Wednesday, 31 May 2017

မှို ပဲကြာဇံ​ကြော်


အသားမစားချင်တဲ့နေ့တွေမှာ အခုလို ပဲကြာဇံနဲ့မှိုအညိုလေးရောကာ ကြော်စားရတာလဲ အရသာတမျိုးလေးပါဘဲ ထမင်းပူပူလေးနဲ့ စားရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • ၁နာရီခန့်ရေမြုပ်အောင် စိမ်ထားသော ပဲကြာဇံ - 100g
  • အနေတော် လှီးထားသော မှိုအညို - နှစ်သက်သလောက်
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း  ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကို ရေစစ်ပြီး ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 

    •  
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက  လှီးထားသောမှို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံ ပျော့လာပြီဆိုတာနဲ့ အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်ဆိုရင် ပဲကြာဇံကြော်လေးရပါပြီ။

Monday, 29 May 2017

ခရမ်းသီး မီးဖုတ်သုပ်




သတ်သတ်လွတ် စားသူတွေအတွက် အရမ်းကို လွယ်ကူမြန်ဆန်ကာ စားလို့ကောင်းလွန်းပြီး ထမင်းမိန်စေမဲ့ ခရမ်းသီးမီးဖုတ်သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • နံနံပင် - နှစ်သက်သလောက်
  • ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲဆီစိမ်း - ထမင်းစားဇွန်း တဇွန်းခွဲ
ပြင်ဆင်ပုံ
  • ခရမ်းသီးကို မိုက်ခရိုဝေ့သုံး ဇလုံထဲမှာ ထည့်ပြီး အဖုံးခပ်ဟဟအုပ်၍ မိုက်ခရိုဝေ့ထဲထည့်ပြီး ၄မိနစ်ခန့် ဖုတ်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • ဖုတ်ထားသော ခရမ်းသီးကို ဇလုံတခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ  ပါဝင်ပစ္စည်း အားလုံးကိုထည့်ပါ
  • ပြီးတာနဲ့ အရသာ မျှတအောင် ခပ်ဖွဖွ နယ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပဲဆီနှင့် ငရုတ်ကောင်းနံ့ သင်းပျံ့နေသော ခရမ်းသီးမီးဖုတ်သုပ် မွှေးမွှေးလေးကို သတ်သတ်လွတ်ဟင်းတမယ် ပြင်ပေးနိုင်သလို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Sunday, 28 May 2017

အမဲနှစ်လုံး ချဉ်ငံစပ်သုပ်



ဒီနေ့တော့ အမဲနှစ်လုံးလေးပြုပ်ပြီး ချဉ်ငံစပ်လေး သုပ်စားဖို့ ပြင်ဆင်မိတာကြောင့် ပြင်ဆင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲနှစ်လုံး - 350g
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်း - လက်တဆစ်ခန့်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဂေါ်ဖီ - တစိတ်
  • မုံလာဥနီ - အနေတော် တဥ
  • နံနံပင် - နှစ်သက်သလောက်
  • ချယ်ရီခရမ်းချဉ်သီး - ၇လုံးခန့်
  • သံပုရာသီး - တစိတ်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • သခွားသီး - အနေတော် တလုံး
  • ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တဇွန်း
  • သံပုရာသီး - တခြမ်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း

အမဲနှစ်လုံးပြုပ်ရန်

  • အမဲနှစ်လုံးကို ရေစင်အောင်ဆေးပြီး ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းပါက အအေးခံထားပြီး ခပ်ပါးပါး လှီးထားပါ


ပြင်ဆင်ပုံ

  • ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • သခွားသီးကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ခပ်သေးသေးလေးတွေ ခြစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • နံနံပင်ကို အနေတော် လှီးထားပါ
  • အမဲနှစ်လုံးကို အနေတော် လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတလုံးထဲမှာ အမဲနှစ်လုံးများ ကြက်သွန် ကြက်သွန်ဖြူ  နံနံပင် ငရုတ်သီးစိမ်း ဂေါ်ဖီ ငရုတ်သီး အလှော်မှုန့် သခွားသီး အချိုမှုန့် ငရုတ်ဆီအချဉ် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာနယ်ပေးပြီးပါက အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ အမဲနှစ်လုံး ချဉ်ငံစပ်အသုပ်ကို  စားပွဲပြင်ပေးနိုင်ပါပြီ ။

Saturday, 27 May 2017

ကပ်သပိုး ရေချိုသောက်ဆမ်းဟင်း



ကပ်သပိုးငါးလေးတွေရတော့ ငရုတ်သီး စပ်ကျဉ်းနဲ့ ရေချိုသောက်ဆမ်းဟင်းလေး ချက်မိသွားခဲ့တယ် ကပ်သပိုးငါးအသားက အရမ်းနုလေတော့ ချက်တဲ့အခါမှာ သတိထားပြီး ချက်ရတာမို့လို့ မာမာချက်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းများ

  • ကပ်သပိုး - 400 gm
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ ထမင်းစားဇွန်း - သုံးဇွန်းသာသာ
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ဘေးအတောင်များခုတ် ဗိုက်ခွဲပြီး မလိုတာတွေထုတ်ကာ ရေစင်အောင်ဆေးပေးပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ငါးကိုထဲ့ပေးပါ
  • ငါးထဲကို ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့်ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်းသာသာထဲ့ပေးပါ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ထဲ့ပေးပါ
  • အချိုမှုန့် ထည့်ပေးပါ
  • အားလုံးထဲ့ပြီးပါက ငါးကိုအရသာဝင်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံးအပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကိုအရင်ဆုံးထဲ့ပြီးတာနဲ့ထောင်းထားသော ဟင်းချက်အမွှေးအကြိုင်များ ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ငရုတ်သီးအရောင်တင်မှုန့်ကိုထဲ့ပြီး မိနစ်ဝက်လောက်မွှေပေးပါ
  • ငရုတ်သီးဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ ငါးအရသာနယ်ကို ထဲ့ပြီးမွှေပေးပါ
  • ငံပြာရည် ထမင်းစားဇွန်းတဇွန်းထဲ့ပြီး ငါးအသားများ ကျေမသွားစေရန် ဟင်းအိုးကိုအရသာညီအောင် သာသာလေး လှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ
  • ရေဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ။


Friday, 26 May 2017

မုန်လာဥ သီးစုံချဉ်ရည်ဟင်း





ဒီနေ့တော့ အိမ်ရှင်မတွေ အရည်သောက်ဆမ်း ဟင်းတမယ်အတွက် စိတ်မပူရလေအောင် မစားရတာ ကြာပြီဖြစ်တဲ့ ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပြန်ပါပြီ ထမင်းစားမိန်စေတဲ့ ဟင်းလေးဖြစ်လို့တခါတခေါက်လောက်တော့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • မုံလာဥ - လှီးပြီးသား တရုတ်ဟင်းပြင်ပန်းကန် အလတ် တလုံးစာ
  • ပဲသီး - ၅တောင့်
  • မျှစ် - ခပ်သေးသေး၂ပင်ခန့်
  • ပန်းဂေါ်ဖီ - တစိတ်
  • မုံလာဥနီ - အနေတော် တဥ
  • ရုံးပတေသီး - ၁၅တောင့်ခန့်
  • ကြက်သွန်နီ - တခြမ်း
  • ကြက်သွန်ဖြူ - နှစ်မွှာ
  • ချင်း - လက်တဆစ်၏ တဝက်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျည်းအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ထုတ် - ၁၅ကောင်ခန့်
  • နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. မုံလာဥဖြူနှင့် မုံလာဥနီကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  4. ပဲသီးကို အညှာဖြတ်ပြီး ရေဆေးကာ အနေတော် လှီးထားပါ
  5. မျှစ်နှင့် ပန်းဂေါ်ဖီကို ရေဆေးပြီး လှီးထားပါ
  6. ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး တပိုင်းပိုင်းထားပေးပါ
  7. ဇောက်နက်သောအိုးထဲမှာ လှီးထားသော မုံလာဥများ ပုဇွန်ထုတ် ခရမ်းကြွတ်သီးများ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  8. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  9. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  10. မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  11. ရေပွက်ပွက်ဆူကာ ခရမ်းသီးနှင့် မုံလာဥများ နူးလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ ရုံးပတေးသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် ၄မိနစ်လောက် တည်ပေးပါ
  12. ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  13.  မုံလာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Thursday, 25 May 2017

Chocolate coconut balls








အိမ်ပြောင်းဖို့ ပစ္စည်းတွေသိမ်းရင်း ရေခဲသေတ္တာထဲက ပစ္စည်းတွေကထုတ်တော့ ချောကလက်တွေ အုန်းသီးထုတ်တွေ ထွက်လာတာနဲ့ ရတဲ့အချိန်လေး အကျိုးရှိအောင် သုံးလိုက်တဲ့ ချောကလက် အုန်းသီးလုံးလေးတွေ လုပ်ဖြစ်သွားပါတယ် တခါတရံ စိတ်ပြောင်းစိတ်လွဲလေး စားရအောင် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချောကလက် အဖြူ - 180g တချောင်း
  • အုန်းသီးမှုန့် - 200g (ready made )
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • Vanilla - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နို့ - ထမင်းစားဇွန်း ၃ဇွန်း
  • ရေနွေး - သင့်ရုံ( ဆောင်ထားရန်)
ပြင်ဆင်ပုံ
  • ဇလုံတလုံထဲမှာ ချောကလက်ကို ချိုးပြီးထည့်ပါ
  • အရသာ မနယ်ခင် အုန်းသီးမှုန့် လက်ဖက်ရည်ပန်းကန်လုံး တလုံးခွဲစာ ချန်ထားပါ
  • ဆား သကြား Vanilla အုန်းသီးမှုန့်နှင့် နို့တို့ထည့်ကာ ချောကလက် ပျော်ရုံလေး အပူပေးပါ
  • ပြီးတာနဲ့ ခပ်နွေးနွေး အနေအထားမှာ သမအောင် နယ်ပေးပါ
  • ရေအရမ်း မများအောင် သတိထားပေးပါ ရေအရမ်းများပါက ပျော့ပြီးလုံးရ ခက်တတ်ပါတယ်
  • ရေနွေးနွေးလေး ဆောင်ထားပါ
  • အရသာနယ်ရာမှာ အုန်းသီးဖတ်များ အပျော့လိုနေသေးပါက နည်းနည်းချင်း ထည့်နယ်ပေးပါ
  • အရသာ နယ်ပြီးပြီဆိုတာနဲ့ ဇလုံကို cling wrap နှင့်အုပ်ကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ တနာရီခွဲလောက် ထားပေးပါ
  • အရသာနှပ်ထားချိန် ပြည့်ပါက လက်ကိုရေစွတ်ပြီး အနေတော် အလုံးလေးတွေ လုံးကာ ချန်ထားသော အုန်းသီးမှုန့်ထဲမှာ လူးပေးပါ
  • အားလုံးပြီးသွားတာနဲ့ လေလုံသည့် ဘူးလေးထဲထည့်ကာ ရေခဲသေတ္တာထဲထည့်ကာ စားသုံးနိုင်ပါပြီ။

Wednesday, 24 May 2017

ဝက်သား ကုန်းဘောင်ကြီးကြော်



ကုန်းဘောင်ကြီးကြော်လို့ ပြောပေမဲ့ ကော်ရည်လေး ခပ်စိုစိုထည့်ပြီး ကြော်ထားတဲ့အတွက် တမျိုးထဲနဲ့ အစုံပါသွားစေမဲ့ ဟင်းလေးပါ လွယ်ကူမြန်ဆန် ချက်ရလွယ်တဲ့ ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ အစဉ်ပြေစေမဲ့ ၀က်သားကုန်းဘောင်ကြီးကြော် ကြော်ဖြစ်သွားလို့ စားမိန်ဟင်းလေးအတွက် ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခပ်သေးသေး အရှည်အမြှောင်း အတုံးလေးတွေ တုံးထားသော ၀က်သား - 250g
  • ခပ်သေးသေး ရှည်ရှည်လေးတွေ လှီးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန်လုံး တလုံးစာ
  • လေးထောင့်အဖတ်လေးတွေ ရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • လက်တစ်ဆစ်ခန့်လှီးထားသောကြက်သွန်မိတ် - တစ်ပင်
  • အနေတော် လှီးထားသော ပန်းဂေါ်ဖီ ၁၀ခက်ခန့် - ၅ဖူး
  • ခပ်ရှည်ရှည်လေးတွေ လှီးထားသော ပဲသီး - ၅တောင့်
  • နုတ်နုတ်စဉ်းထားထေားသောချင်း - လက်တဆစ်ခန့်
  • ခပ်စောင်းစောင်း လှီးထားသော ဆယ်လာရီ - တထွာခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တ၀က်ခန့်
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ငရုတ်သီး အခြောက်တောင့် - ၁၀တောင့်ခန့်
  • ကော်မှုန့် - ထမင်းစားဇွန်း တ၀ကာသာသာ


ပြင်ဆင်ပုံ

  • ပထမဆုံး ဆီကိုအပူပေးပါ ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ ထိုဆီထဲမှာ ဘဲ ၀က်သားကို ထဲ့ကြော်ပေးပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ၀က်သားကို ၃မိနစ်လောက်ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာတည်ပေးပါ
  • ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ နှင့် ချင်းတို့ကို တမိနစ်လောက် ထဲ့မွှေပေးပါ
  • ပြီးတာနဲ့မုံလာဥနီ ပန်းဂေါ်ဖီ ဆယ်လာရီ ပဲသီး ကြက်သွန်နီတို့ကိုထဲ့ တမိနစ်လောက်ထဲ့ကြော်ပါ
  • ကြက်သွန်မိတ် ငရုတ်သီးခြောက်ကြော်တို့ထဲ့ပြီးတာနဲ့ ဆား ငံပြာရည် သကြား ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက်ထဲ့ပြီးမွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး ကော်ရည်လောင်းထည့်ကာ ကော်ရည်ပြစ်တာနဲ့ မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • အရသာရှိစွာ သုံးဆောင်နိုင်သော ၀က်သား ကုန်းဘောင်ကြီးကြော် ရပါပြီ။

ပဲပုတ်စေ့ ကန်စွန်းရွက်ကြော်


တပါတ်မှ တခါသာ ရတတ်တဲ့ ကန်စွန်းရွက်ကို ပဲပုတ်စေ့လေးထည့်ပြီး အစပ်လေး ကြော်ဖြစ်ပါတယ် သတ်သတ်လွတ်လေး စားမယ်ဆိုရင်လဲ အဆင်ပြေတဲ့ ဟင်းတမယ်ဖြစ်လို့ လွယ်ကူမြန်ဆန် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကန်စွန်းရွက် - လက်တဆုတ်စာ တစည်း
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ပဲပုတ်စေ့ - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ငရုတ်သီးစိမ်းကို ရေဆေးပြီး လှီးထားပါ
  4. ပဲပုတ်စေ့နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  5. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  6. ဆီအငွေ့ တက်လာတာနဲ့ နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
  7. ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး ငရုတ်သီးစိမ်းကို ထည့်ကြော်ပေးပါ
  8. ပြီးတာနဲ့ ကန်စွန်းရွက်များထည့်ပြီးတာနဲ့ ပဲပုတ်စေ့ ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  9. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်းလေး ပန်းကန်ထဲပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။

Monday, 22 May 2017

ကြက်ဟင်းခါးသီး အစာသွတ်ဟင်း







လူ့လောဘ အတောသတ်မရ ဆိုတဲ့အတိုင်း ဈေးတခါသွားရင် အသားဝယ်ရင် ပိုပိုဝယ်မိတာက များများသွားလေတော့ အဲဒီအသားတွေ ကုန်အောင်ချက်ဖို့ စဉ်းစားရတာလဲ အခါခါပါဘဲ။

အခုရက်ထဲ အစာသွပ်ဟင်းလေးတွေ စားလို့ကောင်းနေတဲ့အတွက် ဒီတခါတော့ ကြက်ဟင်းခါးသီး အစာသွပ်လေး ချက်ဖြစ်ပြန်ပါတယ် အရမ်းကို စားကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တလုံး 
  • ၀က်သား - 250g
  • ကြက်သွန်နီ - ဥကြီးကြီး တလုံး (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ (ဆီသတ်ရန် တ၀က်ချန်ထားပါ )
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အစာထဲထည့်ပေးပါ)
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အစာထဲ ထည့်ပေးပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ်ရန် တ၀က်ချန်ထားပါ )
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
ပြင်ဆင်ပုံ


  • ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ပုံပါအတိုင်း လက်၃လုံးစာ အထူလေးတွေ လှီးပေးပါ 
  • လှီးထားသော ကြက်ဟင်းခါးသီးအထဲမှ အစေ့များကို တဖက်ပိတ်ချန်ပြီး တဖက်မှ ကလော်ထုတ်ပေးပါ
  • ကလော်ထုတ်ထားသော ကြက်ဟင်းခါးစေ့များကိုဖယ်ပြီး အစေ့ခွံလေးများ ခွာပြီးယူထားပါ
  • ၀က်သားကို နုတ်နုတ်စဉ်းကာ ဆား နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ၀က်သား ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းမှုန့် အချိုမှုန့် ကော်မှုန့်နှင့် ဆီအနည်းငယ်တို့ကို ရောပြီးနယ်ထားပေးပါ
  • အသားကို အရသာနယ်ပြီးတာနဲ့ ကြက်ဟင်းခါးသီးထဲကို အစာသွတ်ပေးပါ
  • အစာသွပ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
  • အစာသွပ်ပြီးပြီဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ချန်ထားသော နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာများကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်ထားသော အသားများ မာလာပါက အစာသွပ်ထားသော ကြက်ဟင်းခါးသီးများကို ထည့်ပေးပါ
  • အထက်အောက် အသာလှန်ပေးပြီး အစာသွပ်ထားသော အသားများ မာလာပါက ရေမြုပ်အောင်ထည့်ပါ
  • ပြီးလျှင် ချန်ထားသော ဆားနှင့် အချိုမှုန့်ကို ထည့်မွှေပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပြီး ကြက်ဟင်းခါးသီး နူးလာပြီဆိုရင် အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။



Sunday, 21 May 2017

ပန်းငရုတ်ပွ အစာသွတ်








ပန်းငရုတ်ပွတွေ ၀ယ်လာပြီး ဘယ်လိုချက်ရင် ကောင်းမလဲ စဉ်းစားရင်းက အစာသွပ်လေး စားချင်စိတ် ပေါ်လာတာနဲ့ ၀က်သားကို တောက်တောက်စဉ်းပြီး အစာသွပ်ပါတယ် ဘုံလုံသီး အစာသွပ်နည်း လေးအတိုင်းမို့လို့ စားလို့အရမ်းကောင်းတဲ့အတွက် အစာသွပ်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းငရုတ် အပွတောင့် - ၃ခု
  • ၀က်သား - 350g (ပန်းငရုတ်ပွ အကြီးအသေးအပေါ် မူတည်ပြီး အသားကို လိုတိုး ပိုလျှော့ လုပ်ပေးပါ)
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို အသားအရသာစပ်ရန် )
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး (အသားအရသာထဲထည့်ရန်)
  • ကြက်သွန်နီ - အနေတော် တလုံး (ဟင်းဆီသတ်ရန်)
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၆မွှာ (တ၀က်ကို အသားအရသာထဲထည့်ပါ)
  • ကြက်ဥ - တလုံး
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း ( တ၀က်ကို အသားအရသာစပ်ရန် )
  • ဆီ - ထမင်းစားဇွန်း တဇွန်း (အရသာစပ်ရန်)
  • ဆီ - ဟင်းခတ်ဇွန်းကြီး တဇွန်း
ပြင်ဆင်ပုံ
  1. ငရုတ်သီးကို ရေဆေးထားပါ
  2. ငရုတ်သီးကို အညှာအောက်နားမှ လက်တလုံးလောက်ထားကာ ပုံပါအတိုင်း လှီးချပေးပါ
  3. ပုံပါအတိုင်း အထဲမှ အစေ့များကို လက်ဖက်ရည်ဇွန်း ဇွန်းဖင်နှင့် ကလော်ထုတ်ပေးပါ
  4. ၀က်သားကို ရေဆေးပြီး ရေစစ်ကာ နုတ်နုတ်စဉ်းထားပါ
  5. ကြက်သွန်နီ ၂လုံးစလုံးကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  7. ၀က်သားကို နနွင်းမှုန့် ဆီ ဆား ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ကြက်ဥ အချိုမှုန့် ငရုတ်ကောင်းမှုန့် ကော်မှုန့်တို့နှင့် အရသာဝင်အောင် နယ်ပေးပါ
  8. အရသာနယ်ထားသော ၀က်သားကို ငရုတ်သီးတောင့်ထဲသို့ ပုံပါအတိုင်း သွတ်ပေးပါ
  9. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သောအိုးကို ဆီထည့်ပြီး အပူပေးပါ
  10. ဆီပူတာနဲ့ နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးအရောင်တင်မှုန့်ကိုထည့်ကာ မွှေးလာအောင် ဆီသတ်ပေးပါ 
  11. ကြက်သွန်နွမ်းကာ ဆီသတ်နံ့ မွှေးလာတာနဲ့ ငရုတ်သီး အစာသွတ်ကို အစာများ မထွက်အောင် ထောင်ရက်ထည့်ကာ ဆီသတ်ပေးပါ
  12. ငရုတ်သီးဆီသတ်ထားတာ မကပ်စေရန် အိုးကိုအသာ လှုပ်ပေးပြီး ငရုတ်သီး တ၀က်သာသာ မြုပ်အောင် ရေထည့်၍ ဆားနှင့်အချိုမှုန့်ထည့်ပြီး ငရုတ်သီးပွ နူးအောင် အဖုံးအုပ်ကာ တည်ပေးပါ
  13. ပထမ တရည်နဲ့မနူးပါက နောက်ထပ်တရည် ထပ်ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးကာ ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  14. ဆီပြန်လာတာနဲ့ မွှေးပြီးအိနေကာ မွှေးပျံ့ပြီး အလွန်စားကောင်းသော ပန်းငရုတ်ပွ အစာသွတ်ဟင်း ဆီပြန်မွှေးမွှေးလေး ရပါပြီ။

Saturday, 20 May 2017

ပြောင်းဖူးထောင်း


တခါတလေ အသီးအရွက်ထောင်းလေးတွေ ထောင်းစားရတာ ဒီအတိုင်းလေးဘဲစားစား ထမင်းဖြူလေးနဲ့ဘဲစားစား စားလို့အရမ်းကောင်းပါတယ် ယိုးဒယားမိတ်ဆွေတွေ ထောင်းတဲ့နည်းအတိုင်း ထောင်းထားလို့ စားမိန်ဟင်းလေးတမယ်တော့ ဖြစ်လာမှာ သေချာပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး - တဖူး
  • သင်္ဘောသီး ခြစ်ပြီးသား - လက်ဖက်ရည်ပန်းကန်လုံး တလုံးမောက်မောက်
  • မုံလာဥနီ ခြစ်ပြီးသား - လက်ဖက်ရည် ပန်းကန်လုံး တလုံးမောက်မောက်
  • ချယ်ရီခရမ်းချဉ်သီး - ၅လုံးခန့်
  • ပဲတောင့်ရှည် - ၅တောင့်ခန့်
  • ကြက်သွန်ဖြူ - ၃မွှာ
  • ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  • ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  • ထန်းလျှက်ခဲ - တခဲ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - အနည်းငယ်
  • သံပုရာသီး - တခြမ်း
  • ကြက်ဥ -၂လုံး
ပြင်ဆင်ပုံ
  • ပြောင်းဖူးကို ကျက်အောင်ပြုပ်ပြီး ဓါးနှင့်လှီးချပေးထားပါ
  • သင်္ဘောသီး ခြစ်ပြီးသားနှင့် မုံလာဥနီ ခြစ်ပြီးသားကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို ရေဆေးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်ဥကို အခွံခွာပြီး အနေတော် စိတ်ပေးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ အရင်ဆုံး ငရုတ်သီးတောင့်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ရအောင် ထည့်ထောင်းပါ
  • ပြီးတာနဲ့ထန်းလျှက်ခဲ မုံလာဥနီ သင်္ဘောသီး ပဲသီးတို့ကို ခပ်ဖွဖွ ထည့်ထားပါ
  • ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ခရမ်းချဉ်သီး ဆား ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲထည့်ကာ ကြက်ဥကိုထည့်ပေးပြီး ပြောင်းဖူးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။


Friday, 19 May 2017

သင်္ဘောသီးထောင်း




ဒီတခါတော့ ယိုးဒယားသီး သင်္ဘောသီးထောင်း စစ်စစ်လေး ထောင်းပါတယ် အာတွေလျှာတွေ ဂျွမ်းထိုးသွားလောက်အောင် စပ်လွန်းလို့ အစပ်ကြိုက်တဲ့သူတွေအတွက် အဆင်ပြေတဲ့ အသုပ်လေးဖြစ်လို့ သုပ်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း - အနေတော် တလုံး
  • ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  • မြေပဲလှော် - အစေ့၂၀ခန့်
  • ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
  • ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
  • ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၄မွှာ
  • ငံပြာရည်အနောက် -၂မျိုး 
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ပဲတောင့်ရှည် - ၃တောင့် 
  • ချယ်ရီရမ်းချဉ်သီး - ၁၀လုံးခန့်
  • သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို တ၀က်စီ ခြမ်းထားပါ
  • မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ငရုတ်သီးအခြောက်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ
  • ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ
  • ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ
  • ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၁၀ချက် အချက်၁၂ချက်လောက် ထောင်းရင်ရပြီး သစ်သားကျည်ပွေ့ဆိုပါက အချက် ၃၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ပုံတွင်ပြထားသော ငါးငံပြာရည်၂မျိုးကို ထမင်းစားဇွန်း ၂ဇွန်းသာသာစီနှင့် ဆားပါ ထည့်ပေးပါ
  • သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ
  • ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ဇွန်းနှင့် သမအောင်နယ်ပေပြီးရင် ရပါပြီ
  • စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်
  • စပ်စပ်မွှေးမွှေး ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီ။

Thursday, 18 May 2017

ဂုံးစပါးလင်ပြုပ် မွှေးမွှေးလေး




အင်မတန်မှ ဈေးကြီးလွန်းသော ဂုံးလေးတွေ ၀ယ်မစားရင်လဲ မစားရတာဘဲ ရှိမှာမို့လို့ မျက်စေ့စုံမှိတ် ၀ယ်ပလိုက်မိလေခြင်းပေါ့ရှင် မြန်မာပြည်က ဂုံးလေးတွေနဲ့ အပြင်ခွံမတူပေမဲ့ အတွင်းသား အရသာကတော့ အတူတူပါဘဲ ပြုပ်နည်းလေးလဲ လွယ်ကူတယ် သောက်တဲ့အခါမှာတော့ လျှာလည်သွားစေတဲ့အတွက် လွယ်ကူမြန်ဆန် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • ဂုံး - တဗူး
  • စပါးလင်  - တပင်
  • ချင်း - လှီးပြီးသား ထမင်းစားဇွန်း တ၀က်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
  1. ဂုံးကို ရေဆေးပြီး ရေစစ်ထားပါ
  2. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်အမြှောင်းလေးများ ရအောင် လှီးထားပါ
  3. စပါးလင်ကို ရေဆေးပြီး အနည်းငယ် ကျေသွားအောင် ထုပြီးထုံးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  5. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  6. ဇောက်နက်သော အိုးထဲမှာ ဂုံများ စပါးလင် ကြက်သွန်ဖြူ ဆားနှင့် အချိုမှုန့်တို့ကိုထည့်ပါ
  7. ပြီးလျှင် ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  8. ရေ ၁၅မိနစ်လောက် ပွက်ပွက်ဆူပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့်ခပ်ကာ မီးပိတ်ပေးပါ
  9. ပြုပ်ချိန်ကြာပါက ဂုံးအသားများ ပျော့ပြဲသွားပြီး စားလို့မကောင်းတော့တဲ့အတွက် ပြုပ်ချိန်ကို သတိထားပေးပါ
  10. ဟင်းရည်ပူပူလေးကို သံပုရာရည်ညှစ်ပြီး စားပွဲပြင်ပေးပါ
  11. ဂုံးအသားများကို ဖယ်စားပြီး ဂုံးပြုပ်ရည်ကို ပူပူစပ်စပ် မွှေးမွှေးလေးသောက်နိုင်ပါတယ်။

Wednesday, 17 May 2017

ဂဏန်းအုန်းနို့ မဆလာဆီပြန်







ပင်လယ်စာ အရောင်းဆိုင်သွားတာ ဂဏန်း၂ကောင်ထဲနဲ့ တကီလိုကျော်တာတွေတွေ့ပြန်လေတော့ မနေနိုင်ဘဲ ၀ယ်လာခဲ့ပြန်တယ် ဒီတခါတော့ မဆလာနံ့သင်းနေတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။။


ပါဝင်ပစ္စည်းများ

  • ဂဏန်း  - တကီလိုကျော်၂ ကောင် 
  • ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အုန်းနို့ - 250ml (ready made ဗူးကို သုံးထားပါတယ် )
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  • ကြက်သွန်နီ - အနေတော် တဥ 
  • အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျည်းသီးမှည့် - အနည်းငယ် 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ  
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ

  1. ဂဏန်းများကို ရေစင်အောင်ဆေးပြီး အရင်ဆုံး ရေနွေးပွက်ပွက် ဆူနေတဲ့အထဲမှာ ၅မိနစ်လောက် အကောင်လိုက် ပြုပ်ပေးပါ 
  2. အအေးခံပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများကို ဖယ်ပေးပါ
  3. ဂဏန်းကို ပက်လက်လှန်လိုက်ကာ ရေယက်သော ဘတ်လတ်လေးကို လှန်လိုက်ပြီး ကပ်ကြေးနှင့် ညှပ်ကာ ဖယ်ပေးပါ
  4. ဂဏန်းကို မှောက်ခုံပြန်ထားပြီးပါက အရှေ့ဖက်မှာ မျက်လုံးနေရာကို ကပ်ကြေးနှင့်ညှပ်ပြီး ဖယ်ပေးပါ
  5. အပေါ်ခွံကို လှန်ပေးပြီး အောက်ဖက်မှ ပါးဟက်ဖြူဖြူများကို ဖယ်ထုတ်ပေးပါ
  6. အားလုံး သန့်စင်ပေးပြီးပါက ဂဏန်းများကို အနေတော် ခုတ်ပိုင်းပေးကာ ဇလုံတလုံးထဲ ထည့်ပေးပါ
  7. သန့်စင်ထားသော ဂဏန်းများကို ကြွေဇလုံတခုထဲထည့်ပြီး ပေါင်းခံဇကာထဲ ထည့်ပေးပါ
  8. ပေါင်းအိုးအောက်ခံအိုးထဲ ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  9. ရေဆူတာနဲ့ ဂဏန်းထည့်ထားသော ပေါင်းဇကာကိုတင်ကာ အဖုံးအုပ်ပြီး ၅မိနစ်လောက် ပေါင်းပေးပါ
  10. ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့ကို ပြင်ထားပါ
  11. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လှီးပေးပါ
  12. ငရုတ်သီးမှုန့်နှင့် အုန်းနို့တို့ကို ပြင်ထားပါ
  13. မကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  14. ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဒယ်အိုးကို အပူပေးပါ
  2. အိုးပူလာတာနဲ့ ဆီကိုထည့်ပါ
  3. ဆီပူလာတာနဲ့ နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပါ
  4. ဆီသတ်နံ့ မွှေးလာတာနဲ့ အုန်းနို့ ဆား အချိုမှုန့် ငံပြာရည်တို့ကို ထည့်ပြီးမွှေပေးပါ 
  5. ပြီးတာနဲ့ ဇောက်နက်သော အိုးထဲဂဏန်းကို ပြောင်းထည့်ပေးပါ
  6. ထိုအိုးထဲကို ဆီသတ်ထားသော အုန်းနို့ငရုတ်သီးဆီသတ်ကို ထည့်ပေးကာ အထက်အောက် သမအောင် ၃ချက်လောက် ထည့်မွှေပါ
  7. ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  8. ရေမခမ်းခင် မကျည်းမှည့် အရည်ထည့်၍ သမအောင် မွှေပေးပြီး အရသာမြည်းကာ မဆလာ အုပ်ပေးပါ
  9. အရသာ လိုသလို ပြင်ပေး၍ ရေခမ်းပြီး ဆီပြန်တာနဲ့ဂဏန်းအုန်းနို့ မဆလာဟင်း ဆီပြန်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Tuesday, 16 May 2017

သီးစုံ အချဉ်










ဒီနေ့တော့ မုံလာဥ မုံလာဥနီ ပဲသီး ငရုတ်သီးစိမ်းတို့ကို အချဉ်တည်ထားတဲ့နည်းလေး မျှဝေပေးချင်ပါတယ် လွယ်ကူမြန်ဆန် အချဉ်တည်နည်းလေးမို့လို့ အဆင်ပြေရင် အချဉ်ထည့်ပြီး စားစေချင်ပါတယ်။

ဟင်းချက်တာ စိတ်ဝင်စားကြတဲ့ သမီးငယ်လေးတွေက အန်တီရေ သမီးကို ဘာလုပ်နည်းလေ ပြောပြအုံးဆိုတိုင်း ကိုယ်မလုပ်ဖူးသေးတဲ့ နည်းလေးတွေဆိုရင် ကိုယ့်ဘာသာကို အရင်ဆုံး ယူကျု့ကို ၀င်ကြည့်ပြီး စမ်းသပ်ရပါတယ် အစဉ်ပြေပြီ ဆိုတော့မှ သူတို့ကို လုပ်နည်းလေး ပြောပြရပါတယ်။

ဘာဘဲဖြစ်ဖြစ် သူတို့လာမေးသမျှ ကိုယ်လဲလက်တွေ့ လုပ်ရတာဆိုတော့ အသိပညာတွေ တိုးရလို့ ပျော်စရာပါဘဲ ဒီတခါတော့ တို့စရာ အချဉ်တည်နည်း တမျိုးက မာမာ့အတွက်လဲ အစဉ်ပြေပြီး တို့စရာ အရမ်းကြိုက်တဲ့သူမို့ ထမင်းကို ငါးပိရည် စပ်စပ်မွှေးမွှေးလေးနဲ့ နယ်ဖတ်ပြီး စားလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုံလာဥဖြူ - တဥ
  • မုံလာဥနီ အနေတော် တဥ
  • ပဲသီး - ၅တောင့်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက် 
  • ပျားရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - ထမင်းစားဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဗီနီကာ - ထမင်းစားဇွန်း ၅ဇွန်း ( အချဉ်ကြိုက်လျှင် ပိုထည့်ပေးပါ)
  • ရေကျက်အေး - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၃လုံး (ရေကိုကျိုပြီး အအေးခံထားပါ )
  • အချဉ်တည်ရန် ပုလင်းသန့်သန့် - တလုံး
အချဉ်တည်ပုံ
  • ပျားရည် ဗီနီကာ  ဆား သကြား ရေကျက်အေးတို့ကို သမအောင် ရောမွှေပေးထားပါ
  • ပဲသီးကို ရေဆေးပြီး ခပ်စောင်းစောင်း လှီးထားပါ
  • မုံလာဥကို ရေဆေးပြီး အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး ပန်းပွင့်ပုံဖော်ကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ လှီးထားသော အသီးအရွက်များကို အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပေးပြီး စပ်ထားသော အချဉ်ရည်ကို မြုပ်အောင်လောင်းထည့်ပေးပါ
  • စပ်ထားသော အချဉ်ရည်ထည့်စဉ် အသီးအရွက်များ မမြုပ်ပါက ရေကျက်အေးနှင့် မြုပ်အောင် လောင်းထည့်ပေးပါ
  • မနက်ပိုင်း အချဉ်တည်ပြီး ညနေ (သို့မဟုတ်) နောက်နေ့ဆိုရင် စားလို့ရပါပြီ
  • တခါထဲ မကုန်ပါက ရက်ကြာကြာ ထားပြီးစားနိုင်အောင် ရေခဲသေတ္တာထဲမှာ ထားပြီးစားနိုင်ပါတယ်။