Friday 26 June 2015

အစုံသုပ်









အသားဟင်းတွေ စားရတာ ငြီးငွေ့လာတဲ့ အခါမျိုးမှာ အခုလို အစုံသုပ်လေးကို ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားရတာလဲ အပြောင်းအလဲလေး တစ်ခုမို့လို့  မြန်မာ့လျှာ မြန်မာ့ခံတွင်း အတွက်တော့ နတ်သုဒ္ဒါ တစ်မျှပါဘဲ မာမာကတော့ အဲဒီလို အသုပ်မျိုးဆိုရင် ထမင်းလွတ် စားလေ့ရှိပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျောက်ပွင့် - လက်တစ်ဆုတ်စာ
  2. ဂေါ်ဖီ - အနေတော် တစ်စိတ်
  3. သင်္ဘောသီးအစိမ်း - အနေတော် တစ်ခြမ်း
  4. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
  5. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  6. ဆန်ကြာဇံ - 150 g
  7. ခေါက်ဆွဲ - 150 g
  8. ကြက်သွန်ဖြူ  - နှစ်သက်သလောက်
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  10. သံပုရာသီး - နှစ်သက်သလောက်
  11. ပဲငံပြာရည် အနောက်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း

ဆီချက် ချက်ရန်
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့် ထည့်ပေးကာ အပူပေးပါ
  • င်္ဆပူလာတာနဲ့ လှီးထားသော ကြက်သွန်ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံပေးပါ
  • ဆီချက်ကိုလဲ အအေးခံပေးကာ နှစ်မျိုးလုံး အေးသွားတော့မှ ပြန်ပြီး ရောပေးထားပါ
ပြင်ဆင်ရန်
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ မပျော့လွန်း မမာလွန်း အနေတော် ရအောင်ပြုပ်ပြီး ရေနွေးသွန်ကာ ရေအေးနှင့် ၄ထပ်လောက်ဆေးပြီး ရေစစ်ကာ ပဲငံပြာရည် အနောက်နှင့် နယ်ထားပေးပါ 
  • ဆန်ကြာဇံကို မပြုပ်မီ ရေတနာရီလောက် ကြိုပြီးစိမ်ကာ ရေနွေးဆူဆူထဲ နနွှင်းမှုန့်အနည်းငယ် ထည့်ပြီး တစ်မိနစ်လောက်ပြုပ်ကာ ရေနွေးသွန်ပြီး ရေအေးသုံးထပ်လောက်နဲ့ဆေးကာ ရေစစ်ထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါး လှီးပေးထားပါ
  • သင်္ဘောသီး အစိမ်းကို အခွံခွာကာ ရေစင်အောင်ဆေးပြီး သင်္ဘောခြစ်နှင့်ခြစ်ကာ ခြစ်ပြီးသားများကို ရေ၁၀မိနစ်လောက် စိမ်ထားပြီး ရေစစ်ထားပါ
  • ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး နောက်ထပ် ရေဆေးကာ ရေစစ်ထားပါ
  • ကျောက်ပွင့်ကို ရေ တစ်နာရီလောက် စိမ်ပြီး ပွလာပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • သံပုရာသီး (မကျီးမှည့်အနှစ်အစား သံပုရာရည်ကို သုံးထားပါတယ် )
ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်းကာ မီးနွေးနွေးနဲ့ တည်ထားပါ
တစ်ပွဲစာပြင်ရန်
  • ဇလုံတစ်လုံးထဲမှာ ခေါက်ဆွဲ ကြာဇံ ဂေါ်ဖီ အာလူး ကြက်သွန်နီ ကျောက်ပွင့် သင်္ဘောသီးတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ သံပုရည် ထမင်းစားဇွန်း တစ်ဝက်သာသာတို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

Monday 22 June 2015

မုန့်ဗိုင်းတောင့်



ဆန်မှုန့်

ရေနှင့်ဆန်မှုန့်ကို စေးပိုင်သွားအောင် နယ်ပေးပါ

ရေပွက်ပွက်ဆူနေသော အထဲမှာ 
မုန့်သားကြည်လာတဲ့အထိ ပြုပ်ပေးပါ

မုန့်သားပြုပ်ပြီးသားကို ဆီနှင့်သမအောင်
 နယ်ပေးပါ

နှပ်ထားပြီးသား မုန့်သားကိုအနေတော်ယူကာ 
လက်ဝါးနှစ်ဖက်နှင့် ပွတ်ပေးပါ

ပဲဆုတ်အစား ကပ်ကြေးကိုက်လေးစားရအောင်
လက်ဆုတ်လေးလဲ ထည့်ပေါင်းနိုင်ပါတယ်

ပေါင်းဇကာထဲကို အ၀တ်စ သန့်သန့်
ခင်းပြီး မုန့်များကို ထည့်ပေးပါ

မုန့်များကို အ၀တ်စဖြင့်အုပ်ကာ မိနစ်၂၀မှ 
၂၅မိနစ်အကြား ပေါင်းပေးပါ

မုန့်သားကြည်ပြီး အိလာပြီဆိုရင် ရပါပြီ


ပဲဆီမွှေးမွှေးလေးဆမ်းကာ နှမ်းထောင်း
အုန်းသီးမှုန့်တို့နှင့်စားသုံးနိုင်ပါပြီ

ဒီနေ့တော့ ရာသီဥတု အေးအေးလေးမှာ မုန့်ဗိုင်းတောင့် ပူပူလေး စားချင်လာတာနဲ့ ကိုယ်စားချင်တာလေး ကိုယ်လုပ်စားတယ်ပေါ့နော် မာမာ အခုလုပ်တဲ့ နည်းလေးက မြန်မာ့ရိုးရာ နည်းစစ်စစ်လေးပါ ပေါင်းအိုးလေး ရှိရုံနဲ့ ဖြစ်သလို မိုက်ကရိုဝေ့ မလိုသလို ထုံးရည်ကြည်လဲ မလိုပါဘူး ရိုးရိုးလေးပါဘဲ လုပ်ရတာ လွယ်သလို စားရတာလဲ အင်မတန်ကောင်းပါတယ်။

မြန်မာပြည်မှာ နေတုံးက မုန့်ဗိုင်းတောင့် ရောင်းတဲ့မုန့်သည်လေးနဲ့ ခင်နေတော့ သူ့ကို လုပ်နည်းလေး မေးပါတယ် သူက ဆရာ စားမချန် ပြောပြပေးတဲ့အတွက် သူပြောပြတဲ့ နည်းအတိုင်းလေး လုပ်ထားပါတယ် မုန့်ဗိုင်းတောင့်က ဆန်တော့ နည်းနည်းရွေးပါတယ် မြန်မာပြည်က ပေါ်ဆန်းမွှေး ဆန်မျိုးဆိုရင်တော့ ပိုပြီးကောင်းပါတယ်။

မာမာကတော့ အခု ထိုင်းကလာတဲ့ ဆန်မှုန့်နဲ့ဘဲ လုပ်ထားပါတယ် ပေါ်ဆန်းမွှေးလို မမွှေးပေမဲ့ စားလို့တော့ အရမ်းကို ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ




  1. ဆန်မှုန့် - 2 cups
  2. ရေ - ဆန်မှုန့်ချင်သောခွက် 1 cup
  3. ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  4. နှမ်းထောင်း - မိမိနှစ်သက်သလောက်
  5. အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
  6. ပဲဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ဆန်မှုန့်ကို ဇလုံကျယ်ကျယ်ထဲထည့်ပြီး ရေနည်းနည်းခြင်းထည့်ကာ စေးလာတဲ့ထိ နယ်ပေးပါ
  • ဆန်မှုန့်အပျော့ အမာပေါ် မူတည်ပြီး ရေကို လိုတိုးပိုလျော့ လုပ်ပေးပါ
  • ဆန်မှုန့်နှင့်ရေ ရောပြီးနယ်ပြီးပါက အလုံးလေးတွေရအောင် လက်နှစ်ဖက်နှင့် ဆုတ်ဆုတ်ပြီး လုံးလိုက်ပါ
  • ဇောက်နက်သော အိုးတလုံးထဲ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက လုံးထားသော မုန့်လုံးကို ထည့်ပြီး အဖုံးအုပ်ပြီး တည်ပေးပါ
  • အကြာကြီး တည်စရာမလိုဘဲ ၄မိနစ်လောက်နေရင် အဖုံးဖွင့်ကြည့်ပါ 
  • မုန့်သား အကြည်ရောင်ကို ပြောင်းလာပါက ဇလုံတလုံးထဲကို ဆယ်ထဲ့ပါ
  • မုန့်သားကို သစ်သားယောင်းမနှင့် ထိုးချေပေးပြီး ဆီထည့်ကာ လက်နှင့်အားပါပါ ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • လက်ဖနှောင့်နှင့်ဖိလိုက် လက်နှင့်ဆုတ်ပြီးနယ်လိုက်ကို ၅မိနစ်လောက်လုပ်ပြီး မုန့်သားစေးကပ်လာပါက မုန့်လုပ်ဖို့ ပြင်နိုင်ပါပြီ
  • လက်ညှိုးလက်မ လက်ခလယ် လက်၃ချောင်းနှင့် မုန်းသားကို အနေတော်ယူကာ လက်ဖ၀ါးနှစ်ဖက်နှင့် ပွတ်ပေးပါ
  • လုံးချောသော မုန့်ဗိုင်းတောင့် မုန့်သားချောချောလေးလေးတွေ ရလာပါမယ်
  • အားလုံးပြီးပါက ပေါင်းအိုးဇကာထဲကို အ၀တ်စသန့်သန့်ခင်းပြီး မုန့်များကိုထည့်ပေးပါ
  • အောက်ခံအိုးထဲ ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူနေအော အိုးပေါ်သို့ မုန့်သားထည့်ထားသော ပေါင်းဇကာကိုတင်ပြီး မိနစ်၂၀မှ ၂၅မိနစ်အတွင်း ပေါင်းပေးပါ
  • မုန့်သားများ ကြည်လာပြီး ပျော့အိလာပါက ပဲဆီဆမ်းကာ နှမ်းထောင်း အုန်းသီးမှုန့်တို့နဲ့နှစ်သက်သလို စားသုံးနိုင်ပါပြီ
  • ပဲဆုတ်အစား ရိုးရိုးမုန့်သားကို လက်နှင့်ဆုတ်ပြီး ထည့်ပေါင်းကာ ကျက်သွားပါက ကပ်ကြေးနှင့်ညှပ်ကာ ပဲဆီဆမ်းပြီး နှမ်းထောင်း အုန်းသီးမှုန့်တို့လဲ နယ်ပြီးစားနိုင်ပါတယ် အရသာတူပေမဲ့ ၀ါးရတာ အရသာမတူတဲ့ အဆန်းလေးလဲ လုပ်စားနိုင်ပါတယ်
  • ပဲအရသာ ကြိုက်သူများကတော့ ပဲလွန်းပြုပ်နဲ့နယ်ပြီး ပဲဆုတ်လေး လုပ်စားနိုင်ပါတယ်။

Thursday 18 June 2015

ပုဇွန်ထုတ် အုန်းနို့ နန်းပြား






ဒီနေ့တော့ နန်းပြားဖတ်လေးတွေ သုပ်စားဖို့ ဝယ်လာရင်းက အုန်းနို့ဟင်းရည်လေး ဆမ်းပြီးစားချင်တာနဲ့ ပုဇွန်ထုတ်နဲ့ အုန်းနို့ ဟင်းရည်လေး ချက်ပါတယ် ကြက်သားမစားတဲ့ သူတွေအတွက် အဆင်ပြေတဲ့ ဟင်းချက်နည်းလေးပါ။

ချက်နည်းကတော့ ကြက်သားနဲ့ချက်တဲ့ နည်းအတိုင်းပါဘဲ ဒါပေမဲ့ ဒီနေ့တော့ အလုပ်မအားတဲ့ သူတွေအတွက် အလွယ်အမြန် အုန်းနို့ဟင်းရည် ချက်နည်းလေးလဲ ရေးပေးပါ့မယ် အလွယ် ချက်နည်းလို့ ပြောလို့ စားမကောင်းမှာ မပူနဲ့နော် ပဲပြုပ်ပြီး ချက်တာထက်တောင် ပိုပြီးကောင်းပါတယ်။

ဒီတစ်ခါတော့ ခေါက်ဆွဲအစား နန်းပြားဖတ်နဲ့ စားဖို့ပြင်ထားပါတယ် တကယ်တော့ ခေါက်ဆွဲကုန်နေတာ သွားဝယ်ရမှာ ပျင်းလို့ နန်းပြားဖတ်နဲ့ပြင်လိုက်တာပါ ဒါပေမဲ့ ကြာဇံကြီးကဲ့သို့ အလွန်ကောင်းပြီး အင်မတန်မှ လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ (၅ယောက်စာ )

