆောင်နိုင်ပါပြီ။


ကြက်အသည်းအမြစ် အစိမ်းကြော်


ထမင်းမိန်မိန် သုံးဆောင်နိုင်ဖို့. လွယ်ကူမြန်ဆန်ပြီး ချက်ရလွယ်တဲ့ ကြက်အသည်းအမြစ် ချိုချဉ်အစိမ်းကြော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီး ခပ်ပါးပါးလှီးထားသော ကြက်အသည်းအမြစ် - 150g
  • အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးစိပ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  • အရှည်လိုက် လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • အနေတော်လှီးထားသော ဘရိုကိုလီ - ၁၀ ခက်
  • တလက်မစီလောက် လှီးထားသော တရုတ်နံနံ - ၂ပင်
  • ထက်ဝက်ပိုင်းထားသော ရွှေပဲသီး - ၄တောင့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်အသည်းအမြစ်ကို ထည့်ကြော်လိုက်ပါ
  • ကြက်အသည်းအမြစ် မာလာတာနဲ့  ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်လိုက်ပါ
  • ရေခမ်းတာနဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • မိနစ်ဝက်ပြည့်တာနဲ့ မုံလာဥနီ မှို ဘရိုကိုလီတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ဆား သကြား တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တမိနစ်လောက် ရပြီဆိုတာနဲ့ရွှေပဲသီး ခရမ်းချဉ်သီးနှင့် တရုတ်နံနံတို့ ထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

Sea Food ဟင်းချို


ချဉ်စပ်လေး စားချင်စိတ်ပေါ်လာတိုင်း အခုလို ချဉ်ငံစပ်လေးတွေ ချက်သောက်ဖြစ်ပါတယ် ချက်နည်းကတော့ အသီးအရွက် လျှော့ထည့်တာကလွဲရင် တုန်ယမ်းဟင်းချက်နည်းနဲ့ အတူတူပါဘဲ။

ပါဝင်ပစ္စည်းများ

  • Tom Yum ဟင်းချက်အနှစ် - ထမင်းစားဇွန်း တဇွန်း
  • ရေ - တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံး
  • ပုဇွန်ထုတ် - ၇ကောင် ( အမြှီး ခေါင်း အခွံခွာ ကြောမှ အမဲကြောင်း ထုတ်ထားပါ )
  • ကင်းမွန်လှီးပြီးသား - ၈ခု( ကင်းမွန်ကို ရေစင်အောင်တေးပြီး ပြောင်းပြန်လှန်ကာ ကန့်လန့် အစောင်း အရာပေးပြီး အနေတော် လှီးထားပါ )
  • ပဲပြား  - ၂တုံး ( ကြော်ပြီးသား ပဲပြားကို အနေတော် လှီးထားပါ)
  • Fish cake. - ၅ခု (fish cake ကို အနေတော် လှီးထားပေးပါ )
  • မုံလာဥနီ  - အနည်းငယ် ( ရေဆေးပြီး အရှည်လိုက် လှီးထားပေးပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တ၀က်
  • ဆန်ကြာဇံ အကြည် - 50g ကို ရေစိမ်ထားပါ
  • အခုပြင်ဆင်ထားသလောက်ဆိုရင် ပွဲကြီး ၂ပွဲစာ မိသားစု ၆ယောက်လောက် ကောင်းကောင်းစားနိုင်ပါတယ်
  • မိသားစုနည်းရင် လိုအပ်သော အစာများကို လျော့ပြီးပြင်ပေးပါ
ချက်ပြုပ်ပုံ
  • အရင်ဆုံး ဇောက်နက်နက် အိုးထဲ ရေထည့်ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပါက ပုဇွန် ကင်းမွန် fish cake ဆားတို့ထည့်ပြီး ၂မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ တုန်ယမ်းအနှစ်နှင့် မုံလာဥနီကို ထည့်ပြီ မိနစ်ဝက်လောက် ရေဆူပါစေ
  • ပြီးတာနဲ့ ဆား အရသာမှုန့် ကြာဇံ ပဲပြားတို့ထည့်ပြီး တမိနစ်လောက် ရေဆူပါစေ
  • အားလုံးပြီးတာနဲ့ မိနစ်ဝက်လောက် ရေဆူစေပြီး ချဉ်ငံစပ်  ဟင်းချိုလေး ရပါပြီ   
  • အချဉ်ပိုကြိုက်လျှင် သံပုရာရည် အနည်းငယ် ထည့်သောက်နိုင်ပါတယ်။