Tuesday 30 April 2019

နန်းကြီးသုပ်











သားရောသမီးပါ အလုပ်ပိတ်ရက် ကျောင်းပိတ်ရက် ရက်ရှည်လေးရတော့ အဖေအမေဆီ လာလည်ကြပါတယ် သူတို့လာလည်တုန်း သူတို့စားချင်တာလေးတွေ ပြင်ပေးဖြစ်တာမို့လို့ ဒီတစ်ခါတော့ နန်းကြီးသုပ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

တစ်ချို့ကတော့ နန်းကြီးသုပ်ကို ကြက်ရိုးဟင်းခါးလေးတွေနဲ့ တွဲဖက်ပြီး စားကြပါတယ် မာမာကတော့ ပဲဟင်းရည်လေးနဲ့ တွဲဖက်ပြီး စားမှာဖြစ်လို့ ပဲဟင်းရည် ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
နန်းကြီး ခေါက်ဆွဲဖတ် - 400 g တစ်ထုတ်
ကြက်ရင်ပုံသား - 350 g 
ကြက်ဥ - ငါးလုံး 
ငါးဖယ်ကြော် - လိုသလောက် ပြင်ထားပါ
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး (အသုပ်ထဲထည့်သုပ်ရန်)
ကြက်သွန်နီ - အနေတော် တစ်လုံး (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
ကြက်သွန်နီ - အလုံးခပ်သေးသေး ငါးလုံးခန့် (ပဲဟင်းရည်ထဲထည့်ရန်)
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန် းသုံးဇွန်း (ကြက်သားဆီသတ်ရန်)
နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
ဆား - လိုသလောက် သုံးပေးပါ
ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
ဆီ - လိုသလောက် သုံးပေးပါ
အရသာမှုန့် - လိုသလောက် သုံပေးးပါ
ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ရှစ်ဇွန်း
အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
သံပုရာသီး - လိုသလောက် သုံးပေးပါ
နံနံပင် - လိုသလောက် သုံးပေးပါ
ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
ဆီသတ်နံ့မွှေးလာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
အုန်းဆီချက်ပြီးသားကို ပြင်ထားပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း လေးဇွန်းထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ လှီးထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး ဆီသတ်ပေးပါ
ကြက်သွန်များ နွမ်းသွားပြီး ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပါ
ပဲအစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခန့်နှင့် ပျော်အောင် ဖျော်ပေးပါ
ပဲမှုန့်အရည်ပျော်သွားတာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ပေးပြီး အပူပေးပါ
ပူလာတာနဲ့ ပဲမှုန့်မျာ လုံးထွေးပြီး ကပ်မသွားစေရန် သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
ပဲမှုန့်မျာ ပဲစိမ်းနံ့ ပျောက်လာတာနဲ့  ပဲရည်အပျစ်အကျဲအတွက် မိမိစိတ်ကြိုက် ရေလိုသလောက်ထည့်ပေးပါ
ပြီးတာနဲ့ ကြက်သွန်နီ ဆား အရသာမှုန့် ဆီသတ်ထားသော ငရုတ်သီးဆီသတ်နှင့် အုန်းဆီချက်တို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ပဲရည်အိုး တည်နေစဉ် ဝေကျတတ်တဲ့အတွက် သတိထားပြီး တည်ပေးပါ
ကြက်သွန်နီဥများ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ထားပေးပါ
နန်းကြီးသုပ်ထဲ ထည့်ရန်နှင့် အသုပ်နှင့် တွဲဖက်စားရန် ပဲဟင်းအရည်သောက်လေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
နန်းကြီးဖတ်များကို ပြင်ထားပါ
ကြက်သားချက်ပြီးသားကို ပြင်ထားပါ
ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
သံပုရာသီးကို ရေဆေးပြီး လှီးထားပါ
နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
ငါးဖယ်ကြော်ပြီးသားကို ပြင်ထားပေးပါ
အရသာမှုန့်ကို ပြင်ထားပါ
ပဲအကျက်မှုန့်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိူင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည် ကြက်ဥ ငါးဖယ်ကြော်နှင့် ပဲဟင်းရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အသုပ်ပွဲပေါ်မှာ ကြက်ဥနှင့် ငါးဖယ်ကြော်ကို ထည့်ပေးပြီး ပဲဟင်းရည် ချိုချိုလေးနှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

Sunday 21 April 2019

မုန့်ပြားသလက်












မုန့်ပျားသလက်လို့လဲ ခေါ်ကြပြီး မုန့်ပြစ်စလက်လဲ ခေါ်ကြတဲ့ ဆန်မုန့်လေးကို မနက်စောစောစာဘဲစားစား နေ့လည်နေ့ခင်း အစာပြေဘဲစားစား အရမ်းကို စားလို့ကောင်းတဲ့ မုန့်လေးဖြစ်ပါတယ်။ 

မုန့်ပျားသလက် စစ်စစ်ကလေးကတော့ မြေအိုးလေးနဲ့လုပ်ပြီး မြေစလောင်းဖုံးလေးနဲ့ ဖုံးတဲ့အတွက် မြေနံ့လေး ပိုမွှေးပါတယ် မာမာကတော့ မြေအိုးမရှိတဲ့အတွက် မကပ်တဲ့ ဒယ်အိုးသေးသေးနဲ့လုပ်ပါတယ်။

မာမာကတော့ နှမ်းထောင်းအငံ ခပ်လေးလေးနဲ့ စားရတာကို ပိုပြီးနှစ်သက်ပါတယ် နှမ်းအရသာ မွှေးပြီးစိမ့်နေတဲ့အတွက် မုန့်အရသာကို ပိုပြီးပေါ်စေပါတယ်၊

ဒီမုန့်နှစ်ရည်နဲ့ကိုဘဲ မိမိနှစ်သက်ရာ အသီးအရွက်လေးတွေ ကြက်ဥဘဲဥလေးတွေ ထည့်ပြီးတော့လဲ လုပ်စားနိူင်ပါတယ် ကလေးလူကြီး အကုန်ကြိုက်ကြတာမို့လို့  အခုလို မုန့်ရည်လေးစပ်ကာ လုပ်စားကြည့်ဖို့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်အစိမ်းမှုန့်- ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  3. yeast - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (သို့) baking powder 
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (မုန့်ရည်အရသာစပ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း ( နှမ်းထောင်းထဲထည့်ရန်)
  6. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း ( နှမ်းလှော်ရန်)
  7. ပဲပြုပ်ပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
  8. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  9. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  10. ဆီ - လိုသလောက်သုံးပါ
  11. အောက်ခြေမကပ်သော ဒယ်အိုး - ခပ်သေးသေး တစ်လုံး
  12. မုန့်ရည်ခတ်ရန် ယောက်ချိုဇွန်း - တစ်ခု
  13. ဆီသုတ်ရန် - brush တစ်ခု
နှမ်းလှော်ထောင်းရန်
  • နှမ်းအဖြူကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဒယ်အိုးပူလာတာနဲ့ မီးကိုအလယ်အလတ်လောက်ထိ လျှော့ပေးပြီးမှ နှမ်းကိုထည့်ပြီး လှော်ပေးပါ
  • နှမ်းလှော်နေစဉ် အဆက်မပြတ် မွှေပေးပါ
  • ညိုရောင်ရောင်လေး သန်းလာတာနဲ့ နှမ်းလှော်ကို ငရုတ်ဆုံထဲ တန်းထည့်ပေးပါ
  • ပြီးတာနဲ့ ဆားထည့်ပြီး မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ဆား yeastနှင့် ရေတို့ကို ဆန်မှုန့်များ ပျော်သွားအောင် ဖျော်ပေးပါ
  • Yeast မရှိပါက baking powder ထည့်ပေးပါ
  • ဆန်မှုန့်များ ပျော်သွားပါက ၈နာရီလောက် မုန့်ရည်ဖောက်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးပေးထားပါ
  • ဆီ ပဲပြုပ်နှင့် နှမ်းထောင်းကိုလဲ ပြင်ထားပေးပါ
  • မုန့်နှစ်ရည်ဖောက်ထားချိန် ပြည့်တာနဲ့ ဒယ်အိုးကို ဆီသုတ်ပေးပြီး အပူပေးပါ
  • ဒယ်အိုးပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ မုန့်နှစ်ရည်ကို သမအောင်မွှေပြီး ယောက်ချိုဇွန်းဖြင့် ခပ်ပြီး လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ နှမ်းထောင်း ကြက်သွန်မိတ်နှင့် ပဲပြုပ်တို့ကို မုန့်နှစ်ရည်အပေါ်မှာ ဖြူးထည့်ပေးပြီး အဖုံးအုပ်ပေးပါ
  • နှစ်မိနစ်လောက် အဖုံးအုပ်ပြီးတာနဲ့ မုန့်သားကျက်လာလိမ့်မယ်
  • မုန့်သားကျက်တာနဲ့ မုန့်အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးပြီး အိုးထဲမှ ဖယ်ပေးပါ
  • ကျန်နေသော မုန့်နှစ်ရည်များကိုလဲ အထက်ပါနည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ ဆက်လုပ်ပေးပါ
  • မုန့်လုပ်လို့ ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ မွှေးနေတဲ့ မုန့်ပျားသလက်လေးတွေကို ရေနွေးကြမ်းနဲ့ဘဲ ဖြစ်ဖြစ် ကော်ဖီခါးခါးလေးနဲ့ဘဲဖြစ်ဖြစ် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 12 April 2019

ခေါပြင်မုန့်




















န့တော့ ငယ်ငယ်က ဝယ်စားဖြစ်တဲ့ ခေါပြင်မုန့်လေးတွေ စားချင်တာနဲ့ လုပ်ဖြစ်သွားပါတယ် ပထမတစ်ခါ လုပ်တဲ့နည်းက နည်းနည်းလေး ခက်တယ်လို့ ပြောလို့ရပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါ ပိုပြီးလွယ်တဲ့နည်းလေး စမ်းပြီးလုပ်တာ အောင်မြင်သွားလို့ ခေါပြင်အလွယ် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ (၁၀ ချပ်စာအတွက်)

ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး
ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူးခွဲသာသာ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
နှမ်းလှော်ပြီးသား - မိမိနှစ်သက်သလောက်
Ready made အုန်းသီးစိတ် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆားကိုထည့်ပြီး သမအောင် မွှေပေးပါ
ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲ ရေတစ်ဗူး အရင်ဆုံးထည့်ပြီး နယ်ပေးပါ
နောက်ထပ်ကျန်နေသော ရေတဝက်ကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
ကောက်ညှင်းသားပျော့လာတဲ့အထိ နယ်ပေးရမှာ ဖြစ်တဲ့အတွက် ရေကို ချင့်ချိန်ပြီး ထည့်ပေးပါ
တစ်ခါတရံ မိမိသုံးတဲ့ ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေအနည်းအများကို ချင့်ချိန်ပြီး သုံးပေးပါ
ကောက်ညှင်းမုန့်သား စေးပိုင်လာပြီလာပြီဆိုရင် ကျန်နေသော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ပေးပါ
နှမ်းအစိမ်း သုံးမည်ဆိုပါက နှမ်းကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နှင့် လှော်ပေးပါ
နှမ်းလှော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
နှမ်းစေ့များ ရွှေဝါရောင်သန်းလာပါက မီးပိတ်ပြီး ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးထားပါ
အုန်းသီးကိုလဲ အုန်းသီးအစိုနဲ့ အုန်းသီးအခြောက်တို့ကို မိမိနှစ်သက်တဲ့ အုန်းသီးစိတ်ကို သုံးနိူင်ပါတယ်
ကောက်ညှင်းပြုပ်ပြီးသားထည့်ရန် ရေဇလုံတစ်လုံး အသင့်ပြင်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက်ဆူတာနဲ့ ကောက်ညှင်းမုန့်သားကို လက်တညှစ်စာ မှန်းပြီးယူလိုက်ပါ
ပြီးတာနဲ့ ထိုမုန့်သားကို ပြားပြားလေး လုပ်ပေးရမှာ ဖြစ်တဲ့အတွက် လက်ထဲမှာ ဆယ်ချက်လောက် ခပ်နာနာလောက် ဆုတ်ဆုတ်ပေးပါ
ကောက်ညှင်းမုန့်သား ကျစ်လာတာနဲ့ လက်ဝါးနှစ်ဖက်ထဲထည့်ကာ ဖိပြီးပြားပေးပါ
ခပ်ပြန့်ပြန့်လေး ဖြစ်စေရန် လက်ဖနောင့်လေးနှင့် သေသေချာချာ လိုက်ဖိပေးပါ
မုန့်သားခပ်ပြားပြားလေး ဖြစ်တာနဲ့ ရေနွေးအိုးထဲ ထည့်ပေးပါ
မိမိသုံးတဲ့ အိုးအပေါ်မူတည်ပြီး တစ်ခုချင်း ဆန့်သလောက်ဘဲ ထည့်ပေးပါ
မုန့်များကပ်မကုန်စေရန် ထပ်ထပ်ပြီး မထည့်ပါနဲ့
မုန့်သားကျက်လာပါက ရေပေါ်မှာ ပေါ်လာပါလိမ့်မယ်
ရေပေါ်ပေါ်လာပြီး ၃မိနစ်လောက်နေမှ ဆယ်ပြီးရေအေးဇလုံထဲ ထည့်ပေးပါ
ကောက်ညှင်းမုန့်သား ကုန်တဲ့ထိ အထက်ပါနည်းအတိုင်း လုပ်ပေးပါ
ပြီးတာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ မိမိစားချင်သလို နှမ်းလှော်ကို အရင်ခင်ပြီး မုန့်သားကို ရေထဲမှဆယ်ကာ ရေစစ်ပြီး တင်ပေးကာ နှမ်းလှော်များ မုန့်သားမှာ ကပ်စေရန် လက်ဝါးလေးနှင့် အသာအယာ ဖိပေးပါ
ထိုနှမ်းလှော်ကပ်ပြီးသော မုန့်သားထဲမှာ အုန်းသီးစိတ်လေးတွေကို ပုံပါအတိုင်း ထည့်ပေးပြီး အသာလေး ဖိပေးပါ
အုန်းသီးစိတ် ထည့်ပြီးတာနဲ့ အလယ်မှနေပြီး ခေါက်လိုက်ပါ
နောက်ထပ်ကျန်နေသော မုန့်သားများကိုလဲ မိမိနှစ်သက်သလို အုန်းသီးစိတ်ကိုခင်းပြီး နှမ်းလှော်ကို အထဲမှ ထည့်ပေးကာ ခေါက်ပေးလို့လဲ ရပါတယ်
မုန့်သားများ ကုန်တဲ့အထိ အထက်ပါနည်းများအတိုင်း လုပ်ပေးပါ
အားလုံးပြီးတာနဲ့ ခေါပြင်စိမ့်စိမ့်လေးကို မိမိနှစ်သက်သလို ရေနွေးကြမ်း ကော်ဖီ လက်ဖက်ရည် ကျကျလေးတို့နှင့် တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Thursday 11 April 2019

ရေမုန့် (သို့မဟုတ်) လမ်းသရဲမုန့်



ဒီနေ့တော့ သမီးတော်လေး စားချင်တဲ့ လမ်းသရဲမုန့်လေးတွေ လုပ်ဖြစ်ပါတယ် ဒီမုန့်လေးတွေကို လုပ်ရတာ အရမ်းလွယ်ပေမဲ့ အောက်ချေ မကပ်တဲ့အိုးကို သုံးမှသာ မုန့်လှလှလေး ရမှာ ဖြစ်ပါတယ်။

မုန့်သားမကြွတ်သေးဘဲ မုန့်သားအောက်ချေကို ထိုးလှန်တာတွေ မလုပ်မိဖို့နှင့် မီးအရမ်း မများဖို့ကိုလဲ သတိထားရပါမယ် ဒီမုန့်ထဲမှာ မိမိနှစ်သက်ရာ အသီးအရွက်လေးတွေအပြင် ဘဲဥ ကြက်ဥတို့ကိုလဲ ထည့်ပြီတော့း လုပ်နိူင်သလို မာမာကတော့ မဆလာလေးထည့်ပြီး လုပ်တဲ့အတွက် ပိုပြီးစားလို့ကောင်းပါတယ်။

ပါ၀င်ပစ္စည်းများ (၁၀ ချပ်စာအတွက်)

ဆန်အစိမ်းမှုန့်- 1 cup
ရေ - 3 cups
ဆိုဒါ(baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (ဆန်မှုန့်ထဲ ထည့်ဖျော်ရန်)
ပဲပြုတ် - မိမိနှစ်သက်သလောက်
နံနံပင် - မိမိနှစ်သက်သလောက်
မုန်လာဥနီ - အနေတော် တစ်ဥ
ဂေါ်ဖီ - အနေတော် တစ်ခြမ်း
ခရမ်းချဉ်သီး - အလုံးကြီးကြီး၂ လုံး
ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
မဆလာ - အနည်းငယ်
ဆား - အနည်းငယ် ( အသီးအရွက်ထဲထည့်ရန်)
ဆီ - လိုသလောက်

ပြင်ဆင်ပုံ

ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့်ရေ ဆိုဒါနှင့် ဆားတို့ကို ထည့်ပေးပြီး အရည်ပျော်အောင် ဖျော်ထားပေးပါ
ဆိုဒါမှုန့်မရှိလျှင် မုန့်နှစ်ရည်ကို အနည်းဆုံး ၅နာရီခန့်နှပ်ထားပေးပါ(မာမာကတော့ ဆိုဒါမကြိုက်တဲ့အတွက် မုန့်နှစ်ရည်ကို ကြိုစပ်ပြီး ဖောက်ထားပါတယ်)
ဆိုဒါထည့်ပြီး မုန့်နှစ်ရည်ကို ဖောက်ထားပါက မုန့်လုပ်ပါက မုန့်သားက ပိုပြီးကြွတ်လွယ်ပါတယ်
နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
မုံလာဥနီကို အခွံခွာပြီး အမျှင်လေးများရအောင် ခြစ်ပေးထားပါ
ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
ဆီ ဆား မဆလာနှင့် ပဲပြုပ်တို့ကို ပြင်ထားပေးပါ
အာက်ချေမကပ်တဲ့ ဒယ်ပြားကို မီးဖိုပေါ်တင်ကာ အပူပေးပါ
ဒယ်ပြားပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
ပြီးတာနဲ့ ဆီထမင်းစားဇွန်း တစ်၀က်သာသာကို ဒယ်ပြားထဲ ထည့်ပေးပါ
ဆီပူလာတာနဲ့ အိုးကိုကိုင်းမှကိုင်ပြီး ဆီကိုဖြန့်ပေးပါ
ဆီပူလာတာနဲ့ မုန့်ရည်ကို ယောက်ချိုဇွန်းနှင့် သမအောင် မွှေပေးပါ
အထက်အောက် သမသွားတာနဲ့ မုန့်နှစ်ကို ယောက်ချိုဇွန်း အပြည့်ခပ်ပေးပါ
ခပ်ပြီးတာနဲ့ ဒယ်ပြားထဲကို လောင်းချပြီး ဒယ်အိုးလက်ကိုင်ကိုင်းမှကိုင်ကာ မုန့်နှစ်များ အိုးအပြည့် ပြန့်သွားအောင်ဝေ့ဝိုက်ပြီး ဖြန့်ပေးပါ
မုန့်နှစ်များ ဒယ်အိုးအပြည့် ပြန့်သွားတာနဲ့ မုန့်နှစ်အပေါ်ကို ဆီနည်းနည်း သုတ်ပေးပြါ
ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော မုံလာဥနီ ဂေါ်ဖီ ပဲပြုတ် ခရမ်းချဉ်သီး နံနံပင် နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပေးပါ
အသီးအရွက်များ အပေါ်မှ ဆားအနည်းငယ်နှင့် မဆလာ အနည်းငယ်ကို ဖြူးပေးပြီး အိုးအဖုံးကို မိနစ်ဝက်လောက် အုပ်ပေးထားပါ
မုန့်လုပ်နေစဉ် မီးကိုသတိထားပါ မီးအရမ်းများပါက အောက်ဖက်ပိုင်း ကျွမ်းလွယ်ပါတယ်
မုန့်သားများ ကျွတ်လာမှ အသီးအရွက်များကို အုပ်မိအောင် ခေါက်တင်ပေးပါ
ပြီးတာနဲ့ ပန်းကန်ပြားထဲ ပြောင်းပြီးထည့်ပေးပါ
အထက်ပါ နည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ လုပ်ပေးပါ
မုန့်တစ်ခု ထပ်လုပ်တိုင်း ဒယ်အိုးကို ဆီမထည့်ခင် ဒယ်အိုးသန့်သွားအောင် paper towelနှင့် သုတ်သုတ်ပေးပါ
ရေမုန့် လို့ခေါ်တဲ့ လမ်းသရဲမုန့် ပူပူကြွတ်တ်ကြွတ် စပ်စပ်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 10 April 2019

