Thursday 15 October 2015

ခရမ်းချဉ်သီးစိမ်း လက်ဖက်သုပ်


လက်ဖက် ကြက်ခြေနီသုပ်ဆိုရင် ကျန်ခဲ့တဲ့ ၂၅နှစ်လောက်က မန္တလေးမှာ နေခဲ့တာကို ပြေးပြီးသတိရမိတယ် အမတစ်ဝမ်းကွဲအိမ်နဲ့ အရီးထောင်းအိမ်က ခြေလှမ်း ၃၀လောက် လှမ်းရင် ရောက်တာမို့ နေ့လည်ဆို လက်ဖက် သုပ်ပြီးသာ ၅ကျပ်ဖိုးလောက် ပြေးဝယ်ပြီး ထမင်းနဲ့စားကြရင်း စကားတွေဖောင်ဖွဲ့ခဲ့တာ အမှတ်တရပါဘဲ။

အရီးထောင်း အိမ်ကို တစ်ခါတ​စ်လေ လက်ဖက်သွားဝယ်တိုင်း လက်ဖက်ကို ဘယ်လိုသုပ်ပေးရမလဲ မေးတဲ့အခါ အစဉ်ပြေတာ သုပ်ပေးပါဆိုရင် စိတ်ကြိုက်သုပ်ပေးတာကို ယူပြီး ပြန်လာရုံပါဘဲ အဲဒီထဲကမှ ခရမ်းချဉ်သီးအစိမ်း ငရုတ်သီးစိမ်း နိုင်းချင်းနဲ့ သုပ်ပေးတတ်တဲ့ ကြက်ခြေနီသုပ်ကတော့ စွဲမက်စရာတစ်ခုပါဘဲ စားပြီးရင် လျှာဂျွမ်းထိုးနေရလို့ပါ လျှာဂျွမ်းထိုး ချင်ရင်တော့  ကြက်ခြေနီ သုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ချဉ်ငံစပ်နှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
  2. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
  3. ခရမ်းချဉ်သီးအစိမ်း - အနေတော် တစ်လုံး
  4. ဂေါ်ဖီ - အနေတော် တစ်စိတ်
  5. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် နှစ်ဆယ်ခန့်
  6. ကြက်သွန်ဖြူ - နှစ်သက်သလောက်
  7. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  8. ပဲဆီစိမ်း - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

 ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး အကွင်းလိုက် ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ 
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ လက်ဖက်အသားနှင့်အတူ လက်ဖက်အကြော်စုံ  ဂေါ်ဖီ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းဆား နှင့်ဆီတို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ပြင်မည့် ပန်းကန်ထဲမှာ လက်ဖက်သုပ်ပြီးသားကို ခပ်ဖွဖွ ထည့်ပေးပါ
  • လက်ဖက်သုပ်ပေါ်မှ ပုဇွန်ခြောက်ကို ဖြူးပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကို ပန်းကန်ထဲထည့်ပေးပါ
  •  ကြက်ခြေနီ လက်ဖက်သုပ် ချဉ်ငံစပ်ကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်ပြီး စားသုံးရန်  ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက်ကာ လျှာဂျွမ်းပြန်အောင်  စားသုံးနိုင်ပါပြီ။

No comments:

Post a Comment