Wednesday 18 February 2015

ကြက်သားပြားကြော်


ခပ်မွမွ ခပ်ရွရွလေးမို့ စားပြီးရင်း ထပ်စားချင်အောင် ဖြစ်မဲ့အကြော်လေးပါ ထမင်းပူပူလေးနဲ့လိုက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းပါတယ် ကြော်ရတာလဲလွယ်တာမို့ ကြော်စားကြည့်စေချင်ပါတယ်။

ကြက်သားပြားကြော်လေး ကြော်ဖို့အတွက် ပါဝင်တာလေးတွေ ပြောပါမယ်

  • ကြက်ရင်ပုံသား - 200g
  • ကြက်ဥ - တလုံး
  • တန်ပူရာမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကိုရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပြီး ခပ်ပါးပါး အချပ်လေးတွေလှီးပါ
  • ဆား အရသာမှုန့်တို့နဲ့ ကြက်သားကိုနယ်ပေးပါ
  • ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ခလောက်ပေးပါ
  • ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားပြားကို တပြားချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားပြားကို ထည့်ကြော်ပေးပါ
  • ကြက်သားပြား တခုလုံး ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ








ပုဇွန်ထုတ် အကြွတ်ကြော်



ကြော်စားဖြစ်တဲ့ ပုဇွန်ကြော်လေးပါ ပုဇွန်ကို ပေါင်မုန့်ခြောက်မှုန့်နဲ့ကပ်ပြီး ကြော်ထားတာမို့ အရသာမွှေးမွှေးလေးနဲ့ စာလို့ကောင်းပါတယ် အားလပ်ရက်လေးမှာ ကြော်စားကြည့်စေချင်ပါတယ်။

ပုဇွန်ကြော်လေးအတွက် ပါဝင်ရမှာလေးတွေ ပြောပါမယ်

  • ပုဇွန်ထုတ် - အကောင်ကြီးကြီး 350g
  • Bread Crumbs. - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးမောက်မောက်
  • ကြက်ဥ. - တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ပုဇွန်ကိုရေဆေးပြီး အမြီှးကိုချန်ထားပြီး အခွံချွတ်ကာ ခေါင်းကိုဖြုတ်ပေးပါ
  • ပုဇွန်ကြောကို ခွဲပြီးအမဲကြောင်းထုတ်ပေးကာ ဆားအရသာမှုန့်တို့နယ်ထားပေးပါ
  • ကြက်ဥကိုဖောက်ပြီး ခလောက်ထားပေးပါ
ကြော်နည်းလေးပြောပါမယ်
  • ပုဇွန်အရသာနယ်ကို ကြက်ဥအနှစ်ထဲ တကောင်ချင်းထည့်ပြီး နှစ်ပေးပါ
  • ကြက်ဥအနှစ် စိမ်ပြီးတာနဲ့ bread crumbs မှုန့်ထဲ လူးပေးပါ
  • ဆီကိုမီးအပူပေးပြီး ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့လိုက်ပြီး ပုဇွန်ကို တကောင်ချင်း ထည့်ကြော်ပေးပါ
  • တဖက်ရွှေဝါရောင်ဖြစ်လာပါက နောက်တဖက်ကို လှန်ပေးပြီး ရွှေဝါရောင်ဖြစ်အောင် ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်ဖြစ်ပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီးတာနဲ့နှစ်သက်သလို စားသုံးနိုင်ပါပြီ












ပေါင်မုန့်ခြောက်အမှုန့်ကပ် ငါးကြော်






ဒီနေ့တော့ ဘာဆာငါးကို ပေါင်မုန့်အမှုန့်ခြောက်ကပ်ပြီး ကြော်ထားပါတယ် ငါးကြီးဘဲ သက်သက် စားရမဲ့အရသာကို အရသာလေး တမျိုးပြောင်းပြီး ကြော်လိုက်တာပါ။

ငါးထဲထည့်ထားတဲ့ အရသာအမှုန့်တွေကြောင့် အရသာကတော့ မွှေးမွှေးလေးမို့ ကြော်စားချင်ရင် ကြော်စားနိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 250 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  4. Lemon Pepper - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  5. Lemon Pepper မရှိပါက သံပုရာရည် ထမင်းစားဇွန်းတ၀က်နဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရောနယ်ပေးပါ
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. Panko bread crumbs - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်

ပြင်ဆင်ပုံ

  1. ဘာဆာငါးကို ရေဆေးပြီး ရေခြောက်အောင် Paper Towel နှင့်ခပ်ဖွဖွ သုပ်ပေးပါေ
  2. ရေခြောက်သွားပါက ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာဝင်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  3. အရသာနယ်ပြီးပါက Panko bread crumbs မှုန့်နဲ့ ငါးမျက်နှာပြင် ၂ဖက်လုံးကို ဖြူးပြီး ခပ်ဖွဖွ လူးပေးပါ
  4. အောက်ချေမကပ်သော ဒယ်အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  5. ဆီပူလာပါက မီးကိုအနည်းငယ် လျှော့ပေးပြီးမှ ငါးကိုထည့်ကြော်ပေးပါ
  6. ကြော်နေစဉ် တဖက်က ရွှေဝါရောင် သန်းလာရင် နောက်တဖက်ကို လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  7. ဆီစစ်သွားပါက ငါးကြော်မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ဆင်ပေးနိုင်ပါပြီ။

ချဉ်ငံစပ် ဧရာဝတီငါးပိချက်









ဒီငါးပိချက်လေးကို ညီမငယ်လေး Thiri Win Shwe ချက်တာကြည့်ပြီး စားချင်တာနဲ့ ချက်နည်းလေးမေးပြီး ချက်ထားတာပါ ထမင်းကို တကယ်မိန်စေတဲ့ ငါးပိချက်လေးပါ အဆင်ပြေမယ်ဆိုရင် ချက်စားကြည့်စေချင်ပါတယ်။

ငါးပိချက် ချက်နည်းပေးတဲ့ ညီမလေးက မော်ဒယ်ဒီဇိုင်နာ တယောက်မို့ အလုပ်အရမ်းများပါတယ် ဒါကြောင့်မို့ ငါးပိချက်ရဲ့ ရာဇ၀င်လေးတော့ မအားသေးတာနဲ့ မမေးရသေးပါဘူးရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက် - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း - တစ်ဝက်
  4. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  5. မန်ကျည်းသီးမှည့် အနှစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ပုဇွန်ငါးပိ -ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက်စိမ်ကာ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ။
  • ပုဇွန်ငပိကို ရေလက်ဖက်ရည်အကြမ်း ပန်းကန်လုံး တလုံးသာသာနှင့် အရည်ဖျော်ထားပါ။
  • မကျီးသီးမှည့်အနှစ်ကိုလဲ ရေလက်ဖက်ရည် အကြမ်းပန်းကန်းလုံး တလုံးသာသာနှင့် အရည်ဖျော်ထားပါ။
  • ငရုတ်သီးအကြမ်းမှုန့်ကိုလဲ အဆင်သင့် ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး  မီးအနေတော်နဲ့ အပူပေးပါ။
  • ဆီပူလာတာနဲ့ကြက်သွန်ဖြူထောင်းကို မိနစ်ဝက်ခန့် မရှိတရှိကြော်ပေးပါ။
  • ပြီးတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့လေး သင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထည့်ပြီး ၂မိနစ်လောက်မွှေကြော် ကြော်ပေးပါ။
  • ပြီးတာနဲ့ ပုဇွန်ငါးပိ အရည်ဖျော်ကိုထည့်ပြီး မိနစ်ဝက်လောက်မွှေပေးပါ။
  • အရသာ သမသွားတာနဲ့ မကျီးသီးမှည့် အရည်ဖျော်ကို ထည့်မွှေပေးပါ။
  • ငါးပိချက်ထဲမှ မန်ကျည်းသီးမှည့်အနှစ် အရည်များ ခမ်းလာပြီး ဆီမပြန်ခင် မီးပိတ်ပြီး ချဉ်ချဉ်ငံငံစပ်စပ် ဧရာဝတီငါးပိချက်လေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ရန် စားပွဲပြင်ပေးနိုင်ပါပြီ။

ပုဇွန်ခြောက် ငရုတ်သီးစိမ်းထောင်း ငါးပိရည်ဖျော် မွှေးမွှေးလေး





ငါးပိရည်ဖျော်လေးပါ မာမာက ငါးပိမပါရင် ထမင်းမစားတတ်သူမို့ ငါးပိရည်ကို နေ့စဉ်လိုလိုကျိုပါတယ် ဒီနေ့တော့ ပုဇွန်ခြောက်ကိုထောင်းပြီး ကြက်သွန်နီမီးဖုတ် ကြက်သွန်ဖြူအိုးပူတိုက် ငရုတ်သီးစိမ်းလှော်တို့နဲ့ထောင်းပြီး ငါးပိရည် မွှေးမွှေးလေး ဖျော်ထားပါတယ်။

