Showing posts with label အသီးအရွက်သနပ်နှင့်ယိုမျိုးစုံ. Show all posts
Showing posts with label အသီးအရွက်သနပ်နှင့်ယိုမျိုးစုံ. Show all posts

Thursday, 28 November 2024

သီးရွက်စုံ သနပ်

မာမာ ဒီနေ့တော့ ဟင်းချက်တဲ့ အခါမှာ ပိုနေတဲ့ အသီးအရွက်လေးတွေကို သီးရွက်စုံ သနပ်လေး လုပ်ဖြစ်ပါတယ်။

မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက်  ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။

အသီးအရွက် သနပ်လေးတွေ လုပ်တဲ့အခါမှာ မာမာသုံးတဲ့ ပဲနံ့သာစေ့ နဲ့ မုန့်ညှင်းစေ့တို့ မရနိူင်ပါက သနပ်မဆလာကို သုံးနိူင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ သီးရွက်စုံသနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲပင်ပေါက် - 1oo g
  2. မျှစ်ပြုပ်ပြီးသား - 100 g
  3. ကင်းမုံသီး - 50 g
  4. ကြက်ဟင်းခါးသီး - 50 g
  5. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း လေးဇွန်း
  6. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မုန်ညှင်းစေ့  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ပျဉ်းတော်သိမ်းရွက် - တစ်ခက်
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  10. ငရုတ်သီးစိမ်း - ဆယ်တောင့်
  11. သံပုရာသီး - တစ်လုံး (သို့မဟုတ်)
  12. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲစာ
  13. ဆား - လက်ဖက်ရည်ဇွန်း ဇွန်းတဝက် (အရသာအတွက်သုံးရ်)
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  15. ဆီ - လိုသလောက် သုံးပေးပါ
  16. ဆား - ထမင်းစားဇွန်း တစ်ဝက်သာသာ (ကင်းမုံသီးဆေးရန်)

ပြင်ဆင်ပြုလုပ်ပုံ

  • ပဲပင်ပေါက်ကို ရေစစ်ပြီး ရေစစ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ကင်းမုံသီးကို ထက်ဝက်ခြမ်းကာ ဆားနဲ့နယ်ပြီး ရေနှင့်လေးထပ်လောက်ဆေးကာ ရေစစ်ထားပါ
  • ကြက်ဟင်းခါးသီးကို မလိုသော အစေ့များကို ဖယ်ကာ ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • သံပုရာသီး သုံးမယ်ဆိုပါက ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ (သို့မဟုတ်)
  • မန်ကျည်းသီးမှည့်ကို သုံးမယ်ဆိုပါက ရေဆေးပြီး ရေနွေးပူပူနှင့် စိမ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့ မွေးလာပါက ပဲပင်ပေါက် မျှစ် ကင်းမုံသီးနှင့် ကြက်ဟင်းခါးသီးတို့ ထည့်ပေးပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ  ချက်ပေးပါ
  • အရသာ သမသွားပါက မန်ကျည်း မှည့်ရည် (သို့) သံပုရာရည် ထည့်ပြီး ချက်ပေးပါ
  • အရသာ သမသွားကာ ရေခရေးပြီး ဆီပြန်အောင် ချက်ပေးပါ
  • ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • သီးရွက်စုံ သနပ်လေးကို ထမင်းဖြူနှင့် တွဲဖက်ကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Tuesday, 26 November 2024

မရမ်းသီးသနပ်( Marian Plum Pickled )

မာမာဒီနေ့တော့ မာမာ့ညီမလေး ပို့ထားတဲ့ မရမ်းသီး အခြောက်လေးတွေကို မရမ်းသီးသနပ် (Marian Plum Pickled)လုပ်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ထမင်းမြိန်စေမဲ့ မရမ်းသီးခြောက်သနပ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မရမ်းသီးခြောက် - ကီလိုဝက်
  2. ဆား - ထမင်းစားဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ငရုတ်သီး အရောင်တင်မှုန့် -  ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
  6. ဇီယာ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ပဲနံ့သာစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်ဆယ့်ငါးမွှာ
  9. ငရုပ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပြုလုပ်ပုံ
  • မရမ်းသီးခြောက်ကို တစ်နာရီခွဲခန့်ပေါင်းပေးပါ
  • ပဲနံ့သာစေ့နှင့် ဇီယာစေ့ကို လှော်ပြီးကြိတ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အရောင်တင်မှုန့် နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့  မွှေးလာတာနဲ့ ပေါင်းထားသော မရမ်းပြားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ မရမ်းသီးများ ပျော့ပြီး ကျေလာတဲ့အထိ ချက်ပေးပါ
  • မရမ်းသီးများ ပျော့လာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မရမ်းသီးသနပ် ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားပါက သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးထားပါ
  • မရမ်းသီးသနပ်ရဲ့ အပေါ်မှ ဆီကိုလောင်းထည့်ပေးပြီး အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • မရမ်းသီး သနပ်ကို ထမင်းဖြူနှင့်ဖြစ်စေ ထောပါတ်ထမင်း ဒံပေါက်ထမင်းတို့နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Monday, 18 November 2024

ပဲတီချဥ်သနပ်

မာမာ ဒီနေ့တော့ အရင်ရက်က ပဲတီချဥ်လေး ထည့်ထားတာ ချဥ်လာပြီ ဖြစ်တဲ့အတွက် မျှစ်ပြုပ်ပြီးသားလေးတွေ ဝယ်လာပြီး ပဲတီချဥ် သနပ်လေး လုပ်ဖြစ်ပါတယ်။

ပဲတီချဥ်ကြီးဘဲ ချဥ်ငံစပ်လေး လုပ်လို့ရပေမဲ့ မျှစ်ပြုပ်လေးပါတော့ ပိုပြီးစားလို့ကောင်းတဲ့အတွက် မျှစ်လေးထည့်ထားပါတယ်။

မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက်  ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ ပဲတီချဥ် သနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲတီချဥ် - 3oo g
  2. မျှစ်ပြုပ်ပြီးသား - 200 g
  3. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း လေးဇွန်း
  4. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပျဉ်းတော်သိမ်းရွက် - တစ်ခက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီးစိမ်း - ဆယ်တောင့်
  9. ဆား - လက်ဖက်ရည်ဇွန်း ဇွန်းတဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပြုလုပ်ပုံ

  • ပဲတီချဥ်ကို အရည်များ ညှစ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့ မွေးလာပါက ပဲတီချဥ်နှင့် မျှစ်တို့ကို ထည့်ပေးပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ မျှစ်နှင့် ပဲတီချဥ်များထဲမှ ရေခမ်းပြီး ဆီပြန်အောင် ချက်ပေးပါ
  • ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • ပဲတီချဥ် သနပ်လေးကို ထမင်းဖြူနှင့် တွဲဖက်ကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Saturday, 16 November 2024

ကင်းမုံသီးသနပ် (Pointed Gourd Pickled)

မာမာ ဒီနေ့တော့ ထမင်းစားလို့ မြိန်စေဖို့အတွက် ကင်းမုံသီးသနပ် Pointed Gourd Pickled လေး လုပ်ဖြစ်ပါတယ်  အသီးနှံပေါချိန်မှာ အချဉ်တည်ပြီး ကြာရှည်ခံသိမ်းဆည်းကာ စားနိုင်တဲ့ သနပ်တည်နည်းလေး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့  ထမင်းမြိန်စေမဲ့ အရံဟင်းရံအဖြစ် စားသုံးနိူင်မဲ့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ကင်းမုံသီး သနပ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1.  ကင်းမုံသီး - 400 g
  2. မျှစ်ပြုပ်ပြီးသား - 200 g
  3. ခရမ်းချဉ်သီး အလုံးကြီးကြီး - နှစ်လုံး
  4. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  8. ပျဉ်းတော်သိမ်းရွက် - တစ်ခက်
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  10. ငရုတ်သီးစိမ်း - ဆယ်တောင့်
  11. ဆား - လက်ဖက်ရည်ဇွန်း ဇွန်းတဝက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ဆီ - လိုသလောက် သုံးပေးပါ
  14. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကင်းမုံသီးဆေးရန်)
ပြင်ဆင်ပြုလုပ်ပုံ
  • ကင်းမုံသီးကို ရေဆေးသန့်စင်ပြီး ထုထားပါ (သို့မဟုတ်) ခပ်စောင်းစောင်း လှီးဖြတ်ပေးထားပါ
  • ပြီးတာနဲ့ ဆားဖြင့်နယ်ပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်သေးသေး အစိတ်လေး လှီးပေးကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းရုံလေး ပြုပ်ထားပါ
  • မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး ငရုတ်သီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့ မွေးလာပါက ပြုပ်ထားသော သောခရမ်းချဉ်သီးကို ထည့်ပြီးအနှစ်ကျကာ ကျေလာအောင် ချေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာပါက ကြော်ထားသော ကင်းမုံသီးနှင့် မျှစ်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ မျှစ်နှ့ ကင်းမုံသီးမျာ ကျက်အောင် ချက်ပေးပါ
  • မျှစ်နှင့် ကင်းမုံသီးများ ကျက်တော့မှ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်ပေးပါ
  • ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးထားပါ
  • ပုလင်းကို အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • ကင်းမုံသီး သနပ်လေးကို ထမင်းဖြူနှင့်ဖြစ်စေ ပလာတာ တိုရှည် ပူရီတို့နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Thursday, 14 November 2024

ဒန့်ဒလွန်သီးသနပ်( Drumstick Pickle )

မာမာ ဒီနေ့တော့ ဒန့်ဒလွန်သီးလေးတွေ ဝယ်လာပြီး သနပ်လေး လုပ်ဖြစ်ပါတယ် မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက်  ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ ဒန့်ဒလွန်သီးသနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဒန့်ဒလွန်သီး - သုံးတောင့်
  2. ခရမ်းချဉ်သီး အလုံးကြီးကြီး - နှစ်လုံး
  3. ငရုတ်သီး အရောင်တင်မှုန့်  - ထမင်းစားဇွန်း လေးဇွန်း
  4. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  7. ပျဉ်းတော်သိမ်းရွက် - တစ်ခက်
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  9. ငရုတ်သီးစိမ်း - ဆယ်တောင့်
  10. ဆား - လက်ဖက်ရည်ဇွန်း ဇွန်းတဝက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပြုလုပ်ပုံ

  • ဒန့်ဒလွန်သီးကို အပေါ်ယံ အခွံကို ဓါးနှင့်ခြစ်ပြီး အကြောများကို သင်ပေးထားပါ
  • ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ကာ ရေဆေးပြီး ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်သေးသေး အစိတ်လေး လှီးပေးကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းရုံလေး ပြုပ်ထားပါ
  • မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး  အခွံသင်ပြီးသား ဒန့်ဒလွန်သီးများကို ထည့်ပြီးကြော်ပေးပါ
  • အနည်းငယ် ညိုရောင်သမ်းလာပါက ဆယ်ယူပြီး ဆီစစ်ထားပါ
  • ဆီအိုးထဲမှ ဆီတော်တော်များများကို ခပ်ယူပြီး အအေးခံထားပါ
  • ပြီးလျှင်အိုးထဲတွင် ဆီအနည်းငယ်ချန်ပြီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
  • ဆီသပ်နံ့ မွေးလာပါက ပြုပ်ထားသော သောခရမ်းချဉ်သီးကို ထည့်ပြီးအနှစ်ကျကာ ကျေလာအောင် ချေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာပါက ကြော်ထားသော ဒန့်ဒလွန်သီးကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ ဒန့်ဒလွန်သီးများ ကျက်အောင် ချက်ပေးပါ
  • ဒန့်ဒလွန်သီးများ နူးလာတော့မှ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်ပေးပါ
  • ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
  • လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးထားပါ
  • ဒန့်ဒလွန်သီး ကြော်ထားသည့်ဆီကို အပေါ်မှ လောင်းထည့်ပေးပြီး အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
  • မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
  • ထမင်းဖြူနှင့်ဖြစ်စေ ပလာတာ တိုရှည် ပူရီတို့နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Wednesday, 17 July 2024

သရက်သီးစိမ်းသနပ်

သရက်သီးစိမ်းသနပ် လုပ်နည်းလေး မေးထားလို့ သရက်သီးစိမ်း သနပ်လုပ်ပြီး မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို တင်ပေးလိုက်ပါတယ်။

တယောက်နဲ့တယောက် ပြင်ဆင်ပုံခြင်း တူချင်မှ တူပါလိမ့်မယ် မာမာကတော့ စိတ်ထဲမှာ အရိုးစွဲနေတဲ့ မာမာ့အမေ ပြင်ဆင်တဲ့ နည်းနဲ့ဘဲ လုပ်ထားပါတယ်။

စားလို့ကတော့ တကယ်ကောင်းပါတယ် သရက်သီးသနပ် တမျိုးထဲနဲ့ကိုဘဲ ထမင်းစားလို့ရအောင် ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - အလုံးကြီးကြီး 600 g ခန့်(လတ်လတ်ဆတ်ဆတ် သရက်သီးစိမ်းကို သုံးပေးပါ)
  2. မုန့်ညှင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. နံနံစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဇီယာစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခပ်မောက်မောက်
  5. လေးညှင်း - ငါးပွင့်
  6. သစ်ဂျပိုးခေါက် - တလက်မခန့်
  7. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (သရက်သီး အရသာနယ်ရန်)
  8. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (လှော်ရန်အတတွ်)
  9. ကြက်သွန်ဖြု - အမွှာကြီးကြီး ၇မွှာ (သို့) မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ် ဇွန်း
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  12. ဇီယာစေ့ နံနံစေ့ လေးညှင်းပွင့်နှင့် သစ်ဂျပိုးခေါက်တို့ အလွယ်တကူ မရှိပါက ရိုးရိုးမဆလာကို သုံးနိူင်ပါတယ်။

သရက်သီး ပြင်ဆင်ပုံ
  • သရက်သီးကို မခွံမခွာပဲ အညှာမှဖြတ်ကာ ဇကာတခုထဲမှာ ဇောက်ထိုးထားပြီး ထည့်ပေးကာ သရက်စေးများ ကုန်တဲ့အထိ စစ်ထားပေးပါ
  • အစေးကုန်သွားတာနဲ့ ရေမြုပ်အောင်ထည့်ပြီး သရက်သီးကို ကြွတ်ကြွတ်လေး ဖြစ်စေရန် တနာရီလောက် စိမ်ထားပါ
  • ရေစိမ်ပြီး ရေခြောက်အောင် paper towelနှင့် သုတ်ပေးကာ ထက်ခြမ်းခွဲပြီး သရက်စေ့ကို ထုတ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ဇလုံတစ်လုံးထဲမှာ လှီးထားသော သရက်သီးများနှင့် ဆားတို့ကို ထည့်ပေးပြီး သမသွားအောင် နယ်ပေးကာ glad wrap နှင့် လုံအောင်အုပ်ပေးပြီး အဖုံးအုပ်ပြီး အနည်းဆုံး ငါးနာရီလောက် နှပ်ထားပေးပါ

သရက်သီး သနပ်လုပ်ရန် မဆလာအတွက် ပြင်ဆင်ပုံ
  • ဇီယာစေ့ နံနံစေ့ သစ်ဂျပိုးခေါက် လေးညှင့်ပွင့်တို့ကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး အစေ့လေးတွေ တဖျောက်မြည်လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းကာ မဆလာ လုပ်ထားပါ

သရက်သီး သနပ်လုပ်ရန် ပြင်ဆင်ပုံ
  • အဆင်သင့် ဖြစ်တာနဲ့ သရက်သီးစိမ်း သနပ်လုပ်ရန် စပ်ထားသော မဆလာကို ပြင်ထားပါ
  • မုန့်ညှင်းစေ့ကို ဒယ်အိုးထဲထည့်ပြီး တဖျောက်ဖျောက် မြည်လာအောင် လှော်ထားပါ
  • လှော်ရတာ အချိန်မရပါက မုန့်ညှင်းစေ့ကို ပန်းကန်လုံးထဲထည့်ကာ အဖုံးအုပ်ပေးပြီး တမိနစ်ခန့် အပူပေးပါ
  • ဆားကို ဒယ်အိုးထဲထည့်ပြီး အနည်းငယ် ညိုသွားအောင် လှော်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆားရည်စိမ်ထားသော သရက်သီး ဇလုံထဲမှ ဆားရည်များကို သွန်ပေးပြီး ရေစစ်ထားပါ
  • ဆီကို ဒယ်အိုးထဲ ထည့်ပြီး ပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ကာ ဇလုံတလုံးထဲမှာ ဆားရည်သွန်ထားသော သရက်သီးစိမ်း ငရုတ်သီး အရောင်တင်မှုန့် မုန့်ညှင်းစေ့ အပူပေးထားသေဆီ ထမင်းစားဇွန်း ၅ဇွန်းခန့် ဆားနှင့် ကြိတ်ထားသော မဆလာတို့ကို သမသွားအောင် ရောမွှေထားပါ
  • အရသာ သမသွားတာနဲ့ ပိုနေသောဆီကို အရသာ စပ်ထားသာ သရက်သီး ဇလုံထဲ လောင်းထည့်ပြီး မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ သရက်သီးကို ဖိသိပ်ထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးကာ အအေးခံ ထားပေးပါ
  • သရက်သီးများ အေးသွားတာနဲ့ အဖုံးလုံအောင် ပိတ်ပေးပြီး နေငါးရက်လောက် လှန်းပေးထားပါ
  • ပြီးတာနဲ့ သရက်သီးစိမ်း သနပ်ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးကာ စားခါနီးတိုင်း ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီးမှ စားသုံးဖို့ ခပ်ယူပေးပါ
  • ခပ်သည့်ဇွန်း မသန့်ရှင်းပါက သရက်သီး သနပ်ထဲမှာ မှိုများအလွယ်တကူ တက်သွားနိူင်တဲ့အတွက် ဇွန်းသန့်သန့်နှင့် ခပ်ဖို့ သတိထားစေချင်ပါတယ်ရှင်။

Thursday, 11 July 2024

သံပုယိုသီးသနပ်

မာမာ ဒီနေ့တော့ သံပုယိုသီးသနပ်လေး လုပ်ဖြစ်ပါတယ် သတ်သတ်လွတ် စားတဲ့ရက်တွေမှာ တော်တော်လေး အသုံးတည့်တဲ့ သီးစုံသနပ်လေးမို့ စိတ်၀င်စားရင် လုပ်ကြည့်နိူင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. သံပုယိုသီး - ၇လုံး
  2. ဆား - ထမင်းစားဇွန်း လေဇွန်းခန့်
  3. ဆီ - 500 ml
  4. ဇီယာစေ့(Cumin Seeds ) - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  5. လေးညှင်း(Clove ) - ငါးပွင့်
  6. ဖာလာ(Cardamom ) - ငါးစေ့
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ

သံပုယိုသီး ဆားရည်စိမ်ရန်

  • သံပုယိုသီးကို အလုံးလိုက် ရေဆေးပြီး ရေစင်အောင်သုပ်ကာ အောက်ခြေမပြတ်အောင် ၄စိတ်လှီးပေးပါ
  • စိတ်ထားသော အစိတ်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တဇွန်း ကျော်ကျော် သိပ်ပေးပါ
  • အားလုံးပြီးလျှင် လေလုံပြီး သန့်နေသော ပုလင်းထဲ သံပုယိုသီး အစိတ်များကို အပေါ်မှာထားပြီး စီထည့်ပေးပါ
  • အဖုံးကို လေလုံအောင်ပိတ်ပြီး အခန်းအပူချိန်နှင့် အနည်းဆုံး ၅ရက်၆ရက်လောက် ထားပေးပါ
  • ရေထည့်စရာမလိုဘဲ ဆားရည်များပျော်ပြီး အရည်များထွက်လာပြီး သံပုယိုသီးများ အိလာရင် ရပါပြီ

ပြင်ဆင်ပုံ

  • ဆားရည်ပျော်ကာ အိလာသော သံပုယိုသီးကို အရည်စစ်ကာ ဆယ်ထားပြီး ဇလုံအနေတော်မှာ စီပြီးထည့်ထားပါကြ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • စမုံစပါးကို အနည်းငယ်ချန်ကာ မီးအနေတော်နှင့် မိနစ်၀က်လောက် လှော်ထားပြီး ညက်အောင်ထောင်းထားပါ
  • ဖာလာစေ့ကို အခွံချွတ်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက သံပုယိုသီး ဇလုံထဲကို ကြက်သွန်ဖြူ ဖာလာစေ့ စမုံစပါးထောင်းတို့ထည့်ပြီး ပြင်ထားပါ
  • ဆီကို မီးအနေတော်နှင့် အပူပေးပါ 
  • ဆီပူလာပါက စမုံစပါးစေ့ကိုထည့်ကာ အချိန်မကြာစေဘဲ နနွင့်မှုန့်ကို ဆက်ထည့်ပြီး မီးဖိုပေါ်က ချပေးပါ
  • တမိနစ်လောက် အအေးခံပြီး ငရုတ်သီးမှုန့်ထဲ့ကာ မွှေပေးပါ
  • ဆီမအေးခင် သံပုယိုသီး ထည့်ထားသော ဇလုံထဲ လောင်းချပေးပါ
  • အားလုံးပြီးပါက လေလုံပြီးသန့်သော ပုလင်းထဲထည့်ပြီးထားကာ စားသုံးနိူင်ပါပြီ
  • ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက နှစ်ပေါက်အောင် ထားပြီးစားလို့ရပါတယ်
  • ကုလားလေး သနပ်မဆလာရှိပါက စမုံစပါး လေးညှင်း ဖာလာစေ့တို့ ထည့်စရာမလိုဘဲ မဆလာ တမျိုးထဲ သုံးနိူင်ပါတယ်။

မှတ်ချက် ။ ။ သံပုယိုသီး ဆားရည်စိမ်စဉ် ထွက်လာသော အရည်များကို အခါးမနှစ်သက်သောသူများ ပြန်သုံးရန် မလိုပါ မာမာလဲ ပြန်မသုံးပါဘူးရှင်။

Thursday, 28 March 2024

ဇီး မရမ်းယို

ဒီနေ့တော့ အေးရှန်းဆိုင်က ဇီးသီးအခြောက်လေးတွေ ဝယ်လာပြီးတော့ မာမာ့ညီမလေး မြန်မာပြည်ကနေ ပို့ထားတဲ့ မရမ်းပြားခြောက်လေးတွေနဲ့  ဇီး မရမ်းယိုလေးထိုး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ လိုတာလေးတွေ ပြင်ဆင်ကာ မာမာပြင်ဆင်ပြီး ချိုချဉ်စပ်နေတဲ့ ဇီး မရမ်းယိုလေး ထိုးဖြစ်တဲ့အတွက် ယိုထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တရုတ်ဇီးသီးခြောက် - 300 g
  2. မရမ်းပြားခြောက် - 300 g
  3. ထန်းလျှက်ခဲ - 400 g
  4. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. လေးညှင်း - လေးပွင့်
  7. သစ်ဂျပိုးခေါက် - နှစ်လက်မခန့် နှစ်ခု
  8. ဖာလာ - ရှစ်စေ့
  9. နာနတ်ပွင့် - လေးပွင့်
  10. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း နှစ်စ်ဇွန်း

ပြင်ဆင်ပုံ
  • တရုတ်ဇီးသီးခြောက်ကို ရေခြောက်နာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
  • မရမ်းပြားခြောက်ကိုလဲ ရေသုံးထပ်လောက်ဆေးကာ ရေမြုပ်အောင်ထည့်ပြီး ခြောက်နာရီလောက် စိမ်ထားပါ
  • ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
  • ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
  • ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ  အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
  • ထန်းလျှက်ရည်ထဲသို့ ရေစိမ်ထားသော မရမ်းပြားနှင့် ဇီးသီးတို့ကို ထည့်မွှေပေးပါ
  • မာမာကတော့ ယိုထိုးတဲ့အခါမှာ ချဉ်ချဉ်လေး စားချင်တာနဲ့ မရမ်းပြား ရေစိမ်ထားတဲ့ အရည်ကို ယိုထိုးတဲ့နေရာမှာ ပြန်သုံးပါတယ်
  • ယိုထိုးတဲ့ အိုးထဲကို ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ ဇီယာစေ့တို့ကို ဇီးသီးအိုးထဲမှာ ထည့်မွှေပေးပြီး မီးအေးအေးနှင့် မွှေပေးပါ
  • ယိုထိုးတဲ့ ဇီးသီးတွေ ကောင်းကောင်း မနူးသေးတဲ့အတွက် မရမ်းပြား ရေစိမ်ထားတဲ့ အရည်ကို ထည့်ပေးကာ မွှေပေးပါ
  • ရေခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ပြီးတာနဲ့ ဇီး မရမ်းယို ချိုချဉ်စပ်မွှေးလေးကို စားသုံးနိူင်ပါပြီ။

