Tuesday 16 May 2017

သီးစုံအချဉ်တည်နည်း










ဒီနေ့တော့ မုံလာဥ မုံလာဥနီ ပဲသီး ငရုတ်သီးစိမ်းတို့ကိုရောပြီး အချဉ်တည်ထားတဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ် လွယ်ကူမြန်ဆန် အချဉ်တည်နည်းလေးမို့လို့ အဆင်ပြေရင် အချဉ်ထည့်ပြီး စားစေချင်ပါတယ်။

ဟင်းချက်တာ စိတ်ဝင်စားကြတဲ့ သမီးငယ်လေးတွေက အန်တီရေ သမီးကို ဘာလုပ်နည်းလေ ပြောပြအုံးဆိုတိုင်း ကိုယ်မလုပ်ဖူးသေးတဲ့ နည်းလေးတွေဆိုရင် ကိုယ့်ဘာသာကို အရင်ဆုံး ယူကျု့ကို ၀င်ကြည့်ပြီး စမ်းသပ်ရပါတယ် အစဉ်ပြေပြီ ဆိုတော့မှ သူတို့ကို လုပ်နည်းလေး ပြောပြရပါတယ်။

ဘာဘဲဖြစ်ဖြစ် သူတို့လာမေးသမျှ ကိုယ်လဲလက်တွေ့ လုပ်ရတာဆိုတော့ အသိပညာတွေ တိုးရလို့ ပျော်စရာပါဘဲ ဒီတခါတော့ တို့စရာ အချဉ်တည်နည်း တမျိုးက မာမာ့အတွက်လဲ အစဉ်ပြေပြီး တို့စရာ အရမ်းကြိုက်တဲ့သူမို့ ထမင်းကို ငါးပိရည် စပ်စပ်မွှေးမွှေးလေးနဲ့ နယ်ဖတ်ပြီး စားလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥဖြူ - အနေတော် တစ်ဥ
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ပဲတောင့်ရှည် - ၅တောင့်
  4. ငရုတ်သီးစိမ်း - နှစ်သက်သလောက် 
  5. ပျားရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဗနီကာ - ထမင်းစားဇွန်း ၅ဇွန်း ( အချဉ်ကြိုက်လျှင် ပိုထည့်ပေးပါ)
  9. ရေကျက်အေး - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၃လုံး (ရေကိုကျိုပြီး အအေးခံထားပါ )
  10. အချဉ်တည်ရန် ပုလင်းသန့်သန့် - တစ်လုံး

အချဉ်တည်ပုံ
  • ပျားရည် ဗနီကာ  ဆား သကြား ရေကျက်အေးတို့ကို သမအောင် ရောမွှေကာ အချဉ်အတွက် အရသာ စပ်ပေးပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်စောင်းစောင်း လှီးထားပါ
  • မုံလာဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပန်းပွင့်ပုံဖော်ကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဖန်ပုလင်းကို ရေဆေးပြီး အခြောက်ခံထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ လှီးထားသော အသီးအရွက်များကို အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပေးပြီး အရသာ စပ်ထားသော အချဉ်ရည်ကို မြုပ်အောင်လောင်းထည့်ပေးပါ
  • စပ်ထားသော အချဉ်ရည်ထည့်စဉ် အသီးအရွက်များ မမြုပ်ပါက ရေကျက်အေးနှင့် မြုပ်အောင် လောင်းထည့်ပေးပါ
  • မနက်ပိုင်း အချဉ်တည်ပြီး ညနေ (သို့မဟုတ်) နောက်နေ့ဆိုရင် စားလို့ရပါပြီ
  • တခါထဲ မကုန်ပါက ရက်ကြာကြာ ထားပြီးစားနိုင်အောင် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထားပြီးစားနိုင်ပါတယ်။

No comments:

Post a Comment