ငါးပိရည်ကျိုနည်းလေးကတော့ အရင်တခါပြောပြီးသားမို့ ဒီတခါ အဖျော်အတွက် လိုအပ်တာလေးတွေ ပြောပါမယ်။

ပါဝင်ပစ္စည်းများ

  1. ကျိုပြီးသားငပိရည် - တရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. ကြက်သွန်နီမီးဖုတ် - ခပ်ကြီးကြီး တစ်ဥ
  3. လှော်ထားသော ငရုတ်သီးစိမ်း - အတောင့် ၂၀ခန့်
  4. အိုးပူတိုက်ထားသော - ကြက်သွန်ဖြူ အမွှာကြီးကြီး  ၆မွှာ
  5. မညက်တညက် ထောင်းထားသော ပုဇွန်ခြောက် - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးနီးပါးခန့်
  6. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ( နှစ်သက်လျှင်ထည့်ပါ )

ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အပြင်ခွံများ ကျွမ်းတဲ့အထိ  မီးဖုတ်ပေးပါ။ 
  • မီးသွေးမီးဖိုမရှိလျှင် မိုက်ခရိုဝေ့ထဲမှာ ၃မိနစ်စီ ၂ခါလောက် ထည့်ပေးပါ။
  • ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ကို အပြင်အသား နည်းနည်းကျွန်းတဲ့ထိ လှော်ပြီး အခွံခွာများခွာကာ မညက်တညက် ထောင်းပေးပါ။
  • ပုဇွန်ခြောက်ကိုလဲ မညက်တညက် ထောင်းပေးပါ။
  • ကြက်သွန်နီ အပြင်ခွံကိုခွာကာ ရေဆေးပြီး မညက်တညက် ထောင်းပေးပါ။
  • ပန်းကန်လုံး တလုံးထဲမှာ ထောင်းထားသော အဖျော်များနှင့်ငရုတ်သီး အလှော်မှုန့်တို့ကိုထည့်ပြီး ကျိုထားသော ငပိရည်လောင်းထည့်ကာ သမအောင်မွှေပြီး စားပွဲပြင်ပေးနိုင်ပါပြီ။

Tuesday 17 February 2015

ရွှေဖရုံညွန့်ဟင်းခါး


ခြံထွက် ရွှေဖရံညွန့်လေးရလို့ ဟင်းခါးပူပူလေး ချက်သောက်ဖြစ်ပါတယ် ဟင်းအရည်သောက်လေးပါမှ ထမင်းက မြိန်တတ်တာမို့ ဒီနေ့တော့ ဟင်းခါးပူပူလေးနဲ့ စားပါမယ် ချက်နည်းလွယ်ကူပြီး သောက်လို့ကောင်းတဲ့ ဟင်းခါးချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရင်ဆုံး ရွှေဖရုံညွန့်လေးတွေကို အကြောသင်ပေးပြီး အနေတော် ပိုင်းဖြတ်ပေးပါ
  2. ပိုင်းဖြတ်ထားသော အညွန့်များကို ရေဆေးပြီး ရေစစ်ထားပါ
  3. ပုဇွန်ခြောက် ၁၅ကောင်လောက်ကို ရေစိမ်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  4. ကြက်သွန်ဖြူ ၄မွှာကို မညက်တစ်ညက် ထောင်းထားပါ
  5. ငရုတ်ကောင်းအလှော် ၇စေ့လောက်ကို ညက်နေအောင် ထောင်းထားပါ
  6. အိုးတစ်လုံးထဲတွင် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထဲ့ပြီး တည်ပေးပါ 
  7. ရေထဲတွင် ထောင်းထားသော ပုဇွှန်ခြောက်မှုန့် ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် . လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
  8. ရေဆူလာပါက ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့် ကိုရောထောင်းပြီး ဟင်းရည်အိုးထဲထည့်ပေးပါ
  9. ပြီးတာနဲ့ ရွှေဖရုံညွန့်ကိုထည့်ပြီ နှစ်မိနစ်လောက် ဆူအောင်တည်ပေးပါ
  10. ဟင်းရည်အိုး ကျက်ပြီဆိုတာနဲ့ပူပူလေး သုံးဆောင်ပါ
  11. ချက်ချင်းမစားဖြစ်သေးပါက ရွှေဖရုံညွန့် အရောင်မပြောင်းစေရန် ဇကာနှင့်အုပ်ထားပါ။




Saturday 14 February 2015

တို့ဟူးဟင်း ချိုချဉ်ငံစပ်










မာမာ မနေ့ကချက်စားဖြစ်တဲ့ တို့ဟူးဟင်းလေးပါ သတ်သတ်လွတ် စားတဲ့သမီးလေးအတွက် ထူးရှယ်လေး ချက်ပေးထားတာပါ။

ချိုချဉ်ငံစပ်လေးမို့ သမီးလေး အရမ်းကြိုက်ပါတယ် မိတ်ဆွေတို့လဲ ချက်မယ်ဆို ချက်စားနိုင်အောင် မာမာ တို့ဟူးဟင်း ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

တို့ဟူးကျိုနည်း

  1. ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးကို ရေအေး ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၇ဗူးခွဲနဲ့စိမ်ပါမယ်
  2. ပဲမှုန့်များကို ရေစိမ်ရာတွင် ခဲနေသောပဲမှုန့်များကို လက်နှင့်ချေပေးပါ
  3. ပဲမှုန့်ရေစိမ်ချိန် ၆နာရီလောက် ကြာရပါမယ်
  4. မကပ်သော အိုးဇောက်နက်နက် တလုံးကို မီးအပူပေးပါ
  5. တို့ဟူးကျိုပြီး ထည့်ရန် စတီးဇလုံကို ဆီသုတ်ထားပေးပါ
  6. အိုးပူလာပြီဆိုတာနဲ့ မီးကို အနေတော် အလယ်အလတ်လောက် ရောက်အောင် ရှော့လိုက်ပါ
  7. အိုးထဲကို အရည်ဖျော်ထားသော ပဲအရည်ကြည်များ အရင်ဆုံးထည့်ပြီး ကျိုပါမယ်
  8. ပဲအရည်ကြည် ထည့်ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံလောက် ထည့်ပြီး မွှေပေးပါ
  9. မွှေနေစဉ် ပဲရည်ကြည် ပျစ်လာတာနဲ့အနည်ထိုင်နေသော ပဲအနှစ်များကို ထည့်ပြီး မွှေပေးပါ
  10. ပဲအနှစ်မွှေနေချိန် နဲနဲလေးပြစ်လာတာနဲ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းလောက် ပဲအနှစ်ထဲထည့်ပြီး မွှေပေးပါ
  11. ပဲအနှစ်မွှေချိန် သိမ်မကြာပါဘူး ၁၀မိနစ်လောက်ဆိုရင် ရပါတယ်
  12. ပဲရည်ပြစ်လာပြီး တော်တော်လေး ခဲလာပြီဆိုတာနဲ့ ဆီသုပ်ထားတဲ့ ပန်းကန်ထဲ လောင်းထဲ့ပေးပါ
  13. နာရီဝက်လောက်ဆိုရင် ကောင်းကောင်း ခဲပါပြီ။

တို့ဟူးချက်ရန်
  • တို့ဟူးကို နှစ်သက်သလိုပုံစံ နည်းနည်းထူထူလှီးကာ တစ်ပွဲစာ ပြင်ထားပါ
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး တစ်လုံးကို ပါးပါးလှီးပါ
  • ငရုန်သီးစိမ် လေးတောင့်လောက်ကို ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ တခြမ်းကို ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာကို ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို လက်တစ်ဆစ်လောက် အရှည်အရွယ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ပြင်ထားပါ
  • ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်ပြင်ထားပါ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ပြင်ထားပါ
  • ဆီ ထမင်းဝားဇွန်း နှစ်ဇွန်း ပြင်ထားပါ
တို့ဟူးချက်နည်း
  • မကပ်သော ဒယ်အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ကြက်သွန်အဖြူ အနီနှင့်ငရုတ်သီးမှုန့်တို့ကို ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ခရမ်းချဉ်သီးကျေအောင် ရေနည်းနည်း ထည့်မွှေပါ
  • ခရမ်းချဉ်သီး ကျေလာတာနဲ့ဆား အရသာမှုန့် ပဲငံပြာရည်နှင့် ငရုတ်သီးစိမ်းတို့ကို တမိနစ်လောက် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးအနှစ် ပျစ်လာတာနဲ့တို့ဟူးကိုထည့်ပြီး မမွှေဘဲ အိုးကိုလှုပ်ပေးပြီး အရသာ သမအောင်လုပ်ပေးပါ
  • တမိနစ်လောက် တည်ပြီးတာနဲ့ ကြက်သွန်မိတ်ထဲ့ပြီး ချိုချဉ်ငံစပ် အရသာထူးတဲ့ တို့ဟူးဟင်း စားပွဲပြင်နိုင်ပါပြီ။

Friday 13 February 2015

ထောပါတ်ကွတ်ကီး


ဒီနေ့လုပ်စားဖြစ်တဲ့ ကွတ်ကီးလေးတွေပါ မာမာ့သမီးလေး ကျောင်းပိတ်ရက်မှာ တစ်ခါတလေ မုန့်လုပ်တာနှစ်သက်တတ်သူ တယောက်ပါ။

မာမာကတော့ မုန့်လုပ်ရတာကို တော်တော်လေး ပျင်းတတ်ပါတယ် သမီးငယ်ကတော့ ကျောင်းပိတ်တဲ့ ရက်တွေဆိုရင် စိတ်ကူးရရင် ရသလို မုန့်လေးတွေ လုပ်တတ်ပါတယ်။

သမီးငယ်လုပ်တဲ့ မုန့်လေးတွေမို့လို့ အမှတ်တရလေး ဖြစ်ရလေအောင် တင်ပေးတာပါ သူလဲသူလုပ်တဲ့ မုန့်လေးတွေ အောင်မြင်တဲ့အခါ သူပျော်တာလေးအတွက် အမှတ်တရလေး ဖြစ်စေအောင် မျှဝေပေးခြင်း ဖြစ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ထောပါတ် - 1/2 cup
  2. သကြား - 1 cup
  3. ဂျုံမှုန့် - 3 1/2 cup
  4. ကြက်ဥ - တစ်လုံး
  5. Vanilla extract - နှစ်စက်ခန့်
  6. Milk - 15 ml
  7. လိမော်ခွံ ခြစ်ပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  8. မုန့်ဖြတ်ပုံစံလေးများ
ပြင်ဆင်ပုံ

  1. ဇလုံတလုံးထဲမှာ ထောပါတ်မှလွဲပြီး ပါဝင်ပစ္စည်းများ အားလုံးကိုရောပြီး သမအောင်မွှေပေးပါ 
  2. ပြီးတာနဲ့ ထောပါတ်ထဲ့ကာ မုန့်သားစေးလာတဲ့ထိ နယ်ပေးပါ
  3. မုန့်ဒိုးသား စေးပိုင်လာပါက မုန့်သားကို ပလပ်စတစ်စနှင့် ထုတ်ပြီး မိနစ်၂၀ခန့် နှပ်ထားပေးပါ
  4. မိနစ်၂၀ ပြည့်တာနဲ့ မျက်နှာပြင် ညီသော စားပွဲပေါ်မှာ ဂျုံမှုန့်ကို ခပ်ပါးပါး ဖြန့်ခင်းပေးပါ
  5. ဖြန့်ခင်းထားသော မုန့်သားကို ဒလိမ့်တုန်းနှင့်  ခပ်ပြားပြားလေး ရအောင် လှိမ့်ပေးပါ
  6. ပြီးတာနဲ့ နှစ်သက်တဲ့ ပုံစံလေးတွေကို မုန့်သားပေါ်တင်ပြီး ဖြတ်ပေးပါ
  7. မုန့်သားကို ပုံစံစမဖော်ခင် ကတည်းက ovenကို 280ဒီဂရီနဲ့ နာရီဝက်ခန့် ကြိုပြီးဖွင့်ပေးထားပါ
    မုန့်သားပုံစံဖော်ပြီးပါက မုန့်ဖုတ်မည့် ဗန်းထဲသို့ baking paper ခင်း၍ မုန့်သားများကို စီပြီးထဲ့ပေးပါ
  8. ပြီးတာနဲ့ oven ထဲသို့ထည့်ကာ မိနစ်နှစ်ဆယ် ဖုတ်ပေးပါ
  9. မိနစ်နှစ်ဆယ် ပြည့်တာနဲ့ oven ကိုပိတ်ပြီး မုန့်ဗန်းကို အပြင်ကို ထုတ်ပေးပြီးတာနဲ့ ကွတ်ကီးစိမ့်စိမ့်လေးတွေ ရပါပြီ
  10. ဒီအတိုင်းဘဲစားစား လက်ဖက်ရည် ကော်ဖီလေးနဲ့ဘဲ သောက်သောက် အရမ်းကောင်းလွန်းတဲ့ ကွတ်ကီး စိမ့်စိမ့်လေးတွေကို အအေးခံကာ လေလုံပုလင်းထဲကာ စားသုံးနိုင်ပါပြီ။


ကွတ်ကီးလေးလုပ်ဖို့ လိုအပ်တာတွေ ပြင်ပါမယ်


အားလုံးကိုရောပြီး သမအောင် မွှေပေးပါ
 ပြီးမှထောပတ်ထဲ့ကာ စေးလာတဲ့ထိ နယ်ပေးပါ

မုန့်သားရလာပါက နှစ်သက်တဲ့ ပုံစံလေးတွေကို
မုန့်သားပေါ်တင်ပြီး ဖြတ်ပေးပါ

မုန့်သားစလုပ်ကတည်းက ovenကို 280ဒီဂရီနဲ့ကြိုပြီးဖွင့်ပေးပါ
မုန့်သားပုံစံဖော်ပြီးပါက မုန့်ဖုတ်မည့်ဗန်းထဲသို့ baking paper
 ခင်း၍ မုန့်သားများကိုစီပြီးထဲ့ပေးပါ ပြီးမှ oven ထဲသို့ ထဲ့ကာ 
မိနစ်နှစ်ဆယ် ဖုတ်ပေးပြီးရင် ကွတ်ကီးမုန့်လေးများ ရပါပြီ။

မုန့်ကြာစေ့










မာမာ ဒီနေ့တော့ မြန်မာမုန့်လေးတွေ စားချင်တာနဲ့မုန့်ကြာစေ့လေးတွေ လုပ်စားဖြစ်ပါတယ် မြန်မာပါးစပ်ဆိုတော့လဲ မြန်မာမုန့်လေးတွေကို စားချင်တာက အမြဲတမ်း လိုလိုပါဘဲ။

ဒါကြောင့်မို့လို့ မြန်မာမုန့်လေးတွေ စားချင်ရင် မုန့်လုပ်ပြီး စားရအောင်အတွက် မာမာဒီနေ့လုပ်စားဖြစ်တဲ့ မုန့်ကြာစေ့ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  4. ထန်းလျှက် - 150 g
  5. အုန်းသီးဖတ် -  မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကိုထည့်ပြီး ရေကိုနည်းနည်းချင်းထည့်ကာ မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်နှင့်ဆန်မှုန့်တို့အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲသွားတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှာအုပ်ပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် နာရီဝက်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ခပ်သေးသေးလေးတွေ လုံးပေးပြီး မုန့်သားအားလုံး ကုန်တဲ့အထိ လုံးပေးပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတစ်လုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးလေးများကို တလုံးချင်း ရေနွေးအိုးထဲကို ထည့်ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို တမိနစ်လောက်ထားပြီး ဆယ်ပေးပါ
  • မုန့်လုံးလေးများ ဆယ်ပြီးတာနဲ့အဆင်သင့် ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • မုန့်သားအားလုံး ပြုပ်ပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူးသာသာလောက်ကို ထည့်ပြီးကျိုပေးပါ
  • ထန်းလျှက်ရည် မပျစ်မကျဲ အနေအထားလောက် ရအောင်ကျိုလိုက်ပြီး ပိတ်ပါးစခံကာ အမှိုက်များကို စစ်ပေးပါ
မုန့်ပွဲပြင်ရန်
  • ရေစစ်ထားသော မုန့်ကြာစေ့ အလုံးလေးများကို ပန်းကန်တစ်လုံးထဲမှာ ထည့်ပေးပြီး ထန်းလျှက်ရည်လောင်းချပေးကာ စိမ်ထားပေးပါ
  • မုန့်တပွဲစာအတွက် ပန်းကန်လုံးထဲမှာ မုန့်ကြာစေ့နှင့် ထန်းလျှက်ရည်တို့ကို အနေတော် ထည့်ပေးပြီး အုန်းသီးခြစ်ပြီးသား မိမိနှစ်သက်သလောက် ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။