Friday, 1 September 2023

ဇီးယိုမွှေးမွှေးလေး

ဒီနေ့တော့ အေးရှန်းဆိုင်က အစေ့ထုတ်ပြီးသား ဇီးသီးအခြောက်လေးတွေ ဝယ်လာပြီးတော့ ဇီးယိုလေးထိုး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ လိုတာလေးတွေ ပြင်ဆင်ကာ ချိုချဉ်စပ်နေတဲ့ ဇီးယိုလေး ထိုးဖြစ်တဲ့အတွက် ယိုထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တရုတ်ဇီးသီးခြောက် - 300 g
  2. ထန်းလျှက်ခဲ - 200 g
  3. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၂ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. လေးညှင်း - ၄ပွင့်
  6. သစ်ဂျပိုးခေါက် - ၂လက်မခန့်
  7. ဖာလာ - ၄စေ့
  8. နာနတ်ပွင့် -၂ပွင့်
  9. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • တရုတ်ဇီးသီးခြောက်ကို ရေတနာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
  • ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတဝက်သာသာ ဖြည့်ပြီး ဆူအောင်တည်ပေးကာ ပေါင်းဇကာကိုတင်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  • ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
  • ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ  အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
  • ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ
  • ရေခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ပြီးတာနဲ့ တရုတ်ဇီးယို ချိုချဉ်စပ်မွှေးလေးကို စားသုံးနိူင်ပါပြီ။

Saturday, 1 July 2023

သရက်သီးစိမ်း သနပ်

ဒီနေ့တော့ သရက်သီးစိမ်း အကြီးကြီးတွေ တွေ့တာနဲ့ ဝယ်လာပြီး သရက်သီးစိမ်းသနပ် လုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. သရက်သီးစိမ်း - အလုံးကြီးကြီး  နှစ်လုံး(လတ်လတ်ဆတ်ဆတ် သရက်သီးစိမ်းကို သုံးပေးပါ)
  2. မုန့်ညှင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. နံနံစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဇီယာစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခပ်မောက်မောက်
  5. လေးညှင်း - ငါးပွင့်
  6. သစ်ဂျပိုးခေါက် - တလက်မခန့်
  7. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (သရက်သီး အရသာနယ်ရန်)
  8. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (လှော်ရန်အတတွ်)
  9. ကြက်သွန်ဖြု - အမွှာကြီးကြီး ၇မွှာ (သို့) မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ် ဇွန်း
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  12. ဇီယာစေ့ နံနံစေ့ လေးညှင်းပွင့်နှင့် သစ်ဂျပိုးခေါက်တို့ အလွယ်တကူ မရှိပါက ရိုးရိုးမဆလာကို သုံးနိူင်ပါတယ်။

သရက်သီး ပြင်ဆင်ပုံ

  • သရက်သီးကို မခွံမခွာပဲ အညှာမှဖြတ်ကာ ဇကာတခုထဲမှာ ဇောက်ထိုးထားပြီး ထည့်ပေးကာ သရက်စေးများ ကုန်တဲ့အထိ စစ်ထားပေးပါ
  • အစေးကုန်သွားတာနဲ့ ရေမြုပ်အောင်ထည့်ပြီး သရက်သီးကို ကြွတ်ကြွတ်လေး ဖြစ်စေရန် တနာရီလောက် စိမ်ထားပါ
  • ရေစိမ်ပြီး ရေခြောက်အောင် paper towelနှင့် သုတ်ပေးကာ ထက်ခြမ်းခွဲပြီး သရက်စေ့ကို ထုတ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်း အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ဇလုံတစ်လုံးထဲမှာ လှီးထားသော သရက်သီးများနှင့် ဆားတို့ကို ထည့်ပေးပြီး သမသွားအောင် နယ်ပေးကာ glad wrap နှင့် လုံအောင်အုပ်ပေးပြီး အဖုံးအုပ်ပြီး အနည်းဆုံး ငါးနာရီလောက် နှပ်ထားပေးပါ
သရက်သီး သနပ်လုပ်ရန် ပြင်ဆင်ပုံ
  • ဇီယာစေ့ နံနံစေ့ သစ်ဂျပိုးခေါက် လေးညှင့်ပွင့်တို့ကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး အစေ့လေးတွေ တဖျောက်တဖျောက်မြည်လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းကာ မဆလာ လုပ်ထားပါ

