Tuesday 19 January 2021

မုန့်ပိန္နဲစေ့ အုန်းနို့ သာကူကျို


ဒီနေ့မနက်တော့ နေ့လည်ကျရင် သရည်စာမုန့်လေး ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက လွယ်ကူမြန်ဆန် ဆွမ်းမွှေးနံ့လေး မွှေးနေတဲ့ မုန့်ပိန္နဲစေ့ သာကူကျို လေးဘဲ လုပ်စားဖြစ်သွားပါတယ်။

မုန့်သားစပ်ပုံကတော့ မုန့်ကြာစေ့နဲ့ အတူတူပါဘဲ မုန့်လုပ်ပုံ လုပ်နည်းလေးဘဲ ကွာသွားတာပါ သူကတော့ ပိန္နဲစေ့ ပုံစံ ခပ်ရှည်ရှည်လေး လုပ်တဲ့အတွက် မုန့်ပိန္နဲစေ့လို့ ခေါ်​ခြင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ( မုန့်သားနယ်ရန်)
  5. အုန်းနို့ - 350 ml
  6. အုန်းသီးမှုန့်- မိမိနှစ်သက်သလောက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. သကြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ
  9. ဆွမ်းမွှေးရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (သကြားရည်ကျိုရန်)
သာကူနှင့်သကြားရည်ကျိုရန်
  • အနေတော် အိုးလေးထဲမှာ အုန်းနို့၊ ရေ၊ဆား၊ ဆွမ်းမွှေးရေနှင့် သကြားတို့ကို ထည့်ပြီး သကြား များ ပျော်သွားအောင် ကျိုပေးပါ
  • သကြားများ ပျော်သွားတာနဲ့ သာကူစေ့များ ထည့်ပေးပြီး သာကူစေ့ မျက်စေ့ပျောက်လောက်တဲ့အထိ ကျိုပေးပါ
  • ပြီးတာနဲ့ မပျစ်မကျဲ အနေအထားလေး ရလာအောင် ကျိုထားပေးပါ
  • တစ်ခါတစ်ရံ အသုံးပြုကြသော သာကူစေ့များ မတူကြတဲ့အတွက် ကျိုချိန်ကွာခြားတတ်ပါတယ်။
မုန့်ပိန္နဲစေ့အတွက် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် နှင့်ဆန်မှုန့်တို့ကို  သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ရေကိုနည်းနည်းချင်း ထည့်ပြီး နယ်ပေးပါ
  • ကောက်ညှင်းသား ပျော့လာတဲ့အထိ နယ်ပေးရမှာဖြစ်လို့ ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ကာ  လိုတိုး ပိုလျှော့ လုပ်ပေးပါ
  • ကောက်ညှင်းသား လုံးလို့ရတဲ့ အနေအထားလောက် ရလာတာနဲ့ မုန့်ပိန္နဲစေ့လောက် မကြီးပေမဲ့ အနေတော်လေးတွေ လုံးပေးပါ
  • မုန့်သားအားလုံး လုံးပြီးတာနဲ့ အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောက် တည်ပေးပါ
  • ရေပွက်ပွက်ဆူ အောင် တည်ပြီးတာနဲ့ လုံးထားသော မုန့်လေးတွေကို တစ်လုံးချင်း ထည့်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေခပ်များများလေးထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မုန့်လုံးလေးတွေ ရေပေါ်ပေါ်လာပြီး ငါးမိနစ်လောက်နေရင် ဆယ်ပေးပြီး ရေဇလုံထဲမှာ စိမ်ထားပေးပါ
  • အားလုံးပြီးသွားတာနဲ့ အုန်းသီးမှုန့်နဲ့အတူ အုန်းနို့သာကူရည် အိုးထဲမှာ ရောပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး မီးနွေးနွေးလေးနဲ့ သုံးလေးမိနစ်လောက် တည်ပေးပြီးရင် ရပါပြီ
  • ချိုစိမ့်နေတဲ့ မုန့်ပိန္နဲစေ့ အုန်းနို့ သာကူ ပူပူလေးကို စားသုံးရန် ပြင်ပေးလို့ ရပါပြီ။

No comments:

Post a Comment