ကန်စွန်းဥ သာကူ ငှက်ပျောသီး အုန်းနို့ဆမ်း










သင်္ကြန်နား နီးလာလေ စိတ်ထဲမှာ မြန်မာပြည်ကို လွမ်းလေလေမို့လို့ မြန်မာမုန့်လေးတွေ လုပ်စားဖြစ်ပြန်ပါတယ် ဒီတစ်ခါတော့ ကြာကြာ အထားခံမဲ့ ကန်စွန်းဥ အုန်းနို့သာကူဆမ်းလေး လုပ်စားဖြစ်တဲ့အတွက် ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

အခုလို ပါ၀င်ပစ္စည်းတွေကို အားလုံးတစ်ခါထဲ ရောကျိုလိုက်ရင် အကြာကြီး အထားမခံသလို သာကူတွေ ပွလာတဲ့တွက် စားလို့မကောင်းပါဘူး အခုလို ပြင်ဆင်ပြီး  ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အနည်းဆုံး ၅ရက်လောက် အထားခံပါတယ်။

ပါ၀င်ပစ္စည်းများ

သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
ရေ  - 600 ml (အုန်းနို့နှင့် ရောကျိုရန်)
သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
ဆား - လက်ဖက်ရည်ဇွန်း တ၀က်
သာကူကျိုရန် ရေနွေးဆူဆူ - ၃လီတာ
ဆွမ်းမွှေးရွက် - ၅ရွက်
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ဆွမ်းမွှေးရွက် ကြိတ်တဲ့အထဲ ထည့်ရန်)
ကန်စွန်းဥ - ခပ်ကြီးကြီး တစ်ဥ
ငှက်ပျောသီး - နှစ်လုံး
ဇကာခပ်စိတ်စိတ် - တစ်ခု
ဆွမ်းမွှေးရွက်အရည်စစ်ရန် - ပိတ်စပါး တစ်စ

ဆွမ်းမွှေးရည်လုပ်ရန်
ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးပါ
ပြီးတာနဲ့ ရေနှင့် အရွက်များကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
အရွက်များ ညက်သွားတာနဲ့ ပိတ်စပါးလေးခံကာ အရည်စစ်ပေးပါ
ဆွမ်းမွှေးရည် ရပါက အရွက်ဖတ်များ သွန်ပလိုက်ပြီး အရည်ကိုဘဲ ယူထားပါ
သာကူစေ့ပြုပ်ရန်
ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိူင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
ရေပွက်ပွက်ဆူလာပါက ရေဆူဆူထဲကို ဆွမ်းမွှေးရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
သာကူစေ့များ ခဲပြီး ကပ်မသွားစေရန်နှင့် အရောင်ညီစေရန် မကြာမကြာ မွှေပေးပါ
သုံးသော သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိူင်ပါ
ကျိုနေသော သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီ ဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
ကန်စွန်းဥပြုပ်ရန်
ကန်စွန်းဥကို ရေမြုပ်အောင်ထည့်ပြီး ကန်စွန်းဥ နူးတဲ့အထိ ပြုပ်ပေးပါ
ကန်စွန်းဥ နူးမနူးသိစေရန် သွားထိုး ဒုတ်တံအချွန်လေးဖြင့် ထိုးကြည့်ပါ
ကန်စွန်းဥအသား အိနေပြီဆိုရင် မီးပိတ်ပြီး အအေးခံကာ အခွံခွာ၍ ပုံပါအတိုင်း လှီးထားပါ
ငှက်ပျောသီးပြုပ်ရန်
ငှက်ပျောသီးကို အခွံမခွာဘဲ အလုံးလိုက် ရေမြုပ်အောင်ထည့်ပြီး သုံးမိနစ်ခန့် ပြုပ်ပေးပါ
ပြီးတာနဲ့ အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ

အုန်းနို့ကျိုရန်
ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ
အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
အုန်းနို့သာကူပွဲပြင်ရန်
သာကူ ငှက်ပျောသီး ကန်စွန်းဥ အုန်းနို့တို့ကို သတ်သတ်စီ ဗူးတခုစီမှာ ထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားနိူင်ပါတယ်
ပန်းကန်လုံး တစ်ခုထဲမှာ အအအေးခံထားသော သာကူ ငှက်ပျောသီးနှင့် ကန်စွန်းဥတို့ကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိူင်ရန် ပြင်ပေးပါ
ပြီးတာနဲ့ ကန်စွန်းဥသာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
အုန်းနို့ဗူးကို မသုံးချင်ပါက အုန်းသီးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ကာ အုန်းနို့ရည် ယူနိူင်ပါတယ်။

Tuesday 9 April 2019

ကြက်သား ကော်ပြန့်လိပ်



















ဒီတစ်ခါတော့ အရမ်းကို စားလို့အရမ်းကာင်းပြီး  ကြွတ်ရွမွနေကာ တရုတ်မဆလာနံ့  မွှေးနေတဲ့ ကြက်သားကော်ပြန့်လိပ်လေးတွေ  ကြော်စားဖြစ်လို့ မာမာကြော်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ် ကြက်သားအစား ဝက်သား ပုဇွန်တို့ အစားထိုးပြီးလဲ ကြော်စားနိူင်ပါတယ်ရှင်။

ပါဝင်ပစ္စည်များ
ကော်ပြန့်အရွက် - ၁၀ရွက်
ကြက်ရင်ပုံသား - သုံးဆယ့်ငါးကျပ်သား
ဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပြင် ပန်းကန်အလတ် တစ်လုံးစာ
မုန်လာဥနီ - ခပ်ကြီးကြီး တစ်ဥ
ကြက်သွန်မိတ် - သုံးပင်
ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်းဇွန်း
တရုတ်မဆလာ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
အကြော်မှုန့် - ထမင်းစားဇွန်း ၈ဇွန်းမောက်မောက်
သကြား - ထမင်းစားဇွန်း နှစ်ဇွန်း 
ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (အငံကြိုက်ပါက အနည်းငယ် ပိုထည့်ပါ)
ဆီ - ထမင်းစားဇွန်း လေးဇွန်း (အသီးအရွက်ကြော်ရန်)
ဆီ - လိုသလောက်သုံးပါ (ကော်ပြန့်ကြော်ရန်)

ပြင်ဆင်ပုံ
ကော်ပြန့်ရွက်ကို ပြင်ထားပါ
ကြက်သားကို ရေဆေးပြီး ညက်နေအောင် ကြိတ်ပေးပါ 
ကြိတ်စက်မရှိပါက ခပ်နုတ်နုတ် စင်းပေးပါ
ပြီးတာနဲ့ ကြက်ကြိတ်သားကို သကြား ထမင်းစားဇွန်း တစ်ဇွန်းခွဲ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပဲငံပြာရည်တို့နဲ့ နယ်ပေးပြီး နာရီဝက်ခန့်နှပ်ထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ လေးထောင့်အတုံးလေးတွေရအောင် လှီးပေးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ပြီး ခပ်နုတ်နုတ် စင်းပေးပါ
ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပေးပါ
မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း အတုံးလေးတွေ ရအောင် လှီးပေးပါ
ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
ပြောင်းကော်မှုန့်ကို ရေ ထမင်းစားဇွန်း ၆ဇွန်းခန့်နဲ့ ရောဖျော်ထားပါ
ကော်ပြန့်ကြော်ရန် အကြော်မှုန့်ကို ဇလုံထဲထည့်ပြီး ရေနှင့် ခပ်ပျစ်ပျစ် ဖျော်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပေးပါ 
ကြက်သွန်ဖြူ အနည်းငယ် နွမ်းလာတာနဲ့ ကြက်သားကို ထည့်ပြီးကြော်ပေးပါ
ကြက်သားနံ့ မွှေးလာတာနဲ့ အသားကျက်စေရန် ရေနွေးကို မြုပ်အောင်ထည့်ပြီး ဆီပြန်လာအောင် တည်ပေးပါ
ကြက်သား ဆီပြန်လာတာနဲ့ မုံလာဥနီ ဂေါ်ဖီ ကြက်သွန်နီ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် သကြား ထမင်းစားဇွန်း တစ်ဝက် တရုတ်မဆလာနှင့် ကော်ရည်ကို ထမင်းစားဇွန်း တစ်ဇွန်းစာ ချန်ထားပေးပြီးထည့်မွှေပေးပြီး ကော်ရည်ခမ်းကာ အသီးအရွက်များ နွမ်းအောင် ကြော်ပေးကာ အရသာမြည်းပါ
မိမိနှစ်သက်တဲ့ အရသာရအောင် ပြင်ပေးပြီးတာနဲ့ ကြက်သွန်မိတ်ကို ထည့်မွှေပေးကာ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
ကော်ပြန့်လိပ်ရန်
ထမင်းစားဇွန်း တစ်ဇွန်းစား ချန်ထားသော ကော်ရည်ကို မိုက်ခရိုဝေ့ထဲ ဆယ်စကန့်လောက်ထည့်ကာ အပူပေးထားလိုက်ပါ
ကော်ပြန့်ရွက်ကို ပုံပါအတိုင်း ဖြန့်ခင်းပေးပါ
ပြီးတာနဲ့ အအေးခံထားသော ကြက်သားအသီးအရွက်ကြော်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ကို ကော်ပြန့်ရွက်ထောင့်နားမှာ ပုံပေးပါ
အစာပုံထားသော အောက်ဖက်မှ စပြီးကော်ပြန့်ရွက်ကို လိပ်ပေးပါ
ပြီးတာနဲ့ နောက်တစ်ခေါက် ထပ်လိပ်ပေးပြီး ဘေးနှစ်ဖက်ကို ခေါက်ပေးပါ
ဘေးနှစ်ဖက် ခေါက်ပေးပြီးတာနဲ့ အလိပ်ပုံစံလေး ရတဲ့ထိ ထပ်လိပ်ပေးပါ
အလိပ်ပုံစံလေးရတာနဲ့ ကျန်နေသော ထောင့်နေရာလေးကို ကော်ရည်အနည်းငယ်ဖြင့် သုတ်ပေးကာ ကပ်ပေးပါ
အထက်ပါ ပုံစံအတိုင်း ကြော်ထားတဲ့အစာများကုန်တဲ့အထိ ကော်ပြန့်လိပ်ကို လိပ်ပေးပါ
ကော်ပြန့်ကြော်ရန်
လိပ်ထားသော ကြက်သားကော်ပြန့်လိပ်များနှင့် အရည်ဖော်ထားသော  အကြော်မှုန့်ပန်းကန်ကို အဆင်သင့်ပြင်ထားပါ
ဒယ်အိုးတလုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
မီးလျှော့ပြီးတာနဲ့ ကော်ပြန့်လိပ် တစ်ခုခြင်းကို အရည်ဖျော်ထားသော အကြော်မှုန့်ထဲမှ ထည့်ပေးပြီး လူးပေးပါ
ပြီးတာနဲ့ ဆီအိုးထဲကိုထည့်ပြီး ကြော်ပေးပါ
ကြော်တဲ့အခါမှာ မီးမများစေရန် သတိထားပေးပါ
တစ်ဖက်ရွှေအိုရောင် သန်းလာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
နှစ်ဖက်စလုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
ဆီစစ်သွားတာနဲ့ ကြက်သားကော်ပြန့်လိပ်ကော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်တဲ့ အချဉ်ရည်ဖြင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။