Wednesday 23 February 2022

ကော်ရည်

 

ဒီနေ့တော့ စိတ်ကူးရသလို ကော်ရည်ကျဲလေးကျိုပြီး ငါးပိထောင်းလေးနဲ့ သောက်ကြမယ် ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်တော့လဲ မာမာ့လက်ရာပေါ့နော်။

စိတ်ကူးရသလို ကျိုလိုက်ပေမဲ့ စားကောင်း သောက်ကောင်း ရာသီဥတု အေးအေးလေးမှာ သောက်ချင်စဖွယ်လေးမို့လို့ မျှဝေလိုက်ပါတယ်။ ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲပြုပ်ပြီးသား - 500 g
  2. ကြက်အရိုးအသား - 500 g
  3. မှိုခြောက် - ၇ပွင့်
  4. ဂျပန်မှိုအခြောက် - ကိုးပွင့်
  5. ကြက်ဥ - ၁လုံး
  6. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  7. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  11. ကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  12. ကန်ဇွန်းရွက် - နှစ်သက်သလောက်
  13. ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၅ဇွန်း
  14. ငရုတ်သီးစိမ်း - စားနိူင်သလောက် လှော်ထားပါ
  15. ငရုတ်သီး - အလှော်မှုန့် ထမင်းစားဇွန်း တဇွန်းခန့် ကြက်သားပြုပ်ရန်
  • ကြက်သားကို ရေဆေးပြီး ဆားအနည်းငယ်ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးအောင် ပြုပ်ပေးပါ
  • အသားနူးတာနဲ့ အသားများကို အနေတော် အမျှင်အတုံးလေးများ ထွင်ထားပါ
  • အရိုးများကို ဖယ်ပလိုက်ပါ
  • ခေါက်ဆွဲဖတ်ကို ပြင်ထားပါ
  • ကြက်သွန်မိတ်ကို ခပ်နုတ်နုတ်လှီးထားပါ
  • ကြက်ဥကို ခလောက်ထားပါ
  • ဂျပန်မှို အခြောက်နှင့် မှိုခြောက်တို့ကို ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် ရေစိမ်ထားပြီး ရေဆေးထားပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကန်စွန်းရွက်ကို ရေဆေးထားပါ
ကော်ရည်ကျိုပုံ
  • အားလုံးအဆင်သင့်ဖြစ်ပါက အသားထွင်ထားသော ကြက်သားကို ဟင်းရည်ပြင်မည့် အိုးထဲသို့ ထည့်ပေးပါ
  • ထိုအိုးထဲကို ရေ တရုတ်ဟင်းပြင်ပန်းကန် ၃လုံးသာသာ ထည့်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ ကော်ရည်ကိုထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  • ကော်ရည်ထည့်နေစဉ် ကော်ရည် ခဲမသွားစေရန် ဆက်တိုက် မွှေပေးပါ
  • အရမ်းပျစ်ပျစ် မကြိုက်ပါက ရေထပ်ထည့်ပေးပါ
  • ကော်ရည်ပျစ်လာတာနဲ့ ခလောက်ထားသော ကြက်ဥကို ဇကာစိတ်စိတ်လေးခံကာ နည်းနည်းခြင်းထည့်၍ လက်သန်ရာဘက်သို့ တဖက်ထဲ လှည့်ပြီးမွှေပေးပါ
  • ကြက်ဥကျက်တာနဲ့မှိုခြောက် ပဲလိပ် ပဲငံပြာရည် ဆား သကြား ထည့်မွှေပါ
  • ကော်ရည်ပွက်ပွက် ဆူပြီးတာနဲ့ငရုတ်ကောင်းမှုန့်ကို ထည့်ပြီးမွှေပါ
  • အရသာမြည်းပြီး ဆား သကြားအရသာ လိုသလိုပြင်ကာ မီးအေးအေးနှင့်မီးဖိုပေါ်မှာ တင်ထားပေးပါ
  1. ကော်ရည်နှင့် တွဲပြီးစားရန် ငါးပိထောင် ထောင်းရန်
  • ပုဇွန်ငါးပိကို မွှေးလာအောင် ကင်လိုက်ပြီး ကြက်သွန်ဖြူ ငရုတ်သီးအလှော်မှုန့် ငရုတ်သီးစိမ်းလှော်တို့နှင့် ရောပြီးထောင်းပါ
  • ငါးပိထောင်းထဲကို သံပုရာရည်ညှစ်ပြီး နှံ့အောင်မွှေလိုက်ပါ
  1. ကော်ရည်ပွဲပြင်ရန်
  • ပန်းကန်လုံး တလုံးထဲမှာ ခေါက်ဆွဲဖတ်ကို စားနိူင်သလောက်ထည့်ပြီး ကန်အစွန်ပေါ်မှးွက် အနည်းငယ်ထည့်ကာ ကော်ရည်ပူပူကို လောင်းထည့်ပေးပါ
  • ကော်ရည်စားပွဲ တစ်ပွဲစာပြင်ပြီး ငါးပိထောင်းနှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Friday 18 February 2022

ဆိတ်ရိုးပဲဟင်း



 ဒီနေ့တော့ ဆိတ်သားဝယ်ရင်းက အသားမှာ ကပ်ပါလာတဲ့ အရိုးလေးတွေကို ပဲနဲ့ရောပြီး ချက်ပါတယ် ကော်ပြန့်ကြော်လေးနဲ့ တွဲပြီးတော့ စားကြမှာမို့ ကော်ပြန့်လေးတွေလဲ လေးလဲကြော်ပါတယ်

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲကုလားဟင်း အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ဆိတ်ရိုး - 500g
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  3. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  4. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  5. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  6. ဆား  - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆိတ်ရိုးပြုပ်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့် ဆီသတ်ရာတွင် သုံးရန်)
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း (ဆီသတ်ရန်)
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ (ဆီသတ်ရန်)
  12. ချင်းတက် - လက်တစ်ဆစ်ခန့်
  13. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  14. ကုလားလေး မဆလာ - အထုတ်သေး တစ်ထုတ်
  15. ကရဝေးရွက် - သုံးရွက်
  16. သစ်ဂျပိုးခေါက် - နှစ်လက်မခန့် တစ်ချောင်း
  17. စပါးလင် အရင်းပိုင်း - နှစ်မလက်ခန့် သုံးချောင်း
  18. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ဆိတ်ရိုးဆေးရန်
  1. ဆိတ်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ပဲအစိမ်းမှုန့်နှင့် နယ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်နာရီလောက် နှပ်ထားပါ
  2. နှပ်ထားချိန် ပြည့်တာနဲ့ ပဲအစိမ်းမှုန့်နှင့် အညှီနံ့များ ကုန်သွားအောင် ရေကြည်လာတဲ့အထိ ဆေးပေးပါ
  3. ပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ဆိတ်အရိုးများနှင့် ဆားတို့ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  4. ပထမတစ်ရည် မခမ်းခင် နောက်ထပ်တစ်ခါ ရေမြုပ်အောင် ထပ်ထည့်ပြီး ​ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • စပါးလက် အရင်းပိုင်းများကို ရေဆေးပြီး ထုထားပါ
  • ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များ သစ်ဂျပိုးခေါက် ကရဝေးရွက်နှင့် ထုထားသော စပါးလင် တို့ကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်ထားသော ငရုတ်သီးများ မွလာတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ဆိတ်ရိုးများ ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပြီး ဆီဆက်ပြီး သတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  ရေစိမ်ထားသော မန်ကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မန်ကျည်းရည် ထည့်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေး မဆလာကို ထည့်ပြီးမွှေပေးပါ
  • မဆလာနံ့ မွှေးနေသော ဆိတ်ရိုးပဲ အရည်သောက်ဆမ်းကို ကော်ပြန့်ကြော်နှင့်ဖြစ်စေ ပလာတာနှင့်ဖြစ်စေ ထမင်းနဲ့ ဖြစ်စေ အဆင်ပြေသလို သုံးဆောင်နိူင်ပါပြီ။

Thursday 17 February 2022

ဆိတ်သား ခရမ်းချဉ်သီးဟင်း



ဒီနေ့တော့ စနေနေ့က ဈေးသွားရင်း ဆိတ်သားတွေ့တာနဲ့ ဝယ်လာဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ဆိတ်သားကို ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ပါတယ်။

ခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကြောင့် ဆိတ်သားဟင်းက မအီတော့ဘဲ ပိုပြီးစားလို့ ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆိတ်သား - 500 g
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း ( ဆိတ်သားဆေးရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  7. စပါလင် အရင်ပိုင်း - နှစ်လက်မခန့် လေးခု
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  9. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
  10. Ready made ခရမ်းချဉ်သီးဗူး - 400 g
  11. ကရဝေးရွက် - လေးရွက်
  12. သစ်ဂျပိုးခေါက် - နှစ်လက်မခန့် တစ်ချောင်း
  13. ဇီယာစေ့ - အစေ့ နှစ်ဆယ်ခန့်
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသားအရသာ နယ်ရန်)
  15. ဆား - အနည်းငယ် (ဟင်းအိုးထဲထည့်ရန်)
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  17. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အသားအရသာ နယ်ပေးရန်)
  18. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း (အသားအရသာ နယ်ရန်)
  19. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  20. ဆီ - ထမင်းစားဇွန်း ငါးဇွန်းသာသာ

ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလေးတွေတုံးပြီး ပဲအစိမ်းမှုန့်နှင့်နယ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်နာရီလောက် နှပ်ထားပေးပါ
  • နှပ်ထားချိန် ပြည့်တော့မှ ဆိတ်သားများကို ပဲအစိမ်းမှုန့်များ ကုန်တဲ့အထိ ရေကြည်လာအောင် ဆေးပေးပါ
  • ပြီးတာနဲ့ ဆိတ်သားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • စပါလင် အရက်ပိုင်း လေးခုကို ရေဆေးပြီး ထုထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
  • Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
  • ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး နနွင်းမှုန့်နှင့် ဆီတို့ထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း သစ်ဂျပိုးခေါက် ကရဝေးရွက် ဇီယာစေ့ စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးပြီး ငရုတ်သီးလေးတွေ မွလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  4. ခရမ်းချဉ်သီးများ ကျေသွားတော့မှ အရသာ နယ်ထားသော  ဆိတ်သားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  5. ဆိတ်သားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  6. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  7. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Tuesday 15 February 2022

ပုဇွန် ဖက်ထုတ်ပေါင်း

 






ဒီနေ့တော့ ပုဇွန်ထုတ်ကို စင်းကောလေးလုပ်ကာ ဖက်ထုတ်ပေါင်းလေး လုပ်ဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖက်ထုတ်ပေါင်း နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ်  - 350 g (အခွံခွာပြီးသား)
  2. Wonton skin  - အရွက်၃၀ခန့် ready made အရွက်ကို သုံးထားပါတယ်
  3. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  6. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 mlခန့်)
  9. ပဲစိမ်းစေ့ - အနည်းငယ်
  10. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်

ပြင်ဆင်ပုံ
  • ပုဇွန်ထုတ် အသားများကို အသားကြိတ်စက်ဖြင့် ကြိတ်ထားပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ပဲစိမ်းစေ့လေးများပို အဆင်သင့် ပြင်ထားပါ
  • ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သား ကြက်သွန်မိတ် ဆီ ငရုတ်ကောင်းမှုန့် Mushroom soy sauce ဆား အချိုမှုန့် နှမ်းဆီ  cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
  • ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ

  • Wonton skin ကို တစ်ရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီ၀က်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တစ်ရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • လက်ညိုးနှင့် လက်မကို အဝိုင်းလေး လုပ်ပြီး Wonton skin တစ်ရွက်ကိုယူကာ တင်ပေးပါ
  • ထိုအရွက်ထဲကို အစာထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်ပေးပြီး လက်မနှင့် လက်ညိုးကို ညှစ်ပေးကာ အစာများ အပြင်ကို မထွက်အောင် အသာလေး ဖိပေးပါ
  • အစာအပေါ်မှ ပဲစိမ်းစေ့ သုံးလေးစေ့လောက် ထည့်ပေးပါ
  • ထိုနည်းအတိုင်း အစာကို ကုန်အောင် ထုတ်ပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တစ်ခုနှင့် တစ်ခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ပေါင်းမစားသေးပါက နာရီ၀က်လောက် လေသလပ်ခံပြီးမှ အိတ်တစ်လုံးထဲ ထည့်ကာထားပြီး သိမ်းပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိူင်သလောက် ပေါင်းပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ မိမိနှစ်သက်သလို ကြော်စား ပေါင်းစား နိူင်ပါတယ်။

