Monday, 30 September 2019

ကြက်သား ထမင်းကြော်












မနက်စောစော အစာခံတဲ့ ထမင်းကြော်လေး စားရရင် စိတ်ကျေနပ်မှု  ရတာလေးက ဘာနဲ့မှလဲလို့ မရပါဘူး မာမာကတော့ ထမင်းကြော် စားပြီးရင် နေ့တစ်ဝက်လောက်အထိ ဗိုက်ဆာတာကို ခံစေတဲ့အတွက် အရမ်းကိုဘဲ သဘောကျပါတယ်။


ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်သားစင်းကောလေးနဲ့ အသီးအရွက်တွေရောကာ ထမင်းကြော် ကြော်ဖြစ်သွားလို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Basmati Rice ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ကြက်ရင်ပုံသား - 100 g
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း 
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. မုံလာဥနီ - အနေတော် တစ်ဥ
  11. ဂေါ်ဖီ - တစ်စိတ်
  12. ပဲတောင့်ရှည် - သုံးတောင့် 
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ဝက်
  14. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
  1. ဆန်ကိုရေနှစ်ထပ်ဆေးပြီး  ပေါင်းအိုးထဲထည့်ကာ ရေထည့်ပေးပြီး ပေါင်းအိုးခလုတ်ကို နှိပ်ပေးပါ
  2. ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ အအေးခံထားပြီး ထမင်းများကို ဖွထားပါ
  3. ကြက်သားကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  4. ကြက်သွန်ဖြူ ကို အခွံခွာပြီ ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်လောက်လေးတွေ လှီးထားပါ
  7. ဂေါ်ဖီကို ရေဆေးပြီး လက်တစ်လုံးလောက်လေးတွေ လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ထမင်းမကြော်ခင် အအေးခံထားသော ထမင်းကို ပဲငံပြာရည်အနောက် ပဲငံပြာရည်အကြည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ နယ်ထားပေးပါ
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီကိုထည့်ကာ အပူပေးလိုက်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
  • ကြက်သွန်ဖြူနံ့ မွှေးလာတာနဲ့ စင်းထားသော  ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သားအသားများ မာလာပါက ရေအနည်းငယ်ထည့်ပြီး ထည့်ကြော်ပေးပါ
  • ကြက်သားထဲမှ ရေခမ်းလာတာနဲ့ ပဲသီး မုံလာဥနီနှင့် ဂေါ်ဖီတို့ ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့် အရသာမှုန့်ထဲ့ပြီး နှစ်မိနစ်လောက် မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ထမင်းကိုထည့်ပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ကြက်သား ထမင်းကြော်ကို ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ထမင်းကြော်ပွဲ ပြင်ဆင်ရန် ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကြက်သားထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက်။။ အရသာမှုန့် သုံးကြတဲ့အခါ ကြက်သားမှုန့် အချိုမှုန့် အသီးအရွက် အရသာမှုန့် မိမိနှစ်သက်ရာ အရသာမှုန့်များကို အစားထိုးပြီး သုံးပေးပါ။

Sunday, 29 September 2019

ကြက်ဥ ထမင်းကြော်


အသက်လေး ရလာတော့ အသားတွေ သိပ်မစားချင်တော့တာရယ် နောက်တစ်ခု မာမာက အသားအရမ်း မစားတော့ ကြက်ဥနဲ့ပဲကိုတော့ ပိုပြီးအားထားကာ စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းကြော်တိုင်း အသားတွေနဲ့ ကြော်တာထက် ကြက်ဥနဲ့ကို ပိုပြီးကြော်ဖြစ်ပါတယ်။

တစ်ချို့ကျတော့ ထမင်းနဲ့ ကြက်ဥကြော်ရင် ညှီမှာကြောက်ကြတယ် တစ်ချို့ကကျတော့ ကြက်ဥနဲ့ ထမင်းကြော်ရင် ပျစ်ခဲခဲကြီး ဖြစ်နေမှာ ကြောက်ကြတယ်။

ထမင်းနဲ့ ကြက်ဥ ကြော်တဲ့အခါ ကြက်ဥနံ့ မညှီအောင် ထမင်းထည့်ပြီး မကြော်ခင်မှာ ကြက်သွန်ဖြူ  ကြက်သွန်တို့ကို ကြော်ပြီးမှ ကြက်ဥထည့်ပြီး ခြောက်သွားအောင် မွှေကြော်ပြီး မိမိနှစ်သက်ရာ အသီးအရွက်တွေထည့်ကြော်ပြီးမှ ထမင်းကို ထည့်ကြော်လိုက်ရင် ပျစ်ခဲခဲကြီး မဖြစ်သလို ကြက်ဥညှီနံ့လဲ မရပါဘူး ဆိုတာလေးလဲ ပြောချင်ပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်ဥနဲ့ ထမင်းကြော် ကြော်နည်းလေးကို မေးထားတဲ့သူတွေအတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ကြက်ဥ - နှစ်လုံး 
  6. ကြက်သွန်နီ - အနေတော် တစ်ဥ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  8. မုံလာဥနီ - အနေတော် တစ်ဥ
  9. ဘေဘီပြောင်းဖူး  - ငါးဖူး
  10. ပဲတောင့်ရှည် - သုံးတောင့် 
  11. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက် 
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
  • ဆန်ကိုရေ နှစ်ထပ်ဆေးပြီး ရေထည့်ပေးကာ ပေါင်းအိုးခလုတ်နှိပ်ပြီး ကျက်သွားအောင် ချက်ထားပါ
  • ထမင်းကျက်သွားတာနဲ့ အအေးခံထားကာ ထမင်းများကို ဖွထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး ပွလာတဲ့အထိ ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်စာလောက် လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့် ထည့်ပေးပြီး ကြက်ဥကျက်အောင် မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ လှီးထားသောပြောင်းဖူ  မုံလာဥနီ ပဲသီးနှင့် ဆားတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ  ထည့်မွှေပေးပြီးတာနဲ့ တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ချက်ပြီးအအေးခံထားသော ထမင်းဖြူ  နှမ်းဆီနှင့် အရသာမှုန့်တို့ ထည့်ပေးပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီ ဆိုတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ကြက်ဥ ထမင်းကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပေးကာ စားသုံးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

Friday, 27 September 2019

နှမ်းကပ် မုန့်လုံးကြီးကြော်

















ဒီနေ့တော့ မနေ့က လုပ်ဖြစ်တဲ့ မုန့်လုံးကြီး နှမ်းကပ်ကြော်နည်းလေး အကြောင်း ပြောချင်ပါတယ် ကောက်ညှင်းတို့ သဘာဝ ဆီနဲ့ကြော်ရင် ပွထွက်လာတာတို့ ပေါင်ထွက်သွားတာတို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ မုန့်သားစပ်ပြီးချိန်မှာ အနည်းဆုံး နှစ်နာရီလောက်တော့ နှပ်ထားပြီးမှ ကြော်စေချင်ပါတယ် မာမာကတော့ မနေ့က အချိန်မရတာနဲ့ တနာရီလောက်ဘဲ နှပ်ထားပြီး ကြော်လိုက်ပါတယ်။

မုန့်သားနှပ်ထားချိန် အနည်းငယ် လိုသွားတဲ့အတွက် ကြော်နေတုန်းမှာ မုန့်သားက နည်းနည်းလေး ရုန်းသွားတဲ့အတွက် ဝိုင်းဝိုင်းလေး မရဘဲ အနည်းငယ်ပိန်သွားတာလေးတွေ ဖြစ်သွားပါတယ်။

ဒါကြောင့်မို့လို့ ကြော်တဲ့အခါ မုန့်လှလှလေး ရချင်ရင်တော့ မုန့်သားနှပ်ချိန်လေး ပြည့်အောင်ထားပြီးမှ ကြော်ကြပါလို့ မှာရင်းနဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - 100 g
  2. ကောက်ညှင်းမှုန့် - 20 g မုန့်သားစပ်ရန်
  3. ရေ - 125 g (ရေနွေးကျိုရန်)
  4. သကြား - 50 g (အချိုမကြိုက်ပါက လျှော့ထည့်ပါ)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း(မုန့်သားစပ်ရန်)
  7. ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (အရည်ဖျော်ရန်)
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (ကောက်ညှင်းမှုန့် အရည်ဖျော်ရန်)
  9. နှမ်းအဖြူ - လိုသလောက် သုံးပေးပါ 
  10. ဆီ - မုန့်ကြော်ရန်အတွက် လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ရေ သကြားနှင့်ဆားတို့ကို အိုးတလုံးထဲမှာ ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ထည့်ပြီး ကျိုထားတဲ့ အရသာပါသော ရေနွေးကို နည်းနည်းချင်းထည့်ကာ တူနှစ်ချောင်းနှင့် နယ်ပေးပါ
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ကောက်ညှင်းမှုန့် 20 gကို ထပ်ထည့်ပေးပါ
  • ကောက်ညှင်းမှုန့် ရောပေးပြီးတာနဲ့ လက်နှင့်ဖိဖိပြီး မုန့်ဒိုးသား ရလာတဲ့အထိ ၅မိနစ်လောက် နယ်ပေးပါ
  • မုန့်သားပျော့လာကာ ဒိုးသားရလာပါက ပန်းကန်ပြားနှင့် အုပ်ပေးကာ အနည်းဆုံး ၂နာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
  • ဇလုံခပ်သေးသေးထဲမှာ ရေနှင့် ကောက်ညှင်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကိုထည့်ပြီး အရည်ပျော်သွားအောင်  ဖျော်ပေးထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ နှမ်းစေ့များကို ထည့်ပေးထားပါ
  • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ပုံပါအတိုင်း ခပ်ရှည်ရှည်လေး ရလာအောင် လှိမ့်ပေးပါ
  • ထိုလှိမ့်ထားသော မုန့်သားကို ရွယ်တူအတုံးလေးတွေ ၈တုံးရအောင် ပိုင်းပေးပါ
  • ပြီးတာနဲ့ မုန့်သားအတုံးလေး တစ်တုံးစီကိုယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပေးကာ ဝိုင်းနေအောင် လုံးပေးပါ
  • လုံးပြီးသား မုန့်လုံးများကိုတစ်လုံးချင်းယူပြီး အရည်ဖျော်ထားသော ကောက်ညှင်းရည်ထဲမှာ နှစ်ပေးကာ ချက်ချင်းပြန်ဆယ်ပေးပါ
  • ဆယ်ပြီးတာနဲ့ နှမ်းပန်းကန်ထဲမှာ ထည့်ပြီး ခပ်ဖွဖွ လှိမ့်ပေးကာ နှမ်းစေ့များ ကပ်သွားအောင် လက်နှင့်လေးငါးချက်လောက် ခပ်ဖွဖွလေး ဆုတ်ပေးပါ
  • ထိုနည်းအတိုင်း မုန့်လုံးများ ကုန်တဲ့အထိ လုပ်ပေးပါ။
မုန့်ကြော်ရန်
  • မုန့်လုံးများအားလုံး နှမ်းထဲမှာ လှိမ့်ပေးပြီးပါက ဇောက်နက်သော အိုးထဲမှာ ဆီများများထဲ့ပြီး အငွေ့ထွက်လာအောင် တည်ပေးပါ
  • ဆီအငွေ့ တက်လာပါက မီးကိုအနေတော် လျှော့ပေးပြီး လုံးထားသော မုန့်လုံးများကို တစ်လုံးချင်း ထဲ့ကြော်ပေးပါ
  • ကြော်နေစဉ် မုန့်သားများ ပွလာပြီး အိုးကျပ်သွားတတ်တဲ့အတွက် မုန့်လုံးများကို ခပ်ကျဲကျဲ ထည့်ပေးပါ
  • မုန့်သားများ အကျက်ညီစေရန် မကြာမကြာ မုန့်လုံးကို လှည့်ပေးပါ
  • မုန့်လုံးတခုလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်သွားပြီး အေးသွားပါက နှမ်းကြော်ရနံ့ မွှေးမွှေးလေးနဲ့ မုန့်လုံးကြီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက်။ မုန့်လုံး၈လုံးစာအတွက် အချိုးအစားတွက်ပြီး ရေးပေးထားပါတယ် ပိုလုပ်ချင်ပါက  အထက်ပါ အချိုးအစားအတိုင်းကို ပိုပြီးထည့်ပေးပါ။

Thursday, 26 September 2019

ပုဇွန်ဆီချက် မွှေးမွှေးလေး (တတိယနည်း)



ပုဇွန်ခေါင်းနှင့် အခွံများ

သင့်တော်သလို ထောင်းပေးပါ

ရေနည်းနည်းနှင့် အရည်ကျင်ပေးပါ

အဖတ်များမပါအောင် ဇကာနှင့်စစ်ပေးပါ

ထောင်းလိုက် အရည်ကျင်လိုက်၎ခါလောက်လုပ်ပါ

ဇကာစိတ်စိတ်လေးနဲ့ စစ်ပေးပါ

မလိုတော့တဲ့ အဖတ်များကို ပြစ်လိုက်ပါ

ပုဇွန်ထောင်း အရည်ထဲကို ဆားနှင့်နနွင်းထည့်ပါ

မီးပြင်းပြင်းနဲ့ ကျိုပေးပါ

အဖတ်လေးများ ရလာပါပြီ

ဆီထည့်ပေးပါ

ဆီပြန်လာပါက မီးပိတ်ပေးပါ

အခုရက်ထဲ ပုဇွန်တွေ ဝယ်တာ များလွန်းတော့ ပုဇွန်ခေါင်းတွေ ပုဇွန်အခွံတွေ အများကြီး ထွက်လာခဲ့တယ် အမှိုက်ပုံးထဲ ထည့်လိုက်ပြန်ရင်လဲ အမှိုက်သိမ်းတဲ့ကားက အင်္ဂါနေ့မှလာမယ် အင်္ဂါနေ့ မရောက်မချင်း အနံ့တွေ တစ်လှိုင်လှိုင်နဲ့ ဖြစ်နေမှာလဲ ဆိုးရသေးတယ် ရေခဲသေတ္တာထဲ ထည့်ထားရင်လဲ အခွံတွေက နေရာယူလို့ ထည့်မထား ချင်ပြန်ဘူး။

အဲဒါနဲ့ဘဲ ဒီနေ့တော့ ပုဇွန်ခေါင်းတွေ ပုဇွန်ခွံတွေကို ဆီချက်လေး ချက်ပလိုက်တော့တယ် ဒီတော့လဲ ထုထောင်းကာ ပြင်ဆင်ဖြစ်ပါတယ် ပုဇွန်ဆီချက်က ချက်နည်းလေးသိရင် အရမ်းလွယ်ပါတယ် ပြင်ရဆင်ရတာလေးဘဲ အချိန်နည်းနည်း ကြာပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပုဇွန်ဆီချက် ပထမ ချက်နည်းလေးကို http://mmlazp.blogspot.com/2012/04/blog-post_7.htmlနေ့က တင်ခဲ့ဖူးပြီး ဒုတိယနည်းကိုတော့ 28/3 1012 နေ့က  http://mmlazp.blogspot.com/2012/04/blog-post_7.html ဒီလင့်မှာ တစ်ခါတင်ဖူးပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံများ - 1500 g
  2. ဆီ - တစ်ဆယ်သား
  3. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ရေ - သုံးလီတာ

ပြင်ဆင်ပုံ

  1. ပုဇွန်မှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံခပ်ကျယ်ကျယ်ထဲကို ထည့်ပေးပါ
  2. ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  3. ပုဇွန်ခေါင်းများကိုလဲ အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ
  4. ခေါင်းထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး ငရုတ်ဆုံထဲ ထည့်ပေးကာ မညက်တညက် ထောင်းပေးပါ
  6. ထောင်းထားသော ပုဇွန်ခေါင်းများကို ရေအနည်းငယ်နှင့် အရည်ဆုံ ကျင်ပေးပါ
  7. အရည်ကျင်ထားသော ပုဇွန်ခေါင်းဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  8. အရည်ညှစ်ချထားသော ပုဇွန်ခေါင်းဖတ်များကို နောက်တခေါက် ညက်နေအောင် ထပ်ပြီး ထောင်းပါ
  9. ထောင်းထားသော ပုဇွန်ခေါင်းကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ပြီး ခေါင်းခွံများကို ထပ်ထောင်းပေးပါ
  10. အထက်ပါ နည်းအတိုင်း လေးခါလောက် ထောင်းလိုက် အရည်ကျင်လိုက် လုပ်ပေးပြီးရင် ရပါပြီ
  11. ပုဇွန်ခေါင်း ထောင်းပြီးသားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  12. ပုဇွန်အခွံများကိုလဲ အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
  13. ပုဇွန်အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
  14. ပုဇွန်ခေါင်းသား 500 g လောက်ဆို ရေတလီတာလောက် သုံးပေးရင် ရပါတယ်
  15. အခွံတွေပါ ထောင်းရင်တော့ ရေကိုအနည်းငယ် ပိုသုံးပေးပါ
  16. အားလုံးအဆင်သင့် ဖြစ်ပါက ပုဇွန်ခေါင်းနှင့်အခွံမှ အသုံးမလိုတော့သော ပုဇွန်အခွံ အဖတ်များကို လွှင့်ပြစ်လိုက်ပါ
  17. အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  18. ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  19. ပုဇွန်ထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  20. ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
  21. ပုဇွန်ဆီများ ပြစ်လာပြီး ဆီထဲမှာ ပုဇွန်ဆီ အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ
  22. ပြီးတာနဲ့ မီးပိတ်ပေးပြီး အအေးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  23. ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday, 25 September 2019

အုန်းဆီ ဆီချက်မွှေးမွှေးလေး


ဒီနေ့တော့ အုန်းဆီချက်လေး ချက်ဖြစ်ပါတယ် မြန်မာမုန့်လေးတွေ စားချင်တဲ့အခါ အဆင်သင့် ရအောင်လို့ ready made အုန်းနို့ ခရင်မ် ဗူးနဲ့ ချက်ထားပါတယ်။

တီမာရေ သမီးတို့ အုန်းဆီချက် ချက်ရတာ တခါတလေ အဆင်ပြေပြီး တခါတလေ အဆင်မပြေဘဲ အုန်းဆီချက်က ဥဥလေး မနေဘဲ ပျော့ပျဲပျဲကြီး ဖြစ်နေတတ်တယ်တဲ့။

ဒီတော့ တီတီချက်တဲ့ နည်းလေး မျှဝေပေးပါလို့ မေးလာကြတဲ့ သမီးလေးတွေအတွက် ချက်နည်းလေးတွေ မျှဝေလိုက်ပါတယ် မာမာကတော့ အုန်းဆီကို ရယ်ဒီမိတ် ဗူးလေးနဲ့ ချက်ထားပါတယ် အုန်းဆီချက်တဲ့အခါ စိတ်ရှည်ဖို့နဲ့ အချိန်ပေးဖို့ဘဲ လိုပါတယ်။

ပါဝင်ပစ္စည်းများ

  1. အုန်းနို့ -  400 g (ready made coconut cream)
  2. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ 
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. အုန်းနို့ ဆီနှင့် ဆားတို့ကို ပြင်ထားပါ
  2. အုန်းဆီချက်ရန် အောက်ခြေမကပ်ဘဲ အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  3. အိုးပူလာတာနဲ့ အုန်းနို့ ဆားနှင့်ဆီတို့ကို ထည့်ပေးပါ
  4. မီးကို အနေတော်ထားပြီး တည်ပေးပါ
  5. အုန်းနို့အိုး တည်ထားစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  6. ချက်နေရင်းက အုန်းနို့များ ဥလာတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်အပူရှိန်နှင့် အုန်းဆီ ဆီပျံလာအောင် တည်ပေးပါ
  7. အုန်းဆီ ဆီပျံလာပြီး ဆီဥလာတာနဲ့ အအေးခံပြီး ပန်းကန်လုံးထဲ ပြောင်းထည့်ပေးပါ
  8. အုန်းဆီချက်ကို တခါထဲ စားလို့မကုန်ပါက ကော်ဗူးတခုထဲမှာ ထည့်ပေးပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးပြီး သိမ်းထားနိုင်ပါတယ်
  9. အုန်းဆီချက်ကို အုန်းထမင်းချက်ခြင်း မြန်မာမုန့်များတွင် တွဲဖက်စားသုံးခြင်း အုန်းနို့ခေါက်ဆွဲချက်ခြင်း ထမင်းပူပူလေးနှင့် နယ်စားခြင်း အစရှိသည်တို့နှင့် မိမိတို့ နှစ်သက်သော တခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Tuesday, 24 September 2019

ကြက်သွန်ဖြူ ဆီချက်


ဒီနေ့တော့ ကြက်သွန်ဖြူ ဆီချက်လေး ချက်ဖြစ်ပါတယ် အိမ်မှာဆီချက် ချက်ပြီးသားလေး အဆင်သင့်ရှိတဲ့အခါ ကိုယ်စားချင်တာလေးကို ချက်ချင်းထပြီး ပြင်ဆင်လို့ရပါတယ်။

ကြက်သွန်ဖြူ ဆီချက်လေး အဆင်သင့်ရှိတော့ အသုပ်စုံ သုပ်စားချင်ရင်ဘဲ ဖြစ်ဖြစ် ထမင်းပူပူလေးနဲ့ နယ်စားရင်ဘဲ ဖြစ်ဖြစ် ဆီချက်ခေါက်ဆွဲ လုပ်စားရန်သော်လည်းကောင်း ဆန်ပြုပ်နဲ့ တွဲပြီးစားရန်သော် လည်းကောင်း လွယ်မယောင်နဲ့ခက်တဲ့ ကြက်သွန်ဖြူဆီချက် ချက်နည်းလေး မေးထားသူတွေအတွက် ဆီချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆီ - လီတာဝက်

ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ပုံပါအတိုင်းရအောင် မညက်တညက် ထောင်းပေးပါ
  2. အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  3. အိုးပူလာတာနဲ့ ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  4. ဆီအငွေ့တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သွန်ဖြူထောင်းတို့ကို  ထည့်ကြော်ပေးပါ
  5. ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  6.  ကြက်သွန်ဖြူထောင်းအနံ့လေး မွှေးလာပြီး အနည်းငယ် ကြွတ်လာပါက မီးပိတ်ပေးပါ
  7. လက်ကျန်မီး အပူရှိန်နှင့် ကြွတ်နေအောင် ဆက်ကြော်ပေးပါ
  8. ဒယ်အိုးအသား ပါးပါက ကြက်သွန်ဖြူများ ခနလေးနှင့် ကျွမ်းသွားတတ်တဲ့အတွက် အိုးအသားထူတာကို  ရွေးသုံးပါ
  9. ကြက်သွန်ဖြူ ဆီချက်က ကျွမ်းသွားတဲ့အခါ ခါးသွားတတ်တဲ့အတွက် သတိထားပြီး မွှေမွှေပေးပါ
  10. ကြက်သွန်ဖြူ ဆီချက်လေး မွှေးပြီးကြွတ်လာတာနဲ့ ကြက်သွန်ဖြူ ဆီချက်အဖတ်များကို ဆယ်ပေးပြီး ဇကာထဲထည့်ကာ အအေးခံထားပါ
  11. ဆီများကိုလဲ ပန်းကန်လုံး တစ်ခုထဲ ပြောင်းထည့်ပေးကာ အအေးခံထားပါ
  12. နှစ်မျိုးလုံး အေးသွားပါက ပန်းကန်လုံး တခုထဲမှာ ရောပေးပြီးပါက ကြက်သွန်ဖြူဆီချက်ကို ခေါက်ဆွဲသုပ် ထမင်းသုပ် ကြာဇံသုပ် အသုပ်စုံ ဆန်ပြုပ် ခေါက်ဆွဲပြုပ် အစရှိသည်တို့နှင့်အတူ တခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Sunday, 22 September 2019

စားတော်ပဲ ပဲပြုပ်


စားတော်ပဲ

ပဲကို ရေတစ်ထပ် ဆေးပေးပါ

ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ထားပါ

၁၀နာရီလောက်ဆို ရေဝလာပါပြီ

ဇကာထဲ ထည့်ပေးပါ

အဝတ်ကို ရေစွတ်ပြီး အုပ်ပေးပါ

ပဲစို့လေးများ ထွက်လာပါပြီ

ဒုတိယနေ့ 

တတိယနေ့

ပြုပ်ဖို့ပြင်ပါမယ်

ထန်းလျှက်ခဲ ထည့်ပေးပါ

ရေထည့်ပေးပြီး ပြုပ်ပေးပါ

ရေခမ်းပြီး ပဲနပ်သွားပါပြီ

ပဲပြုပ် ပြုပ်နည်းလေးတွေ တစ်နည်းမဟုတ်ရင် တစ်နည်းနဲ့ အဆင်ပြေအောင် အမျိုးမျိုး စမ်းသပ်ပြီး ပြုပ်ဖြစ်ပါတယ် မာမာ ပဲပြုပ်တဲ့နည်းတိုင်းက အဆင်ပြေနေတော့ အဆင်မပြေလို့လာလာ မေးကြတဲ့သူတိုင်းအတွက် ဖြေစရာ အဖြေက ဘယ်လို ဖြေရမှန်း မသိအောင် ဖြစ်ခဲ့ရပါတယ်။

တစ်ချို့က ပြုပ်နေရင်း အခွံတွေ ကျွတ်ထွက်ကုန်တယ်တဲ့ အခွံကျွတ်တာအတွက် အဖြေက ပြုပ်မဲ့ပဲ ပမာဏနဲ့ပဲထည့်ပြုပ်မဲ့အိုးက သိပ်ကြီးနေရင်လဲ ပဲတွေက အိုးထဲမှာ ချောင်ပြီး အခွံတွေ ကျွတ်ထွက်တတ်သလို ပြုပ်နေစဉ် ပဲအိုးကို ဖွင့်ပြီး ခနခန မွှေပေးရင်လဲ အခွံတွေ ကျွတ်ထွက်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ပဲပြုပ်မယ်ဆိုရင် အိုးအသားထူပြီး ပြုပ်မဲ့ပဲ ပမာဏကို  အိုးထဲမှာ ထည့်ပြီးတာနဲ့ ပဲအပေါ်မှာ လက်လေးလုံးလောက်ဘဲ အမြင့်ရှိတဲ့ အိုးနဲ့ပြုပ်ပေးပါ။

တစ်ချို့ကကျတော့လဲ ပြုပ်ပြီးတာနဲ့ ပဲတွေပျော့ပျဲ သွားတတ်ပါတယ်တဲ့ အဲဒီအတွက် အဖြေကတော့ စဉ်းစားရ နည်းနည်း ခက်ပါတယ် စဉ်းစားမိတာလေးကတော့ ပြုပ်တဲ့ ပဲအမျိုးအစား မတူတာ ဖြစ်နိုင်သလို ပဲ ပြုပ်နေစဉ် ခနခန မွှေမိတာလဲ ဖြစ်နိုင်ပါတယ်။

တစ်ခါတလေ ပဲနဲ့ရေအချိန်အဆ ကွာသွားတာလဲ ဖြစ်နိုင်သလို အသုံးပြုသော မီးဖိုတွေရဲ့ အပူရှိန် ပမာဏ မတူတာတွေလဲ ဖြစ်နိုင်ပါတယ် ဒါကြေင့်မို့လို့ မိမိအသုံးပြုသောပဲ မိမိအသုံးပြုသော မီးအပူချိန်တွေကို ချင့်ချိန်ပြီး အသုံးပြုကြ စေချင်ပါတယ်။

မာမာကတော့ ပဲပြုပ်ဖို့ ပြင်လေတိုင်း ဆိုဒါကို ပဲရေစိမ်ချိန်မှာလဲ မသုံးသလို ပြုပ်စဉ်မှာလဲ မသုံးပါဘူး  ဆိုဒါသုံးခြင်းကြောင့် ပဲပြုပ်နည်းတွေ ပျက်ပျက်သွားတာ ကြုံဖူးသလို ပဲပြုပ်မှာ ဆိုဒါနံ့ တွေ ကျန်နေတတ်လို့ပါဘဲ။

အခု ပဲပြုပ်တဲ့နည်းက အရင်နည်းကိုဘဲ အခြေခံပြီး ပြုပ်ပါတယ် ပဲကိုအပင်ဖောက်ပြီး ပြုပ်တဲ့အခါ ပဲပြုပ်ကပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ စားတော်ပဲ စစ်စစ်လေး ရလာတာနဲ့ အပင်ဖောက်ပြီး ပြုပ်ထားပါတယ်။

