Sunday 10 January 2021

ပဲပုဇွန်သီး ချဉ်ရည်ဟင်း






မနေ့က Sydney မြို့ထဲကိုသွားရင်း အပြန်ကျတော့ ဗီယက်နမ်ဈေးကနေ ပဲပုဇွန်သီးလေးတွေ ရလာတာနဲ့ တစ်ဝက်ကို သုပ်စားပြီး တစ်ဝက်ကိုတော့ ချဉ်ရည်ဟင်း ချက်ထားပါတယ်။

 ပဲသီးတို့ရဲ့ ထုံးစံအတိုင်း နူးနူးညံ့ညံ့လေးနဲ့မို့လို့ အင်မတန်မှ စားလို့ကောင်းပါတယ် ထမင်းလဲမြိန် စားလို့လဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲပုဇွန်သီး - ၂၅ တောင့်ခန့်
  2. ဘူးသီး - အနေတော် တစ်စိတ်
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီ - တစ်ခြမ်း
  5. ကြက်သွန်ဖြူ - နှစ်မွှာ
  6. ချင်း - လက်တဆစ်
  7. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးအနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ပုဇွန်အကောင်သေး - အကောင် သုံးဆယ်ခန့်
  15. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ပဲပုဇွန်သီးကို ဘေးနှစ်ဖက်မှ အေကြောများ သင်ပေးပြီး ရေဆေးကာ ထက်ဝက်ပိုင်းပေးထားပါ
  • ဘူးသီးကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ဆီ ငံပြာရည် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မန်ကျည်းမှည့်အနှစ်တို့ကို ပြင်ထားပါ
  • ရှမ်းနံနံကို ရေဆေးထားပေးပါ
  • ဇောက်နက်သော အိုးထဲမှာ လှီးထားသော ပဲပုဇွန်သီး ဘူးသီးနှင့် ခရမ်ချဉ်သီး ပုဇွန် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အိုးထဲမှ အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ 
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပေးပြီး  လိုသလို ပြင်ပေးကာ ရှမ်းနံနံအုပ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ပဲပုဇွန်သီး ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

No comments:

Post a Comment