သရက်သီး သနပ်လုပ်ရန် ပြင်ဆင်ပုံ

  • အဆင်သင့် ဖြစ်တာနဲ့ သရက်သီးစိမ်း သနပ်လုပ်ရန် စပ်ထားသော မဆလာကို ပြင်ထားပါ
  • မုန့်ညှင်းစေ့ကို ဒယ်အိုးထဲထည့်ပြီး တဖျောက်ဖျောက် မြည်လာအောင် လှော်ထားပါ
  • လှော်ရတာ အချိန်မရပါက မုန့်ညှင်းစေ့ကို ပန်းကန်လုံးထဲထည့်ကာ အဖုံးအုပ်ပေးပြီး မိုက်ခရိုဝေ့ထဲမှာ တမိနစ်ခန့် အပူပေးပါ
  • ဆားကို ဒယ်အိုးထဲထည့်ပြီး အနည်းငယ်  ညိုသွားအောင် လှော်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆားရည်စိမ်ထားသော သရက်သီး ဇလုံထဲမှ ဆားရည်များကို သွန်ပေးပြီး ရေစစ်ထားပါ
  • ဆီကို ဒယ်အိုးထဲ ထည့်ပြီး ပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ကာ ဇလုံတလုံးထဲမှာ ဆားရည်သွန်ထားသော သရက်သီးစိမ်း ငရုတ်သီး အရောင်တင်မှုန့် မုန့်ညှင်းစေ့ အပူပေးထားသေဆီ ထမင်းစားဇွန်း ၅ဇွန်းခန့် ဆားနှင့် ကြိတ်ထားသော မဆလာတို့ကို သမသွားအောင် ရောမွှေထားပါ
  • အရသာ သမသွားတာနဲ့ ပိုနေသောဆီကို အရသာ စပ်ထားသာ သရက်သီး ဇလုံထဲ လောင်းထည့်ပြီး မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ သရက်သီးကို ဖိသိပ်ထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးကာ အအေးခံ ထားပေးပါ
  • အရက်သီးများ အေးသွားတာနဲ့ အဖုံးလုံအောင် ပိတ်ပေးပြီး နေငါးရက်လောက် လှန်းပေးထားပါ
  • ပြီးတာနဲ့ သရက်သီးစိမ်း သနပ်ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး  ရေခဲသေတ္တာထဲမှာ ထည့်ထားပေးကာ စားခါနီးတိုင်း ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီးမှ စားသုံးဖို့ ခပ်ယူပေးပါ
  • ခပ်သည့်ဇွန်း မသန့်ရှင်းပါက သရက်သီး သနပ်ထဲမှာ မှိုများအလွယ်တကူ တက်သွားနိူင်တဲ့အတွက် ဇွန်းသန့်သန့်နှင့် ခပ်ပေးဖို့ သတိထားစေချင်ပါတယ်ရှင်။

Monday, 17 October 2022

ဇီးသီးနဲ့မရမ်းယို

ဒီနေ့တော့ ​အေးရှန်းဆိုင်က အစေ့ထုတ်ပြီးသား ဇီးသီးအခြောက်လေးတွေရယ် သားသား အလည်လာတုန်းက ဝယ်လာတဲ့ မရမ်းပြားလေးတွေရယ်ကို ယိုထိုးဖြစ်ပါတယ်။ 

ဒါကြောင့်မို့လို့ လိုတာလေးတွေ ပြင်ဆင်ကာ ချိုချဉ်စပ်နေတဲ့ ယိုစုံ ယိုထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တရုတ်ဇီးသီးခြောက် - 300 g
  2. မရမ်းပြားအခြောက် - 200 g
  3. ထန်းလျှက်ခဲ - 350 g
  4. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် သုံးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. လေးညှင်း - ၆ပွင့်
  7. သစ်ဂျပိုးခေါက် - ၂လက်မခန့် နှစ်ခု
  8. ဖာလာ - ငါးစေ့
  9. နာနတ်ပွင့် -သုံးပွင့်
  10. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • တရုတ်ဇီးသီးခြောက်ကို ရေတစ်နာရီလောက် စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
  • မရမ်းပြားကို ရေတစ်နာရီလောက် စိမ်ထားပြီး အသာများ ပွလာပါက ရေစစ်ထားပါ
  • ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ဖြည့်ပြီး ဆူအောင်တည်ပေးကာ ပေါင်းဇကာကိုတင်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  • ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
  • ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ  အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
  • ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ
  • ရေခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ပြီးတာနဲ့ တရုတ်ဇီးသီးနဲ့ မရမ်ပြားယို ချိုချဉ်စပ် မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

Sunday, 3 October 2021

သံပုယိုသီးဆေးပြား

ဒီနေ့တော့ သံပုယိုသီးတွေကို ဆားသိပ်ပြီး ထည့်ထားတာ စားလို့ရနေပြီဆိုတော့ တစ်ဝက်ကို သံပုယိုသီး သနပ်လုပ်ကာ တစ်ဝက်ကိုတော့ ရှောက်သီးဆေးပြားလိုမျိုး လုပ်ထားပါတယ်။

မာမာတို့ ငယ်ငယ်က ကျောင်းမှာ ဝယ်စားကြတဲ့ မြေအိုးလေးတွေထဲမှာ ထည့်ထားတဲ့ ရှောက်သီးဆေးပြားတို့ စက္ကူလေးတွေနဲ့ ထုတ်ထားတဲ့ ရှောက်သီးဆေးပြားလေးတွေကို တောဘက်ကျောင်းတွေမှာ ကျောင်းတက်တဲ့ကြ  အများစုကတော့ စားဖူးကြမယ် ထင်ပါတယ်။

မာမာကတော့ ရှောက်သီးမရှိတဲ့အတွက် သံပုယိုသီးနဲ့ လုပ်ထားပေမဲ့ ရှောက်သီးဆေးပြား အရသာအတိုင်း ရပါတယ် ဒါကြောင့်မို့လို့ မာအာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သံပုယိုသီး - အလုံးနှစ်ဆယ်
  2. ဆား - လိုသလောက် သုံးပါ
  3. ဖန်ပုလင်းသန့်သန့် - လိုသလောက်သုံးပါ
  4. Baking paper - လိုသလောက် သုံးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ဖန်ပုလင်းများကို သန့်စင်နေအောင် ဆေးပေးပြီး ရေခြောက်အောင် နေလှန်းပေးထားပါ
  • သံပုယိုသီးများကို ရေစင်အောင်ဆေးပြီး ရေ​ခြောက်အောင် သုတ်ပေးထားပါ
  • ပြီးတာနဲ့ အောက်ချေအထိ မပြတ်အောင် လေးစိတ်စိတ်ပေးပါ
  • လေးစိတ် စိတ်ထားသော ကြားထဲကို ဆားဆန့်သလောက် ဖိသိပ်ထည့်ပေးပါ
  • အားလုံးထည့်ပြီးတာနဲ့  အခြောက်ခံထားသော ပုလင်းတွေမှာ သံပုယိုသီးများကို ထောင်ရက်လေးတွေ ဖိသိပ်ထည့်ပေးပါ
  • ပြီးတာနဲ့ လေလုံအောင်ပိတ်ပြီး တစ်ပါတ်ခန့် နေလှန်းပေးပြီး အိမ်ထဲမှာ ဆက်ထားပေးပါ
  • နေရောင်မရပါက အခန်းအပူချိန် အများဆုံး ရှိတဲ့နေရာမှာ ထားပေးပါ
  • ဆားရည်များ ပျော်လာပြီး သံပုယိုသီးများ အိလာပါက သံပုယိုသီး ဆေးပြားလေးတွေ လုပ်လို့ရပါပြီ။
သံပုယိုသီး ဆေးပြားလုပ်ပုံ
  • ဆားစိမ်ထားသော သံပုယိုသီးများကို ရေများစစ်ပြီး အပြင်ကို ထုတ်ပေးပါ
  • ရေစစ်သွားတာနဲ့ ကြိတ်စက်ထဲကို ကြိတ်စက်နိူင်သလောက် ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးပါ
  • အချိုအရသာလေးနဲ့ စားချင်ပါက သကြားထည့်ကြိတ်ပေးပါ
  • အားလုံးကုန်အောင် ကြိတ်ပြီးတာနဲ့ နေလှန်းဖို့ ပြင်ဆင်ပေးပါ
  • နေလှန်းမည့် ဗန်းတွေထဲမှာ baking paper တွေကို ခင်းပေးပါ
  • ပြီးတာနဲ့ ထိုစက္ကူအပေါ်မှာ ကြိတ်ထားသော သံပုယိုသီးများကို ထည့်ပေးပြီး ပြန့်နေအောင် ဖိဖိပြီး ဖြန့်ပေးပါ
  • အားလုံးဖြန့်ပြီးတာနဲ့ နေပူပူမှာ လှန်းပေးပါ
  • နေလှန်းတဲ့ အခါမှာလဲ ပိုးကောင်လေးတွေ မနားအောင် အုပ်ဆောင်းအုပ်ပြီး လှန်းပေးပါ
  • အပေါ်ယံဘက်က နေလှန်းထားတာ ခြောက်သွေ့လာပါက နောက်တစ်ဖက်ကို လှန်ပြီးလှန်းပေးပါ
  • တစ်ချပ်လုံး ခြောက်သွေ့လာတဲ့အထိ နေလှန်းပြီးပါက သံပုယိုသီး ဆေးပြားလေးတွေကို ဖန်ပုလင်းလေးထဲထည့်ကာ အစာကျေ ရင်ချောင်အောင် စားသုံးနိူင်ပါပြီ။