ဒီနေ့တော့ ငါးပုတ်သင် အကောင်အကြီးကြီးတွေ တွေ့တာနဲ့ ဝယ်လာပြီး တစ်ချို့ကို အိုးကပ်လေး ချက်ပါတယ် ကျန်တဲ့ငါးတွေကိုတော့ အကင်အိုးလေးနဲ့ ကင်ဖြစ်ပါတယ် အကင်နံ့လေးမွှေးပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာကင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
မိမိအသုံးပြုတဲ့ ငါး အကြီးအသေး အပေါ်မူတည်ပြီး မိနစ်အနည်း အများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင် စကားမစပ် မာမာက ဆီးချိုရှိတော့ ငါးကိုအခုလိုကင်ကာ ထမင်းနည်းနည်းလေးနဲ့ အသီးအရွက်လေးတွေထည့်ကာ စားပါတယ် အခုလို စားခြင်းက ဆီးချိုရောဂါ ရှိသူတွေ အတွက် အရမ်းကို အဆင်ပြေပါတယ်။
ဆီးချိုရှိတဲ့သူတွေက တစ်ချို့က အကြောက်လွန်ပြီး ထမင်းကို မစားကြပါဘူး ထမင်းစားနေကျသူက ထမင်းစားရမှ တင်းတိမ်တတ်ကြပါတယ် တန်ဆေးလွန်ဘေး ဆိုသလိုပေါ့ အနည်းအကျဉ်းတော့ စားလို့ရပါတယ် ဒါကြောင့်မို့လို့ ထမင်းကို မုန့်လုပ်မှာ ချင်တွယ်တဲ့ခွက်ရဲ့ တစ်ဝက်လောက်ရယ် အသားအသင့်အတင့်နဲ့ အသီးအရွက်များများတို့ကို စားလို့ရပါတယ်။
ထမင်းကိုတော့ နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် စားနိူင်ပြီး မနက်စောစောနဲ့ ကျန်တဲ့အချိန်တွေမှာတော့ ဘီစကစ် ပေါင်မုန့်နှင့် အသီးအနှံတို့ကို အနည်းငယ်စီ စားလို့ ရပါတယ် နောက်ပိုင်းမှာ အလျှဉ်းသင့်သလို မျှဝေပေးသွားပါမယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ငါးပုတ်သင် - အကောင်ကြီးကြီး သုံးကောင်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- သံပုရာသီး - တစ်လုံး
- ချယ်ရီခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
- မုံလာဥနီ - မိမိနှစ်သက်သလောက်
- ပဲစိမ်းစေ့ - မိမိနှစ်သက်သလောက်
- အကင်ဒုတ်တံ - သုံးချောင်း
- အကင်အိုး
ပြင်ဆင်ပုံ
- အကင်ဒုတ်တံလေးများကို နာရီဝက် ရေစိမ်ထားပါ
- မုံလာဥလေးတွေကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ချယ်ရီခရမ်းချဉ်သီးလေးတွေကို ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
- ပဲစိမ်းစေ့ကို ရေဆေးပြီး မိုက်ခရိုဝေ့ထဲမှာ သုံးမိနစ်လောက်ထည့်ပြီး အပူပေးထားပါ
- အကင်ဒုတ်တံကို ရေနာရီဝက်လောက် ကြို ပြီးစိမ်ထားပါ
- ငါးကို မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ပေးပါ
- ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ငါးတစ်ကောင်လုံးရဲ့ တစ်ဖက်တစ်ချက်စီကို သုံးလေးချက်လောက်စီ မွှန်းပေးပြီး ရေစစ်ထားပါ
- ရေစစ်ထားသော ငါးကို နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ အကင်ဒုတ်တံလေးတွေနဲ့ ထိုးပေးပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငါးကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
- အိုးပူလာပါက ဆီထည့်ပြီး အိုးအဖုံးနှင့် အိုးအပြားကို ဆီနှင့် လိုက်သုတ်ပေးပါ
- ပြီးတာနဲ့ အရသာနယ်ကာ ဒုတ်ထိုးထားသော ငါးများကို စပြီးထည့်ပေးပါ
- ငါးရဲ့တစ်ဖက်ကို ခွန်နှစ်မိနစ်လောက် ကင်ပေးပြီးမှ နောက်တစ်ဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
- နောက်တစ်ဖက်ကိုလဲ ခွန်နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
- ငါးကင် ကျက်သွားတာနှင့် ချယ်ရီခရမ်းချဉ်သီး ပဲစိမ်းစေ့များ မုံလာဥ အစိတ်လေးများနဲ့ သံပုရာသီး အစိတ်လေးများကို ပြင်ပေးပြီးတာနဲ့ ငါးကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment