Wednesday 9 August 2023

ပဲယိုအစာသွပ် မုန့်လုံးရေပေါ်



ဒီနေ့တော့ သမီးငယ်လေး ကျောင်းကိုမပြန်ခင် မြန်မာမုန့်လေးတွေ တစ်နေ့တစ်မျိုး လုပ်ကျွေးဖြစ်တဲ့ အထဲက ပဲယိုအစာသွပ် မုန့်လုံးရေပေါ်လေး လုံးစားဖြစ်ပါတယ်။

ဒီတစ်ခါတော့ မုန့်လုံးရေပေါ်ကို ရိုးရိုးလေး မလုံးဘဲ အထဲက အစာကို ထန်းလျှက်ခဲအစား ပဲယိုလေးထည့်ပြီး လုပ်ထားတဲ့အတွက် အရသာ တစ်မျိုးဆန်းသစ်ကာ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုံးရေပေါ် လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ခွက်
  3. ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး (ဆွမ်းမွှေးရွက် ကြိတ်ရန်)
  4. အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
  5. ပဲယို - အလုံးနှစ်ဆယ်စာ
  6. ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ်ထဲမှာ ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ
  • သမသွားသော ထိုအမှုန့်ထဲကို ရေနည်းနည်းချင်း ထည့်ပေးပြီး မုန့်သားပျော့အိလာတဲ့အထိ နယ်ပေးပါ
  • ရေကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်း ထည့်ပေးပါ
  • တစ်ခါတစ်ရံ မိမိသုံးသော ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေကို လိုတိုးပိုးလျှော့ လုပ်ရတဲ့အတွက် နည်းနည်းချင်း ထည့်ပေးရခြင်း ဖြစ်ပါတယ်
  • မုန့်သားပျော့ပြီး စေးပိုင်လာပါက ရေ ပိုနေရင် ဖယ်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက မုန့်သားကို အ၀တ်ရေစွတ်ပြီး ရေညှစ်ကာ အုပ်ထားပြီး နာရီ၀က် တနာရီလောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
  • ပဲယိုကို လက်သန်းတစ်ဆစ်စာ လောက်လေးတွေ လုံးပေးထားပါ
  • အုန်းသီးဖတ်ကို ဆားထည့်ပြီး ငံမြမြလေးရအောင် ဖွဖွလေး နယ်ထားပြီး ပန်းကန်တခုထဲမှာ ထည့်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက် ရအောင်ယူပြီး လက်ဝါးထဲထည့်ကာ ၇ခါလောက် ဆုတ်ဆုတ်ပြီး ညှစ်ပေးပါ
  • ပြီးတာနဲ့ အလုံးလေး ဖြစ်လာအောင် လက်ဝါးနှစ်ဖက်ကြားမှာ အနည်းငယ် ဝိုက်ပြီး လုံးလိုက်ပါ
  • အလုံးလေး ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့် ဖိလိုက်ပါ
  • ချိုင့်သွားသော နေရာထဲသို့ ပဲယိုအလုံးလေး တခုထည့်လိုက်ပါ
  • ပဲယိုအ ပေါ်သို့ မုန့်သားပြန်အုပ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဝိုက်ပြီး လုံးပေးပါ
  • ပဲယို မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
  • ပဲယို ပေါ်တေပါက မုန့်သားကို ရေဆူဆူနှင့် ပြုပ်ချိန်မှာ ပဲယိုများ အပြင်သို့ ပေါက်ထွက်ပါတယ်
  • မုန့်သားအားလုံး လုံးပြီးပါက ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက လုံးထားသော မုန့်များကို တစ်လုံးချင်း တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပါ
  • မုန့်သားကျက်ပြီး ရေပေါ် ပေါ်လာပါက မုန့်အတွင်းသားများ ကျက်စေရန် နှစ်မိနစ်လောက် ထားပြီးမှ ဇွန်းဇကာနှင့် ဆယ်ပေးပါ
  • ပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ကာ အုန်းသီးမှုန့် ထည့်ထားသော ပန်းကန်ထဲသို့ တန်းပြီးထည့်ပေးပါ
  • မုန့်သားပူနေတုန်းမှာဘဲ အုန်းသီးမှုန့်များ ကပ်သွားအောင် ခပ်မြန်မြန်လေး လူးပေးပါ
  • အထက်ပါ နည်းအတိုင်း အားလုံးပြီးသွားပါက ပဲယိုစိမ့်စိမ့်လေးနဲ့ စားလို့ကောင်းလွန်းတဲ့ မုန့်လုံးရေပေါ်လေးတွေကို စားသုံးရန်အတွက် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment