ကော်ရည်ပူပူလေး ချက်တဲ့နေ့ကတော့ ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အငံအရသာ ပိုထားတဲ့အတွက် အရသာက ပြည့်စုံနေတာကြောင့် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ဟင်းတစ်မျိုး ့ဖစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှေ၀လိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲလိပ်ချောင်း - တစ်ပေခန့် နှစ်ချောင်း
- ကြက်သွန်နီ - အလုံးသေး ငါးဥခန့်
- ရွှေပဲသီး - အတောင့်နှစ်ဆယ်ခန့်
- မှိုခြောက် - ဆယ့်ငါးခုခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပန်းခြောက် - ဆယ့်ငါးခုခန့်
- တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
- ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်ပြုပ်ရည် chicken stock - 2 cups
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
- ပဲလိပ်ချောင်းကို ရေမြုပ်အောင်ထည့်ပြီး နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
- မှိုခြောက်ကို ရေမြုပ်အောင်ထည့်ကာ နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
- ပန်းခြောက်ကို ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ပေးပြီး ရေစစ်ထားပါ
- ရွှေပဲသီးကို ရေဆေးပြီး အကြောသင်ကာ ထက်ဝက်ပိုင်းထားပါ
- တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- အသီးအရွက် မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
- ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက် ကြော်ရန်ပြင်ဆင်ပုံ
- ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
- ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
- ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်ပြုပ်ရည်ကို ထည့်ပေးပါ
- ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့ ရွှေပဲသီးနှင့် တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ပေးပါ
- ရေကို ဆယ်မိနစ်လောက် ပေးဆူပြီးမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပြီး မွှေပေးပါ
- ကော်ရည်ပျစ်လာပါက ပဲငံပြာရည်ကို ထည့်မွှေပေးပါ
- အရသာကို မြည်းပေးပြီး မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ရွှေပဲသီး နှင့် တရုတ်နံနံကို ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
- ပဲလိပ် မှိုခြောက်ပန်းခြောက် ကော်ရည်ပူပူလေးကို ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment