Thursday, 29 December 2016

တရုတ်စတိုင်လ် ဆန်ပြားကြော်



နွေရာသီရောက်လေတော့ ထမင်းစား ပျက်လာသလိုလို ဖြစ်လာခဲ့တယ် ဒါကြောင့်မို့လို့ ဒီတခါမှာ တရုတိစတိုင်လ် ဆန်ပြားကြော်နည်းနဲ့ ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ခပ်ပါးပါး လှီးထားသော ကြယ်သီးမှို  - အနေတော် ၅ပွင့်
  • ရေစိမ်ပြီး ခပ်ပါးပါးလှီးထားသော ဂျပန်မှို - အခြောက် ၅ပွင့်
  • အသင့်ကြော်နိုင်သောဆန်ပြား - 500g
  • အနေတော်လှီး ထားသော ဘရိုကိုလီ - ၁၀ခက်ခန့်
  • အနေတော် လှီးထားသော ပဲသီး ၅တောင့်ခန့်
  • အနေတော် လှီးထားသော မုံလာဥနီ - တဥ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဗီနီကာ ထမင်းစားဇွန်း တ၀က်သာသာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ခပ်ပါးပါးလှီးထားသော ကြက်ရင်ပုံသား  - ၁၅ခုခန့်
  • ကြက်ဥ - တလုံး
  • သခွားသီး - ခပ်သေးသေး တလုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • သံပုရာသီး - တခြမ်း
သခွားသီးအချဉ်တည်ရန်
  • သခွားသီးကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ငရုတ်သီးစိမ်းကိုလည်း ခပ်ပါးပါးလှီးပါ
  • ပြီးတာနဲ့  ဆားအနည်းငယ်နှင့် သံပုရာညှစ်ပြီး နယ်ထားပါ
ပြင်ဆင်ပုံ

  1. အသင့်ကြော်နိုင်သော ဆန်ပြားကို အဆင်သင့် ပြင်ထားပါ
  2. ကြက်ရင်ပုံသားကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  3. ကြက်သွန်ဖြူကို ခပ်နုတ်နုတ် စဉ်းထားပါ
  4. ကြက်သွန်နီကို အဖတ်လေးတွေ ရအောင်လှီးထားပါ
  5. မှိုကို ခပ်ပါးပါးလှီးထားပါ
  6. ဂျပန်မှိုကို ရေနူးအောင်စိမ်ထားပြီး ခပ်ပါးပါး လှီးထားပါ
  7. ဘရိုကိုလီကို အနေတော် လှီးထားပါ
  8. မုံလာဥနီကို အနေတော် လှီးထားပါ
  9. ကြက်ဥနှင့် ဗီနီကာကို ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက ကြက်သားကို အပေါ်ရံလေး တင်းရုံကြော်ပြီး ဆယ်ထားပါ
  • ထိုဆီထဲမှာဘဲ ကြက်ဥကို ဖောက်ထည့်ပြီး ကျက်အောင်မွှေကြော် ကြော်ပေးပါ
  • ကြက်ဥကြော်ထဲမှာဘဲ ပဲသီး ဘရိုကိုလီ ကြက်သွန်နီ ကြက်သွန်ဖြူ မှို မုံလာဥနီနှင့်မှိုခြောက်တို့ကို တမိနစ်လောက်ဘဲ ကြော်ပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော ကြက်သားကို သုံးမိနစ်လောက်ထည့် ကြော်ပေးပါ
  • နောက်ဆုံးမှ ဆား အရသာမှုန့်နှင့် ဗီနီကာထည့်ပြီး မွှေကြော် ကြော်ပေးပါ
  • အားလုံး သမသွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တမိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ သခွားသီးအချဉ်နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Wednesday, 28 December 2016

အန္ဒိယစတိုင်လ် ကြက်သားဟင်း အစပ်ချက်


ဒီနေ့တော့ ကြက်သားကို အိန္ဒိယစတိုင်လ် မွှေးမွှေးလေး ချက်ဖြစ်လို့ စားမိန်ဖွယ်ရာ ဟင်းလေးတမယ်အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား - 500g 
  • အုန်းနို့ - လက်ဖက်ရည်ပန်းကန်လုံး တလုံး
  • ကရဝေးရွက် - အရွက်ကြီးကြီး ၂ရွက်
  • စမုံစပါး - ၁၀စေ့ခန့်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် 
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - ခပ်ကြီးကြီး ၂ဥ
  • ချင်း - လက်တဆစ်ခန့်
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၂ဇွန်း

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  5. ငရုတ်သီးအရောင်တင်မှုန့် မဆလာ နနွင်းမှုန့် ဆား ကရဝေးရွက် စမှုံစပါး တို့ကိုပြင်ထားပါ
  6. အုန်းနို့နှင့် ခရမ်းချဉ်သီးဆော့ကို ပြင်ထားပါ
  7. ကြက်သားကို အနေတော်တုံးပြီး ရေဆေးထားပါ
ဟင်းချက်ရန် 
  • ဇောက်နက်သော ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ကရဝေးရွက်ကို ထည့်မွှေပါ ပြီးတာနဲ့ စမုံစပါး ကြက်သွန်ဖြူတို့ကို မွှေးလာအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ကြက်သွန်နီကိုထည့်ပြီး နွမ်းအောင် ကြော်လိုက်ပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ရေဆေးထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် မွှေမွှေပေးပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့အထိ ရေမထည့်ဘဲ မွှေပေပြီး ဆီသတ်ပါ
  • ပြီးတာနဲ့ ချင်း မဆလာ ဆား အရသာမှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး မွှေပေးပါ
  • အိုးမကပ်စေရန် မွှေပေးပါ
  • ဆယ်မိနစ်လောက် ဆီသတ်ပြီးတာနဲ့ အုန်းနို့ထည့်မွှေကာ အဖုံးခနအုပ်ထားပါ
  • ဆီသံကြားတာနဲ့ အိုးအဖုံးဖွင့်ပြီး သမအောင် မွှေပေးပါ
  • ဟင်းနံ့မွှေးလာမှ ခရမ်းချဉ်သီးဆော့ထည့်ပြီး မွှေပေးကာ အဖုံးအုပ်ပြီး ထပ်တည်ပေးပါ
  • ပြီးတာနဲ့ ရေကိုမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ဆက်တည်ပေးပါ 
  • ရေပွက်ပွက်ဆူတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိန္ဒိယစတိုင်လ် ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။


Tuesday, 27 December 2016

တရုတ်စတိုင်လ် ကြက်သား ချိုချဉ်ကြော်


ဒီနေ့တော့ ထမင်းစားလို့ မိန်စေမဲ့ ကြက်သားချိုချဉ်ကြော်လေးကို တရုတ်စတိုင်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခပ်ပြားပြား ရှည်ရှည်အတုံးလေးတွေ တုံးထားသောကြက်ရင်ပုံသား - 150g
  • အနေတော် အတုံးလေးတွေ တုံးထားသောမုံလာဥနီ - အနေတော် တဥ
  • အဖတ်လိုက် အနေအထားရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ထက်ခြမ်းခြမ်းကာ ခပ်ထူထူ လှီးထားသော ကြယ်သီးမှို  - ၁၀ဖူး
  • အရှည်လိုက် လှီးထားထေားသောချင်း - လက်တဆစ်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း( ကြက်သားမှာလူးရန်နှင့် ဟင်းချက်ရန် )
  • ဂျုံမှုန့် - ထမင်းစားဇွန်း ၅ဇွန်း (အရသာနယ်ထားသော ကြက်သားကို လူးပေးရန်)
  • သကြားအညို - ထမင်းစားဇွန်း တဇွန်း
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၃ဇွန်း
  • သံပုရာသီး - တခြမ်း
  • ဆီ - စားပွဲတင်ဇွန်းကြီး ၅ဇွန်း (ကြက်သားကြော်ရန်)
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း (ချိုချဉ်ကြော်ရန် )
ကြက်သားအရသာနယ်ရန်
  • ကြက်သားကို အတုံးလိုက်ရေဆေးပြီး လက်နှစ်လုံးလောက် ခပ်ရှည်ရှည်လေးတွေ လှီးထားပါ
  • ကော်မှုန့် ထမင်းစားဇွန်း တဇွန်း ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ တို့ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • အရသာစပ်ထားသော မုန့်နှစ်ထဲမှာ လှီးထားသော ကြက်သားကိုထည့်ပြီး နယ်ပေးထားပါ
ကြက်သားကြော်ရန် ပြင်ဆင်ပုံ

  • ပထမဆုံး ဆီကိုအပူပေးပါ ဆီပူတာနဲ့ ကြက်သားကို ဂျုံမှုန့်ထဲမှာ လူးပေးပြီး တတုံးခြင်း ထဲ့ကြော်ပေးပါ
  • ကြက်သားကို ၃မိနစ်လောက် ကြော်ကာ ရွှေအိုရောင်သန်းတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ

လိုအပ်သော ပစ္စည်းများ ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ လှီးပေးထားပါ
  • မုံလာဥနီနှင့် မှိုတို့ကို ရေဆေးပြီး လှီးထားပါ
  • ခရမ်းချဉ်သီးဆော့ ဆား သကြား ဆား ပဲငံပြာရည် ဆီ သံပုရာသီးတို့ကို ပြင်ထားပါ
  • ကော်မှုန့် ထမင်းစားဇွန်း ၂ဇွန်းကို ရေနှင့်ခပ်ကျဲကျဲလေး ဖျော်ထားပါ

ချိုချဉ်ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူကာချင်း ကြက်သွန်နီ ကြက်သွန်ဖြူ မုံလာဥနီတို့ကို နှစ်မိနစ်လောက် ကြော်ပေးပြီး ဆယ်ထားပါ
  • ထိုအိုးထဲမှာဘဲ သကြား ဆား သံပုရာရည် ပဲငံပြာရည် ခရမ်းချဉ်သီးဆော့တို့ကို မီးအေးအေးနဲ့ ကျိုပေးပါ
  • အားလုံး အရည်ပျော်သွားတာနဲ့ ဖျော်ထားသော ကော်ရည်ကို ထည့်မွှေပေးကာ ပြစ်လာအောင် ကျိုပေးပါ
  • ကော်ရည် ပြစ်လာတာနဲ့ ကြော်ထားသော ကြက်သားကို သမအောင် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်များကို ရောမွှေပေးပါ
  • ကြက်သွန်များ အရမ်းနွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • အရသာရှိစွာ သုံးဆောင်နိုင်သောတရုတ်ဟင်းလျှာ ကြက်သားချိုချဉ် အစိမ်းကြာ်ရပါပြီ။

Monday, 26 December 2016

ကြက်စဥကြော် မွမွလေး



ရာသီဥတု ပူနေလေတော့ ထမင်းစားက မမိန်ချင် ဒီတော့လဲ ကြံဖန်ပြီး ထမင်းစားမိန်အောင် ချက်ရပြန်တာပါဘဲ ဒီနေ့တော့ ကြက်သားကို ကြက်ဥအကာ တန်ပူရာမှုန့်တွေနဲ့ ရောသမလို့ ကြက်စဥလေး ကြော်လိုက်ပါတယ် ကြက်စဥကြော်နဲ့ ကြက်သားလုံး ကြာဇံဟင်းခါးနဲ့က လိုက်ဖက်တဲ့ ဟင်းလေးမို့လို့ ချက်စားကြည့်စေချင်ပါတယ်

ပါဝင်ပစ္စည်းများ

  • အရိုးထွင်ထားသောကြက်ပေါင် - 250g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး (အဆင်ပြေမည့် တန်ပူရာမှုန့်ကို သုံးနိုင်ပါတယ်  )
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တစ်ဆစ်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ဥ - တစ်လုံး
  • ဆီ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံး
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးထွင်ပြီး လက်သည်းခွံသာသာ အတုံးလေးများတုံးပါ
  • ငရုတ်ကောင်း ကြက်သွန်ဖြူ ချင်းတို့ကို ညက်နေအောင် သတ်သတ်စီထောင်းပေးပါ
  • ကြက်ဥကိုအနှစ်ဖယ်ပြီး အကာကို ဖွးဖွားပါအောင် ခေါက်ထားပေးပါ
  • ကြက်သားကို ဆား အရသာမှုန့် ချင်း ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
  • နှစ်သက်ရာ တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပြစ်ပြစ် ဖျော်ထားပါ
  • အရသာနယ်ထားသော ကြက်သားတုံးလေးများကို ခလောက်ထားသော ကြက်ဥအကာထဲမှာ လူးပေးပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့ ကြက်ဥနှင့် အရသာနယ်ထားသော ကြက်သားကို ထဲ့ဖျော်ပေးပါ မုန့်နှစ် အရမ်းပြစ်နေရင် ရေနည်းနည်း ထပ်ရောပေးပါ
  • ဆီကိုမီးအနေတော်နဲ့အပူပေးပါ ဆီပူလာပါက ကြက်သားကို တစ်တုံးခြင်း မုန့်နှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
  • အတုံးလေးများ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်စဥကြော်ကို ဟင်းခါးဟင်းရည်နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Saturday, 24 December 2016

ဗနီလာကိတ် မွှေးမွှေးလေး








နေတွေပူလွန်းတော့ အပြင်သွားရမှာ ကြောက်နေမိတယ် ဈေးဝယ်လဲ မထွက်ဖြစ်လေတော့ အိမ်မှာရှိတာတွေ ဆွဲထုတ်ပြီး ဒီနေ့တော့ ဗနီလာကိတ်လေး ဖုတ်လိုက်ပြန်ပါတယ် ကိတ်သားကတော့ လုပ်နေကျ ဂျုံမုန့်သားစပ်နည်းလေးဘဲ လုပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် - 140g 
  • ထောပတ် -100g
  • Baking powder - 2.5g
  • ကြက်ဥ - ၂လုံး
  • သကြား - 120g
  • နွားနို့ -150ml
  • ဗနီလာ အနံ့အရည်  - လက်ဖက်ရည်၁ ဇွန်း
ပြင်ဆင်ပုံ
  • ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
  • ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး  သေသေချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
  • ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
  • သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ စက်ရှိက စက်နှင့်မွှေပေးပါ
  • ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
  • ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
  • နောက်ဆုံး ကျန်သောနွားနို့နှင့် ဗနီလာအရည် ဂျုံကို မုန့်နှစ်ရအောင် ထည့်မွှေပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲကို baking paper ခင်းပေးပါ 
  • Baking paper ခင်းထားသော ဗန်းထဲသို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
  • အာဗင်ကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
  • အာဗင် ပူလာပြီဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို အာဗင်ထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
  • ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
  • မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်လို့ ဗနီလာကိတ် မွှေးမွှေးလေးကို သုံးဆောင် နိုင်ပါပြီ

Friday, 23 December 2016

ချဉ်ငံစပ် သရက်သီးစိမ်း ငါးကင်ထောင်း



ရာသီဥတုက ပူလာပြီဆိုတော့ ထမင်းစားတွေက ပျက်ချင်လာခဲ့ပြီ ဒီတော့ကာ ထမင်းစားလေး မိန်စေဖို့ ငါးပိနဲ့ငါးကင်လေးကို သရက်သီးစိမ်းလေးနဲ့ထောင်းရအောင် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  • ငါးကင် - ၄ကောင်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငရုတ်သီးစိမ်း အလှော်မှုန့် - စားနိုင်သလောက်
  • သရက်သီးစိမ်း - အနေတော်တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို မွှေးသွားအောင် ကင်ပေးပါ
  2. ပုဇွန်ငါးပိ ကင်ရာတွင် မိုက်ခရိုဝေ့ထဲမှာ တဖက်ကို စက္ကန့်၃၀စီ ၂ခါကင်ပေးနိုင်သလို အောက်ခြေမက်သော ဒယ်အိုးထဲမှာ ထည့်ပြီး အပေါ်ယံမာပြီး မွှေးတယ်ဆိုရုံလေး ကင်ပေးပါ
  3. ငါးကို မလိုတာတွေဖယ်ပြီး ရေစင်အောင်ဆေးကာ ဆားအနည်းငယ်လူးပြီး ၅မိနစ်လောက် ကင်ပေးထားပါ
  4. ငရုတ်သီးစိမ်းကို မွှေးသွားအောင် လှော်ပေးပါ
  5. သရက်သီးကို အညှာဖြုတ်ပြီး ရေ၁၀မိနစ်လောက် စိမ်ထားပါ
  6. ရေစိမ်ထားသော သရက်သီးကို အခွံခွာပြီး ခပ်ထူထူလေးတွေ ပေါက်ပေးပါ
  7. ငါးကင်ကို အရိုးအသား သတ်သတ်စီ ထွင်ပေးထားပါ
  8. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
ငါးပိထောင်းရန်
  1. ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို အရင်ဆုံး မညက်တညက်ထောင်းပါ
  2. ထိုအထဲသို့ ပေါက်ထားသော သရက်သီးစိမ်း ငရုတ်သီး အလှော်မှုန့် ပုဇွန်ငါးပိနှင့် ငါးတို့ကို ထည့်ပြီး ခပ်ဖွဖွ ထည့်ထောင်းပါ
  3. အားလုံး သမသွားပြီဆိုတာနဲ့ သရက်သီးစိမ်း ငါးကင်ထောင်းကို အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ။

Thursday, 22 December 2016

ဆိတ်ရိုးစွပ် မွှေးမွှေးလေး







ဆိတ်ရိုးစွပ်ပြုပ် ပြုပ်နည်းလေး မေးထားတာ ကြာနေပါပြီ စားဖို့လူမညီတာရယ် ပြုပ်စရာအရိုး မရတာရယ်ကြောင့် မပြုပ်ဖြစ်ခဲ့ပေမဲ့ ဒီနေ့တော့ အရိုးအသား တွဲနေတဲ့ ကြောရိုးကိုဘဲ ပြုပ်ဖြစ်တာမို့လို့ ပြုပ်နည်းလေး တင်ပေးလိုက်ပါတယ်။

တချို့က ဆိတ်ရိုးစွပ်ကို ချင်းထည့်ပြုပ်ကြပါတယ် မာမာကတော့ ကရဝေးရွက်ရယ် သစ်ဂျပိုးခေါက်ရယ် ပါနေတဲ့အတွက် ချင်းမထည့်ဘဲ ပြုပ်ထားပါတယ် ထည့်ပြုပ်ချင်သူတွေ ပြုပ်နိုင်အောင် ချင်းအချိုးအစားလေးပါ ရေးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးအသားတွဲနေသော ဆိတ်ရိုး - 1kg
  • ချင်း - ၁ လက်မခန့် 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၂မွှာခန့်
  • ကရဝေးရွက် - ၄ ရွက်ခန့်
  • သစ်ဂျပိုးခေါက် - ၂လက်မခန့်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်


ပြင်ဆင်ပုံ

  • ဆိတ်ရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာခန့်ကို ဓါးပြားရိုက်ထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကို ရေဆေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်ရိုး ချင်း ကရဝေးရွက် ကြက်သွန်ဖြူ ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှပ်များတက်လာပါက အပေါ်ယံအမြှုပ်များ ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုးအနံ့ ပျောက်လာအောင် နာရီဝက်လောက် အရင်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုး အမွှေးနံ့သင်းလာတာနဲ့ ရေလိုသလောက်ထည့်ကာ ဆားနှင့်အချိုမှုန့်ကို သင့်သလို ထည့်ပေးပြီး ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာမြည်းပြီး ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ ဆိတ်ရိုးစွပ်ကောင်းကောင်းလေး ရမှာ ဖြစ်ပါတယ်။
  • အဆင်သင့်ဖြစ်တာနဲ့ ပာင်းရည်သောက်ရန် ငရုတ်သီးတောင့်နီ နံနံပင် သံပုရာသီးတို့ထည့်ကာ ပြင်ပေးနိုင်ပါပြီ။

Tuesday, 20 December 2016

သစ်တော်သီးကိတ်









ဒီတခါတော့ သစ်တော်သီးနဲ့ကိတ်မုန့်လေး ဖုတ်ပါတယ် စားကောင်းလွန်းလို့ နောက်တခါ ထပ်ဖုတ်ဖို့ စိတ်ကူးထဲမှာ ဦးစားပေး စဉ်းစားထားတဲ့ ကိတ်မုန့်ဖုတ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် - 140g 
  • သစ်တော်သီး - တလုံး
  • ထောပတ် -100g
  • Baking powder - 2.5g
  • ကြက်ဥ - ၂လုံး
  • သကြား - 120g
  • နွားနို့ -150ml
  • ဆီ - အနည်းငယ် မုန့်ဖုတ်မည်း ဗန်းကိုသုတ်ပေးရန်
ပြင်ဆင်ပုံ
  • ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
  • ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး  သေသေချာချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
  • ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
  • သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ 
  • မုန့်မွှေသောစက်ရှိပါက စက်နှင့်မွှေပေးပါ
  • ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
  • ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
  • သစ်တော်သီးကို အလုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း လှီးပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲကို ဆီသုတ်ပေးပါ 
  • ဆီသုတ်ထားသော ဗန်းထဲသို့ သစ်တော်သီးစိတ်များ စီပြီးထည့်ပေးပါ
  • သစ်တော်သီးပေါ်သို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
  • အာဗင်ကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
  • အာဗင် ပူလာပြီဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို အာဗင်ထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
  • ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
  • မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်တဲ့အတွက် သစ်တော်သီးကိတ်မုန့် မွှေးမွှေးလေးကို အာဗင်ထဲမှ ထုတ်၍အအေးခံကာ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ

Monday, 19 December 2016

သီးစုံ ပဲကုလားဟင်း


ဟင်းအသစ်လေးတွေ မချက်ဖြစ်တာလဲ ကြာခဲ့ပြီ ကျောင်းတဖက် အိမ်အလုပ်တဖက်နဲ့ ပြေးလွှားနေရလေတော့ ဖြစ်သလိုလေးတွေ စားရတဲ့ရက်က များလာခဲ့ပါတယ် ဒီနေ့တော့ သီးစုံပဲကုလားဟင်းလေးတမယ်ချက်ဖြစ်တာမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

  • ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  • မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • အာလူး - အနေတော် ၃လုံး
  • ခရမ်းသီး - အလုံးကြီးကြီး တလုံး
  • ပန်းဂေါ်ဖီ - အခက်ကြီးကြီး ၃ခက်
  • ပဲသီး - ၁၀တောင့်ခန့်
  • မုံလာဥနီ - ဥကြီးကြီး တဥ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကုလားလေးမဆလာ - တထုတ်
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထားမပျက်အောင် ပြုပ်ပြီးထားပါ
  • မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • အသီးအရွက်များနှင့် အာလူးကို သင့်သလိုလှီးကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသောအာလူးနှင့် အသီးအရွက်များ ဆား ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မာနေသော အသီးအရွက်များ နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေးမဆလာကို ထည့်ပြီးမွှေပေးပါ
  • အသီးအရွက်များ နူးလာတာနဲ့မဆလာနံ့ မွှေးနေသော သီးစုံပဲဟင်း အရည်သောက်ဆမ်းကို  သုံးဆောင်နိုင်ပါပြီ။

Sunday, 18 December 2016

ပုန်းရည်ကြီးသုပ်






ပါဝင်ပစ္စည်းများ

  • ဘရိုကိုလီ - အနေတော်တပွင့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • မုံလာဥနီ - အနေတော် တဥ
  • ပူစီနံ - နှစ်သက်သလောက်
  • သံပုရာသီး - တစိတ်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ခရမ်းချဉ်သီး - အနေတော် တလုံး
  • နှမ်းလှော် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • မြေပဲလှော်ထောင်း - ထမင်းစားဇွန်းမောက်မောက် တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးကာ ၁၀မိနစ်လောက် ရေစိမ်ထားပါ
  2. မုံလာဥနီကို ပါးပါးလှီးပြီး ရေဆေးကာ ၁၀မိနစ်လောက် ရေစိမ်ထားပါ
  3. ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ
  4. ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  5. ပူစီနမ်ကို အနေတော် လှီးထားပါ
  6. မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  7. နှမ်းကို ကျက်အောင်လှော်ထားပါ
  8. ဘေရိုကိုလီကို အနေတော် အခက်လေးများ ရအောင်လှီးပြီး ရေဆေးထားပါ
  9. ဘရိုကိုလီပြုပ်ရန် ရေ အနေတော်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  10. ရေဆူလာတာနဲ့ ဘရိုကိုလီများကို ၃မိနစ်လောက် ထည့်ပြုပ်ပေးပါ
  11. ၃မိနစ်ပြည့်တာနဲ့ ရေနွေးသွန်ပြီး ပြုပ်ထားသော ဘရိုကိုလီများကို ရေအေးနှင့်ဆေးပြီး ရေအေးနှင့် ၁၀မိနစ်လောက် စိမ်ကာစိမ်ကာ အအေးခံလိုက်ပါ
  12. ဘရိုကိုလီများ အေးလာတာနဲ့ ကြက်သွန် မုံလာဥနီ ပူစီနမ် ငရုတ်သီးစိမ်း ခရမ်းချဉ်သီး အချိုမှုန့် နှမ်းလှော် မြေပဲလှော်ထောင်းမှုန့် ငံပြာရည် တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး အသုပ်ကို ခပ်ဖွဖွနယ်ကာ အရသာမြည်းပြီး အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

Monday, 12 December 2016

ပန်ကိတ် မွှေးမွှေးလေး





ကော်ဖီပူပူလေးနဲ့ သောက်နိုင်ဖို့ ဒီတခါတော့ လွယ်ကူမြန်ဆန်တဲ့ ပန်ကိတ်လေး လုပ်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်သောပစ္စည်းများ

  • ဂျုံ - 150g
  • Baking powder - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ - 250ml
  • သကြား - ထမင်းစားဇွန်း ၁ဇွန်း
  • ကြက်ဥ - တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ


ပြင်ဆင်ပုံ

  • အရင်ဆုံး ဇလုံတခုထဲတွင် ဂျုံမှုန့်နှင့် Baking powderကို သမအောင် ရောမွှေပေးပါ
  • ပြီးမှ တခြားပါဝင် ပစ္စည်းများဖြစ်သော သကြား ကြက်ဥ ဆား နှင့် ရေ အားလုံးတို့ကို ရောမွှေလိုညက်ပါ
  • ပန်ကိတ်မုန့်နှစ် အရည်ကို ချောမွေသည်အထိ ခပ်နာနာခလောက်ပေးပါ
  • ပန်ကိတ်မုန့်နှစ် အရည် မပျစ်မကျဲ အနေထား ရနေရပါမယ်
  • ပြီးလျှင် အောက်ခြေမကပ်သော  ဒယ်အိုး (non-stick pan) ကို ဆီအနည်းငယ် သုတ်ပြီး အပူပေးပါ
  • အိုးပူလာတာနဲ့ ပန်ကိတ်အရည်ကို ယောက်ချိုဇွန်း တ၀က်လောက် ထည့်ပေးပြီး အဖုံးခနအုပ်ပေးပါ
  • မုန့်သားပွလာတာနဲ့ နောက်တဖက်ကို လှန်ပေးပြီး  ကြွပ်ရွလာလျှင် ဆယ်ပေးပါ
  • မုန့်နှစ်ရည် ကုန်တဲ့အထိ ပန်ကိတ်များ လုပ်ပေးပါ
  • မုန့်သားအားလုံး ပြီးတာနဲ့ အသင့်စားနိုင်သော ပန်ကိတ် ချိုချိုစိမ့်စိမ့်လေးကို ရရှိပါပြီ။ 



Sunday, 11 December 2016

ခေါက်​ဆွဲသုပ်​ ချဉ်ငံစပ်


အသုပ်စားချင်စိတ် ပေါ်လာတိုင်း ချဉ်ငံစပ် သုပ်စားလိုက်ရမှ အာသီသလေးက ပြေသလိုလို ရှိတတ်တာမို့လို့ ဒီနေ့တော့ ထမင်းပူပူလေးနဲ့စားဖို့ ခေါက်ဆွဲသုပ်လေး သုပ်မိပြန်ပါတယ် အသုပ်ထဲထည့်မည့် ဆီချက်နှင့်အတူ အစာပလာတွေ အကုန်လုံး အဆင်သင့် ရှိတယ်ဆိုရင်တော့ လွယ်ကူမြန်ဆန်စွာ ပြင်ပေးနိုင်တဲ့ အသုပ်ပွဲလေး ဖြစ်လာမှာပါ မာမာကတော့ အသုပ်အမြဲတမ်း စားတာမို့လို့ ဆီချက် ပုဇွန်ခြောက်မှုန့် ငံပြာရည် ပဲအကျက်မှုန့်တို့ကို အမြဲတမ်း အဆင်သင့် ပြင်ထားတတ်ပါတယ် ။

ပါဝင်ပစ္စည်းများ
  • ပြုပ်ပြီးသား ခေါက်ဆွဲ - 1000g
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • ပုဇွန်ခြောက်မှုန့် - လိုသလောက်
  • အရသာမှုန့် - လိုသလောက်
  • ငရုတ်သီး ဆီချက် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးစာ
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး ၂လုံးစာ
  • ငံပြာရည် - လိုသလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးစာ
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
ငရုတ်သီးဆီချက် ချက်ရန်
  • ဒယ်အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို လျှော့ပလိုက်ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးမှုန့်ထည့်ပြီးတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ

ပြင်ဆင်ပုံ

  1. ခေါက်ဆွဲဖတ်ကို ပြင်ထားပါ
  2. မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေနွေးပူပူ လက်ဖက်ရည်ပန်းကန်လုံး တလုံးစာနဲ့ စိမ်ထားပါ
  3. အသုပ်ထဲထည့်ရန် ပါဝင်ရမည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ခေါက်ဆွဲဖတ် တပွဲစာကိုထည့်ပါ
  • ငရုတ်သီးဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း  ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်နယ်ပြီးတာနဲ့ စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

Saturday, 10 December 2016

ဂေါ်ရခါးသီး​ကြော် ကြွတ်ကြွတ်လေး



ဒီနေ့တော့ ဘူးသီးလိုဘဲ စားကောင်းလွန်းတဲ့ ဂေါ်ရခါးသီးကြော်ပြီး အချဉ်ရည်နဲ့စားကြမယ်ပေါ့နော် ကြော်ချိန် မကြာသလို ကြွတ်ကြွတ်ရွရွလေးနဲ့ စားကောင်းလွန်းတဲ့အတွက် နေ့လည်နေ့ခင်း အပျင်းပြေစားရအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂေါ်ရခါးသီး  - ခပ်ကြီးကြီး တလုံး
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၃လုံးသာသာ
ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဂေါ်ရခါးသီးကို အခွံခွာပြီး ရေဆေးကာ လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
  • အရသာစပ်ထားသော မုန့်နှစ်ထဲမှာ ဂေါ်ရခါးသီးကို နှစ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ဂေါ်ရခါးသီးမုန့်နှစ်လူးကို တခုခြင်းထဲ့ပြီး ပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက ဂေါ်ရခါးသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဂေါ်ရခါးသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

Monday, 5 December 2016

ပြည်ထမင်းသုပ်






အသုပ်ဟေ့လို့ ဆိုလိုက်ရင် အသားဟင်း မလိုအောင်ကို စားလို့ကောင်းလို့ မကြာမကြာ သုပ်စားဖြစ်ပါတယ် ဒီတခါတော့ ပြည်ကသူငယ်ချင်း ပြောပြတဲ့ နည်းအတိုင်း သုပ်စားဖြစ်တဲ့ ပြည်ထမင်းသုပ် သုပ်နည်းလေး မျှဝေပေးလိုက်ပါတယ် လိုအပ်နေတဲ့ အမယ်တွေလဲ ပါကောင်းပါနိုင်ပါတယ် အဲဒီလိုဘဲ သုပ်နည်းလေးများ လွဲချော်ခဲ့ရင်တော့ သိတဲ့နည်းလေးကို ပြန်လည်မျှဝေ ပေးတာဖြစ်တဲ့အတွက် နားလည်ပးစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ပဲဆန်ကြာဆန်အခြောက် - 50g
  • ချက်ပြီးသားထမင်း - တရုတ်ဟင်းရည်သောက် ပန်းကန်တလုံးစာ
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ (ဆီချက်ချက်ရန်)
  • နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  • ဆီ - ဆီချက်ချက်ရန် လက်ဖက်ရည်အကြမ်းပန်းကန်တလုံးစာ
  • အရသာမှုန့် - လိုသလောက်
  • ကြက်သွန်ဖြူ ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး တလုံးစာ
  • ငါးငံပြာရည် - လိုသလောက်
  • နံနံပင် - လိုသလောက်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ကြက်သွန်ဖြူ (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် ၅စေ့ခန့်
  • ဂေါ်ဖီ - အနည်းငယ်
ကြာဇံပြုပ်ရန်
  • ပဲကြာဇံကို ရေ တနာရီလောက် စိမ်ထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ကြာဇံကို ရေသွန်ပြီး ကြာဇံအရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် ၃မိနစ်လောက်ကြာတာနဲ့ ရေနွေးကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ၅မွှာကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူများ အ၀ါရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
အသုပ် တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာထမင်းနှင့် ပဲကြာဇံ တပွဲစာထည့်ပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • ပဲကြာဇံထမင်းသုပ် အသုပ်အရသာနယ်ပြီးတာနဲ့ ချဉ်ငံစပ်အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပြါ

Tuesday, 29 November 2016

ဆွမ်းမွှေးသာဂူ အုန်းနို့ဆမ်း




ထမင်းစားပြီး အချိုတည်းတာ အလေ့အထတခုလို ဖြစ်နေလေတာ့ ဒီတခါ ဆွမ်းမွှေးရွက်တွေ ၀ယ်ထားတာ အဆင်သင့်ရှိတာနဲ့ ဆွမ်းမွှေးသာဂူ အုန်းနို့ဆမ်းလေး သောက်ချင်စိတ် ပေါ်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ ဆွမ်းမွှေးရွက်ကို ကြိတ်ပြီး အရည်ငင်ကာ သာဂူထဲထည့်ပြီး ကျိုဖြစ်ပြန်ပါတယ်။

အားလပ်ရက်လေးမှာ မိသားစု စားနိုင်ဖို့အတွက် အခုလိုနည်းအတိုင်း စမ်းပြီးကျိုကြည့်စေချင်ပါတယ် ကျိုနည်းလေးကတော့ လွယ်ပါတယ် ဒါပေမဲ့ သုံးမဲ့ သာဂူစေ့အပေါ်မှာ မူတည်ပြီး သာဂူစေ့ အပျော့ အမာအတွက် ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာဂူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • အုန်းနို့ - 800ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  • သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • သာဂူကျိုရန် ရေနွေးဆူဆူ - ၅လီတာ
  • ဆွမ်းမွှေးရွက် - ၃ရွက်
  • ရေအေး - လိုသလောက်


ပြင်ဆင်ပုံ

  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေဆေးစဉ် သာဂူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
  3. ဆွမ်းမွှေးရွက်ကို အနေတော် ပိုင်းဖြတ်ကာ ဗလင်ဒါထဲမှာ ရေထမင်းစားဇွန်း ၄ဇွန်းလောက်ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  4. ဆွမ်းမွှေးရွက်များ ညက်လာပါက ဇကာစိတ်စိတ်တခုထဲမှာ အ၀တ်ပါးခံကာ အဖတ်များ မပါအောင် စစ်ပေးထားပါ
  5. ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်လိုက်ပါ
  6. ရေဆူလာပါက ဆွမ်းမွှေးရွက် ကြိတ်ထားသော အရည်နှင့် သာဂူစေ့များ ထည့်ပြီး မွှေပေးပါ
  7. သာဂူများ ခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
  8. သုံးသော သာဂူများ မတူနိုင်သောကြောင့် သာဂူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
  9. သာဂူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာဂူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  10. သာဂူစေ့များ အေးလာပါက ရေစစ်ထားပါ
အုန်းနို့ကျိုရန်
  • ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးကို ဖောက်ထည့်ပါ
  • အုန်းနို့ထဲသို့ သကြား ဆားတို့ရောမွှေကာ အပူပေးပါ
  • အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
  • အအေးခံထားသော သာဂူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ဗူးတခုစီထဲမှာ အုန်းနို့နှင့် သာဂူတို့ကို ပြင်ပေးထားပါ
  • ချက်ခြင်းမသောက်ဖြစ်သေးပါက ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ
  • စားနိုင်သလောက် တမျိုးနည်းနည်းစီရောပြီး ပြင်ပေးပြီးပါကအုန်းနို့သာဂူဆမ်း စိမ့်စိမ့်လေး ရပါပြီ။
  • အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိုင်ပါတယ်။