Thursday 18 June 2015

ပုဇွန်ထုတ် အုန်းနို့ နန်းပြား






ဒီနေ့တော့ နန်းပြားဖတ်လေးတွေ သုပ်စားဖို့ ဝယ်လာရင်းက အုန်းနို့ဟင်းရည်လေး ဆမ်းပြီးစားချင်တာနဲ့ ပုဇွန်ထုတ်နဲ့ အုန်းနို့ ဟင်းရည်လေး ချက်ပါတယ် ကြက်သားမစားတဲ့ သူတွေအတွက် အဆင်ပြေတဲ့ ဟင်းချက်နည်းလေးပါ။

ချက်နည်းကတော့ ကြက်သားနဲ့ချက်တဲ့ နည်းအတိုင်းပါဘဲ ဒါပေမဲ့ ဒီနေ့တော့ အလုပ်မအားတဲ့ သူတွေအတွက် အလွယ်အမြန် အုန်းနို့ဟင်းရည် ချက်နည်းလေးလဲ ရေးပေးပါ့မယ် အလွယ် ချက်နည်းလို့ ပြောလို့ စားမကောင်းမှာ မပူနဲ့နော် ပဲပြုပ်ပြီး ချက်တာထက်တောင် ပိုပြီးကောင်းပါတယ်။

ဒီတစ်ခါတော့ ခေါက်ဆွဲအစား နန်းပြားဖတ်နဲ့ စားဖို့ပြင်ထားပါတယ် တကယ်တော့ ခေါက်ဆွဲကုန်နေတာ သွားဝယ်ရမှာ ပျင်းလို့ နန်းပြားဖတ်နဲ့ပြင်လိုက်တာပါ ဒါပေမဲ့ ကြာဇံကြီးကဲ့သို့ အလွန်ကောင်းပြီး အင်မတန်မှ လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ (၅ယောက်စာ )

  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်ဥ (နန်းပြားဟင်းရည်ဆမ်းထဲ ထည့်စားရန်)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး (ဆီသတ်ရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄ မွှာ
  5. ကြက်သွန်နီ - အလုံးသေး ၇ ဥ
  6. အုန်းဆီ ချက်ပြီးသား - ထမင်းစားဇွန်း ၃ဇွန်းသာသာ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ငံပြာရည်  - ထမင်းစားဇွန်း ၄ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  13. နန်းပြားဖတ် - 1500 g
  14. ပုဇွန်ထုတ် - 250 g
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  16. ဘဲဥ - သို့မဟုတ် ကြက်ဥ ၅လုံး (ပြုပ်ပြီးအခွံခွာထားပါ)
  17. သံပုရာသီး - နှစ်လုံး
  18. ကြက်သွန်မိတ် - အနည်းငယ်
ပုဇွန်ဆီသတ်ရန်
  • ပုဇွန်ကို ခေါင်း အမြှီး အခွံ ကြောမှအမည်းကြောင်းများကို ဖယ်ကာ ရေစင်အောင်ဆေးပါ
  • ရေဆေးပြီးပါက ပုဇွန်ထုတ်ကို ကြောဖက်မှနေ၍ အောက်အထိ ထက်ခြမ်းခြမ်းပေးပါ
  • ပုဇွန်တကောင်ကို ၂ခုရအောင် ခြမ်းလိုက်ပါ
  • ကြက်သွန်နီ အလုံးကြီး သုံးလုံးကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေေေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နွမ်းအောင်ထည့်ကြော်ပေးပါ
  • ကြက်သွန်များနွမ်းပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် မွှေပေးပါ
  • ငရုတ်သီးနံ့မွှေးလာပါက ပုဇွန် ငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း ထည့်ကာ ဆီသတ်ပေးပါ
  • ဆီပြန်လာပါက ရပါပြီ
အုန်းဆီချက်ရန်
  • အုန်းသီးကို သုံးပါက အုန်းသီးကို ခြစ်နဲ့ခြစ်ပြီး အုန်းသီးမှုန့်များကို ရေနွေးပူပူလေး နဲနဲခြင်းလောင်းပြီး နယ်ပါ
  • ရေနွေးကို နည်းနည်းခြင်းဘဲ ထည့်ပြီးနယ်လိုက် အရည်ယူလိုက် လုပ်ပါ
  • ရေအရမ်းများစေရန် သတိထားပြီးနယ်ပါ
  •  ရေများပါက အုန်းဆီချက်လျှင် ကြာတတ်ပါတယ်
  • အုန်းနို့များ ထွက်လာပါက အဖတ်များ မပါအောင် အ၀တ်ပါးထဲ ထည့်ပြီး ညှစ်ချပါ
  • ရလာသော အုန်းနို့ကို ဆီထမင်းစားဇွန်း ၅ဇွန်းခန့်ထည့်ပြီး အုန်းဆီဖတ်လေး ရတဲ့အထိ အုန်းဆီချက်ပေးထားပါ
  • Ready made အုန်းနို့ဗူးကို သုံးပါက အုန်းနို့ကို အိုးထဲပြောင်းထည့်ပြီး ဆီထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး အုန်းဆီဖတ်လေးများ ရတဲ့အထိ ချက်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ထားပါ။
ဟင်းရည်ချက်ရန်
  • ကုလားပဲ အစိမ်းမှုန့်ကို ရေ 2 cups နှင့် ကျေအောင်ဖျော်ပေးပါ
  • ပဲများကျေသွားပါက မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
  • ၅မိနစိလောက် မွှေပေးပြီးပါက ပဲများ ဥလာပြီဆိုရင် ဆီသတ်ထားသော ပုဇွန်ကို ဟင်းရည်အိုးထဲကို ထည့်ပါ
  • အခွံခွာထားသော ကြက်သွန်နီ ဥလေးများထည့်ပါ
  • ရေ 5 cups ထည့်ပြီး ဆား ငံပြာရည် သကြားတို့ထည့်ကာ ဟင်းရည်ဆူအောင် တည်ပါ
  • ဟင်းရည်ဆူကာ ကြက်သွန်ဥလေးများ နူးပါက အပေါ့အငံမြည်းပြီး ပြုပ်ပြီးသား ဘဲဥတလုံးကို ပါးပါးလှီးထည့်ကာ မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ
တပွဲစာပြင်ရန်
  • ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ
  • ဘဲဥကိုပြုပ်ထားပြီး အနေတော် လှီးထားပေးပါ
  • ငရုတ်သီးအလှော်မှုန့် လိုသလောက်ထည့်ပေးပါ
  • သံပုရာသီးကို အစိတ်လေးများ စိတ်ထားပေးပါ
  • ငရုတ်သီးအလှော်မှုန့်ကို ပြင်ထားပေးပါ
  • ကြက်သွန်မိတ်ကို လှီးထားပေးပါ
  • နန်းပြားဖတ်ကို ပြင်ထားပါ
  • အကြော် ငါးဖယ်ကြော်တို့ကို နှစ်သက်ပါက ပြင်ထားပေးပါ
  • ပန်းကန်တခုထဲ နန်းပြားဖတ်ထည့်ကာ အားလုံးကို အနည်းငယ်စီ ထည့်ပေးထားပြီး ဟင်းရည်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ထူးထူးခြားခြားလေးပဲ မှတ်သွားတယ် မာမာရေ ....

    ReplyDelete
    Replies
    1. ဟုတ်​ကဲ့ပါ တီတင့်ရေ
      သမီးက ကြက်သားမစားတော့ မာမာတယောက် ကြံဖန်ပြီး ချက်နေရတယ်ပေါ့နော် :-D
      ပုဇွန်နဲ့ချက်တာ ကြက်သားထက် ပိုစားလို့ကောင်းတယ် တီတင့်ရေ :-D

      Delete