Saturday 30 May 2020

မုံလာဥ Kimchi



ဒီနေ့တော့ မုံလာဥဖြူ  အကြီးကြီးတွေ ဝယ်လာပြီး ချဉ်ရည်ဟင်း ချက်စားလိုက် သုပ်စားလိုက် ကြော်စားလိုက်နဲ့ မကုန်နိုင်တဲ့အဆုံး kimchi လေး လုပ်မိပြန်ပါတယ် ဒီတော့လဲ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မုံလာဥ kimchi လေးကို အချဉ်တည်မိပြန်ပါတယ်။

ပြင်ဆင်ပုံ အဆင့်ဆင့်ကတော့ အရင်တစ်ခါ မုံညှင်းဖြူနဲ့ လုပ်တဲ့kimchi လုပ်နည်းအတိုင်းပါဘဲ ပါဝင်ပစ္စည်းတွေကလဲ အတူတူပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ kimchi လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥဖြူ  - တစ်ကီလိုခွဲခန့်
  2. ရေ - 1 cup  (မုံလာဥဖြူ  ဆားရည်စိမ်ရန်)
  3. ဆား - ထမင်းစားဇွန်း ခြောက်ဇွန်း (မုံလာဥဖြူ  ဆားရည်စိမ်ရန်)
  4. ကောက်ညှင်းအစိမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း သုံးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  6. ငရုတ်သီးမှုန့် - 1 cup (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  8. ရေ - 1 cup (ကောက်ညှင်းမှုန့်ကျိုရန်) )
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ကြိတ်တဲ့အထဲထည့်ရန်)
  10. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သွန်ကြိတ်တဲ့အထဲထည့်ရန်)
  11. ချင်း - တစ်လက်မခန့်
  12. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ့်ငါးမွှာ
  13. ကြက်သွန်နီ - အနေတော် တစ်လုံး
  14. မုံလာဥနီ - အနေတော် တစ်ဥ
  15. မုံလာဥဖြူ  - အနေတော် တစ်ဥ (ခြစ်ပြီးထည့်ရန်)
  16. ကြက်သွန်မိတ် - ဆယ်ပင်ခန့်
  17. နှမ်းလှော် - မိမိနှစ်သက်သလောက် 
ပြင်ဆင်ပုံ
  1. မုံလာဥဖြူကို အခွံခွာပြီး ရေဆေးပေးပါ
  2. ထက်ခြမ်းခြမ်းပြီး နောက်ထပ် မထူမပါးလေးတွေ လှီးပေးပါ
  3. ပြီးတာနဲ့ ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ လှီးထားသော မုံလာဥဖြူ များ  ရေနှင့် ဆားထည့်ပြီး ဖြူးပြီး အထက်အောက် သမအောင် နယ်ပေးကာ နှစ်နာရီလောက် နှပ်ထားပါ
  4. နာရီဝက် လောက်နေရင် အထက်အောက် သမအောင် လှန်ပေးပြီး နောက်ထပ် နာရီဝက်နေရင် အထက်အောက် တစ်ခါထပ်လှန်ပေးကာ လေးကြိမ်လောက် အထက်အောက် လှန်လှန်ပေးပြီး နှပ်ထားပါ
  5. ဆားရည်နှင့် နှပ်ထားချိန် နှစ်နာရီပြည့်တာနဲ့ ရေများများနှင့် ငါးထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  6. ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  7. မုံလာဥနီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းတွေ ရလာအောင် လှီးထားပါ
  8. မုံလာဥဖြူ  အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းလေးတွေ လှီးထားပါ
ကင်မ်ချီအနှစ် ပြုလုပ်ပုံ
  1. အိုးထဲမှာ ရေထည့်ပြီး ကောက်ညှင်းအစိမ်းမှုန့်နှင့် သကြားတို့ကို ထည့်ပေးကာ မီးနွေးနွေးနဲ့ ကျိုပေးပါ
  2. ကောက်ညှင်းမှုန့်များ မပြစ်မကျဲ  အနေအထား ရလာပြီဆိုရင် မီးဖိုပေါ်မှ ဖယ်ပေးပြီး အအေးခံထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  5. ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  6. ငရုတ်သီးမှုန့် ငံပြာရည် ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ကျိုထားသော ကောက်ညှင်းမှုန့်အနှစ် ဆား သကြားနှင့် ငရုတ်သီးမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  7. ကြိတ်စက်ထဲမှာ ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း အရည်ကျိုထားသော ဆန်နှစ် ငံပြာရည် သကြားနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးထားပါ
Kimchi ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကြက်သွန်မိတ် မုံလာဥနီ မုံလာဥဖြူ  နှင့် ကင်မ်ချီအနှစ်တို့ကို သမသွားအောင် ရောနယ်ပေးထားပါ
  • ပြီးတာနဲ့  အနှစ်စပ်ထားသော ဇလုံထဲမှာ ရေဆေးပြီး စစ်ထားသော မုံလာဥဖြူ  များကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ အချဉ်တည်ထားမည့် ဗူးကို သန့်နေအောင် ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ကင်မ်ချီများကို ထည့်ပေးပါ
  • အခန်းအပူချိန်အတိုင်း နှစ်ရက်လောက် ထားပေးပြီးရင် မုံလာဥ ကင်မ်ချီ မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး နှမ်းလှော်လေး ဖြူးပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ ရေ 1 cup =  Zebra ထမင်းစားဇွန်း ၁၄ဇွန်းခန့်နှင့် ညီပါသည်။

Friday 29 May 2020

ဂဏန်း မဆလာဟင်း




တစ်ခါတော့ ဂဏန်းကို သံပုရာရည်လေးနဲ့ ချက်ဖြစ်ပါတယ် သံပုရာရည် အနံ့လေးမွှေးပြီး မဆလာ နိူင်နိူင်နဲ့ ချက်ထားတဲ့အတွက် စားလို့အရမ်းကောင်းပါတယ်။

 ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ပေါင်မုန့်အဖြူထည်လေးနဲ့ စားရင်လဲ စားလို့ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂဏန်း - လေးကောင်
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  12. မဆလာ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများ ဖယ်ပေးပါ
  • အခွံများ ခွာထားသော ဂဏန်းကို အကောင်ကြီးပါက အလယ်မှနေ၍ ထက်၀က်ပိုင်းပေးပါ
  • ဂဏန်းရဲ့ လက်မများကို သစ်သားကျည်ပွေ့နှင့် ကွဲအက်သွားအောက် ခပ်ဖွဖွ ထုပေးပါ
  • သန့်စင်ထားသော ဂဏန်းများကို ဇလုံတစ်ခုထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းထားပါ
  • သံပုရာသီးကို အလုံးလိုက်ရေဆေးပြီး ထက်ဝက်ခြမ်းကာ အရည်ညှစ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးကိုအပူပေးပါ အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးကာ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းကို ထည့်ပေးပါ
  • အထက်အောက် သမအောင် သုံးချက်လောက် မွှေပေးပြီး အိုးအဖုံးကို ခနပိတ်ထားပါ
  • ဂဏန်းများ အရောင်ပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီ ဆိုတော့မှ ပဲငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့် ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  • ရေမခမ်းခင် သံပုရာရည်နှင့် မဆလာထည့်၍ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေး၍ ရေခမ်းလာတာနဲ့ သံပုရာသီးအနံ့ သင်းသင်းလေးနဲ့ ဂဏန်းမဆလာဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

Thursday 28 May 2020

ဗီယက်နမ် ကောက်ညှင်းထုတ်











ဒီနေ့တော့ ထမင်းစားပြီး အချိုတည်းဖို့အတွက် ဗီယက်နမ် ကောက်ညှင်းထုတ်လေး ထုတ်ပါတယ် ကောက်ညှင်းထုတ်ထဲမှာ မျှစ် ကြက်ဥနဲ့ ကြက်အူချောင်းတို့ထည့်ပြီး ထုတ်ထားတဲ့အတွက် စားရတာ အရသာ တစ်မျိုးလေး ကောင်းပါတယ်။

မာမာကတော့ ဝက်အူချောင်း မစားတဲ့အတွက် ကြက်အူချောင်းကို အစားထိုးပြီး ထည့်ထားပါတယ် ဝက်သားစားတဲ့သူတွေကတော့ ဝက်အူချောင်းထည့်ပြီး ထုတ်နိူင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ ကောက်ညှင်းထုတ် ထုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. မျှစ်ပြုပ်ပြီးသား - တစ်ဆယ်သားခန့်
  3. ငှက်ပျောရွက် - လိုသလောက်
  4. ကြက်အူချောင်း - သုံးချောင်း
  5. ကြက်ဥ - နှစ်လုံး
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ပုံ
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကောက်ညှင်းထုတ်ခြည်ရန်ကြို း - လိုသလောက် ပြင်ထားပါ
ကောက်ညှင်းဆန် ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေတစ်ထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ အနည်းဆုံး ၈နာရီလောက် ရေစိမ်ထားပါ
  • ကောက်ညှင်းထုတ် ထုတ်ခါနီးပြီဆိုပါက ဇကာတစ်ခုထဲ သွန်ချကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ဆားနှင့်သကြားထည့်ပြီး အရသာ သမအောင် နယ်ထားပါ
ထုတ်မည့်အရွက် ပြင်ဆင်ပုံ
  • ငှက်ပျောရွက် တပေပါတ်လည် အရွယ်တူ ဖြတ်ပြီး ရေစင်အောင်ဆေးပြီး ရေသုတ်ထားပါ
  • ပြီးတာနဲ့ မီးနှင့်မထိဘဲ ခပ်ဝေးဝေးကနေ ကင်ပြီး အ၀တ်သန့်သန့်နှင့် သုပ်ထားပါ
ကြက်ဥပြုပ်ရန်
  • ကြက်ဥကို ရေမြုပ်အောင်ထည့်ပြီး ကျက်တဲ့အထိ ပြုပ်ပေးပါ
  • ကျက်ဥကျက်တာနဲ့ အအေးခံပြီး အခွံခွာပေးကာ လေးစိတ်စိတ်ထားပါ
မျှစ် ပြင်ဆင်ရန်
  • အိုးထဲမှာ မျှစ်ကိုရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • မျှစ်နူးတာနဲ့ အအေးခံကာ  အမျှင်လေးများ ရလာအောင် ခြစ်ထားပေးပါ
ကြက်အူချောင်းကြော်ရန်
  • ဇောက်နက်သော ဒယ်အိုးထဲမှာ ကြက်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေများခမ်းလာတာနဲ့ အိုးထဲမှာ အနည်းငယ် လှိမ့်ပေးကာ ကြက်အူချောင်းကို ဆယ်ပေးပြီး ခပ်စောင်းစောင်း လှီးထားပါ
ကောက်ညှင်းထုတ်ရန် ပြင်ဆင်ပုံ
  • ကောက်ညှင်းထုတ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ငှက်ပျောရွက်ကို အနည်းဆုံး သုံးထပ်လောက် ထပ်တင်ပေးပါ
  • ထပ်ထားသော ငှက်ရွက်ပေါ်မှာ ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့် ဖြန့်ခင်းပေးပါ
  • ကောက်ညှင်းဆန်အပေါ်မှာ မျှစ်အနည်းငယ် ကြက်အူချောင်းနှင့် ကြက်ဥ နှစ်ခြမ်းကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ဘေးနှစ်ဖက်စီမှ အစကို ကောက်ညှင်းအပေါ် ထပ်ပြီးအုပ်ပေးကာ အောက်ဖက်မှ အစကို အပေါ်သို့ ခေါက်ပေးပါ
  • ထိုသို့ ခေါက်ပြီးပါက ခေါက်ထားသော အစကို အောက်ဖက်မှာထားပြီး ကောက်ညှင်းထုတ်ကို ထောင်ကာဖင်ဘက်မှ အောက်ကို သုံးချက်လောက် စောင့်လိုက်ပါ
  • ကောက်ညှင်းများ ပွမနေစေရန် ထိုကဲ့သို့ စောင့်ပြီးပါက အပေါ်ဖက်မှ ဇွန်းရှည်ရှည်နှင့် အသာဟပေးပြီး ကောက်ညှင်းထုတ်ထဲမှာ ပေါ်နေသည့် အစာများကို အုပ်သွားစေရန် ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း တစ်ဇွန်းခွဲလောက် ထပ်ထည့်ပေးပါ
  • ကောက်ညှင်းဆန် ထည့်ပြီးတာနဲ့ အောက်ဖက်မှ ခေါက်ထားသော ငှက်ပျောရွက်ထိပ်အစကို ထုတ်လို့ကောင်းစေရန် ခပ်ညီညီလေး ဖြစ်အောင် ကပ်ကြေးနှင့် ညှပ်ပေးပါ
  • နောက်တစ်ဖက်ကိုလဲ အောက်ဖက်မှ ခေါက်ထားသော အရွက်ကို အုပ်မိစေရုံဘဲထားပြီး ပိုနေသောအစကို ညှပ်ထုတ်ပြစ်ပါ
  • ပြီးတာနဲ့ တစ်ခုနှင့်တစ်ခု ထပ်ပြီးအုပ်ကာ ဗန်းတစ်ခုထဲမှာ မှောက်ပြီး တင်ပေးထားပါ
  • ထိုနည်းအတိုင်း ကောက်ညှင်းဆန် ကုန်တဲ့အထိ ထုတ်ပေးထားပါ
  • ကောက်ညှင်းအားလုံး ထုတ်လို့ ပြီးတာနဲ့  ကောက်ညှင်းထုတ်ကို နှစ်လွှာပူးပြီး ကြိုးနှင့် ၃ထပ်လောက် တင်းနေအောင် ပုံပါအတိုင်း အထက်အောက် ၂ချက် ခပ်တင်းတင်း ခြည်ပေးပါ
  • ခြည်သောကြိုးများကို တင်းနိူင်သမျှ  တင်းနေအောင် စည်းပေးပါ
  • ကြိုးခြည်တာ မတင်းပါက ကောက်ညှင်းထုတ်ထဲမှ ကောက်ညှင်းများကက စေးမနေဘဲ ဖွယ်တယ်တယ်ကြီး ဖြစ်နေတတ်ပါတယ်
ကောက်ညှင်းထုတ်ပြုပ်ရန်
  • ပေါင်းအိုးထဲမှာ ကောက်ညှင်းထုတ်ကို စီပြီးထည့်ပါ
  • ကောက်ညှင်းထုတ် ထည့်ပြီးပါက ကောက်ညှင်းထုတ်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ပေးပါ
  • အဖုံးအုပ်ပြီးတာနဲ့  steam ခလုတ်ကိုနှိပ်ကာ မိနစ်သုံးဆယ် ချိန်ပေးပြီး ပြုပ်ပေးပါ 
  • ပြုပ်ချိန် နာရီပြည့်တာနဲ့ အိုးထဲမှ လေများကို ကုန်အောင်ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပြီးတာနဲ့ ရေထဲမှ ဆယ်ပေးပြီး ရေစစ်ပေးပါ
  • မာမာပြထားသော ပေါင်းအိုးမျိုးနှင့် မပြုပ်ဘဲ ရိုးရိုးအိုးနှင့် ပြုပ်ပါက ဇောက်နက်သော အိုးထဲမှာ ကောက်ညှင်းထုတ်များကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းထုတ်များ ရေမြုပ်အောင် ထည့်ပေးပြီး အဖုံးအုပ်ကာ တစ်နာရီလောက် ပြုပ်ပေးပါ
  • တစ်နာရီလောက်ဆို စေးထန်းပြီး ချိုမွှေးနေသော ကောက်ညှင်းထုတ်များကို ရေထဲမှ ဆယ်ပြီး ရေစစ်ပေးပါ ရေစစ်သွားပါက အိအိလေးနဲ့ မွှေးနေတဲ့ ဗီယက်နမ် ကောက်ညှင်းထုတ်ကို အခွံခွာပြီး စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။

Wednesday 27 May 2020

ပုဇွန်ထောင်းကြော်






 




ဒီနေ့တော့ ထမင်းပူပူလေးဘဲစားစား ဒီအတိုင်းဘဲစားစား အရမ်းကိုမှ စားလို့ကောင်းလွန်းတဲ့ ကြက်ကြော်မွှေးမွှေး မွမွလေးကို ကြော်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ အရသာလေးလဲ ဆန်းရလေအောင် bread crumb အမှုန့်လေးလူးပြီး ကြွတ်ကြွတ်လေး ကြော်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ကြက်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ပေါင်သား - လေးခု
  2. ကြက်ဥ - တစ်လုံး
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. သံပုရာရည် - ထမင်းစားဇွန်းတစ်၀က်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - လိုသလောက် 
  9. Bread crumbs - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ်ဖွဖွ သုတ်ပေးပါ
  • အသားများကို နနွင်းမှုန့် ဆား အရသာမှုန့် သံပုရာရည်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ကြက်ဥကို ဖောက်ထည့်ပြီး အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
  • အရသာ နှပ်ပြီးသွားပါက bread crumbs မှုန့်နဲ့ ကြက်ပေါင်သား တစ်ခုလုံး အပေါ်ကို ဖြူ းပြီး ခပ်ဖွဖွ လူးပေးပါ
  • အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုခပ်များများထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်မှာ ထားပေးပြီး ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားတုံး တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Sunday 24 May 2020

မုန့်ညှင်းဖြူ Kimchi











ဆောင်းရာသီ ရောက်လေတော့ ချဉ်ငံစပ်လေးတွေ စားချင်လာခဲ့တယ် ဒီတော့လဲ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ kimchi လေး အချဉ်တည်မိပြန်ပါတယ် ဒါကြောင့်မို့လို့ ယူကျူ့ ကကြည့်ကာ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ kimchi လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. တရုတ်မုန့်ညှင်းဖြူ  - တစ်ထုတ် (ကိုးဆယ်သားခန့်)
  2. ရေ - 1 cup  (မုန့်ညှင်းဖြူ  ဆားရည်စိမ်ရန်)
  3. ဆား - ထမင်းစားဇွန်း ခြောက်ဇွန်း (မုန့်ညှင်းဖြူ  ဆားရည်စိမ်ရန်)
  4. ကောက်ညှင်းအစိမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း သုံးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  6. ငရုတ်သီးမှုန့် - 1 cup (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း (ကောက်ညှင်းမှုန့်ကျိုရန်)
  8. ရေ - 1 cup (ကောက်ညှင်းမှုန့်ကျိုရန်) )
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အနှစ်ကြိတ်ရန်)
  10. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (အနှစ်ကြိတ်ရန်)
  11. ချင်း - တစ်လက်မခန့် (အနှစ်ကြိတ်န်)
  12. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ့်ငါးမွှာ (အနှစ်ကြိတ်ရန်)
  13. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ကြိတ်ရန်)
  14. မုံလာဥနီ - အနေတော် တစ်ဥ
  15. မုံလာဥဖြူ  - အနေတော် တစ်ဥ
  16. ကြက်သွန်မိတ် - ဆယ်ပင်ခန့်
  17. နှမ်းလှော် - မိမိနှစ်သက်သလောက် 

ပြင်ဆင်ပုံ
  1. မုန့်ညှင်းဖြူ ထုတ်ကို ထက်ခြမ်းခြမ်းပြီး နောက်ထပ် ထက်ဝက်ထပ်ခြမ်းကာ လက်သုံးလုံးလောက် အထူလေးတွေ လှီးပေးပါ
  2. ပြီးတာနဲ့ ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ မုန့်ညှင်းဖြူ များ  ရေနှင့် ဆားထည့်ပြီး ဖြူးပြီး အထက်အောက် သမအောင် နယ်ပေးကာ နှစ်နာရီလောက် နှပ်ထားပါ
  3. နာရီဝက် လောက်နေရင် အထက်အောက် သမအောင် လှန်ပေးပြီး နောက်ထပ် နာရီဝက်နေရင် အထက်အောက် တစ်ခါထပ်လှန်ပေးကာ လေးကြိမ်လောက် အထက်အောက် လှန်လှန်ပေးပြီး နှပ်ထားပါ
  4. ဆားရည်နှင့် နှပ်ထားချိန် နှစ်နာရီ ပြည့်တာနဲ့ ဆားရည်များ ကုန်သွားအောင် ရေများများနှင့် ငါးထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
ကင်မ်ချီအနှစ် ပြုလုပ်ပုံ
  1. အိုးထဲမှာ ရေထည့်ပြီး ကောက်ညှင်းအစိမ်းမှုန့်နှင့် သကြားတို့ကို ထည့်ပေးကာ မီးနွေးနွေးနဲ့ ကျိုပေးပါ
  2. ကောက်ညှင်းမှုန့်များ မပြစ်မကျဲ  အနေအထား ရလာပြီဆိုရင် မီးဖိုပေါ်မှ ဖယ်ပေးပြီး အအေးခံထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  5. ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  6. ငရုတ်သီးမှုန့် ငံပြာရည် ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ကျိုထားသော ကောက်ညှင်းမှုန့်အနှစ် ဆားနှင့် သကြားတို့ကို အဆင်သင့် ပြင်ထားပါ
  7. ကြိတ်စက်ထဲမှာ ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း အရည်ကျိုထားသော ကောက်ညှင်းဆန်နှစ် ငံပြာရည် သကြားနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးထားပါ
Kimchi ပြုလုပ်ပုံ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းတွေ ရလာအောင် လှီးထားပါ
  • မုံလာဥဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အချောင်းလေးတွေ လှီးထားပါ
  • ကင်မ်ချီ အနှစ်ကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်သွန်မိတ် မုံလာဥနီ မုံလာဥဖြူ  နှင့် ကင်မ်ချီအနှစ်တို့ကို သမသွားအောင် ရောနယ်ပေးထားပါ
  • ပြီးတာနဲ့  အနှစ်စပ်ထားသော ဇလုံထဲမှာ ရေဆေးပြီး စစ်ထားသော မုန့်ညှင်းဖြူ  များကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ အချဉ်တည်ထားမည့် ဗူးကို သန့်နေအောင် ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးကာ ကင်မ်ချီများကို ထည့်ပေးပါ
  • အခန်းအပူချိန်အတိုင်း နှစ်ရက်လောက် ထားပေးပြီးရင် ကင်မ်ချီ မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး နှမ်းလှော်လေး ဖြူးပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ ရေ 1 cup =  Zebra ထမင်းစားဇွန်း ၁၄ဇွန်းခန့်နှင့် ညီပါသည်။

Saturday 23 May 2020

ပုဇွန်ဦးနှောက် ပြုလုပ်နည်း











ဈေးကအပြန် ပုဇွန်တွေ ဝယ်လာပြီး ပုဇွန်ခေါင်းတွေ အမြှီးတွေ အခွံတွေခွာပြီး ပြစ်လိုက်ရမှာ သမျှောနေတော့ ကြိတ်စက်ထဲ ထည့်ကြိတ်ကာ ပုဇွန်ဦးနှောက်လေး ချက်ဖြစ်ပါတယ် ဒီချက်နည်းလေးက မာမာတို့အမေ အမြဲချက်တတ်တဲ့ နည်းလေးပါ။

ပုဇွန်ဦးနှောက် ချက်ပြီးတာနဲ့ ထမင်းပူပူလေးနဲ့ နယ်ဖတ်ကျွေးတတ်တဲ့ အမေ့လက်ရာလေးတွေကိုလဲ  ဒီနေ့အထိ လွမ်းနေမိတုန်းပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ အမေ့အတွက် အလွမ်းပြေ အမေ့ချက်နည်းအတိုင်း ချက်ထားကာ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ပုဇွန်ခေါင်နှင့် ပုဇွန်အခွံများ - 1500 g
  2. ဆား - လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ရေ - သုံးလီတာ

ပြင်ဆင်ပုံ
  • ပုဇွန်အသား ထွင်ရာမှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံကျယ်ကျယ်ထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ
  • ပုဇွန်ခေါင်းများကိုလဲ အခွံခွာကာ အထဲမွ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ
  • ခေါင်းခွံထဲမှာ ရှိနေတဲ့ သွားများကိုလဲ ဖယ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တစ်ညက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရင်ဆုံး ကျင်ပေးပါ
  • အရည်ကျင်ထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  • အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တစ်ခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
  • ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပြစ်လိုက်ပါ
  • ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ 
  • ပုဇွန်အခွံများကိုလဲ အထက်ပါ နည်းအတိုင်း ကြိတ်ပေးပြီး အရည်ငင်ပေးပါ
  • ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်ပေးပါ
  • ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဦးဏှောက် ချက်ရာမှာ အချိန်ကြာတတ်ပါတယ်
  • အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ကြိတ်ထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ
  • ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ
  • ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပါ
  • ပုဇွန်အနှစ်များ ဥလာအောင် မီးမျှင်းမျှင်းနဲ့ ဂရုစိုက်ပြီး တည်ထားပေးပါ
  • ပုဇွန်အနှစ်များ ပြစ်လာပြီး အဖတ်လေးများ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဦးနှောက်  မွှေးမွှေးလေးကို ရပါပြီ
  • ပြီးတာနဲ့ မီးပိတ်ပေးပြီး အေအးခံကာ လိုသေလာက်ကိုဘဲ သုံးပေးပြီး ကျန်တာကို တာရှည်အသုံးခံအောင် ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ
  • ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး စားလို့ရသလို ပုဇွန်ဦးနှောက် အနှစ်လေးတွေနဲ့ ဟင်းချို  ဟင်းခါးတို့လဲ ချက်နိူင်ပါသေးတယ်။

Friday 22 May 2020

ငှက်ပျောသီးပေါင်း


















COVID 19 ကာလကြီးမှာ အပြင်ထွက်လဲ အထိတ်တစ်လန့်နဲ့ ထွက်နေရတော့ တော်ရုံအပြင်သွားဖို့ ဝန်လေးနေမိတာတော့ အမှန်ပါဘဲ တစ်ပါတ်တစ်ခါ စျေးသွားပြီး လိုမယ်ထင်တာလေးတွေ ဝယ်ထားကာ အိမ်ထဲမှာဘဲ အမျိုးမျိုး လုပ်စားဖြစ်ပါတယ်။

ဒီနေ့တော့ ငှက်ပျောသီးလေးတွေ ဝယ်လားတာ တစ်ပါတ်ပြည့်တော့မယ် အတော်လေးလဲ မှည့်ကုန်ပြီမို့လို့ ငှက်ပျောသီးပေါင်းလေး လုပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. 3 - bananas
  2. 1 - egg
  3. 1/2 cup - white sugar
  4. 1/2 cup - brown sugar
  5. 1/2 cup - milk 
  6. 1 tsp - vanilla
  7. 1 1/2 cup - all purpose flour 
  8. 1 tsp - salt 
  9. 1 tsp - baking soda 
  10. 1 tsp - baking powder
  11. 1/2 cup - butter 
ပြင်ဆင်ပုံ 
  • ထောပါတ်ခဲကို အနည်းငယ် အပူပေးပြီး အရည်ဖျော်ထားပါ
  • မုန့်ထည့်ပေါင်းမည့် ပန်းကန်လေးများကို ထောပါတ်သုတ်ပေးထားပါ
  • ပထမဦးဆုံး ငှက်ပျောသီးကို အခွံခွာပြီး ဇလုံတစ်လုံးထဲထည့်ကာ ကျေညက်သွားတဲ့အထိ ချေထားပါ
  • ငှက်ပျောသီးများ ကျေညက်သွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ကာ ငှက်ပျောသီးနဲ့ ရောပြီး မွှေပေးပါ
  • ပြီးတာနဲ့ သကြားအဖြူ  သကြားအညို တို့ကို ရောပြီးသကြားများ ပျော်သွားတဲ့အထိ မွှေပေးပါ
  • သကြားများ ပျော်သွားတာနဲ့ နောက်ထပ် ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် ဆား ဘိတ်ကင်ပေါင်ဒါနှင့် ဘိတ်ကင်ဆိုဒါတို့ကို ရောပြီးမွှေပေးပါ
  • ပြီးတာနဲ့ ငှက်ပျောသီး ဇလုံထဲကို ဇကာခံပြီး ဂျုံ မှုန့်များကို စစ်ချ ပြီးထည့်ပေးပါ
  • ဂျုံမှုန့်ထည့်ပြီးတာနဲ့ မုန့်နှစ်သမသွားအောင် မွှေတံဖြင့် မွှေပေးပါ
  • ပြီးတာနဲ့ မုန့်နှစ်များကို ထောပါတ်ဆီ သုတ်ပေးထားသော ပန်းကန်လေးတွေထဲကို ပန်းကန်တစ်၀က် သာသာလောက် လိုက်ထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံအိုးထဲကို ပေါင်းခံခုံကို ထိတယ်ဆိုရုံလေး ရေထည့်ပေးပါ
  • ရေထဲမှာ ပေါင်းခံကို ထည့်ပေးပြီးတာနဲ့ ခုံပေါ်မှာ အိုးဆန့်သလောက် ပန်းကန်လေးတွေ ထည့်ပေးပါ
  • ပေါင်းအိုးကို အဖုံးလုံအောင်အုပ်ပြီး steam ခလုတ်ကို နှိပ်ပေးကာ ၁၅မိနစ် ပေါင်းပေးပါ
  • မုန့်ပေါင်းချိန် ပြည့်တာနဲ့ အိုးထဲမှ လေတွေကုန်အောင် အကုန်ထုတ်ပေပြီးမှ အိုအဖုံးကို ဖွင့်ပေးပါ
  • ပေါင်းအိုးထဲမှာ လေများကျန်နေပါက အဖုံးဖွင့်တဲ့အခါမှာ ပေါက်ကွဲပြီး လူကိုအပူလောင်စေပါတယ်
  • ပေါင်းအိုးထဲမှ ငှက်ပျောပေါင်းလေတွေကို အိုးအပြင်ကို ထုတ်ပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • မှတ်ချက် ။ ။ မာမာပြထားသော အိုးမျိုးနှင့် မပေါင်းဘဲ ရိုးရိုးပေါင်းအိုး အောက်ခံအိုးကို ရေထည့်ပြီး အပေါ်မှ ပေါင်းခံဇကာကိုတင်ကာ ပေါင်းပါက မိနစ်သုံးဆယ် ပေါင်းပေးရပါမယ် နောက်တစ်ခုက ငှက်ပျောသီးတို့ရဲ့ သဘာဝ ပေါင်းပြီးကာစမှာ အရောင်ရဲရဲလေးနေပေမဲ့ အအေးခံပြီးတာနဲ့ ညိုရောင်လေး သန်းသွားတတ်ပါတယ်။