အလျှင်စလို အမြန်စားချင်တယ် ဆိုရင်တော့ ၁၀နာရီလောက် ရေစိမ်ပြီး အပင်မဖောက်ဘဲ တစ်ခါထဲ ပြုပ်ပေးနိုင်ပါတယ် မာမာကတော့ ပဲပြုပ်ကို ပြုပ်ပြီးတာနဲ့ အအေးခံပြီး ခဲထားချင်တာနဲ့ ပဲကို အညှောင့်လေးတွေ ဖောက်လိုက်ပါသေးတယ် ဒါကြောင့်မို့လို့ အရမ်းလွယ်ပြီး ရိုးရိုးရှင်းရှင်း ပဲပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. စားတော်ပဲ - 375 g
  2. ထန်းလျှက်ခဲ ကွမ်းသီးလုံးလောက် - တစ်ခဲ
  3. ရေ - ပဲအထက် လက်တဆစ်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ပြုပ်ရန်အိုး - အိုး (အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အိုးအနေတော် တစ်လုံး)
ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ပဲများကိုထည့်ပြီး ရေတစ်ထပ် ဆေးပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထည့်ပေးကာ ၁၀နာရီလောက် ရေ၀အောင် စိမ်ထားပေးပါ 
  • ရေ၀ပြီး ပဲများပွလာပြီ ဆိုတာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော ဇကာတစ်ခုထဲကို သွန်ချပေးပြီး အညှောင့်ဖောက်ဖို့ ပြင်ပါမယ်
  • အညှောက်ဖောက်ရာမှာ ပဲတွေကို အဝတ်စနဲ့ ထုတ်ပြီး အညှောင့်မဖောက်မိစေဖို့ သတိထားပေးပါ
  • အဝတ်စနဲ့ထုတ်ပြီး အညှောင့်ဖောက်တဲ့ ပဲကိုပြုပ်တဲ့အခါ ရေစော်နံတတ်ပါတယ်
  • ပဲအညှောင့်ဖောက်ထားစဉ် အ၀က်စ သန့်သန့်တစ်ခုကို ရေစွတ်ပြီး ပဲအပေါ်မှာ အုပ်ထားပေးပါ
  • အ၀တ်စကို တစ်နေ့ရေ၃ခါလောက် စွတ်ပြီးမှ ပြန်ပြန်အုပ်ပေးပါ
  • ဒုတိယရက်မှာ ပဲအစို့လေးများ စပြီးထွက်လာပါပြီ
  • အ၀တ်စကို ရေစွတ်ပြီး တစ်နေ့၃ခါ ပထမရက်ကလိုဘဲ အုပ်ပေးပါ
  • တတိယရက်မှာ အညှောင့်အစို့လေးတွေ တော်တော်လေး ရှည်လာပါပြီ
  • ပဲအညှောင့်ဖောက်ထားစဉ် ပဲများကို မဖွမိဖို့ သတိထားပေးရသလို ပဲထည့်ထားသော ဇကာရဲ့  အောက်ချေမှာလဲ ရေများအိုင်မနေအောင် သတိထားပါ
  • တတိယနေ့ ညနေပိုင်း ၃နာရီလောက်ဆို ပဲပြုပ်ဖို့ ပြင်နိုင်ပါပြီ
  • အထက်မှာ ပြထားသော အောက်ခြေထူတဲ့ အိုးကဲ့သို့သော အိုးထဲသို့ပဲများကို ပြောင်းပြီး ထည့်ပေးပါ
  • ရေကိုပဲအထက် လက်တစ်ဆစ်ခန့် မြုပ်အောင်ထည့်ပေးပါ
  • ထန်းလျှက်ခဲ ကွမ်းသီးလုံးခန့် တစ်ခဲနှင့် ဆားထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ပဲအိုး ရေပွက်ပွက် ဆူလာပြီ ဆိုတာနဲ့ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ပဲပြုပ်ချိန် မိနစ်၄၀လောက်ဆို ရေခမ်းကာ နီးလာပါပြီ 
  • ရေခမ်းကာနီးပါက မီးကိုနံပါတ်တစ်လောက်ထိ လျှော့ချပြီး ပဲအိုးကို မီးအေးအေးနဲ့နှပ်ပေးပါ
  • ရေခမ်းပြီး ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုအထက်အောက် လှန်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်မီးအပူရှိန်နဲ့နှပ်ထားပေးပါ
  • ပဲနပ်သွားပြီဆိုပါက ချိုပြီးအိနေသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။