Wednesday, 20 September 2017

အမဲနှစ်လုံးပြုပ်



ဟင်းချက်ဖို့ စဉ်းစားလို့ မရတဲ့ရက်တွေမှာ ဈေးမှာပါတ်ချာလည်နေရင်း ကြံရာမရတဲ့အဆုံး တွေ့တာတွေ ခြင်းထဲကောက်ထည့်လာရတာမျိုးလဲ ဖြစ်တတ်ပါတယ်။

ဒီနေ့တော့ အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တခါတလေ စားဖြစ်တဲ့ အမဲနှစ်လုံးလေးတွေ ဝယ်လာကာ ကြက်သွန်ဖြူ စပါးလင် ချင်းတို့နဲ့ ပြုပ်ကာ အချဉ်ရည်လေးစပ်ပြီး စားဖြစ်တဲ့အတွက် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • အမဲနှစ်လုံး  - ၂ခု
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ချင်းခပ်ပါးပါး - လေးပြား
  • စပါးလင် -၂ပင်
  • ကြက်သွန်ဖြူ အလုံးလိုက် - ၂ဥ
အချဉ်ရည်စပ်ရန်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း 
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • သံပုရာရည် - စားနိုင်သလောက်
  • အားလုံးကို ဇလုံတခုထဲထည့်ပြီး သမအောင် ရောမွှေထားပါ

ပြင်ဆင်ပုံ
  1. အမဲနှစ်လုံးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ ဆား ဟင်းချိုမှုန့် နနွင်းမှုန်တို့နှင့်နယ်ပြီး ၁၀မိနစ်လောက်ထားပါ
  2. စပါးလင်ကို အပင်လိုက်ရေဆေးပြီး အထုံးထုံးကာ မညက်တညက် ထုထားပါ
  3. ချင်းကိုရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  4. ကြက်သွန်ဖြူ အလုံးလိုက်ကို အပြင်ခွံ နဲနဲချွတ်ကာ ရေဆေးထားပါ
  5. အမဲနှစ်လုံး အရသာဝင်လောက်တာနဲ့ ကြက်သွန်ဖြူ အလုံးလိုက် ထုထားသော စပါးလင် ချင်းပြားနှင့် ရေ အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  6. အိုးမကပ်စေရန် သတိထားတည်ပေးပါ
  7. အရင်ဆုံး ထည့်ထားသော လုံးရည်ခမ်းတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့ထိ ပြုပ်ပေးပါ
  8. အသားနူးလာပြီး ရေမခမ်းခင်လေးမှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  9. ရေခမ်းလျှင် အိုးကပ်သွားနိုင်တဲ့အတွက် ရေမခမ်းခင် မီးပိတ်ပေးပါ
  10. ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးပေးကာ မိမိနှစ်သက်သော ကြက်သွန်ဖြူ ကြက်သွန်နီ အချဉ်ရည်တို့နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Tuesday, 19 September 2017

ဝက်နံရိုးကြော်










ဒီတခါတော့ နေ့လည်နေ့ခင်း သားအမိတစ်တွေ စကားပြောရင်း စားဖို့အတွက် ဝက်နံရိုးလေးကြော်လေး ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး ကြော်ရတာ လွယ်ကူတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသားထူသော ဝက်နံရိုး  -  500g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၂ခွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ
  • ချင်းအရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၅လုံးသာသာ
ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ချင်းရည် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် ဖြစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • မုန့်နှစ်အရမ်းမပျစ် အရမ်းမကျဲစေရန်အတွက် ရေကိုချင့်ချိန်ထဲ့ပြီး လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဝက်နံရိုးကို ရေဆေးကာ ရေစစ်ထားပြီး ပုံပါအတိုင်း တလက်မသာသာ အနေတော်တုံးပေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဝက်နံရိုးကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဝက်နံရိုးမုန့်နှစ်လူးကိုတတုံးခြင်း ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်းများပါက ဝက်နံရိုးမှာ ကပ်နေသော အသားများ မကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ဝက်နံရိုးကြော် တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်နံရိုးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားလို့ရပါပြီ။

Monday, 18 September 2017

ဝက်ခေါက်ကြော် ကြွတ်ကြွတ်လေး








ဝက်ခေါက်ကြော် စားချင်လို့ တခါတလေလေး ကြော်ပါတယ် ဇကောတချပ်နဲ့ကာလိုက် ပြေးလိုက်ရတာ အမောပါဘဲ ဆီကပေါက်လိုက် ဇကောနဲ့ကာလိုက် ဆီစဉ်မှာဆိုးလို့ ပြေးလိုက် ကြော်ပြီးပန်တော့ ဆေးလိုက်ရတဲ့ မီးဖိုနဲ့ ကြမ်းပြင်တခုလုံး နာရီနဲ့ချီပြီး ဆေးလိုက်ရပေမဲ့ အချိန်တန်တော့လဲ ဝက်ခေါက်ကြော်လေးတော့ ဖြစ်လာတာပါဘဲ။

ပါဝင်ပစ္စည်းများ
  • ဝက်ခေါက် - 1kg
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ထက်ရည်ဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - တလက်မခန့် 
  • နာနတ်ပွင့် -၃ ပွင့်
  • ကရဝေးရွက် - ၅ရွက်
  • ဖာလာ - ၃စေ့
  • ဆီ - ၀က်သားမြုပ်လုနီးပါးထည့်ရန်
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ၀က်ခေါက်မြုပ်နိုင်ရုံ ရေတ၀က်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ ၀က်ခေါက် ဆား နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ပေးပါ
  • အိုးအဖုံးကို အပြည့်မအုပ်ဘဲ မိနစ်၃၀ခန့် ပြုပ်ပေးပါ
  • ၀က်ခေါက်ပြုပ်ထားစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ 
  • အခေါက်ပျော့လာပါက ရေထဲမှဆယ်ပြီး အခေါက်ကို နေရာအနှံ့ ခက်ရင်းဖြင့် လိုက်ထိုးပေးပါ
  • ၀က်ခေါက်မှ ထွက်လာသော အရည်များကို စစ်ပေးပြီး ခြောက်သွားအောင် ၃ နာရီခန့် လေသလပ် ခံပေးထားပါ
  • လေသလပ်ခံထားသော ဝက်ခေါက်များ ရေစစ်သွားပါက မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးကာ အချိုမှုန့် ဆားတို့နှင့် သင့်တော်သလို နယ်ပေးပါ
  • အရည်များ ထပ်မံထွက်လာနိုင်သေးတဲ့အတွက် အရည်စစ်နိုင်မည့် ဇကာပေါ်မှာ တင်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ဇောက်နက်ပြီး အိုးအသားထူသော အိုးတလုံးကို အပူပေးပါ
  • ထိုအိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားသော ဝက်ခေါက်ကို နည်းနည်းခြင်း ထည့်ကြော်ပေးပါ
  • ဆီထဲထည့်ပေးပြီးပါက ဝက်ခေါက်မှ ဝက်ဆီများ ပေါက်ထွက်တတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး အုပ်ပေးပြီးမှ ကြော်ပေးပါ
  • နောက်တဖက် လှန်တော့မယ်ဆိုရင် မီးကိုပိတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပြီး နောက်တဖက်ကို လှန်ပေးပါ
  • တဖက်ကို လှန်ပေးပြီးမှ မီးကိုပြန်ဖွင့်ပေးပြီး ဆက်ကြော်ပေးပါ
  • ဆီပေါက်ပြီး လူကိုစင်စေနိုင်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • မိမိလှီးထားသော ဝက်ခေါက်အထူအပါးအပေါ် မူတည်ပြီး ကြော်ချိန်ကို ချင့်ချိန်ပြီး ကြော်ပေးပါ
  • တခါတရံ မိမိသုံးသော မီးဖို အပူချိန် ကွာဟမှု ရှိနိုင်သောကြောင့် ကြော်ချိန်ကိုလဲ လိုတိုးပိုလျှော့ လုပ်ပေးပါ
  • ဝက်ခေါက်များ မွပြီးကြွတ်လာကာ အညိုရောင်ဘက် သန်းလာပါက ဆီစစ်ဇကာထဲသို့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီး အေးသွားပါက ဝက်ခေါက်ကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရှမ်းခေါက်ဆွဲ မုန့်တီနှင့် အချဉ်နှင့် တို့ပြီးစားနိုင်ပါပြီ။

Sunday, 17 September 2017

ဝက်သားပြားကြော်


ဒီတခါတော့ ဝယ်လာတဲ့ ဝက်သားတွေထဲက အသားပြားလေးတွေ ခပ်ပါးပါးလှီးပြီး တန်ပူရာမှုန့်လေးနဲ့နယ်ကာ အသားပြားကြော်လေး ကြော်စားမိပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းမို့လို့ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အဆီမပါသော ဝက်သား  -  250g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ (လိုတိုးပိုလျှော့ လုပ်ပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၅လုံးသာသာ
ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဝက်သားကို အတုံးလိုက် ရေဆေးကာ ခပ်ပြားပြား ပါးပါးလေးတွေ ပုံပါအတိုင်း အနေတော်တုံးပေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ လှီးထားသော ဝက်သားကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဝက်သားမုန့်နှစ်လူးကိုတတုံးခြင်း ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်းများပါက ဝက်သားမကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ဝက်သားပြားကြော် တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်သားပြားကြော် ကြွတ်ကြွတ် ရွရွလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားလို့ရပါပြီ။

