Saturday, 2 May 2020

ချဉ်ငံစပ် ငါးခူငါးငပိချက်


ဒီနေ့တော့ ငါးခူလေးတွေ ဝယ်လာပြီး ငါးငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ် ထမင်းစားလို့တော့ မြိန်အုံးမှာ သေချာပါတယ် ငါးကိုင် ငါးဆေး ငါးစင်းကောလေး လုပ်ရတာ အလုပ်နည်းနည်း ရှုပ်ပေမဲ့ တစ်ခြားငါးတွေနဲ့ အရသာမတူတဲ့ ငါးပိချက်ဖြစ်မှာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးခူ - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် သုံးလုံး (ထောင်းရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် (ထောင်းရန်)
  5. ခရမ်းချဉ်သီး - အလုံကြီးကြီး ဆယ်လုံးခန့်
  6. ကြက်သွန်ဖြူ - အမွှာသေး ဆယ့်ငါးမွှာခန့် (ငါးပိချက်အိုး အုပ်ပေးရန်)
  7. ငရုတ်သီးစိမ်း - စားနိုင်သလောက် (ငါးပိချက်အိုး အုပ်ပေးရန်)
  8. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ငါးကို ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပြီး ခေါင်းဖြုတ်ပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာငါးနှင့် ဆားတို့ကိုထည့်ပြီး ခပ်နာနာ နယ်ပြီး ပွတ်တိုက်ပေးပါ
  • အချွဲများ ကုန်တာနဲ့ ရေနှင့် ခွန်နှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ရေစစ်ပြီး အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ညက်နေအောင် စင်းပေးပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အကြမ်းဖတ်နှင့် ရောပြီးထောင်းပေးပါ
  • ကြက်သွန်ဖြူ  အမွှာသသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငါးပိရည် ကျိုပြီးသားနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးနှင့်ငါးငံပြာရည်ထည့်ကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် ငါးပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါးခူစင်းကော ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a comment