Saturday 26 December 2015

ချင်းမျှင် ငါးပေါင်း





အခုရက်ထဲ ရာသီဥတုက ပူလာလေ ထမင်းစားလေးက ပျက်ချင်လာလေမို့ ဒီနေ့တော့ Basa ငါးကို မွှေးမွှေးပူပူလေး ပေါင်းပြီးတော့ စားဖြစ်ခဲ့ပါတယ် တရုတ်ဟင်း စားဖွယ်ရာလေးပါ ချက်နည်းက လွယ်ကူပြီး မြန်လဲမြန်ပါတယ် ဒါကြောင့်မို့ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးပေါင်းရန်အတွက်

  1. Basa- 350 g
  2. Chinese cooking wine - ထမင်းစားဇွန်း ၂ဇွန်း
  3. ချင်း - လှီးပြီးသား ထမင်းစားဇွန်း ၃ဇွန်းခန့်

ငါးပေါင်းပြီး ဟင်းပွဲစပ်ရပ်အတွက်
  • Apple Vinegar - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း
  • Fish Sauce - ထမင်းစားဇွန်း တစ်ဝက်
  • Soy Sauce - ထမင်းစားဇွန်း တစ်ဝက်
  • မြေပဲဆီ - ထမင်းစားဇွန်း လေးဇွန်း
  • ကြက်သွန်မိတ် - ၃ပင်ခန့်
  • သကြား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ
ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး ၂လက်မသာသာ အရွယ်တော်တုံးကာ ရေစစ်ထားပါ
  2. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်အမြှောင်းလေးများ ရအောင် လှီးထားပါ
  3. အပူခံသော ကြွေကန်းကန် တခုထဲမှာ ငါးကို ထည့်ပြီး ငါးပေါ်မှာ ချင်းကိုထည့်ပါ
  4. ငါးပန်းကန်ထဲကို cooking wineကို ထည့်ပါ
  5. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံ ရေအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
  6. ရေဆူလာတာနဲ့ ငါးထည့်ထားသော ပန်းကန်ကို ပေါင်းအိုးဇကာထဲထည့်ကာ အဖုံးအုပ်ပြီး ၁၅မိနစ်လောက် ပေါင်းပေးပါ
  7. ငါးပေါင်းကျက်သွားပါက ပေါင်းအိုးထဲမှာ ငါးပန်းကန်ကို ခနထားပေးပါ
  8. ကြက်သွန်မိတ်ကို ပုံပါအတိုင်း လှီးပြီး မွှထားပါ
ငါးအပေါ်ဆမ်းရန် အရသာစပ်နည်း
  1. ဇောက်နက်သော အိုးသေးသေး တလုံးမှာ ဗီနီကာ ဆီ ငံပြာရည် ပဲငံပြာရည်အကြည်တို့ကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  2. ပေါင်းးထားသော ငါးပန်းကန်ကို အပြင်ထုတ်ပြီး ငါးပေါင်းစဉ် ထွက်လာသော အရည်များကို ဖယ်လိုက်ပြီး ဆားနှင့် သကြားကို ငါးအပေါ် ဖြူးပေးပါ
  3. အရှည်အမြှောင်း လှီးထားသော ကြက်သွန်မိတ်ကို ငါးအပေါ် ဖွပြီးတင်ပေးပါ
  4. ပွက်ပွက်ဆူနေသော ဟင်းအရသာ အနှစ်ကို ကြက်သွန်မိတ်ပေါ်မှနေ၍ ငါးအပေါ်ကို ပူနေတုန်း ဖြည်းဖြည်းခြင်းလောင်းချပါ
  5. ပြီးတာနဲ့ ချင်းမျှင် ငါးပေါင်း မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Monday 21 December 2015