  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်ဥ (နန်းပြားဟင်းရည်ဆမ်းထဲ ထည့်စားရန်)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး (ဆီသတ်ရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄ မွှာ
  5. ကြက်သွန်နီ - အလုံးသေး ၇ ဥ
  6. အုန်းဆီ ချက်ပြီးသား - ထမင်းစားဇွန်း ၃ဇွန်းသာသာ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ငံပြာရည်  - ထမင်းစားဇွန်း ၄ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  13. နန်းပြားဖတ် - 1500 g
  14. ပုဇွန်ထုတ် - 250 g
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  16. ဘဲဥ - သို့မဟုတ် ကြက်ဥ ၅လုံး (ပြုပ်ပြီးအခွံခွာထားပါ)
  17. သံပုရာသီး - နှစ်လုံး
  18. ကြက်သွန်မိတ် - အနည်းငယ်
ပုဇွန်ဆီသတ်ရန်
  • ပုဇွန်ကို ခေါင်း အမြှီး အခွံ ကြောမှအမည်းကြောင်းများကို ဖယ်ကာ ရေစင်အောင်ဆေးပါ
  • ရေဆေးပြီးပါက ပုဇွန်ထုတ်ကို ကြောဖက်မှနေ၍ အောက်အထိ ထက်ခြမ်းခြမ်းပေးပါ
  • ပုဇွန်တကောင်ကို ၂ခုရအောင် ခြမ်းလိုက်ပါ
  • ကြက်သွန်နီ အလုံးကြီး သုံးလုံးကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေေေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နွမ်းအောင်ထည့်ကြော်ပေးပါ
  • ကြက်သွန်များနွမ်းပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ပုဇွန် ငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း ထည့်ကာ ဆီသတ်ပေးပါ
  • ဆီပြန်လာပါက ရပါပြီ
အုန်းဆီချက်ရန်
  • အုန်းသီးကို သုံးပါက အုန်းသီးကို ခြစ်နဲ့ခြစ်ပြီး အုန်းသီးမှုန့်များကို ရေနွေးပူပူလေး နဲနဲခြင်းလောင်းပြီး နယ်ပါ
  • ရေနွေးကို နည်းနည်းခြင်းဘဲ ထည့်ပြီးနယ်လိုက် အရည်ယူလိုက် လုပ်ပါ
  • ရေအရမ်းများစေရန် သတိထားပြီးနယ်ပါ
  •  ရေများပါက အုန်းဆီချက်လျှင် ကြာတတ်ပါတယ်
  • အုန်းနို့များ ထွက်လာပါက အဖတ်များ မပါအောင် အ၀တ်ပါးထဲ ထည့်ပြီး ညှစ်ချပါ
  • ရလာသော အုန်းနို့ကို ဆီထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး အုန်းဆီဖတ်လေး ရတဲ့အထိ အုန်းဆီချက်ပေးထားပါ
  • Ready made အုန်းနို့ဗူးကို သုံးပါက အုန်းနို့ကို အိုးထဲပြောင်းထည့်ပြီး ဆီထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး အုန်းဆီဖတ်လေးများ ရတဲ့အထိ ချက်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
ဟင်းရည်ချက်ရန်
  • ကုလားပဲ အစိမ်းမှုန့်ကို ရေ 2 cups နှင့် ကျေအောင်ဖျော်ပေးပါ
  • ပဲများကျေသွားပါက မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
  • ၅မိနစိလောက် မွှေပေးပြီးပါက ပဲများ ဥလာပြီဆိုရင် ဆီသတ်ထားသော ပုဇွန်ကို ဟင်းရည်အိုးထဲကို ထည့်ပါ
  • အခွံခွာထားသော ကြက်သွန်နီ ဥလေးများထည့်ပါ
  • ရေ 5 cups ထည့်ပြီး ဆား ငံပြာရည် သကြားတို့ထည့်ကာ ဟင်းရည်ဆူအောင် တည်ပါ
  • ဟင်းရည်ဆူကာ ကြက်သွန်ဥလေးများ နူးပါက အပေါ့အငံမြည်းပြီး ပြုပ်ပြီးသား ဘဲဥတလုံးကို ပါးပါးလှီးထည့်ကာ မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ
တပွဲစာပြင်ရန်
  • ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • ဘဲဥကိုပြုပ်ထားပြီး အနေတော် လှီးထားပေးပါ
  • ငရုတ်သီးအလှော်မှုန့် လိုသလောက်ထည့်ပေးပါ
  • သံပုရာသီးကို အစိတ်လေးများ စိတ်ထားပေးပါ
  • ငရုတ်သီးအလှော်မှုန့်ကို ပြင်ထားပေးပါ
  • ကြက်သွန်မိတ်ကို လှီးထားပေးပါ
  • နန်းပြားဖတ်ကို ပြင်ထားပါ
  • အကြော် ငါးဖယ်ကြော်တို့ကို နှစ်သက်ပါက ပြင်ထားပေးပါ
  • ပန်းကန်တခုထဲ နန်းပြားဖတ်ထည့်ကာ အားလုံးကို အနည်းငယ်စီ ထည့်ပေးထားပြီး ဟင်းရည်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

ခရမ်းကဇော့သီးနှပ်





ဒီနေ့တော့ ခရမ်းကစော့သီးလေးတွေကို နှပ်ပါတယ် ခရမ်းကစော့သီးက အစိမ်းတို့ မီးအုံးတို့ ငပိရည်ဖျော် ငပိချက်ချက် ဟင်းချက်သလို နှပ်စားစား အဆင်ပြေတဲ့ အသီးလေးပါ ဒါကြောင့်မို့လို့ ခရမ်းသီးနှပ်သလို နှပ်ထားပါတယ် ထမင်းပူပူမှာ ငပိရည်မွှေးမွှေး ငရုတ်သီးစပ်စပ်လေးနဲ့ နယ်ဖတ်ပြီးစားလို့ကတော့ တောထမင်း တောဟင်းလေးမို့ ထမင်းကို မြိန်စေမှာ ဖြစ်ပါတယ်။
ပါ၀င်ပစ္စည်းများ
  1. ခရမ်းကစော့သီး - အခိုင်ကြီးကြီး ဆယ်ခိုင်ခန့်
  2. ပုဇွန်ခြောက် - ဆယ့်ငါးကောင်ခန့်
  3. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ခရမ်းကစော့သီးကို ကြေသွားအောင် တစ်လုံးခြင်း ငရုတ်ကျည်ပွေ့နှင့် ထုပေးပါ
  • အားလုံးပြီးသွားပါက အညှာများ ခြွေကာ ရေ ၁၅မိနစ်လောက် စိမ်ထားပြီး ရေ ရှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးလို့ထွက်လာသော အစေ့များကို သွန်ပြစ်ပါ အသားကိုဘဲယူပါ
  • ပုဇွန်ခြောက်ကို ရေစိမ်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  • ကြက်သွန်နီကို ပါးပါးလှီးပေးပါ
  • ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက အိုးကိုအပူပေးပြီး ဆီ နှင့် နနွင်းမှုန့်တို့ထည့်ပါ
  • ဆီပူလာပါက ကြက်သွန်အဖြူ  အနီကို နွမ်းရုံလေး ကြော်ပေးပါ
  • ကြက်သွန်များနွမ်းပါက ပုဇွန်ခြောက်ကို တစ်မိနစ်သာသာလောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးများကို ထည့်ပြီးမွှေပေးပါ
  • တစ်မိနစ်လောက် မွှေပြီးတာနဲ့ဆား အရသာမှုန့်နှင့် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းပါက နူးမနူး စမ်းကြည့်ပါ မနူးသေးရင် ရေထပ်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက စားသုံးနိူင်ပါပြီ။

ပုဇွန်လုံးကြော်


ဒီနေ့တော့ နံနံပင် ပုဇွန်လုံးကြော် မွှေးမွှေးလေး ကြော်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တာမို့ ကြော်စားကြည့်စေချင်ပါတယ် မာမာကတော့ ပုဇွန်ထုတ်ကို သုံးထားပြီး ပုဇွန်ခေါင်းချိုး ပုဇွန်ဆတ်ထုတ် ပုဇွန်ဘော့ချိတ် ပုဇွန်ဆိတ်လေးတွေနဲ့လည်း ကြော်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချင်း - လက်တစ်ရဲ့တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်ဥ - တစ်လုံး
  7. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း မောက်မောက်
  8. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. နံနံပင် - အနည်းငယ်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ဆီ - လိုသလောက် သုံေးပေးပါ
  12. မုန့်ညှင်းရွက် - လိုသလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို အခွံခွာ အမြှီးဖြုတ် ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမဲကြောင်းကို ဖယ်ပေးပါ
  • အားလုံးပြီးလျှင် ရေတထပ်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်ဥကို ပန်းကန်ထဲ ထည့်ထားပြီး အနှစ်နှင့် အကာကို သပ်သပ်စီ ခွဲထားပါ
  • ပုဇွန်ရေစစ်ပါက ဗလင်ဒါထဲမှာ ချင်း ပုဇွန် ကြက်ဥအကာ အရသာမှုန့် ဆား နနွင်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ နံနံပင် ပြောင်းကော်မှုန့်တို့တင်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်လို့ပြီးပါက ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီလောက် နှပ်ထားပေးပါ
  • နှပ်ထားချိန် ပြည့်တာနဲ့ ထမင်းစားဇွန်း တဇွန်းစာယူပြီး ဆုတ်ကာလုံးပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက လုံးထားသော ပုဇွန်ကို မထည့်ခင် မီးကို အနေတော် ပြန်လျှော့ပေးပြီးမှ ပုဇွန်လုံးကို ထည့်ကြော်ပါ
  • တဖက်ကျက်တာနဲ့နောက်တဖက်လှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါ  ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday 12 June 2015

ငါးဆုတ် ချဉ်ရည်ဟင်း








ဒီနေ့တော့ ဘာဆာငါးကို ငါးဖယ်အရသာအတိုင်း တစ်ထပ်ထည်းရအောင် ချက်ထားလိုက်တဲ့ ချဉ်ရည်ဟင်း ချက်နည်း ပြင်ဆင်ပုံလေး မျှဝေချင်ပါတယ်။

ငါးဖယ်အစစ် မရနိုင်တဲ့နေရာမှာ အခုလို ဘာဆာငါးကို ဗလင်ဒါထဲ ထည့်ပြီးကြိတ် အနေတော် အလုံးလေးတွေလုံးပြီး တစ်ညသိပ်လောက် ရေခဲသေတ္တာထဲမှာ နှပ်ထားရင် ငါးဖယ်အစစ်လိုဘဲ အထပ်လိုက် အလွှာလိုက် ရနိုင်ပြီး အရမ်းကို စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း (အားလုံးကိုရောပြီး တစ်မိနစ်စီ တစ်ခါကြိတ် တစ်ခါနားလုပ်ပြီး ၁၅မိနစ်လောက် ကြိတ်ပေးထားပါ ဘလင်ဒါ အဆင်မပြေပါက ဇလုံကျယ်ကျယ်ထဲမှာ အချက် ၂၀၀၀လောက် ပေါက်ပေးပါ)
ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများ

  • နုတ်နုတ်စဉ်းထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • မကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
လိုအပ်သော အသီးအရွက်
  • ရုန်းပတေသီး  -၂၀တောင့်
  • ခရမ်းသီး - အသေး ၄လုံး
  • ရှမ်းနံနံ - နှစ်သက်သလောက်
ချက်ပြုပ်ရန်ပြင်ဆင်ပုံ
  • ဘာဆာငါးကို ကြိတ်ပြီး အနေတော်လုံးကာ ရေခဲသေတ္တာ အောက်ထပ်မှာ တစ်ညအိပ် နှပ်ထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ချက်ရန် အဆင်သင့်ဖြစ်ပါက အောက်ခြေမကပ်ဘဲ ဇောက်နက်သော အိုးတလုံးကို အပူပေးပါ
  • အိုးထဲကို ဆီထည့်ပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးတို့ကို မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးဆုတ်ကို အစိမ်းထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နေစဉ် ရေမပါတဲ့အတွက် အောက်ခြေမကပ်အောင် ဆက်တိုက်မွှေပေးပါ
  • ငါးဆုပ်များ ပွလာပြီး အရောင်ပြောင်းလာပါက ရေအနည်းငယ်ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မကျီးမှည့်ရည် ငံပြာရည် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • အရသာဝင်လောက်ပြီဆိုတာနဲ့ ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့ ရုံးပနေသီး ခရမ်းသီးတို့ထည့်ပြီး ၅မိနစ်လောက်တည်ပေးပါ
  • အသီးများ အရမ်းမနူးခင် ရှမ်းနံနံရွက် အုပ်ကာ မီးပိတ်ပြီး အရသာမြည်း၍ သုံးဆောင်နိုင်ပါပြီ။

Tuesday 9 June 2015

ငရုတ်ကောင်း ငါးခူဆီပြန် မွှေးမွှေးလေး




ငါးခူဟင်းချက်တိုင်း အမေ့လက်ရာကို မှီပါ့မလားဆိုတဲ့ အတွေးက အမြဲတမ်းရှိခဲ့ပါတယ် ငါးခူချက်တိုင်း အမေချက်သလို ချက်တဲ့အတွက် အမေ့နီးပါး ကောင်းနေတဲ့အတွက် အမြဲတမ်းလဲ ကျေးဇူးတွေ တင်နေမိခဲ့ပါတယ်။

တော်ရုံတန်ရုံဆို  ငါးဟင်းကို အိမ်ကချက်တာ မဟုတ်ရင် စားခဲပါတယ် အိမ်မှာချက်ရင်လဲ ပြီးစလွယ် ဟင်းဖြစ်ရင်ပြီးရော ချက်ခဲတော့ ငါးချက်တိုင်း အချိန်တော့ ပိုပေးရပါတယ်။

ငါးခူဟင်းချက်ရင် သတိထားရတာက  ငါးကို အညှိလုံးထုတ်ပြီး ခပ်ပါးပါး လှီးရတာပါဘဲ အညှိလုံး မထုတ်မိရင် ဟင်းက ညှီနံ့ပြင်းသလို ခပ်ထူထူလှီးရင်လဲ ဟင်းချက်ပြီးတဲ့အခါ အသားက ဖုံပွပွကြီး ဖြစ်နေတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးခူ - 1000 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ငရုတ်ကောင်း - အစေ့ ၂၀ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ငါးအရသာ နယ်ရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးနယ်ဆေးရန်)
  9. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် နှစ်လုံးစာ (တစ်လုံးစာကို ငါးနယ်ဆေးရန် ကျန်တစ်လုံးစာကို ဟင်းချက်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
  12. ဆားကြမ်း ( ထမင်းစားဇွန်း နှစ်ဇွန်း ငါးနယ်ဆေးရန်)
  13. ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ပြင်ဆင်ပုံ
  • အရင်ဆုံး ငါးခူကို ဆူးတောင်ခုတ်ပြီး ဆား နနွင်းထည့်ပြီး အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
  • နောက်တဆင့် မကျီးသီးအမှည့်ထည့်ပြီး ငါးကို အညှိများ ထွက်လာအောင် နယ်ပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ခေါင်းနှင့်ဆူးတောင်ကြားမှ အသားနေရာကို ဓါးနှင့်မွှန်းပြီး အသားထဲမှ အညှိလုံး နီညိုရောင်ကို ညှစ်ထုတ်ပေးပါ 
  • ဆူးတောင်နှစ်၂ဖက်လုံးမှ အညှိလုံးကို ထုတ်ပေးပါ
  • အားလုံးပြီးလျှင် ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေ စောင်းစောင်းလေးတွေလှီးပြီး ရေစင်အောင် ထပ်ဆေးပေးပါ
  • ရေဆေးပြီးပါက ငံပြာရည် နနွင်းမှုန့် ဆားနှင့် အရသာမှုန့်တို့နဲ့ အရသာနယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်နီးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေထည့်ကာ ရေတစ်နာရီလောက် စိမ်ထားပါ
  • ငရုတ်ကောင်းကို အနည်းငယ် လှော်ပေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီ မီးအပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်ကောင်းမှုန့် ငရုတ်သီးမှုန့်တို့ကို ထည့်ကြော်ပါ
  • ငရုတ်သီး အနံ့မွှေးလာပါက ငါးကိုထည့်ပြီး လေးငါးချက်လောက် မွှေပေးပါ 
  • ပြီးတာနဲ့ ငါးအသားများ မာပြီး အရောင်ပြောင်းလာတဲ့ထိ အိုးကိုလှုပ်လှုပ်ပေးပြီး ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အသားများ ကြေမသွားစေရန် မမွှေတော့ဘဲ အိုးကို ကိုင်ပြီးလှုပ်ပေးပါ
  • ငါးအသား မာလာပါက ရေမြုပ်အောင်ထည့် ငံပြာရည်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ရေအနည်းငံ ခမ်းလာပါက မကျည်းမှည့်အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
  • ဆီပြန်လာပါက ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနှင့် ငါးခူချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။

ပဲစိမ်းကြော် ကြွတ်ကြွတ် ရွရွလေး








မနေ့က ရခိုင်မုန့်တီ လုပ်သောက်တော့ ကြော်ဖြစ်တဲ့ အကြော်လေးပါ အရင်တုန်းက ကုလားပဲခြမ်း အ၀ါလေးတွေနဲ့ ကြော်ပါတယ် မနေ့ကတော့ အိမ်မှာရှိနေတဲ့ ပဲခြမ်းအစိမ်းလေးတွေနဲ့ ကြော်ဖြစ်ပါတယ် ပဲအရသာကတော့ အတူတူပါဘဲ ပဲတို့ထုံးစံ စိမ့်စိမ့်လေးပေါ့နော်။

ခပ်ရွရွ ပဲစိမ်းကြော်လေး ရဖို့ကို  ပဲခြမ်းကို တညလုံးရေစိမ်ထားပြီး ကြော်ရပါတယ် ကြော်ပြီးတဲ့အခါ ရွပြီးမွနေတာမို့ အကြော်ဆယ်ချိန်မှာ တော်တော်လေး ချော့ပြီးဆယ်ရပါတယ် အိမ်က သမီးကတော့ သဘောတွေ အကျကြီးကျပြီး တချပ်ပြီးတချပ် စားလေသတည်းပေါ့ရှင်။

ပါဝင်ပစ္စည်းများ (အချပ်ကြီး ၆ချပ်စာ)

  1. ပဲခြမ်းအစိမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးအပြည့်နှင့် နောက်ထပ်လက်တစ်လုံးစာ
  4. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး

ပြင်ဆင်ပုံ
  • ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာနှင့်ဖုံးကာ ညထဲက ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေမကပ်သော ဒယ်အိုး ပဲကြော်တချပ်စာ အနေတော်အိုးကို အပူပေးပါ
  • အိုးပူလာလျှင် ဆီထည့်ပြီး ဆီကို အပူဆက်ပေးပါ
  • ဆီပူလာပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ပြီး ဆီအိုးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှ စပြီး အ၀ိုင်းပုံသဏ္ဌန် လှည့်ပြီး အလယ်ကိုရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးရွလာမှ အသာလေး ဆယ်ပြီး ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သောအချပ်များကို မကြော်ခင် ဆီကို နည်းနည်း အအေးခံပြီးမှ မီးဖိုပေါ် ပြန်တင်ပြီး ပထမအချပ်အတိုင်း ဆက်ကြော်ပေးပါ
  • အားလုံကြော်ပြီး ဆီစစ်သွားပါက နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Friday 5 June 2015

မုန့်ညှင်းဖြူ ကင်မ်ချီ













ရာသီဥတု အေးလာလေလေ အစားအသောက်တွေ စားရတာ မစားချင်လေပါဘဲ ဒါကြောင့်မို့ခံတွင်းလိုက်စေမဲ့ ချိုချဉ်အရသာ ပါမယ်ထင်တာလေးတွေ ဒီနေ့တော့ လုပ်စားဖြစ်ပါတယ်။

ကင်မ်ချီ လုပ်နည်းတွေက ယူကျူ့မှာ အများကြီး ရှိပေမဲ့ ကိုယ့်ပါးစပ်နဲ့ခံတွင်းတည့်နိုင်မဲ့ လုပ်နည်းလေးကို သူတို့ဆီက အခြေခံယူပြီး လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန့်ညှင်းဖြူ - 1000 g
  2. ကြက်သွန်မိတ် - ၁၅ပင်
  3. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  4. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  5. ပုဇွန်ခြောက် - ထမင်းစားဇွန်း ၇ဇွန်းခန့်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  7. ပန်းသီး - တစ်ခြမ်း
  8. ကြက်သွန်နီ - အနေတော် ၂လုံး
  9. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၇ဇွန်း 
  10. ဆား - ထမင်းစားဇွန်း ၈ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ
  • မုန့်ညှင်းဖြူကို တလက်မလောက် အရှည်လေးတွေ လှီးပြီး ရေစင်အောင်ေ ဆပေးပါ
  • ဆားနှင့် ရေအနည်းငယ်ကို ပန်းကန်တခုထဲမှာ ထည့်ပြီးဖျော်ပေးပါ
  •  ဇလုံကျယ်ကျယ် တခုထဲမှာ လှီးထားသော မုန့်ညှင်းဖြူကိုထည့်ပြီး အရည်ဖျော်ထားသော ဆားရည်ဖျန်းကာ နယ်ပေးပြီး ၃နာရီလောက် ဆားရည်စိမ်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တလက်မလောက် အရှည်အနေအထား လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ၈စိတ် စိတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ပန်းသီးကို အခွံခွာပြီး လေးစိတ် စိတ်ထားပါ
  • သကြား ငရုတ်သီးမှုန့်တို့ကို ပြင်ထားပေးပါ
ကင်မ်ချီလုပ်ဖို့ပြင်ပါမယ်
  • ဆားရည်စိမ်ထားသော မုန့်ညှင်းဖြူ ၃နာရီ ပြည့်ပါက ရေနှင့် ၃ကြိမ်လောက် ဆေးပေးပြီး ဇကာနှင့် စစ်ထားပါ
  • ပုဇွန်ခြောက် ပန်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ငံပြာရည်တို့ကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်ပြီးသော အနှစ်ဖတ်များကို ဇလုံတခုထဲ သွန်ချပြီး ငရုတ်သီးမှုန့် သကြား ကြက်သွန်မိတ်တို့နဲ့ ရောမွှေပေးပါ
  • အနှစ်ရပြီ ဆိုပါက ရေစစ်ထားသော မုန့်ညှင်းဖြူနှင့် ရောပြီး သမအောင် မွှေပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ ချက်ခြင်းစားလို့ ရသလို လေလုံလုံ ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပြီး ထားပါက လနှင့်ချီပြီး ထားစားလို့ ရပါတယ်
  • ထမင်းကြော် ခေါက်ဆွဲကြော်များ ထမင်းတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး စားသုံးလို့ ရပါပြီ။
  • အနှစ်ပြုလုပ်ရာမှာ သစ်တော်သီး နှင့် ချင်းတို့ထည့်ပြီးလဲ လုပ်နိုင်ပါတယ်။