Thursday 11 April 2019

ရေမုန့် (သို့မဟုတ်) လမ်းသရဲမုန့်



ဒီနေ့တော့ သမီးတော်လေး စားချင်တဲ့ လမ်းသရဲမုန့်လေးတွေ လုပ်ဖြစ်ပါတယ် ဒီမုန့်လေးတွေကို လုပ်ရတာ အရမ်းလွယ်ပေမဲ့ အောက်ချေ မကပ်တဲ့အိုးကို သုံးမှသာ မုန့်လှလှလေး ရမှာ ဖြစ်ပါတယ်။

မုန့်သားမကြွတ်သေးဘဲ မုန့်သားအောက်ချေကို ထိုးလှန်တာတွေ မလုပ်မိဖို့နှင့် မီးအရမ်း မများဖို့ကိုလဲ သတိထားရပါမယ် ဒီမုန့်ထဲမှာ မိမိနှစ်သက်ရာ အသီးအရွက်လေးတွေအပြင် ဘဲဥ ကြက်ဥတို့ကိုလဲ ထည့်ပြီတော့း လုပ်နိူင်သလို မာမာကတော့ မဆလာလေးထည့်ပြီး လုပ်တဲ့အတွက် ပိုပြီးစားလို့ကောင်းပါတယ်။

ပါ၀င်ပစ္စည်းများ (၁၀ ချပ်စာအတွက်)

ဆန်အစိမ်းမှုန့်- 1 cup
ရေ - 3 cups
ဆိုဒါ(baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (ဆန်မှုန့်ထဲ ထည့်ဖျော်ရန်)
ပဲပြုတ် - မိမိနှစ်သက်သလောက်
နံနံပင် - မိမိနှစ်သက်သလောက်
မုန်လာဥနီ - အနေတော် တစ်ဥ
ဂေါ်ဖီ - အနေတော် တစ်ခြမ်း
ခရမ်းချဉ်သီး - အလုံးကြီးကြီး၂ လုံး
ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
မဆလာ - အနည်းငယ်
ဆား - အနည်းငယ် ( အသီးအရွက်ထဲထည့်ရန်)
ဆီ - လိုသလောက်

ပြင်ဆင်ပုံ

ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့်ရေ ဆိုဒါနှင့် ဆားတို့ကို ထည့်ပေးပြီး အရည်ပျော်အောင် ဖျော်ထားပေးပါ
ဆိုဒါမှုန့်မရှိလျှင် မုန့်နှစ်ရည်ကို အနည်းဆုံး ၅နာရီခန့်နှပ်ထားပေးပါ(မာမာကတော့ ဆိုဒါမကြိုက်တဲ့အတွက် မုန့်နှစ်ရည်ကို ကြိုစပ်ပြီး ဖောက်ထားပါတယ်)
ဆိုဒါထည့်ပြီး မုန့်နှစ်ရည်ကို ဖောက်ထားပါက မုန့်လုပ်ပါက မုန့်သားက ပိုပြီးကြွတ်လွယ်ပါတယ်
နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
မုံလာဥနီကို အခွံခွာပြီး အမျှင်လေးများရအောင် ခြစ်ပေးထားပါ
ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
ဆီ ဆား မဆလာနှင့် ပဲပြုပ်တို့ကို ပြင်ထားပေးပါ
အာက်ချေမကပ်တဲ့ ဒယ်ပြားကို မီးဖိုပေါ်တင်ကာ အပူပေးပါ
ဒယ်ပြားပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
ပြီးတာနဲ့ ဆီထမင်းစားဇွန်း တစ်၀က်သာသာကို ဒယ်ပြားထဲ ထည့်ပေးပါ
ဆီပူလာတာနဲ့ အိုးကိုကိုင်းမှကိုင်ပြီး ဆီကိုဖြန့်ပေးပါ
ဆီပူလာတာနဲ့ မုန့်ရည်ကို ယောက်ချိုဇွန်းနှင့် သမအောင် မွှေပေးပါ
အထက်အောက် သမသွားတာနဲ့ မုန့်နှစ်ကို ယောက်ချိုဇွန်း အပြည့်ခပ်ပေးပါ
ခပ်ပြီးတာနဲ့ ဒယ်ပြားထဲကို လောင်းချပြီး ဒယ်အိုးလက်ကိုင်ကိုင်းမှကိုင်ကာ မုန့်နှစ်များ အိုးအပြည့် ပြန့်သွားအောင်ဝေ့ဝိုက်ပြီး ဖြန့်ပေးပါ
မုန့်နှစ်များ ဒယ်အိုးအပြည့် ပြန့်သွားတာနဲ့ မုန့်နှစ်အပေါ်ကို ဆီနည်းနည်း သုတ်ပေးပြါ
ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော မုံလာဥနီ ဂေါ်ဖီ ပဲပြုတ် ခရမ်းချဉ်သီး နံနံပင် နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပေးပါ
အသီးအရွက်များ အပေါ်မှ ဆားအနည်းငယ်နှင့် မဆလာ အနည်းငယ်ကို ဖြူးပေးပြီး အိုးအဖုံးကို မိနစ်ဝက်လောက် အုပ်ပေးထားပါ
မုန့်လုပ်နေစဉ် မီးကိုသတိထားပါ မီးအရမ်းများပါက အောက်ဖက်ပိုင်း ကျွမ်းလွယ်ပါတယ်
မုန့်သားများ ကျွတ်လာမှ အသီးအရွက်များကို အုပ်မိအောင် ခေါက်တင်ပေးပါ
ပြီးတာနဲ့ ပန်းကန်ပြားထဲ ပြောင်းပြီးထည့်ပေးပါ
အထက်ပါ နည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ လုပ်ပေးပါ
မုန့်တစ်ခု ထပ်လုပ်တိုင်း ဒယ်အိုးကို ဆီမထည့်ခင် ဒယ်အိုးသန့်သွားအောင် paper towelနှင့် သုတ်သုတ်ပေးပါ
ရေမုန့် လို့ခေါ်တဲ့ လမ်းသရဲမုန့် ပူပူကြွတ်တ်ကြွတ် စပ်စပ်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment