Wednesday 3 May 2017

ကြက်ရိုးပြုပ်ရည် ကြာဇံချက်



ကြက်သား ငါးတို့နဲ့ ချက်ထားတဲ့ ကြာဇံချက် ချက်နည်းလေးတွေကို မာမာ မကြာခန တင်ဘူးပါတယ် ဒါပေမဲ့ ဒီနေ့တော့ ကြက်ရိုးပြုပ်ရည်နဲ့ ကြာဇံချက်လေး ချက်ဖြစ်ပါတယ်။

ကြာဇံချက်ထဲ ထည့်ရမဲ့ ပါဝင်ပစ္စည်းတွေကတော့ အသားမပါတာကလွဲရင် အတူတူပါဘဲ ဒါကြောင့်မို့ အသားမပါဘဲ ကြက်ရိုးပြုပ်ရည်နဲ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြာဇံချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် – 200 g
  2. ကြက်ရိုး – 1000 g ကြက်ပေါင်မှ အသားထွင်ပြီးသား အရိုးကို သုံးပါတယ်
  3. ကြက်သွန်နီ - ခပ်သေးသေး ၅လုံး (ဟင်းရည်ထဲထည့်ရန်)
  4. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (အချဉ်တည်ရန်)
  5. ကြက်သွန်နီ အနေတော် တစ်လုံး (ဆီသတ်ရန်)
  6. ကြက်သွန်ဖြူ - သုံးမွှာ (ဆီသတ်ရန်)
  7. ငရုတ်သီးစိမ်း - စားနိုင်သလောက် (အချဉ်တည်ရန်)
  8. သံပုရာသီး - သုံးလုံးခန့် (အချဉ်တည်ရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အချဉ်တည်ရန်)
  10. ဂေါ်ဖီ - တစ်စိတ်ခန့် (အချဉ်တည်ရန်)
  11. နံနံပင် - စားနိုင်သလောက်
  12. မှိုခြောက် – 30 gခန့်
  13. ပဲလိပ်ခြောက် – 30 g
  14. ပန်းခြောက် – 30 gခန့်
  15. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ရန်)
  16. ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  17. ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  18. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ဇွန်း
  19. အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  20. ဆီ – ထမင်းစားဇွန်း ၄ဇွန်း
  21. ကြက်သွန်ဖြူ  - လေးမွှာ (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  22. ငရုတ်ကောင်း - ၁၀စေ့ခန့် (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)

အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီကို အခွံခွာ၍ ပါးပါးလှီးကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး တခြမ်းညှစ်၍ နယ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ
  • ငရုတ်သီးအလှော်မှုန့်ကို  ပြင်ထားပါ
  • ငါးငံပြာရည်ကို ပြင်ထားပါ

 ပြင်ဆင်ပုံ

  1. ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တလုံးစီမှာ ရေမြုပ်အောင် စိမ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  4. ငရုတ်သီးအရောင်တင်မှုန့်ကို ပြင်ထားပါ
  5. ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  6. ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  7. ကြက်ရိုးများကို ထက်ဝက်ပိုင်းထားပါ
  8. ဇောက်နက်သော အိုးထဲမှာ ရေ(၄လီတာ)ထည့်ပြီး ကြက်ရိုးများကို ပြုတ်ထားပါ
  9. ကြက်ရိုးပြုတ်ရည် ပထမတရည် ၁၅မိနစ်လောက် ဆူပြီးပါက ရေအားလုံး သွန်ပေးကာ ရေဆေးချပေးပါ
  10. နောက်ထပ် အရိုးများမြုပ်အောင် ရေထပ်ထည့်ပြီး အရိုးများ နူးအောင် ပြုပ်ပေးပါ
  11. ကြက်ရိုးများ နူးလာလျှင် အပြုတ်အိုးကို မီးပိတ်လိုက်ပြီး အရိုးများကို ပြန်ဆယ်၍ အအေးခံပြီးမှ အရိုးမှာ ကပ်နေသော အသားများကို အရင်ဖယ်ထားပြီးမှ အရိုးများကို ထောင်းပေးပါ
  12. ကြက်ရိုးများကို ထောင်းပြီး အရည်ငင်ကာ အရိုးများကို ဖယ်ပြီး အရည်များကို ဇကာနှင့်စစ်ကာ နောက်ထပ်အိုးတလုံးထဲ ပြောင်းထည့်ထားပါ
  13. ရေကိုအနေတော် ချင့်ချိန်ထည့်ပြီး ထွင်ထားသော အသားများပြန် ထည့်ကာ ဟင်းရည်အိုးကို ဆူအောင်တည်ပေးပါ
  14. ဟင်းရည်အိုး တည်ထားချိန် ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့် နနွင်းမှုန့်တို့ကို မွှေးလာအောင် ဆီသတ်ထားပါ
  15. ရေစိမ်ထားသော ပန်းခြောက် မှိုခြောက် ပဲလိပ်ခြောက်နှင့် ငရုတ်သီး ဆီသတ်တို့ကို အဆင်သင့် ပြင်ထားပါ။
ဟင်းရည်ချက်ရန်

  1. ကြက်ရိုးပြုတ် ထောင်းထားသော အရည်ကို ရေဆူအောင် ပြန်တည်ပေးပါ
  2. ရေဆူလာလျှင် ငရုတ်သီးဆီသတ် ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိတ်ခြောက် တို့ကိုထည့်ပြီး ရေဆူလာအောင် တည်ပေးပါ
  3. ဟင်းရည် အရသာအတွက် ငါးငံပြာရည် ဆား အချိုမှုန့် ကြက်သွန်နီတို့ကို ထည့်ပြီ သမအောင် မွှေပေးပါ
  4. ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီးပါက ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းခပ်၍ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိုင်မဲ့ ကြက်ရိုးပြုတ် ကြာဇံချက်ပူပူလေး ရပါပြီ။

No comments:

Post a Comment