ပေါင်းရန် ပြင်ဆင်ပုံ
  • မိမိစားနိူင်သလောက် ဖက်ထုတ်များကို ပေါင်းရန်အတွက် ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံ အိုးထဲကို ရေတစ်ဝက်လောက်ထည့်ပြီး ပူအောင်တည်ပေးပါ
  • ရေနွေးအိုး အိုးပူလာတာနဲ့ ဖက်ထုတ် ထည့်ထားသော ပေါင်းဇကာကို အဖုံးအုပ်ပြီး တင်ပေးပါ
  • ရေနွေးအငွေ့ တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ပေါင်းအိုးအောက်ခံ အိုးထဲမှ ရေများ ခနလေး ခမ်းသွားတတ်ပါတယ်
  • ဖက်ထုတ်ပေါင်းချိန် ၂၅မိနစ်လောက် ပေါင်းပေးပြီးရင် ရပါပြီ
  • အရသာရှိလွန်းသော ပုဇွန် ဖက်ထုတ်ပေါင်းကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိူင်ပါပြီ။

Sunday 13 February 2022

ပုဇွန် ဖက်ထုတ်ကြော်


 


ဒီနေ့တော့ ပုဇွန်ထုတ်လေးတွေ ဝယ်လာပြီး ဖက်ထုတ်ကြော်လေး ကြော်ဖြစ်ပါတယ် နေ့လည်နေ့ခင်း အစာပြေအတွက် အရမ်းအဆင်ပြေတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖက်ထုတ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အခွံချွတ်ပြီးသား 300 g
  2. ဖက်ထုတ်ရွက်  - အရွက်၃၀ခန့် (ready made အရွက်ကို သုံးထားပါတယ်)
  3. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  6. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. မုံလာဥနီ - အနေတော် တစ်ဥ
  10. ပြောင်းဖူးစေ့ - လှီးပြီးသား  (ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ)
  11. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နေကြာဆီ - လီတာ၀က်ခန့်

ပြင်ဆင်ပုံ

  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ပုဇွန်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ပြောင်းဖူးကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူ လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ပုဇွန်အသား မုံလာဥနီ ပြောင်းဖူး  တရုတ်မဆလာ ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် နှမ်းဆီ mushroom soy saue, cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ

ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ

  • ဖက်ထုတ်အရွက် တစ်ရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီ၀က်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တစ်ရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • အစာထည့်ပြီးသော ဖက်ထုတ်အရွက်ရဲ့ အနား၂ဖက်ကို ရေနှင့် အနည်းငယ် စွတ်ပေးပြီး ပုံပါအတိုင်း ခေါက်ပေးပါ
  • အနား၂ဖက် ကပ်သွားစေရန် လက်မနှင့် လက်ညှိုးကြားထည့်ကာ လိုက်ဖိပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တစ်ခုနှင့် တစ်ခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ကြော်မစားသေးပါက နာရီ၀က်လောက် လေသလပ်ခံပြီးမှ တစ်ခုနှင့်တစ်ခု ထပ်ထားပြီး သိမ်းပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်အရွက်များ ကုန်တဲ့အထိ ထုပ်ပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိူင်သလောက် ကြော်ပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပြီး လိုမှထုတ်၍ ကြော်နိူင်ပါတယ်။

ကြော်ရန် ပြင်ဆင်ပုံ

  • ကြော်နေစဉ် ဖက်ထုတ်အပြင်သား အကျက်မမြန်စေရန်အတွက် အိုးအသားထူသော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ဖက်ထုတ်အပြင်ခွံ ကျက်ပြီးအရောင် မလှသလို အတွင်းက အစာများ မကျက်ဘဲ ဖြစ်တတ်ပါတယ်
  • မီးလျော့ပြီး အိုးထဲမှဆီ အငွေ့သေလောက်မှ ဖက်ထုတ်များကို တစ်ထုတ်ခြင်း တစ်ခုနှင့်တစ်ခု မကပ်အောင် ထည့်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ အရသာရှိလွန်းသော ပုဇွန် ဖက်ထုတ်ကြော်ကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိူင်ပါပြီ။

Friday 11 February 2022

ထမနဲ




ဒီတစ်ခါတော့ ဆွမ်းတော်ကပ်ချင်တာနဲ့ ထမနဲ ထိုးဖြစ်ပါတယ် ထမနဲကို ကောက်ညှင်းဆန် အဖြူကြီးဘဲ ထိုးတာထက် ကောက်ညှင်းငချိတ်လေး ထည့်ထိုးရင် စားလို့ပိုပြီး ကောင်းသလိုဘဲ နှမ်းကိုလဲ အဖြူနဲ့ အမည်းလေး ရောပြီးထိုးတာက ပိုပြီးစားလို့ ကောင်းစေပါတယ်။

