Thursday 17 August 2023

သရက်သီး ပိုးတီချဉ်လုပ်နည်း











သရက်သီးစိမ်း အစေ့မရင့်တာလေးတွေ တွေ့တာနဲ့ ဝယ်လာပြီးတော့ သရက်သီး ပိုးတီလေးတွေ လုပ်ပါတယ် သရက်သီးကို ဒီအတိုင်း ဆားရည်စိမ်လဲ ရပေမဲ့ ခပ်ကြွတ်ကြွတ်လေး စားချင်တာနဲ့ ပိုးတီလေးတွေ လှီးပြီး ဆားရည်ထားခြင်း ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ဆားရည်စိမ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သရက်သီးစိမ်း - ပုလင်းဆန့်သလောက် (အစေ့မရင့်သေးသော သရက်သီးကို သုံးပေးပါ)
  2. ရေ - ပုလင်း တစ်၀က်ခန့်
  3. ဆားကြမ်း - ထည့်ထားသောရေ ငံမြနေအောင် ထည့်ပါ
  4. ဖန်ပုလင်း  - သန့်သန့် တစ်ပုလင်း

ပြင်ဆင်ပုံ
  • ရေထဲမှာ ဆားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးကာ အအေးခံထားပါ
  • သရက်သီးစိမ်းကို အစေးများ စင်အောင်ဆေးပြီး ဇလုံတလုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၂ရက်လောက် စိမ်ထားပါ
  • ၂ရက်ပြည့်တာနဲ့ သရက်သီးကို စဉ့်နီတုံးပေါ်တင်ကာ ပုံပါအတိုင်း တူနှစ်ချောင်းခံကာ ပထမ တစ်ဖက်ကို အတည့်အနေအထား လှီးပေးပါ
  • သရက်သီးရဲ့ နောက်တစ်ဖက်ကိုတော့ ပုံပါအတိုင်း တူနှစ်ချောင်းခံကာ ခပ်စောင်းစောင်းလေးတွေ လှီးပေးပါ
  • သရက်သီးများ အားလုံးလှီးပေးပြီးပါက ဖန်ပုလင်းထဲကို ဖိသိပ်ပြီး ထည့်ပေးပါ
  •  ဖန်ပုလင်းထဲမှာ ပြည့်ပြီးကြပ်ညပ်နေအောင် ထည့်ပေးပါမှ သရက်သီး ပိုးတီဆားရည်စိမ်တဲ့အခါမှာ  မာကျစ်နေပြီး တစ်နှစ်ပါတ်လုံး ထားလို့ရပါမယ်
  • သရက်သီးများ ဖိသိပ်ထည့်ပြီးတာနဲ့ အအေးခံထားသော ဆားရည်ကို လောင်းထည့်ပြီး အဖုံးကို လုံနေအောင် ဖုံးပေးပါ
  • ရက်အနည်းငယ် ရလာတာနဲ့ ဆားရည်များ အဖုံးမှ လျှံပြီး စိမ့်ထွက်တတ်တဲ့အတွက် ပုလင်းအောက်မှ ဇလုံတစ်လုံး ခံထားပေးပါ
  • ဆားရည်စိမ်ပြီး နောက်တစ်ရက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး ထည့်ထားသော သရက်သီးများကို ဖိကြည့်ပါ
  • ပုလင်းထဲမှာ ချောင်နေတာကို တွေ့ရပါမယ် ပုလင်းချောင်နေရင် ဆားရည်စိမ်ထားသော သရက်သီးများ မာမနေဘဲ ပျော့သွားတတ်တဲ့အတွက် သရက်သီးများ မပျော့စေရန် ပုလင်းဆန့်သလောက် သရက်သီးကို ထပ်ပြီး ဖိသိပ်ကာ ထည့်ပေးပါ
  • တတိရမြောက်နေ့မှာလဲ ထိုကဲ့သို့ ရသလောက် ထပ်ဖိပြီး ထည့်ပေးပါ
  • သရက်သီးများ အားလုံးကို ဆားရည်မြုပ်နေအောင် ထည့်ပြီး အဖုံးကို လုံအောင်ဖုံးထားပါ
  • ၅ရက်မြောက်နေ့မှာ သရက်သီး ပိုးတီဆားစိမ် အရောင်ပြောင်းသွားပြီး တစ်နှစ်ပါတ်လုံး ထားပြီး စားနိူင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် ရပါပြီ။

No comments:

Post a Comment