ဒီနေ့တော့ လပြည့်နေ့က ဆွမ်းတော်ကပ်ချင်လို့ ထမနဲကို အမြန်ထိုးတဲ့နည်းနဲ့ ထိုးဖြစ်သွားပါတယ် ထမနဲကို အရောင်လေးနဲ့ လိုချင်တာနဲ့ ကောက်ညှင်းငချိတ်ရယ် ကောက်ညှင်းအဖြူရယ် ရောပြီး ထိုးထားပါတယ် ကောက်ညှင်းငချိတ်ကြောင့် အရောင်မဲတဲ့ဘက်ကို သွားတဲ့အတွက် နှမ်းကိုတော့ နှမ်းမည်းမသုံးဘဲ နှမ်းဖြူကိုဘဲ သုံးထားပါတယ်ရှင်။
ကောက်ညှင်းဆန်ကို မိုက်ကရိုဝေ့နဲ့ အရင်ဆုံး ကျက်သွားအောင် ချက်ထားတဲ့အတွက် ရိုးရိုးထမနဲထိုးသလို လက်အရမ်းမညောင်းဘဲ လက်ညောင်းတာတော့ တော်တော်လေး သက်သာပါတယ်။
ဒါကြောင့်မို့လို့ မိုက်ကရိုဝေ့နဲ့ ကောက်ညှင်းကို အရင်ချက်ပြီးမှ မာမာပြင်ဆင်ပြီး ထိုးထားတဲ့ ထမနဲ အမြန်ထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
နောက်တစ်ခုလေး မာမာမေတ္တာရပ်ခံချင်တဲ့ စကားလေးလဲ ပြောချင်ပါသေးတယ် မာမာ့ ဘလော့က ဟင်းချက်နည်း မုန့်လုပ်နည်းများကို လူတိုင်းကြည့်လို့ ရနေအောင် လုပ်ထားတဲ့အတွက် မည်သူမဆို copy ယူလို့ ရကြပါတယ်။
အဲဒီလို ယူသွားတဲ့ အခါတွေမှာလဲ ယူသွားကြောင်း ကျေးဇူးတင်စကားလေး တစ်ခွန်းမှ မပြောသွားကြပါဘူး မပြောချင်နေကြပါ ပုံတွေက ဘလော့စာတန်းကို မဖျက်ကြဖို့ တောင်းပန်သလို ကိုယ်တင်ချင်တဲ့ နေရာမှာ တင်ကြတဲ့အခါတိုင်းလဲ ဘလော့လင့်လေးတွေကို ပေးစေချင်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကောက်ညှင်းဆန် အဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- အုန်းသီးစိတ်အခြောက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
- ချင်းတက် - ၂လက်မခန့်
- နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ဆား - လဖက်ရည်ဇွန်း တစ်ဇွန်း
- မြေပဲလှော် - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
- မိုပ်ကရိုဝေ့သုံးဗူး - တစ်ဗူး
ပြင်ဆင်ပုံ
- မြေပဲလှော် အခွံချွတ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
- နှမ်းဖြူကို မီးအနေတော်နှင့် မွှေးလာတဲ့အထိ လှော်ထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် ရှည်ရှည်လေးတွေ လှီးထားပါ
- အုန်းသီး ဆားနှင့်ဆီတို့ကို အဆင်သင့် ပြင်ထားပါ
- ကောက်ညှင်းဆန်ကို နှစ်မျိုးလုံးကိုရောပေးကာ ရေသုံးထပ်လောက် ဆေးပေးပါ
- ပြီးတာနဲ့ မိုက်ကရိုဝေ့ မီးဖိုထဲမှာ သုံးလို့ရတဲ့ ဗူးထဲမှာ ထည့်ပေးပါ
- ကောက်ညှင်းဆန်များ ထည့်ပြီးတာနဲ့ ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးကို ထည့်ပေးပါ
- ရေထည့်ပြီးတာနဲ့ မိုက်ကရိုဝေ့ မီးဖိုထဲကို ထည့်ပေးကာ ငါးမိနစ် ချက်ပေးပါ
- ငါးမိနစ်ပြည့်တာနဲ့ ဗူးကိုအပြင်ထုတ်ပြီး လေး ငါးချက်လောက် မွှေပေးပါ
- ပြီးတာနဲ့ နောက်ထပ်ရေတစ်ဗူး ထပ်ထည့်ပြီး သမအောင် မွှေပေးကာ ငါးမိနစ် ထပ်ထည့်ပေးပါ
- နောက်ထပ် ငါးမိနစ် ပြည့်တာနဲ့ ဗူးကိုအပြင် ထုတ်ပေးကာ လေးငါးချက်လောက် မွှေပေးပါ
- အထက်ပါ နည်းအတိုင်း ရေတစ်ဗူး ထပ်ထည့်လိုက် မွှေပေးပြီး မိုက်ကရိုဝေ့ထဲ ပြန်ထည့်လိုက် စုစုပေါင်း ငါးခါလောက် လုပ်ပေးပြီးရင် ကောက်ညှင်း ချက်ထားတာ ရပါပြီ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ချင်းကိုအရင်ဆုံး ထည့်ကြော်ပေးပါ
- ချင်းနံ့လေး သင်းလာတာနဲ့ အုန်းသီးကို ထည့်မွှေပေးပါ
- အုန်းသီးနဲ့လေး မွှေးလာတာနဲ့ မြေပဲလှော်ပြီးသားကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ နှမ်းလှော်ကို ထည့်မွှေပေးပါ
- အားလုံးသမသွားတာနဲ့ ချက်ထားသော ကောက်ညှင်းနှင့်ဆားတို့ကို ထည့်မွှေပေးပါ
- အရသာ သမအောင် မွှေပြီးတာနဲ့ အပေါ့အငံ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ မီးအနေတော်နဲ့ ဆယ့်ငါးမိနစ်လောက် တည်ပေးရင်း အထက်အောက် လှန်လှန်ပေးပြီးပါက ထမနဲ အလွယ်ထိုးနည်းလေး ရပါပြီ။