Saturday, 16 September 2017

ချိုချဉ်ငံစပ် သရက်ယို


သရက်သီးခြောက်လေးတွေ လှမ်းထားတာ အခုလိုရာသီးမျိုးမှာ အရမ်းဘဲ အသုံးဝင်ပါတယ် ယိုထိုးစားမလား ဟင်းချက်စားမလား အရမ်းကို အစဉ်ပြေတဲ့ သရက်သီး ခြောက်လေးတွေပါ ဒီနေ့တော့ သရက်သီးခြောက်ကို ထန်းလျှက်ခဲနဲ့ ယိုထိုးနည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီးခြောက် - 350g
  • ထန်းလျှက်ခဲ - 200 g (အချိုကြိုက်ပါက ပိုထဲ့ပေးပါ)
  • ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • လေးညှင်း - ၂ပွင့်
  • ဖာလာ - ၂ခု
  • စမုံစပါး - အနည်းငယ်

ပြင်ဆင်ပုံ
  1. သရက်သီးခြောက်ကို ရေနှင့်တထပ်လောက် ဆေးပေးကာ ပေါင်းဇကာထဲထည့်ပြီး ရေနွေးဆူဆူနှင့် တနာရီလောက် ပေါင်းပေးပါ
  2.  သရက်သီးခြောက်များ ပျော့လာပါက ပေါင်းအိုးကို မီးပိတ်ထားပါ 
  3. လေးညှင်း ဖာလာ စမုံစပါးတို့ကို မီးအေးအေးနှင့် မွှေးလာအောင် လှော်ထားပါ
  4. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတကျ ကျိုပါ
  5. ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးအသန့်တလုံးထဲ ပြန်ထည့်ပါ
  6. ထန်းလျှက်ရည်ထဲသို့ပေါင်းထားသော သရက်သီးများ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါးတို့ထည့်မွှေပေးပြီး ထန်းလျှက်ရည် ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ
  7. ထန်းလျှက်ရည် ခမ်းလာကာ သရက်ယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပြီး စားသုံးနိုင်ပါပြီ။

Friday, 15 September 2017

ငှက်​​ပျော​ပေါင်း ချိုချိုလေး





ဒီငှက်ပျောပေါင်းလေးက အုန်းသီးမှုန့် နွားနို့နဲ့ သကြားတို့ ရောပြီး ပေါင်းထားတဲ့အတွက် အရသာ တမျိုးထူးပြီး စားလို့အရမ်း ကောင်းပါတယ် မိမိနှစ်သက်ရာ ငှက်ပျောသီးကို ပေါင်းနိုင်ပြီး ပေါင်းမည့်ငှက်ပျောသီး အမျိုးအစား အချိုအရသာနှင့် အပျော့အမာပေါ် မူတည်ကာ သကြား ရေနှင့်နို့ကို ချင့်ချိန်ထည့်ပေးပြီး ပေါင်းနိုင်ပါတယ်။

မာမာကတော့ အရသာအလွန်ချိုတဲ့ သီး​မွှေးငှက်ေ​ပျာသီး အမှည့်ကို ပေါင်းတာဖြစ်တဲ့အတွက် သကြားကို လျှော့ထည့်ထားသလို ရခိုင်ငှက်ပျောသီးလို ပေါင်းချိန်မကြာဘဲ ပေါင်းချိန်မြန်ပါတယ် ရခိုင်ငှက်ပျောသီးကို ပေါင်းမယ်ဆိုရင်တော့ အသားမာပြီး အချိုပေါ့တဲ့အတွက် သကြား နွားနို့နှင့် ရေကိုပိုထည့်ပြီး ပေါင်းစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သီး​မွှေးငှက်ပျောသီး အမှည့် - ၆လုံး 
  • သကြား - ၅ကျပ်သားခန့်
  • အုံးသီးဖတ် ခြစ်ပြီးသား - မိမိနှစ်သက်သလောက်
  • ကျိုပြီးသားနွားနို့ - ၁ လီတာ
  • ဆား - အနည်းငယ်
  • ရေ - တလီတာခန့်


  • ပြုလုပ်နည်း

    • ငှက်ပျောသီးကို အခွံခွာထားပါ
    • အုန်းသီးမှုန့်နှင့်အတူ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့် ပြင်ထားပါ
    • ငှက်ပျောပေါင်း ပြုလုပ်မည့် အိုးထဲမှာနွားနို့ ရေ သကြားနှင့် ဆားအနည်းငယ်တို့ကို တည်ပါ
    • သီး​မွှေးငှက်ပျောသီးက အချိုလေးတဲ့အတွက် သကြားကို လျှော့ထည့်ထားပါတယ်
    • ရခိုင်ငှက်ပျောသီးကို ပေါင်းမယ်ဆိုရင်တော့ သကြားကို ပိုပြီးထည့်ပေးပါ
    • အရည်ကျိုနေစဉ် နွားနို့ပါတဲ့အတွက် ဝေမကျအောင် သတိထားပြီး တည်ပေးပါ
    • သကြားနှင့် ဆားတို့ အရည်ပျော်သွားပါက သကြားရည်ထဲတွင် အခွံခွာထားသော ငှက်ပျောသီးများထည့်ပြီး မီးအေးအေးဖြင့် တည်ထားပေးပါ
    • ငှက်ပျောသီးများ ပျော့လာပြီး အချိုရည်များ ၀င်သွားအောင် တည်ထားပေးပါ
    • နွားနို့မှ မလိုင်ဖတ်လေးတွေ တက်လာပြီး အရည်ပြစ်လာပါက အုန်းသီးမှုန့် ထည့်​မွှေပေးကာ မီးပိတ်ပေးပါ
    • စိမ့်ပြီးချိုနေသော ငှက်ပျောပေါင်းကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

    Thursday, 14 September 2017

    ဟင်းချက်အနှစ် (ဒုတိယနည်း)










    အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် တပါတ်စာ တာရှည်ခံ ငရုတ်​သီးထောင်းလေး အဆင်သင့်ရစေဖို့ရာ အားလပ်ရက်လေးမှာ ပြင်ဆင်ထားနိုင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်၊၊

    အရင်တခါက ရေခဲသေတ္တာ အသုံးပြုသူတွေအတွက် ပြင်ဆင်ထားနိုင်တဲ့ နည်းဖြစ်ပြီး ဒီတခါတော့  ​ရေခဲ​သေတ္တာ အဆင်မပြေတဲ့ သူတွေအတွက် အဆင်ပြေစေတဲ့ နည်းလေးပါ။

    တပါတ်စာအတွက် မိမိချက်မည့် ဟင်းအပေါ် မူတည်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ချင့်ချိန်ပြီး ထောင်းပေး ကြိတ်ပေးနိုင်င်ပါတယ် ဟင်းအနှစ်အရသာက တယောက်နဲ့တယောက် အကြိုက်ခြင်း မတူနိုင်တဲ့အတွက်ကြောင့် မိမိနှစ်သက်ရာ အမွှေးအကြိုင်များကိုထည့်ပြီး ထောင်းနိုင် ကြိတ်နိုင်ပါတယ်။

    ပါဝင်ပစ္စည်းများနှင့်ပြင်ဆင်ပုံ

    • ငရုတ်​သီး အ​ရောင်​တင်​မှုန့် ​ထမင်းစားဇွန်း ၄ဇွန်း
    • ကြက်​သွန်​ဖြူ အမွှာကြီးကြီး အမွှာ ၂ဝခန့် ကို အခွံခွာပြီး ရေဆေးထားပါ
    • ကြက်​သွန်​နီ အလုံးကြီးကြီး ၆လုံးခန့်ကို အခွံခွာပြီး ရေဆေးထားပါ
    • ချင်း ၃လက်မခန့်ကို အခွံခွာပြီး ရေဆေးထားပါ 
    • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
    • စပါးလင် နှစ်သက်ပါက စပါးလင်ထည့်ပေးပါ
    • ဆား ထမင်းစားဇွန်း တဇွန်းခွဲ
    • ဆီ လိုသလောက် သုံးပေးပါ
    • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
    • ဗလင်​ဒါနှင့် ကြိတ်မည်ဆိုပါက ပစ္စည်းများအားလုံးကို ဗလင်ဒါထဲထည့်ပြီး မိမိနှစ်​သက်​တဲ့ အ​နေအထားရ​အောင်​ ကြိတ်​ပေးပါ
    • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
    • လိုချင်သည့် အနေအထားရပါက ငရုတ်​သီးမှုန့်နှင့်​ အ​မွှေးအကြိုင်​များထည့်​ကာ ကြိတ်​ထားသော ဟင်းအနှစ်အား ဇလုံသန့်သန့်ထဲ ထည့်ပေးကာ ဆားနှင့်ဆီထည့်ကာ သမအောင် နယ်ပေးပါ
    • အားလုံးသမသွားပြီ ဆိုတာနဲ့ ငရုတ်သီးထောင်းကို ဆီမြုပ်အောင် ဆီများများထပ်ထည့်ပေးပြီး ဇကာသန့်သန့်လေးနှင့် အုပ်ထားပေးပါ
    • ဆီမမြုပ်ပါက အပေါ်ယံတွေ မည်းလာတတ်ပြီး မှိုတက်နိုင်တဲ့အတွက် သတိထားပြီး ဆီများများ ထည့်ပေးပါ
    • ဟင်းချက်မည် ဆိုပါကလဲ ဆီစိမ်ထားသော ငရုတ်သီးပန်းကန်ကို ရေခြောက်နေသောဇွန်းဖြင့် လိုသလောက် ခပ်ယူပေးပါ
    • အရသာ ထည့်ထားသော ငရုတ်သီးများကို ဇလုံသန့်သန့်ထဲသို့ ကုန်အောင်ထည့်ပြီးတာနဲ့ ဗလင်​ဒါကို ​ရေအနည်းငယ်​နဲ့ကျင်းပြီး ဟင်းချက်​ရာတွင်​ သုံးရန်​အတွက်​ ထိုအရည်​ကိုလဲ လေလုံအိတ်ထဲထည့်ကာ ​ရေခဲ​သေတ္တာထဲမှာ ထည့်ခဲထားပါ
    • ဆီစိမ်ထားသော ငရုတ်သီးထောင်းထဲအား ရေမဝင်အောင် သတိပြုပြီး သိမ်းထားပါက တပါတ်စာအတွက် ဟင်းအနှစ်ကို  ဟင်းချက်ရန်အတွက် အဆင်သင့် သိမ်းထားနိုင်ပါပြီ
    • ငရုတ်သီးအထဲမှာ ဆားပါဝင်နေသောကြောင့် ဟင်းချက်ရာတွင် အရသာအတွက် ဆားကိုအနည်းငယ် လျှော့သုံးရန်လဲ သတိပြုပေးစေချင်ပါတယ်။

    Wednesday, 13 September 2017

    ငါးခြောက်ဟင်း ​မွှေး​မွှေး​လေး




    ခရမ်းချဉ်သီးနဲ့ ငါးခြောက်ကို ချဉ်စပ်လေးချက်ပြီး ထမင်းစားရတာ အရမ်းမိန်တတ်တဲ့ ဟင်းတမယ်မို့လို့ ဒီနေ့တော့ ငါးခြောက်ဆီပြန် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    • ငါးခြောက် - 500g (အသားထူသော ငါးခြောက် )
    • ​​​ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး
    • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
    • ကြက်သွန်နီ - အလုံးကြီးကြီး ၁လုံး
    • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
    • ချင်း - ခပ်ပါးပါး ၂ပြား
    • နံနံပင် - နှစ်သက်သလောက်
    • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
    • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ( လိုအပ်မှ ထည့်ပေးပါ)
    • ဆီ - ဟင်းခတ်ဇွန်းကြီး ၁ဇွန်း

    ပြင်ဆင်ပုံ

    • ငါးခြောက်ကို ခုတ်ရလွယ်စေရန်နှင့် အငံပေါ့စေရန် အကောင်လိုက် တနာရီလောက် ရေစိမ်ပေးထားပါ
    • ရေစိမ်ထားသော ငါးခြောက် ပျော့လာတာနဲ့ တလက်မသာသာလောက် အနေတော် ခုတ်ထားပေးပါ
    • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
    • ငရုတ်သီးအရောင်တင်မှုန့်နှင့် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ရောထောင်းထားပါ
    • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး  ခပ်ပါးပါးလှီးပေးပါ
    • နံနံပင်ကို ရေဆေးထားပါ
    • ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
    • ဆီပူလာတာနဲ့မီးအနေတော် လျှော့ပေးပြီး ထောင်းထားသော ငရုတ်သီးအရောထောင်းတို့ကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
    • ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
    • ခရမ်းချဉ်သီးများကျေလာပြီး အိလာတာနဲ့ ဆား အရသာမှုန့်တို့နှင့်အတူ ခုတ်ထားသော ငါးခြောက်ကို ထည့်ပေးပါ
    • ခရမ်းချဉ်သီးနှင့် ငါးခြောက်တို့ကို လုံးမိအောင် အထက်အောင် ၃ခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ၂မိနစ်လောက် တည်ပေးပါ
    • ဆီသတ်ထားချိန် အိုးမကပ်စေရန်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
    • ငါးခြောက်ဆီသတ်ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
    • ငါးခြောက်က အစထဲက အငံဓါတ်ပါပြီးသား ဖြစ်တဲ့အတွက် အငံကို ချင့်ချိန်ထည့်ပေးပါ
    • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်တာနဲ့ နံနံပင် အုပ်ပေးပါ
    • ပြီးတာနဲ့ မီးပိတ်ပေးပြီး နံနံပင်နံ့ သင်းနေတဲ့ ငါးခြောက်ဟင်း  ​မွှေး​မွှေး​လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။

    Sunday, 10 September 2017

    ဆန်လှော်နည်း






    ဒီ​နေ့မနက်​ အိပ်​ယာက ​စော​စောထ အိမ်​စာပါတာ​တွေလုပ်​ပြီး အချိန်​ပို​နေတာနဲ့ မုန့်​ဟင်းခါးချက်​ရင်​ထည့်​ဖို့ ဆန်​​လှော်​မှုန့်​နဲ့ ဆန်​​လှော်​ဆန်​ပြုပ်​ ပြုပ်​ချင်​ရင်​ အဆင်​သင့်​ရ​အောင်ဆိုပြီး​ ဆန်ကို​​လှော်​ပြီး အ​အေးခံ ပုလင်း​လေး​တွေထဲ ထည့်​ပြီး သိမ်းထားလိုက်​တယ်။
    ဆန်လှော်မှုန့် အလွယ်​တကူ ၀ယ်​လို့မရနိုင်​တဲ့​ နေရာနဲ့ သန့်​သန့်​ပြန့်​ပြန့်​ စားချင်​သူ​တွေအတွက်​ အရမ်းအဆင်​​ပြေတဲ့ နည်း​လေးဖြစ်ပြီး facebook မှာ ဆန်လှော်မှုန့် လုပ်နည်းလေး လာမေးကြတဲ့ သူတွေအတွက်ရော မသိကြသေးတဲ့ သူတွေ အတွက်ပါ ရေးပေးလိုက်ပါတယ်။

    ပြင်​ဆင်​ပုံ

    • ဆန်​ကို​ရေမ​ဆေးဘဲ အ​ခြောက်​​လှော်​ဖို့အတွက်​ အိုးတလုံးထဲကို ထည့်​ပါ
    • မာမာက​တော့ တခါ​လှော်​ရင်​ ဆန်​​လှော်​ဆန်​ပြုပ်​ရယ်​ ဆန်​​လှော်​မှုန့်​ရယ်​အတွက်​ ၃ကီလိုအထုတ်​​လေး တထုတ်​စာကို ​လှော်​ပါတယ်
    • စပြီး လှော်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
    • အသားပါးတဲ့ ဒယ်အိုးဆိုရင် ဆန်ကသေချာ မကျက်ဘဲ ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်
    • ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ​လှော်​ပေးပါ
    • မီးပြင်းရင်​ အ​ရောင်​မည်းပြီး ကျွမ်းလွယ်​တဲ့အတွက်​ မီးအ​နေ​တော်​နဲ့ ​လှော်​တာ အ​ကောင်းဆုံးပါ
    • ​လှော်​​နေစဉ်​ အကျက်​ညီ​စေရန် သစ်သားယောင်းမဖြင့်​ အဆက်မပြတ်  ​မွှေ​မွှေ​ပေးပါ
    • ဆန်​သားအားလုံး ​ရွှေအို​ရောင်​ သန်းလာပြီဆိုရင်​ ဇလုံကျယ်ကျယ် (သို့မဟုတ်​) လင်​ဗန်း ( သို့မဟုတ်) စ​ကောထဲကိုထည့်​ပြီး အ​အေးခံပါ
    • အအေးခံ​ထား​သော ဆန်​လှော်များကို ဆန်လှော်ဆန်ပြုပ် ပြုပ်ရန်အတွက် ​လေလုံပြီး ​ခြောက်​​သွေ့​သော ဖန်​ပုလင်းထဲမှာထည့်​ပြီး လိုအပ်​​သောအချိန်​ သုံးနိုင်​ရန်​ သိမ်းထားနိုင်​ပါတယ်
    • ဆန်လှော် ထမင်းပေါင်းအိုး ဆန်ချင်ဘူး တဗူးခွဲလောက်ဆို မိသားစု ၃ယောက် လုံလောက်စွာ သုံးဆောင်နိုင်ပါတယ်​။