တမာချဉ်


တမာရွက်နု

မကျည်းသီးမှည့်ကို ရေစိမ်ထားပါ

နနွင်းကို ရေဖျော်ထားပါ

ပြုပ်ပြီးသော တမာရွက်ကို ရေနှင့် ၂မိနစ်လောက် 
စိမ်ထားပေးပါ

နနွင်းရည် မကျည်းသီးမှည့်တို့နှင့် စိမ်ပေးပါ

ပြင်ဆင်သောအခါ မကျည်းသီးများ ဖယ်ပေးပါ

တမာချဉ်နှင့် လိုက်ဖက်သော ဘဲဥချဉ်ရည်ဟင်း


တမာချဉ်လို့ အသံကြားလိုက်တာနဲ့ မာမာတို့ငယ်ဘ၀လေးကို အရမ်းလွမ်းမိပါတယ် စည်းကမ်းကြီးတဲ့ အမေ့အမ အကြီးဆုံး အပျိုကြီး ကြီးကြီးရဲ့လက်ပေါ်မှာ ကြီးခဲ့တာမို့ အိမ်မှုကိစ္စကို အသက်အရွယ်အလိုက် နိုင်သလောက် လုပ်ကြရပါတယ်။

ပိုဆိုးတာက မိန်းကလေးဆို အိမ်မှုကိစ္စကို ပိုပြီးသင်ပေးသလို သင်တဲ့အတိုင်း လုပ်လဲလုပ်ရပါတယ် ထမင်းချက် ဟင်းချက်အပြင် ၆ဧကကျော်ကျယ်တဲ့ ခြံဝင်းထဲက ထွက်သမျှ အသီးအနှံကို ရာသီချိန်တိုင်း အသုံးဝင် တာရှည်ခံအောင် ပြင်ဆင်နည်းများကို သင်ပေးတတ်တာမို့ ဒီနေ့ထိ ကြီးကြီး သင်ပေးတာတွေ အားလုံးက မာမာ့အတွက် လိုသလို အသုံးချနိုင်ခဲ့ပါတယ်။

ဒီနေ့တော့ တမာချဉ်လုပ်နည်းလေး မျှဝေချင်ပါတယ် တမာရွက် အနုလေးတွေ ခူးခွင့်ပေးတဲ့ အမ မမေကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

တမာချဉ် လုပ်နည်းလေးက သိပြီးသူတွေ အတွက်တော့ အရမ်းကို လွယ်ပါတယ် မသိသေးသူတွေအတွက် အိမ်လုပ်တမာချဉ် သန့်သန့်လေး စားနိုင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. တမာရွက်အနု - ၈ခက်
  2. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. တမာရွက် အနုလေးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  2. မကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် ပန်းကန်လုံး တလုံးစာလောက်နှင့် စိမ်ထားပါ
  3. မကျည်းသီးမှည့်အစား ဇီးသီးခြောက်ကို ရေစိမ်ပြီးတော့လဲ သုံးနိုင်ပါတယ်
  4. နနွင်းကို ရေ အနည်းငယ်နှင့် ဖျော်ထားပါ
  5. အားလုံး အဆင်သင့်ဖြစ်တာနဲ့ ရေ၂လီတာလောက်ကို ဆူအောင်တည်လိုက်ပါ
  6. ရေ ပွက်ပွက်ဆူလာတာနဲ့ တမာရွက်ကို ရေနွေးထဲ မြုပ်အောင် တစ်မိနစ်လောက် ထည့်လိုက်ပါ
  7. အရွက်ပြုပ်ချိန် မကြာရပါ ပြုပ်ချိန်ကြာပါက အရွက်များ အရမ်းနူးပြီး စားမကောင်းတော့သလို ရိုးတံနဲ့အရွက်များ တခြားစီ ဖြစ်ကုန်တတ်ပါတယ်
  8. ပြီးတာနဲ့ ရေနွေးထဲကနေဆယ်ပြီး ရေအေးနှင့်ဆေးပြီး ရေ၂မိနစ်လောက် ရေစိမ်ထားပေးပါ
  9. အရွက်များ အေးသွားနဲ့ ရေများစင်အောင် လက်နှင့်အသာအယာ ဆုတ်ပြီးညှစ်လိုက်ပါ
  10. ရေစင်တာနဲ့ နနွင်းရည်ထဲ စိမ်ပေးပါ
  11. နနွင်းစိမ်ပြီးတာနဲ့ မကျည်းရည်ထဲ ထည့်စိမ်ပေးပါ
  12. အားလုံး ပြင်ဆင်ပြီးတာနဲ့ တမာချဉ်ကို ချက်ခြင်း သုံးဆောင်နိုင်သလို ဖန်ပုလင်းထဲထည့်ပြီး လေလုံအောင်ပိတ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲထည့်ပြီး လိုသလောက်ယူ၍ စားသုံးနိုင်ပါတယ်
  13. တမာချဉ်က ချက်ခြင်းကြီး ချဉ်တာမို့ အချဉ်မကြိုက်ပါက မကျီးသီးမှည့်ကို အနည်းငယ် လျှော့ပြီးထည့်ပေးပါ။

Friday 18 December 2015

ခေါက်ဆွဲကြော်



ဒီတစ်ခါတော့ ခေါက်ဆွဲကို အသီးအရွက် ခပ်များများနဲ့ အသားမပါဘဲ ကြော်ပြီး ထမင်းပူပူလေးနဲ့စားဖို့ ပြင်ထားပါတယ် အသားမပါပေမဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခေါက်ဆွဲအစို - သုံးဆယ်သား
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပဲတောင့်ရှည် - ၅တောင့်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်မိတ် - အပင်ကြီးကြီး နှစ်ပင်
  7. မုံလာဥနီ - အနေတော် တစ်ဥ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  14. ဆီ - ထမင်းစားဇွန်း ၈ဇွန်းခန့်
  15. ရိုးရိုးရေ - ထမင်းစားဇွန်း ၈ဇွန်း
  16. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  17. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တလက်မလောက် အရှည်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ကြက်သွန်နီ ပဲသီး ဂေါ်ဖီ မှိုနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ခရုဆီ ပဲငံပြာရည်အကျဲနှင့် ရိုးရိုးရေ တစ်ဝက်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသောရေကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ကြက်သွန်မိတ်နှင့် တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Monday 14 December 2015

ပဲလွန်းထောင်းကြော်









ပဲဆုတ်ကြော်လို့ ပြောပေမဲ့ တကယ်တော့ ဗယာကြော်ပါဘဲ ဗယာကြော်လို ကုလားပဲခြမ်းကို ကြော်တာမဟုတ်ဘဲ Black Eye Bean ကို ကြော်ထားတာပါ။

ဒီပဲကြော်က မြန်မာပြည်မှာ နေတုန်းက မုတ္တမပင်လယ်ကွေ့  ဘေးနားက တိုက်နယ်ဆေးရုံမှာ အမျိုးသား တာဝန်ကျစဉ် လိုက်နေတုံးက ရွာခံလူတွေ ကြော်စားနေကျ အကြော်တမျိုးပါ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. ၆နာရီလောက် ရေစိမ်ထားသော ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနမ်ရွက် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  3. ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  4. ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ခပ်ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  9. ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  11. ဆီ ထမင်းပေါင်းအိုး - ဆန်ချင်ဗူး ၂ဗူး

ပြင်ဆင်ပုံ
  • ရေစိမ်ထားသောပဲကို ရေစစ်ကာ ဘလင်ဒါထဲထည့်ပြီး တမိနစ်ဆီ ၇ခါလောက် ကြိတ်ပေးပါ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ဆီမှလွဲပြီး ပါဝင်ပစ္စည်းများကို ထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားတာနဲ့ လက်ကို ရေစွတ်ပြီး အနေတော် ဆုတ်ပြီးလုံးပေးပါ
  • ပဲကို အလုံးလေးရအောင်  ကျစ်ပြီး ကွဲမထွက်အောင် ဖြည်းဖြည်းခြင်း ဆုတ်ပေးပါ
  • ရွယ်တူ ၁၁လုံးလောက် ရပါမယ်
  • ဇောက်နက်သော အိုးထဲမှာ ဆီကို မီးပြင်းပြင်းနဲ့အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီး အငွေ့သေအောင် ထားပေးပါ
  • ဆီအငွေ့သေမှ ပဲဆုတ်များကို တစ်လုံးခြင်း ထည့်ကြော်ပေးပါ
  • တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံးကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday 13 December 2015

ငရုတ်သီးစိမ်း ပုဇွန်အစပ်ဟင်း


ဗီယက်နမ်ဆိုင်မှာမှ ရတတ်တဲ့ ကျောက်ပုဇွန်လေးတွေကို ခေါင်းဖြုတ်ပြီး ငရုတ်သီးစိမ်း ခပ်ပါးပါးလှီးကာ စပ်စပ်လေးချက်ထားတာမို့ လွယ်ကူမြန်ဆန် ဟင်းလေးတမယ်အတွက် မျှဝေလိုက်ပါတယ်။

ကျောက်ပုဇွန်လေးတွေရဲ့ အခွံက မာသယောင် ထင်ရပြီး ချက်လိုက်တဲ့အခါ မမာဘဲ ပုဇွန်အသားကလဲ ချက်လိုက်တာနဲ့ အရောင်ရဲပြီး တက်လာတတ်လာကာ မွှေးလဲမွှေးတဲ့ပုဇွန်မို့ အင်မတန်စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန် - 250 g
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်သီးစိမ်း - အတောင့် ၃၀
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆီ - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ်ထားပါ
  • ဆီကိုအပူပေးကာ နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ပါးပါးလှီးကာ ဆီသတ်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့အရသာမှုန့် ပုဇွန်နှင့် ငံပြာရည်တို့ ထည့်ကြော်ပါ
  • ပုဇွန်ကို ၂မိနစ်လောက်ဘဲ ကြော်ပြီး ငရုတ်သီးစိမ်း ထည့်ကြော်ပါ
  • ငရုတ်သီးစိမ်းထည့်ပြီး ရေ လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးစာ သာသာထည့်ကာ ၃မိမိနစ်လောက် ရေဆူအောင် တည်ပြီးတာနဲ့ အရသာမြည်ပြီး လိုသလိုပြင်ပေးပြီးရင် ပုဇွန်ငရုတ်သီးစိမ်း စပ်စပ်လေး ရပါပြီ။

Saturday 12 December 2015

ကင်းပုံသီးကြော်


ကင်းပုံသီးလေးတွေ ရလာတာနဲ့ ချက်စားရင် ကောင်းမလား ကြော်စားရင် ကောင်းမလား စဉ်းစားနေရင်းက ဒီတစ်ခါတော့ ပုဇွန်ခြောက်နဲ့ ကြော်ဖြစ်သွားပါတယ် ကျွတ်ကျွတ်လေးမို့စားကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အနေတော် လှီးထားသော ကင်းပုံသီး - 300 g
  2. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်

ပြင်ဆင်ပုံ
  1. ဒယ်အိုးတစ်လုံးထဲမှာ ဆီထဲ့ပြီး ဆီကိုအပူပေးကာ နနွင်းမှုန့်ထည့်ပါ 
  2. ဆီပူလာတာနဲ့ ကြက်သွန်အဖြူ အနီတို့ကို ထည့်ကြော်ပါ
  3. ကြက်သွန်များ နွမ်းတာနဲ့ ပုဇွန်ခြောက် ကင်းပုံသီး ဆား ဟင်းချိုမှုန့်တို့ကို တခါထည်း ထည့်ကြော်ပါ
  4. တမိနစ်လောက် ကြော်ပြီးတာနဲ့ ရေအနည်းငယ် ထည့်မွှေပြီး အသီးနူးအောင် ကြော်ပေးကာ အသီးနူးပါက အရသာမြည်းကာ လိုသလိုပြင်ပြီး  စားသုံးနိုင်ပါပြီ

Thursday 10 December 2015

Soy Bean ပဲပင်ပေါက်









ဒီနေ့တော့ soy bean နဲ့ ပဲပင်ပေါက် ဖောက်နည်းလေး မျှဝေပေးချင်ပါတယ် စားရတာ မတ်ပဲထက် ပိုပြီးစိမ့်သလို ပဲခြမ်းစေ့လေးတွေက စေးထန်းထန်းနဲ့မို့ ၀ါးရင်းဝါးရင်း ပိုပြီးစိမ့်လာတဲ့ ပဲပင်ပေါက်လေးပါ။

အရင် မတ်ပဲကို အပင်ဖောက်သလိုပါဘဲ နည်းကတော့ အတူတူပါဘဲ သူ့ကိုလဲ သုပ်စား ကြော်စား အချဉ်တည် အစိမ်းစား အစုံလုပ်စားနိုင်ပါတယ်။




ပဲပင်ဖောက်ပုံ အဆင့်ဆင့်

  • Soy bean ပဲစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ရေမြုပ်အောင်ထည့်ပြီး ပဲများပွလာအောင် တညသိပ် ရေစိမ်ထားပေးပါ
  • နောက်နေ့မနက် ပဲစေ့များ ပွလာပါက အပေါက် ခပ်စိပ်စိပ်ပါပြီး ဇောက်နက်သော ဇကာထဲ သွန်ချကာ ဇကာအပေါ်မှ အုပ်ပြီးထားပေးပါ
  • သတိရရင် ရသလို ရေလောင်းပေးနိုင်စေရန်  ဘေဇင်နားတွင်ထားပြီး ရေလောင်းလောင်းပေးပါ
  • ဒုတိယမြောက်နေ့မှာ အပင်လေးများ စထွက်လာပြီး တတိယနေ့မှာ အပင်တော်တော်လေး ရှည်လာပါလိမ့်မယ်
  • ရေကို မကြာမကြာ လောင်းပေးပြီး ဇကာအပေါ်မှ ရေစိုအ၀တ် သန့်သန့်နှင့် အဖုံးအုပ်ထားပါက အပင်ထွက်နူံး ပိုမြန်ပါတယ်
  • တတိယမြောက် နေ့လည်လောက်ဆို ပဲပင်ဧ။် အမြှစ်များ ရှည်တက်လာပါက ဗန်းကျယ်ကျယ် တခုထဲကို လက်တဆုတ်စာ စွဲယူပြီး အောက်ခြေအမြစ်များကို ကပ်ကြေးဖြင့် ညှပ်ချပြီး အပင်များကို ထည့်ပေးပါ
  • အမြှစ်များ မဖယ်ချင်လဲ ဒီအတိုင်း ဗန်းကျယ်ကျယ်ထဲ ထည့်ကာ ပဲပင်များကို ဖွလိုက် ခါလိုက်လုပ်ကာ ယူပေးပါ
  • အပင်များကို လက်နှစ်ဖက်ဖြင့် ဖွဖွပေးပြီး အခွံများကို ခါချပေးသလို ဖြစ်ပြီး အခွံများ အောက်ဖက်မှာ ကျန်ခဲ့ပါလိမ့်မယ်
  • အခွံများကို လွှင့်ပြစ်ပါ soy bean ပဲပင်ရဲ့ အမြှစ်နုများက သန်စွမ်းပြီး နုနေတဲ့အတွက် အမြှစ်များကို မဖယ်ဘဲထားလဲ ရပါတယ်
  • ပဲပင်ပေါက် ကုန်တဲ့ထိ ထိုနည်းအတိုင်း လုပ်ပေးပါက ပဲအခွံချွတ်ရတာ ပိုပြီးမြန်ပါတယ်။

Tuesday 8 December 2015

အိမ်လုပ် ရှမ်းပဲငပိမွှေးမွှေးလေး



ပဲငပိလုပ်ရန် Soy Bean ပဲထုတ်

ပဲ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးကို
 ရမြုပ်အောင်ထည့်ပြီး တရက်စိမ်ပေးပါ

ရေစိမ်ပြီး ပွလာသောပဲကို ဆားထမင်းစားဇွန်း
 ၂ဇွန်းနှင့် ရေမြုပ်အောင်ထည့်ပြီး
ပဲနူးရုံလေးပြုပ်ပြီး ရေစစ်ထားပေးပါ

ပြောင်းဖူးဖက် အစိုကို ၂ရွက်ထပ်ခင်းပြီး 
ပဲထမင်းစားဇွန်း ၂ဇွန်းခွဲခန့်ထည့်ကာ လေ
လုံအောင်ထုတ်ပြီး အပေါ်မှ သရည်ကြိုးနှင့် စည်းပါ

ပဲအားလုံး ထုတ်ပြီးသွားပါက ပဲထုတ်များကို
 စီပြီးထပ်ကာ ဇကာတလုံးထဲမှာ ထပ်ပြီး
ထည့်၍ ၃ရက်မှ ၄ရက်လောက်ထားပေးပါ

၃ရက်မြောက်နေ့မှာ ပဲစေ့များ တခုနှင့်တခု 
စေးကပ်လာပြီး ရှမ်းပဲငပိအနံ့ရလာပါပြီ

၎ရက်မြောက်နေ့မှာ ရှမ်းပဲငပိချက်ရန် 
အဆင်သင့် အနေအထားကို ရပါပြီ

ရှမ်းပဲငပိချက်မွှေးမွှေးလေးနှင့် တို့စရာများ 
ပြင်ဆင်ကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ

ဒီတခါတော့ ကိုယ်တိုင်လုပ် ရှမ်းပဲငပိ လုပ်နည်းလေးနဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ် လုပ်ရတာ လွယ်ကူပေမဲ့ ပဲငပိထုတ်ဖို့ ရေသဖန်းရွက် မရှိလေတော့ ပြောင်းဖူးဖက်လေးနဲ့ဘဲ အဆင်ပြေအောင်ထုတ်ထားပါတယ်။

ပြောင်းဖူးဖက်နဲ့ လုပ်ထားတဲ့ ရှမ်းပဲငပိလေးပေမဲ့ မြန်မာပြည်က ရေသဖန်းရွက်နဲ့ထုတ်တဲ့ အရသာအတိုင်း ရတာမို့ အိမ်လုပ် ရှမ်းပဲငပိ သန့်သန့်လေး လုပ်စားနိုင်အောင် မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက်မှုန့် -  လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၄မွှာ
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  4. ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း
  5. ခရမ်းချဉ်သီး - အနေတော် ၅လုံး 
  6. ပဲငပိ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး                                      
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေစိမ်ပြီး ညက်နေအောင်ထောင်းပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းထားပါ
  • ပဲငပိကို ပြင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူထောင်းကို မိနစ်ဝက် မရှိတရှိကြော်ပေးပါ။
  • ပြီးတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပါ။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး မသွားတဲ့ထိ ချက်ပေးပါ။
  • ခရမ်းချဉ်သီးများ ကျေသွားတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထည့်ပြီး ၂မိနစ်လောက်မွှေပါ။
  • ပြီးတာနဲ့ ငံပြာရည်ကိုထည့်ပြီး မိနစ်ဝက်လောက် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များမခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ ခမ်းလာပြီး ဆီမပြန်ခင် ငရုတ်သီးစိမ်း ထည့်မွှေကာ မီးပိတ်ပြီး အရသာမြည်း လိုသလိုပြင်ပေးပါ။
  • ပြီးတာနဲ့ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။

Monday 7 December 2015

ကန်စွန်းရိုး ချဉ်ဖတ်










ဒီတခါတော့ ငပိချက် ငံပြာရည်ချက် ငပိရည်တို့နဲ့ အရမ်းလိုက်ဖက်တဲ့ ကန်စွန်းရိုးချဉ်ဖတ် အချဉ်တည်ဖြစ်ပြန်ပါတယ် ပဲတီချဉ် ထည့်တဲ့ အချဉ်ရည် လက်ကျန်လေး ရှိနေသေးတာကြောင့် ဆန်ဆေးရည်နဲ့ ဆားသင့်တော်ရုံရောပြီး အချဉ်ရည် စပ်ပေးကာ ကန်စွန်းရိုး ချဉ်ဖတ်လေး ထည့်ဖြစ်သွားတာပါ။

အချဉ်ရည် လက်ကျန် မရှိတော့လို့ အချဉ်ရည် စပြီးပျိုးမယ် ဆိုရင်တော့ အောက်မှာ ရေးထားတဲ့ နည်းအတိုင်း အချဉ်ရည်ကို ပျိုးပြီး ယူနိုင်ပါတယ်။

အချဉ်တည်ရတာ မခက်ခဲလှပါဘူး ဒါပေမဲ့ အချဉ်ထည့်မဲ့ ပုလင်းက တခြား ဘာမှမထည့်ဖူးတဲ့ ပုလင်းသန့်သန့်နဲ့ အချဉ်တည်ဖို့တော့ လိုပါတယ် နောက်တခါ ပြန်သုံးနိုင်အောင် ရေစင်အောင်ဆေးပြီး ပုလင်းကို တခြားဘာမှ မထည့်ဘဲ သန့်သန့်လေး ထားသင့်ပါတယ်။

အချဉ်တည်ရန် ပါဝင်ပစ္စည်းများ

  1. ကန်စွန်းရိုး အရိုးသင်ပြီးသား - အနေတော် ဇကာတစ်လုံး
  2. ဆန်ဆေးရည် - 4 cups
  3. ဆား - ထမင်းစားဇွန်း ၃ဇွန်းကျော်ကျော်
  4. အအေးခံထားသော ထမင်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ

အချဉ်ရည်တည်ပုံ
  • ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
  • ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
  • အငံ ခပ်လေးလေး ဖြစ်မဖြစ် လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
  • တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့အတိုင်း ထည့်ပေးပါ
  • ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
  • ဆားထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ( မနက်ကချက်ပြီး ညနေပိုသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်)
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  • နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
  • ၃ရက်လောက်ဆို အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ
အချဉ်ထည့်ရန်
  • ကန်စွန်းရိုးကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးထားပါ
  • အချဉ်တည်မည့် ပုလင်းထဲမှ ထမင်းများကို ဇွန်းနဲ့ခပ်ပြီး ဖယ်ပေးပါ
  • ထမင်းများ မဖယ်ဘဲ ထည့်လဲရပါတယ်
  • ရေစစ်ထားသော ကန်စွန်းရိုးကို အချဉ်ရည်ထဲစိမ်ပြီး အဖုံးအုပ်ကာ တညသိပ် ထားပြီးပါက နောက်နေ့မနက်ဆို ရပါပြီ
  • ကန်စွန်းရိုး ချဉ်ဖတ်ကို တို့စရာ အသုပ်နှင့် ချဉ်ဖတ်တို့အဖြစ် နှစ်သက်သလို ပြင်ဆင်ကာ စားသုံးနိုင်ပါပြီ ။

Sunday 6 December 2015

သရက်သီး ဆားရည်စိမ်






သရက်သီးစိမ်း ပေါ်ကာစ သရက်သီးစိမ်းကို အမျိုးမျိုး လုပ်စားဖြစ်ပါတယ် အဲဒီအထဲကမှ တနှစ်ပါတ်လုံး အထားခံပြီး သုပ်စားလို့ ရသလို တို့စရာလဲ လုပ်နိုင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် အလုံးလိုက် အချဉ်တည်နည်းလေးကို မျှပေးဝလိုက်ပါတယ်ရှင်။

ပါင်ပစ္စည်းများ

  1. သရက်သီးစိမ်း - ပုလင်းဆန့်သလောက် 
  2. ရေ - ပုလင်း တစ်ဝက်ခန့်
  3. ဆားကြမ်း - ထည့်ထားသောရေ ငံမြနေအောင် ထည့်ပါ
  4. ဖန်ပုလင်း  - သန့်သန့် တစ်ပုလင်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အစေးများ စင်အောင်ဆေးပြီး ဇလုံတလုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၂ရက်လောက် စိမ်ထားပါ
  • ၂ရက်ပြည့်တာနဲ့ ဖန်ပုလင်း သန့်သန့်ထဲမှာ  ရေတစ်ဝက်လောက် ထည့်ပေးပါ
  • ရေထဲကို ဆားထည့်ပြီး တော်တော်လေး ငံတဲ့ထိ ထည့်မွှေပေးပါ
  • ဆားအရည် ငံမငံကို လက်နဲ့တို့ပြီး မြည်းကြည့်ပါ
  • ဆားဖျော်ပြီးတာနဲ့ သရက်သီးကို ဆားရည်ထဲ ဆန့်သလောက် ထိုးသိပ်ထည့်ပါ
  • ဖန်ပုလင်းထဲမှာ ပြည့်ပြီးကြပ်ညပ်နေအောင် ထည့်ပေးပြီး အဖုံးကို လုံနေအောင် ဖုံးပေးပါ
  • ဆားရည်များ အဖုံးမှ လျှံပြီး စိမ့်ထွက်တတ်တဲ့အတွက် ပုလင်းအောက်မှ ဇလုံတလုံး ခံထားပေးပါ
  • ဆားရည်စိမ်ပြီး နောက်တစ်ရက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး ထည့်ထားသော သရက်သီးများကို ဖိကြည့်ပါ
  • ပုလင်းထဲမှာ ချောင်နေတာကို တွေ့ရပါမယ် ပုလင်းချောင်နေရင် ဆားရည်စိမ်ထားသော သရက်သီးများ မာမနေဘဲ ပျော့သွားတတ်တဲ့အတွက် သရက်သီးများ မပျော့စေရန် ပုလင်းဆန့်သလောက် သရက်သီးကို ထပ်ပြီး ဖိသိပ်ကာ ထည့်ပေးပါ
  • တတိရမြောက်နေ့မှာလဲ ထိုကဲ့သို့ ရသလောက် ထပ်ဖိပြီး ထည့်ပေးပါ
  • သရက်သီးများ အားလုံးကို ဆားရည်မြုပ်နေအောင် ထည့်ပြီး အဖုံးကို လုံအောင်ဖုံးထားပါ
  • ၅ရက်မြောက်နေ့မှာ သရက်သီးဆားစိမ် အရောင်ပြောင်းသွားပြီး တနှစ်ပါတ်လုံး ထားပြီး စားနိုင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် ရပါပြီ။

Saturday 5 December 2015

ပဲတီချဉ်









ဒီတခါတော့ ငပိချက် ငံပြာရည်ချက် ငပိရည်တို့နဲ့ အရမ်းလိုက်ဖက်တဲ့ ပဲတီချဉ် အချဉ်တည်နည်း မျှဝေပေးလိုက်ပါတယ် အချဉ်တည်ရတာ မခက်ခဲလှပါဘူး။

ဒါပေမဲ့ အချဉ်ထည့်မဲ့ ပုလင်းက တခြား ဘာမှမထည့်ဖူးတဲ့ ပုလင်းသန့်သန့်နဲ့ အချဉ်တည်ဖို့တော့ လိုပါတယ် ထိုပုလင်းကိုဘဲ နောက်တခါ အချဉ်ထည့်ရင် ပြန်သုံးနိုင်အောင် ရေစင်အောင်ဆေးပြီး ပုလင်းကို တခြားဘာမှ မထည့်ဘဲ သန့်သန့်လေး ထားသင့်ပါတယ်။

အချဉ်တည်ရန် ပါဝင်ပစ္စည်းများ

  1. ပဲပင်ပေါက် - အနေတော် ဇကာတစ်လုံး
  2. ဆန်ဆေးရည် - 4 cups
  3. ဆား - ထမင်းစားဇွန်း ၃ဇွန်းကျော်ကျော်
  4. အအေးခံထားသော ထမင်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ

အချဉ်ရည်တည်ပုံ
  • ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
  • ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
  • အငံ ခပ်လေးလေး ဖြစ်မဖြစ် လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
  • တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့ နူံးအတိုင်း ထည့်ပေးပါ
  • ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
  • ဆားထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ( မနက်ကချက်ပြီး ညနေပိုသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်)
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  • နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
  • ၃ရက်လောက်ဆို အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ
အချဉ်ထည့်ရန်
  • ပဲပင်ပေါက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးထားပါ
  • အချဉ်တည်မည့် ပုလင်းထဲမှ ထမင်းများကို ဇွန်းနဲ့ခပ်ပြီး ဖယ်ပေးပါ
  • ထမင်းများ မဖယ်ဘဲ ထည့်လဲရပါတယ်
  • ရေစစ်ထားသော ပဲပင်ပေါက်ကို အချဉ်ရည်ထဲစိမ်ပြီး အဖုံးအုပ်ကာ တညသိပ် ထားပြီးပါက နောက်နေ့မနက်ဆို ပဲပင်ပေါက် အချဉ်ကို ရပါပြီ
  • ပဲပင်ပေါက် အချဉ် ရလာပါက တို့စရာနှင့် အသုပ် တစ်မျိုးမဟုတ် တစ်မျိုး မိမိတို့ နှစ်သက်သလို လုပ်စားနိုင်ပါပြီ။