Monday 30 June 2014

ကြက်သား ပဲငပိကြော်





ဒီနေ့တော့ ကြက်သားပဲငပိဟင်းလေး ချက်ဖြစ်ပါတယ် ဟင်းကိုနဲနဲနဲ့ကျဲကျဲဝိုင်းထားတာမို့ အရသာကောင်းကောင်းလေးရအောင် မာမာပြင်ဆင်ပြီး ချက်ထားပါတယ်။

ဒီနေ့ချက်နည်းလေးက အလုပ်ရှုပ်သယောင်ထင်ရပေမဲ့ ချက်ရတာတော့အရမ်းလွယ်ပါတယ် ချက်လို့လွယ်ပေမဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် စားလို့တော့ အရမ်းကောင်းပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား  - 150 g
  2. ပဲငပိ - ထမင်းစားဇွန်း သုံးဇွန်း
  3. ကြက်သွန်ဖြူ  -  အမွှာကြီးကြီး ငါးမွှာ
  4. နံနံပင် -  နှစ်သက်သလောက်
  5. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ပင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်သေးသေးလေးတွေ တုံးထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်သားနှင့် ဆားလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ရောနယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ 
  • သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ဟင်းပြင်မဲ့ ပန်းကန်ထဲကို ဆယ်ထဲ့ထားပါ
  • ကြက်သားအပေါ်ကို ပဲငပိများ ဖြန့်ပြီးဆမ်းပေးပါ
  • နံနံပင်ကို ပဲငပိ အပေါ်မှာ ဖြန့်ပြီးခင်းပေးပါ
  • ပဲငပိပေါ်ကို ထောင်းထားသော ကြက်သွန်ဖြူ များ ဖြန့်ခင်းပေးပါ
  • အားလုံးပြီးပါက ကြက်သားကြော်ထားသော ဒယ်အိုးထဲမှာရှိတဲ့ ဆီကိုထပ်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပြင်ထားသော ဟင်ပွဲးထဲသို့ ဖြန့်ပြီးလောင်းချပေးပါ
  • ဆီလောင်းချပေးပြီးပါက အရသာမွှေးမွှေးလေးနဲ့ကြက်သားပဲငပိဟင်းလေးကို သုံးဆောင်နိုင်ပါပြီ။

Thursday 26 June 2014

ငါးမြွေထိုး ငါးပိကောင်လုပ်နည်းနှင့် ငါးပိကောင်ကြော်






ငါးပိကောင်လို့ဆိုပေမဲ့ အရမ်းငံမနေဘဲ စားလို့ကောင်းရုံ ငံမြမြနဲ့ ငါးဆားနယ်လေးပါဘဲ ၃ရက်လောက်ဘဲ ဆားနယ်ပြီး ရေစင်အောင် ပြန်ဆေးကာ ငရုတ်သီးတောင့် ငရုတ်သီးလုံးကြမ်းခွဲ ကြက်သွန်ဖြူတို့နဲ့ကြော်ထားတာမို့ စွဲမက်စရာ ငါးငပိကောင်ကြော်လေး တမျိုးပါဘဲ။

မာမာလုပ်တဲ့ ငါးပိကောင်လုပ်နည်းက အရမ်းကိုရိုးရှင်းပြီး လုပ်ရတာလဲ တော်လေးကို လွယ်တဲ့အတွက် မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြွေထိုး - 300 g
  2. ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်းတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  3. ပန်းကန်ပြားတစ်ချပ်ခံပြီး ဆားနယ်ထားသောငါးများကို စီပြီးထဲ့ပေးပါ။
  4. ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှအလေးတစ်ခုခုနဲ့ဖိထားပါ။
  5. ရိုးရိုးအိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  6. ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ရပါပြီ။

ပြင်ဆင်ပုံ
  • ငါးကိုဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက်စိမ်ပြီးမှ ရေဆေးပေးပါ။
  • ဆီကိုမီးအလယ်အလတ်လောက်နဲ့အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။
  • ငါးကိုထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ပိုသော ဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
  • ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးရှော့ကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ဆယ်မွှာလောက်ကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ။
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ငရုတ်သီးလုံးခြမ်းခွဲ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကိုထဲ့မွှေပါ။
  • ငရုတ်သီးကြော်ထဲကို ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်နဲ့ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်လောက်ကို ထဲ့ပြီးကြော်ပေးပါ။
  • ကြော်ချိန်ခနအတွင်း ငရုတ်သီးအရောင် ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ ငါးပိကောင်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ။
  • မွှေပြီးတာနဲ့ ငရုတ်သီးတောင့်ကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပြီး ထမင်းမိန်စေတဲ့ ငါးပိကောင်ကြော်လေးကို စားပွဲပြင်ပေးနိူင်ပါပြီ။

Wednesday 25 June 2014

ကြက်သားပဲငပိ ချိုချဉ်ကြော်


ဒီနေ့တော့ မာမာချက်တဲ့ ကြက်သားပဲငပိ ချိုချဉ်ကြော်ဟင်းလေး တင်ပါမယ် ဟင်းတွေကို အများကြီးချက်ရတာထက် နဲနဲနဲ့အရသာကောင်းကောင်း ချက်တတ်ရင် မိသားစု ထမင်းဝိုင်းလေးက စားမြိန်ထမင်းဝိုင်းလေးဖြစ် တတ်ပါတယ်။

အခုချက်တဲ့ ကြက်သားပဲငပိ ချိုချဉ်ဟင်းလေးက မိသားစုအကြိုက်လေးမို့ မကြာမကြာချက်တတ်တဲ့ ဟင်းအမယ်လေး တစ်ခုပါ မာမာတို့တွေရဲ့ မိသားစု ထမင်းဝိုင်းလေးအတွက် ဒီဟင်းလေးကို ပြင်ဆင်ကြရအောင် အတူတူပါ၀င်လှဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

လက်တစ်ဆစ်အရွယ် လှီးထားသော ကြက်သား -  150 g
ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားသော ကြက်သွန်ဖြူ -  အမွှာကြီးကြီး သုံးမွှာ
အနေတော် လှီးဖြတ်ထားသော နံနံပင် - အနည်းငယ်
တရုတ်ပဲငပိအချို  ထမင်းစားဇွန်း - တစ်ဇွန်း
ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပါးပါးရှည်ရှည် လှီးထားသော ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
လေးစိပ် စိပ်ထားသော ခရမ်းချဉ်သီး အနေတော်  - တစ်လုံး
ဘေဘီပြောင်းဖူး - လေးဖူး
ပန်းဂေါ်ဖီ - အနည်းငယ်
ခပ်သေးသေး လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
ဆား လက်ဖက်ရည်ဇွန်း - တစ်၀က်သာသာ

ကော်ရည်ဖျော်ရန်
ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
သကြား - ထမင်းစားဇွန်း  တစ်ဇွန်း
ခရမ်းချဉ်သီးအချဉ်ရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ရေ - လက်ဖက်ရည်ပန်းကန် တစ်လုံး ( အားလုံးကိုရောပြီးဖျော်ထားပါ)
ပြင်ဆင်ပုံ

ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
မီးအနေတော်နဲ့အပူပေးထားတဲ့ ဆီပူပူမှာ ကြက်သားလွှာလေးတွေကို ဆားထဲ့ပြီး  ၃မိနစ်လောက် ထဲ့ကြော်ကာ ဆယ်ထားပါ
ကြက်သားကြော်ထားတဲ့ ဆီထဲမှာ ကြက်သွန်ဖြူကို မွှေးလာအောင် ကြော်လိုက်ပါ
ကြက်သွန်ဖြူ  မွှေးလာတာနဲ့မုံလာဥနီကို အရင်ဆုံး ထဲ့ကြော်ပေးပါ
ပန်းဂေါ်ဖီနဲ့ဘေဘီပြောင်းဖူးလေးများ ထဲ့ကြော်ပေးပါ
ပြီးတာနဲ့ကြက်သားကြော် ချင်းနှင့်ခရမ်းချဉ်သီးတို့ကိုထဲ့ပြီး နှစ်မိနစ်လောက် ထဲ့ကြော်ပေးပါ
စပ်ထားသော ချိုချဉ်ရည်ကို အကြော်အိုးထဲသို့လောင်းထဲ့ပြီး တစ်မိနစ်ခွဲလောက် ထဲ့မွှေပေးပါ
အားလုံးပြီးသွားပါက ပဲငပိနဲ့နံနံပင်လေးအုပ်ပြီး ကြက်သားပဲငပိ ချိုချဉ်ကြော်လေး စားသုံးနိုင်ပါပြီ။ 

Tuesday 24 June 2014

ခရမ်းကြွတ်သီး အစပ်ဟင်း




ဒီနေ့တော့ ခရမ်းကြွတ်သီးကို ငရုတ်သီးစိမ်းနဲ့ အစပ်လေး ချက်ပါတယ် အရင်တုံးကတော့ အစိမ်းအတိုင်း ကြွတ်ကြွတ်လေး တို့တတ်သလို အချိုနှပ်ပြီးတော့ ချက်စားဖြစ်ပါတယ် မနေ့ကတော့ တူမလေးတယောက်က အစပ်ချက်လေးချက် စားကြည့်ပါလားဆိုပြီး ချက်နည်းလေး ပေးလာတာနဲ့ဒီနေ့မနက် ချက်ကြည့်လိုက်ပါတယ်။
တူမလေးကတော့ပြောပါတယ် တီတီရေ ချက်စားကြည့်တဲ့ စားပြီးရင် ခနခန ချက်စားချင်နေလိမ့်မယ်တဲ့ တစ်ကယ်လဲ သူပြောသလိုပါဘဲနော် ချက်နေထဲက မွှေးလာလိုက်တဲ့ အနံ့အရသာက တစ်ကယ်ကိုဘဲ ထမင်းမြိန်စေခဲ့ပါတယ် ဒါကြောင့်မို့ ထမင်းမြိန်စေမဲ့ ချက်နည်းလေးအတွက် မာမာမျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
အလုံးလိုက် ရေစင်အောင် ဆေးထားသော ခရမ်းကြွတ်သီး -  ၁၅လုံးခန့်
ပုဇွန်ခြောက် - ထမင်းစားဇွန်းမောက်မောက် တစ်ဇွန်း
ကြက်သွန်နီ - အနေတော် တစ်ခြမ်း 
ကြက်သွန်ဖြူ -  အမွှာကြီးကြီး နှစ်မွှာ
ငရုတ်သီးစိမ်း - ခပ်သေးသေးအတောင့် ဆယ်တောင့်  ( အစပ်စားလျှင် ပိုပြီးထဲ့ပေးပါ )
ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
နံနံပင် - အနည်းငယ်
ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
ခရမ်းသီးကို အစေးများထွက်အောင် ထက်ခြမ်းခွဲပြီး နာရီဝက်လောက် ရေစိမ်ထားပေးပါ
ရေစိမ်ထားတဲ့ ခရမ်းကြွတ်သီးကို ချက်မည့်အိုးထဲသို့ရေစစ်ပြီး ထဲ့ပေးပါ
ပုဇွန်ခြောက် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ရောပြီးထောင်းပေးထားပါ။
ထောင်းထားသော ကြက်သွန်ဖြူ  ကြက်သွန်နီ ပုဇွန်ခြောက် ပုဇွန်ငါးပိတို့ကို ခရမ်းသီးအိုးထဲသို့ထဲ့ပေးပါ
ဆီနှင့် ရေအနည်းငယ်ထဲ့ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
ခရမ်းသီး နဲနဲနွမ်းလာပါက ရေခရမ်းသီး မမြုပ်တစ်မြုပ်ထဲ့ပြီး ဆက်တည်ပေးပါ
ရေမခမ်းခင် အချိန်လေးမှာ အရသာမြည်းပြီး နံနံပင်အုပ်ပေးပါ
အရသာ အနေတော်ဆိုရင် ခရမ်းကြွတ်သီး အစပ်ချက်လေးရပါပြီ
ခရမ်းသီးဟင်းကို ဟင်းရည်နှင့်ကြိုက်လျှင် ရေမခမ်းခင် မီးပိတ်ပေးပါ။

Saturday 21 June 2014

ကြက်ဥ ငါးခြောက် ချဉ်ရည်ဟင်း


ချက်ရတာ လွယ်သလောက် စားကောင်းပြီး ထမင်းမိန် ဟင်းပွဲလေးပါ ဒီနေ့ချက်တဲ့ ကြက်ဥချဉ်ရည်ဟင်းလေးထဲမှာ ငါးခြောက်လေးပါ ထဲ့ချက်ထားတာမို့ အရသာကတော့ တမျိုးပိုသွားပါတယ် ကြက်ဥနဲ့ဘဲဥ ချက်နည်းက အတူတူဘဲမို့ နံမည်၂မျိုး ရေးပေးထားပါတယ်။

ဒီနေ့ချက်တဲ့ ချဉ်ရည်ဟင်းလေးအတွက်

  1. ပြုပ်ပြီးအခွံခွာကာ အရှည်လိုက် မွှန်းထားသော ကြက်ဥ သို့မဟုတ် ဘဲဥ -  ၅လုံး 
  2. အခွံခွာပြီး ထက်ခြမ်းခြမ်းထားသော အာလူး - အနေတော်  ၃လုံး
  3. အနေတော်လှီးပြီး ရေစိမ်ထားသော ငါးခြောက် -  ၅ပိုင်း
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ -  ၃မွှာ
  6. ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  7. ဆီ -  ထမင်းစားဇွန်း ၃ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငံပြာရည် -  ထမင်းစားဇွန်း ၂ဇွန်း
  10. ဟင်းချိုမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငရုတ်သီး အရောင်တင်မှုန့်. -လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  12. မကျီးနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ထဲ့ပြီး ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်တို့ကိုထဲ့ပါ
  • ဆီသတ်နံ့သင်းလာတဲ့ထိ မွှေပေးပြီး ငါးခြောက်ကို ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥနှင့်အာလူးကို ထဲ့ပြီးတာနဲ့ငံပြာရည်ထဲ့ပြီး မွှေပေးပါ
  • ဆီကြွတ်ကြွတ် မြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ တည်ပေးပါ
  • အာလူးနူးပါက မကျီးနှစ်ထဲ့ပြီး သုံးမိနစ်လောက်ဆူစေကာ မဆလာအုပ် အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ဟင်းရည်ကို ကိုယ်လိုသလောက်ထားပြီး ချက်နိုင်ပါတယ်။