    Saturday, 9 September 2017

    ကြက်ဥ ချဉ်ရည်ဟင်း


    ထမင်းမိန်ပြီး စားလို့ကောင်းစေတဲ့ လွယ်ကူမြန်ဆန် ချက်နိုင်သော ကြက်ဥချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်သော ပစ္စည်းများ

    • ပြုပ်ပြီးအခွံခွာကာ ထားသောဘဲဥ( သို့) ကြက်ဥ - ၆လုံး
    • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
    • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
    • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
    • ရေစိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
    • မဆလာ - အနေတော်
    • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
    • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
    • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
    ချက်နည်းလေးကိုပြောပါမယ်
    • ဆီကိုနနွင်းမှုန့်ထဲ့ကာ အပူပေးပါ
    • ကြက်ဥများကို အနှစ်မထွက်စေရန် အပ်ခြည်ကြိုးနှင့် ထက်ခြမ်းခွဲပေးထားပါ
    • လိုအပ်သော အရာများကို အဆင်သင့် ပြင်ထားပါ
    • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနျှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
    • ကြက်ဥကြော်ထားသော ဆီထဲမှာဘဲ ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ထဲ့ကာ မွှေးလာတဲ့ထိဆီသတ်ပေးပါ
    • ငရုတ်သီးနံ့မွှေးလာတာနဲ့ငါးငံပြာရညကို  တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
    • ငံပြာရည်နံ့သင်းလာတာနဲ့ ရေကို အနေတော်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
    • ရေပွက်ပွက် ဆူလာတာနဲ့ မကျည်းသီးမှည့် အရည်ကိုထည့်ပေးပါ
    • အရသာ ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပေးပြီး လိုသလို ပြင်ပေးကာ ကြက်ဥအခြမ်းလေးများကိုအသာအယာ ထည့်ပေးပါ
    • ဟင်းရည် အနေအထာ အနေတော်ရပြီဆိုတာနဲ့ ဆီကျန်ရေကျန်ထားပြီး မဆလာအုပ်ကာ မီးပိတ်ပေးနိုင်ပါပြီ။

    Friday, 8 September 2017

    မှိုအစပ်ဟင်း



    မနေ့က ဈေးကိုသွားတော့ shimeji မှိုလေးတွေ ရလာခဲ့တယ် အိမ်ရောက်တော့ မှိုကြိုက်တဲ့ သမီးကို ဘယ်လိုလေး စားချင်လဲလို့ မေးလိုက်တယ် ငရုတ်သီးလေးနဲ့ အစပ်လေး ချက်စားရင် ကောင်းမယ်တဲ့။

    ဒါနဲ့ဘဲ ဝါးလိုက်ရင် ဝါးလို့ကောင်း စားလို့ကောင်းတဲ့ မှိုလေးကို ခပ်စပ်စပ်လေး ချက်ပေးလိုက်မိတယ် သတ်သတ်လွတ် ဟင်းလေးဖြစ်လို့ လွယ်ကူမြန်ဆန် မာမာ ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်၊၊

    ပါဝင်ပစ္စည်းများ

    • မှို - 500g
    • ငရုတ်သီး အရောင်တင်မှုန့်အစပ် - လက်ဖက်ရည်ဇွန်း တ၀က်
    • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
    • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
    • ကြက်သွန်ဖြူ -၂မွှာ
    • ကြက်သွန်နီ - တခြမ်း
    ပြင်ဆင်ပုံ
    1. မှိုကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
    2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ
    3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
    4. ဒယ်အိုးတလုံးကို အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပါ
    5. ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပါ
    6. ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကိုထည့်ကြော်ပါ
    7. ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ
    8. မှိုများနွမ်းလာတာနဲ့ အရည်အနည်းငယ်ထည့်ကာ ရေဆူအောင် တည်ပေးပါ
    9. ရေပွက်ပွက်ဆူလာတာနဲ့ ကိုယ်လိုချင်သလောက် ရေထည့်ကာ အရသာမြည်း၍ လိုသလိုပြင်ပေးပါ
    10. ရေလဲပွက်ပွက်ဆူလာပြီး အရသာလဲ အနေတော်ရပြီဆိုရင် မှိုအစပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။

    Thursday, 7 September 2017

    ဟင်းချက်အနှစ်






    အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် တပါတ်စာ ငရုတ်​သီးထောင်းလေး အဆင်သင့်ရစေဖို့ အားလပ်ရက်လေးမှာ ပြင်ဆင်ထားနိုင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်၊၊

    တပါတ်စာအတွက် မိမိချက်မည့် ဟင်းအပေါ် မူတည်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ချင့်ချိန်ပြီး ထောင်းပေး ကြိတ်ပေးနိုင်င်ပါတယ် ဟင်းအနှစ်အရသာက တယောက်နဲ့တယောက် အကြိုက်ခြင်းမတူနိုင်တဲ့အတွက်ကြောင့် မိမိနှစ်သက်ရာ အမွှေးအကြိုင်များကိုထည့်ပြီး ထောင်းနိုင်ကြိတ်နိုင်ပါတယ်။

    ပါဝင်ပစ္စည်းများ

    • ငရုတ်​သီး အ​ရောင်​တင်​မှုန့်   ​ထမင်းစားဇွန်း ၄ဇွန်း
    • ကြက်​သွန်​ဖြူ အမွှာကြီးကြီး အမွှာ ၂ဝခန့် ကို အခွံခွာပြီး ရေဆေးထားပါ
    • ကြက်​သွန်​နီ အလုံးကြီးကြီး ၆လုံးခန့်ကို အခွံခွာပြီး ရေဆေးထားပါ
    • ချင်း ၃လက်မခန့်ကို အခွံခွာပြီး ရေဆေးထားပါ 
    • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
    • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
    • ဗလင်​ဒါနှင့် ကြိတ်မည်ဆိုပါက ဗလင်ဒါထဲထည့်ပြီး မိမိနှစ်​သက်​တဲ့ အ​နေအထားရ​အောင်​ ကြိတ်​ပေးပါ
    • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
    • လိုချင်သည့် အနေအထားရပါက အားလုံးအဆင်​သင့်​ ဖြစ်​တာနဲ့ တခါချက်​စာ အထုတ်​လေး​တွေကို လေလုံသော အိတ်​လေးများထဲ ထည့်​​ပေးပါ
    • ငရုတ်သီးများ ကုန်အောင်ထည့်ပြီးတာနဲ့ ဗလင်​ဒါကို ​ရေအနည်းငယ်​နဲ့ကျင်းပြီး ဟင်းချက်​ရာတွင်​ သုံးရန်​အတွက်​ ထိုအရည်​ကိုလဲ လေလုံအိတ်ထဲထည့်ကာ ​ရေခဲ​သေတ္တာထဲမှာ ထည့်ခဲထားပါ
    • တပါတ်​စာ ငရုတ်​သီးမှုန့်နှင့်​ အ​မွှေးအကြိုင်​များထည့်​ကာ ကြိတ်​ထားသော တ​ခါချက်​စာ အထုတ်​​လေး​တွေထုတ်၍ ခဲထားရန်​ အဆင်သင့်​​ရပါက ရေခဲသေတ္တာ ခဲသောအကန့်ထဲမှာ ထည့်သိမ်းထားပါ
    • ဟင်းချက်မည်ဆိုပါက ထိုအထုတ်လေးကို ၂နာရီလောက် ကြိုထုတ်ထားပေးပါ
    • ခဲနေတာတွေ ပျော်လာပါက ဟင်းချက်ရန်အတွက် ငရုတ်သီးထောင်းကို အဆင်သင့် ရပါပြီ။

    Wednesday, 6 September 2017

    ကန်စွန်းရွက် ကြက်သားကြော်


    များသောအားဖြင့် ကန်စွန်းရွက်ကို သတ်သတ်လွတ်လေးဘဲ ကြော်ဖြစ်တာ များပါတယ် ဒီနေ့တော့ အသားလေးနဲ ကြော်ဖြစ်လို့ လွယ်ကူမြန်ဆန် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ
    • ကန်စွန်းရွက် - လက်တဆုတ်စာ တစည်း
    • ကြက်ရင်ပုံသား - သင့်တော်ရုံ
    • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
    • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
    • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
    • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ
    • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
    ပြင်ဆင်ပုံ
    1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
    2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
    3. ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
    4. အားလုံးအဆင်သင့် ဖြစ်ပါကကြက်ရင်ပုံသားနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    5. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
    6. ဆီအငွေ့ တက်လာတာနဲ့ နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
    7. ပြီးတာနဲ့ ကြက်သားကို ၃မိနစ်လောက် ထည့်ကြော်လိုက်ပါ
    8. ကြက်သားကျက်တာနဲ့ သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး ငရုတ်သီးစိမ်းကို ထည့်ကြော်ပေးပါ
    9. ပြီးတာနဲ့ ကန်စွန်းရွက်များ ထည့်ပြီးတာနဲ့ အချိုမှုန့်ထည့်မွှေပါ
    10. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။