ဒါကြောင့်မို့လို့ ထမနဲကို မာမာတို့ ငယ်ငယ်က မာမာတို့အမေ မကြာခန ထိုးကျွေးဖြစ်ခဲ့တဲ့ ထမနဲထိုးနည်းလေးနဲ့ ထိုးထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

အမေ့လက်ရာမို့လို့ ပိုပြီးစားကောင်းတဲ့အတွက် ထမနဲထိုးပြီး စားမယ်ဆိုရင် ဒီနည်းအတိုင်း ထိုးစားတာ အရသာ ပိုရှိပြီး အနံ့လဲ ပိုမွှေးတဲ့အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. အုန်းသီး - အနေတော် တစ်လုံး
  4. ချင်းတက်ခပ်ကြီးကြီး - နှစ်လက်မခွဲခန့်
  5. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်၀က်မရှိတစ်ရှိ
  6. နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်မရှိတစ်ရှိ
  7. ဆား - လဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  9. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး 

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်များကို ရေသုံးထပ်လောက်ဆေးပြီး ဇလုံထဲမှာ ထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ၆နာရီလောက် ရေစိမ်ထားပါ
  • အုန်းသီးကို ထက်ခြမ်းခြမ်းပြီး တစ်ခြမ်းကို မထူမပါးလေးတွေ ရလာအောင် စိတ်ပေးထားပါ
  • ကျန်တစ်ခြမ်းကိုတော့ ခပ်ထူထူလေးလေးတွေ ခြစ်ပေးထားပါ
  • ချင်းတက်ကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • မြေပဲလှော်များကို အခွံခြွတ်ပြီး သန့်စင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • မကပ်သော အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရင်ဆုံး ခြစ်ထားသော အုန်းသီးများကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • အုန်းသီးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ ထမနဲ အပေါ်ထားမှာ ဖြူးပေးဖို့ ပြင်ပါထားပါ
  • ထိုဆီထဲမှာဘဲ စိတ်ထားသော အုန်းသီးများကို ရွှေဝါရောင် သန်းလာတဲ့အထိ ထည့်ပေးကာ ဆယ်ပြီး ဆီစစ်ထားပါ
  • ပြီးတာနဲ့ ထိုဆီထဲမှာဘဲ လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ 
  • နှမ်းအမည်းနှင့် နှမ်းအဖြူပိုလဲ ဒယ်အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး မီးခပ်နွေးနွေးနှင့် မွှေးလာတဲ့အထိ လှော်ပေးကာ အအေးခံထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီတာနဲ့ အုန်းသီးကြော်နှင့် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်ထဲထည့်ကာ ပူလာအောင် ပြန်တည်ပေးပါ
  • ဆီပူလာတာနဲ့ ကောက်ညှင်းဆန်ကို ရေစစ်ပြီး ဆီအိုးထဲ ထည့်ကြော်ပေးပါ
  • ကောက်ညှင်းဆန်များ ကြော်နေစဉ် မကပ်အောင် အဆက်မပြတ် မွှေမွှေပေးပါ
  • ကောက်ညှင်းဆန်သား ကွဲလာပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး မွှေပေးကာ မီးအနေတော်နှင့် တည်ပေးပါ
  • ကောက်ညှင်းသားမျာ ကျေလာအောင် မကြာမကြာ မွှေ မွှေပေးပါ
  • ပထမ တစ်ရည် ခမ်းအောင်တည်ပေးပြီး နောက်တစ်ရည် မြုပ်အောင်ထပ်ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ကောက်ညှင်းဆန်သား ကျေလာကာ ဆီသားတက်လာပြီ ဆိုတာနဲ့ အုန်းသီးစိတ်ကြော်များ မြေပဲများ ချင်းကြော်များ ဆားနှင့် နှမ်းလှော်တို့ကို တစ်မျိုးဆီ ထည့်ပြီး မွှေပေးပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီအကုန်နီးပါး ပြန်တက်လာပြီ ဆိုတာနဲ့ ထမနဲ မွှေးမွှေးလေး ရပါပြီ
  • ထမနဲ ပူပူလေးပေါ်မှာ အုန်းသီးကြော်လေး ဖြူးပြီးစားပါက ပိုပြီးတော့ စားလို့ကောင်းပါတယ်
  • တာရှည် အထားခံရန် ထမနဲထိုးစဉ်က ပြန်ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး စားနိူင်ပါတယ်
  • စားကာနီးပါက မိမိစားနိူင်သလောက်ကို ပန်းကန်ထဲထည့်ာ မိုက်ကရိုဝေ့ မီးဖိုထဲမှာ တစ်မိနစ်လောက် နွှေးပြီး စားသုံးနိူင်ပါတယ်
  • ထမနဲကို ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာ ကောင်းလွန်းတဲ့ ထမနဲ မွှေးမွှေးလေးကို စားသုံးနိူင်သလို
  • ငရုတ်သီး နှမ်းကပ်ကြော်လေးနဲ့လဲ တွဲဖက်ပြီး စားလို့ အရမ်းကောင်းပါတယ်။

Thursday 10 February 2022

ငရုတ်သီး နှမ်းကပ်ကြော်


 အခုရက်ထဲ အရမ်းစားချင်နေတဲ့ ငရုတ်သီး နှမ်းကပ်ကြော်လေး ကြော်စားဖြစ်ပါတယ် ငရုတ်သီး နှမ်းကပ်ကြော်လေးက စားလို့တော့ အရမ်းကောင်းပါတယ် ပြင်ရဆင်ရတာတော့ အနည်းငယ် လက်ဝင်ပါတယ်။

ငရုတ်သီးကို ကိုင်တဲ့အခါမှာလဲ လက်တွေပူတတ်တဲ့အတွက် လက်အိတ်ကိုတော့ မဖြစ်မနေ ဝတ်ပေးစေချင်ပါတယ်။

ငရုတ်သီး ပြုပ်တဲ့အခါနဲ့ ကြော်မှာတဲ့အခါမှာလဲ အရမ်းမွှန်တဲ့အတွက် အိမ်မှာ အညှော်စုတ်စက်ရှိရင် အညှော်စုတ်စက် ဖွင့်ပြီးမှ ပြုပ်စေကြော်ချင်ပါတယ် အညှော်စုတ်စက် မရှိရင်တော့ နှာခေါင်းစည်းလေး စည်းပြီးမှ အဆင်ပြေပါလိမ့်မယ် ကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အခြောက်တောင့် - 100 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အကြော်မှုန့် - ထမင်းစားဇွန်းမောက်မောက် သုံးဇွန်း
  5. နှမ်းဖြူ - ထမင်းစားဇွန်း သုံးဇွန်း
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. လက်အိတ် - တစ်စုံ
ပြင်ဆင်ပုံ
  • လက်မှာ လက်အိတ်ကို ဝတ်ပေးပါ ပြီးတာနဲ့ ငရုတ်သီး အခြောက်တောင့်များကို အညှာဘက်မှ ကပ်ကြေးဖြင့် ဖြတ်ကာ ငရုတ်သီးတောင့်ကို ထက်ဝက်ခြမ်း ညှပ်ပေးကာ အစေ့များ ထုတ်ပေးပါ
  • ငရုတ်သီးတောင့် အကုန်လုံးကို အစေ့များ ထုတ်ပေးပါ
  • ပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေခပ်များများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ငရုတ်သီးတောင့်များကို အနည်းဆုံး ၂၅မိနစ်မှ မိနစ်သုံးဆယ်လောက်ထိ ပြုပ်ပေးပါ
  • ငရုတ်သီး ပြုပ်ရည်များကို သွန်ပေးကာ ရေအေးနှင့် ငါးထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ဇလုံထဲထည့်ကာ ဆား အရသာမှုန့် နှမ်းနှင့် အကြော်မှုန့်တို့ထည့်ကာ အရသာ သမအောင် ဇွန်းအရိုး ခပ်ရှည်ရှည်နှင့် မွှေပေးပါ
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးများကို အိုးဆန့်သလောက် ထည့်ပေးပြီး ကြော်ပေးပါ
  • ကြော်နေစဉ်မှာ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးတောင့်များ ကြွတ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ငရုတ်သီးများ ကုန်တဲ့အထိ ကြော်ပေးပါ
  • ကြော်ပြီးသား ငရုတ်များသီး နှမ်းကပ်ကြော်များ ဆီစစ်သွားပါက မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Friday 4 February 2022

ကနဖော့ ချဉ်ရည်ဟင်း

 

ဒီနေ့တော့ ကနဖော့ အပင်လေးတွေ ဝယ်လာပြီး ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပါတယ် ကနဖော့ပင်လေးတွေက လတ်လတ်ဆတ်ဆတ်တော့ မဟုတ်ပါဘူး ခဲထားတာလေးတွေပါ။

လတ်လတ်ဆတ်လေးတွေ ရရင်တော့  ပိုပြီးစားလို့ ကောင်းမှာ သေချာပါတယ် ခဲထားတာလေးတွေလဲစားလို့တော့ အဆင်ပြေပါတယ်  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကနဖော့  - တစ်ထုတ်
  2. ပုဇွန်ထုတ် - ဆယ်ကောင်ခန့်
  3. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တစ်ဆစ်ခန့်
  7. မန်ကျည်းသီးမှည့် - အနည်းငယ်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကနဖော့ အရွက်များကို အနေတော်လေးတွေ ပိုင်းဖြတ်ကာ ရေဆေးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပုဇွန်ထုတ်များကို ရေဆေးပြီး အခွံခွာကာ မလိုတာတွေဖယ်ပြီး  အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ကနဖော့ အရွက်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီ ငရုတ်သီး ထောင်းတို့ကိုထည့်ပြီး အရသာဝင်သွားအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ပုဇွန်ထုတ်များနှင့် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • အရင်ဆုံး ဟင်းအိုး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကနဖော့ အရွက်များ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့  သုံးမိနစ်လောက် ထပ်ဆူအောင်ထားပြီး မန်ကျည်းမှည့်ရည်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ကနဖော့ ချဉ်ရည်ဟင်း ပူပူလေးကို  စားသုံးရန်င် ပြင်ဆင်ပေးနိူင်ပါပြီ။

Thursday 3 February 2022

ပြောင်းဖူး လက်ဖက်သုပ်


မာမာက ကိုးနဝင်း ပုတီးကို ပုံမှန်စိတ်တဲ့အတွက် တစ်ပါတ်မှာ တစ်တော့ရက် သတ်သတ်လွတ် စားပါတယ် အဲဒီလိုတွေ စားတဲ့ အထဲကမှ  အရင်ရက်တွေက သုပ်စားဖြစ်ခဲ့တဲ့ လွယ်ကူမြန်ဆန်တဲ့  ပြောင်းဖူးနဲ့ လက်ဖက်သုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ပြောင်းဖူး - အနေတော် နှစ်ဖူး
  2. လက်ဖက်အသား - ထမင်းစားဇွန်း ငါးဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (လက်ဖက်ဆေးရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( လက်ဖက်အသားနယ်ရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် ( လက်ဖက်အရသာနယ်ရန်)
  6. ပဲဆီစိမ်း - ထမင်းစားဇွန်း သုံးဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (အသုပ်ထဲထည့်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (အသုပ်ထဲထည့်ရန်)
  9. သံပုရာသီး - အနေတော် တစ်ခြမ်း
ပြင်ဆင်ပုံ
  • ပြောင်းဖူးကို အခွံမခွာဘဲ မီးသွေးမီးဖိုပေါ်မှာ တင်ပေးပြီး ဖုတ်ပေးပါ
  • အပြင်ခွံများ ကျွမ်းအောင် ဖုတ်ပေးပြီးပါက ရေဆေးကာ ပြောင်းဖူးစေ့လေးတွေ ရလာအောင် လှီးပေးပါ
  • လက်ဖက်အသားကို ဆားနှင့်နယ်ကာ ရေနှင့် နှစ်ထပ်လောက်ဆေးပြီး ရေများကုန်အောင် ညှစ်ပေးပါ
  • ရေညှစ်ထားသော လက်ဖက်အသားများကို ဆား အရသာမှုန့်တို့နှင့် နယ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးသိမ်းကို ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ လက်ဖက်အသား ပြောင်းဖူး ဆား သံပုရာရည် အရသာမှုန့်နှင် ပဲဆီတို့ထည့်ကာ အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ပြောင်းဖူး လက်ဖက်သုပ်လေးကို ငရုတ်သီးစိမ်းလေးတွေ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။