Sunday 3 January 2021

ကြက်ဆီထမင်း မွှေးမွှေးလေး







ကျောင်းနှစ်လပိတ်လို့ ပြန်ရောက်နေတဲ့ သမီးငယ်လေးအတွက် ဒီနေ့တော့ ကြက်ဆီထမင်း မွှေးမွှေးလေး ချက်ပေးဖြစ်ပါတယ် ချက်ရတာလဲ လွယ်ကူပြီး စားလို့ကောင်းတယ်လို့ အပြောခံရတိုင်း ဒီမေမေကတော့ ပီတိတွေ အပြည့်နဲ့ပေါ့နော်။

ဒီနေ့တော့ ကြက်သားကို အကောင်လိုက်မသုံးဘဲ ပေါင်ခြမ်းလေးတွေကိုသာ သုံးပြီးချက်ထားတဲ့အတွက် ချက်ရတာ ပိုပြီး မြန်ပါတယ်အကောင်လိုက် ချက်တဲ့အခါ ပြုပ်တဲ့အချိန်ကို ပိုပြီးပေးပါတယ် ဒါကြောင့်မို့လို့ ကြက်သားကို အကောင်လိုက် မသုံးဘဲ ကြက်ပေါင်သားလေးတွေနဲ့ဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလ်ုက်ပါတယ်ရှင်။

ကြက်သားပြုပ်ရန် ပါ၀င်ပစ္စည်းများ
  1. ကြက်ပေါင်ခြမ်း - တစ်ကီလိုခန့်
  2. စပါးလင် - ၈လက်မခန့်
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း  တစ်ဇွန်းသာသာ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  5. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  6. ကြက်သွန်မိတ် - သုံးပင်
  7. ချင်း - ခပ်ပါးပါး ၇ပြား
  8. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း  ၂ဇွန်းခွဲ
  10. ရေ - လိုသလောက် သုံးပေးပါ

ကြက်သားပြုပ်ရန် ပြင်ဆင်ပုံ
  1. ကြက်ပေါင်သားကို သန့်စင်အောင် ဆေးပေးထားပါ
  2. ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ  
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
  4. ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
  5. ကြက်သွန်မိတ်ကို တလက်မ အရှည်ခန့်လှီးထားပါ
  6. စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
  7. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့ ထည့်ပေးပါ 
  8. ပြီးတာနဲ့ ကြက်သားကို ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ​ေ၀မကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
  9. ဟင်းရည်များ ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
  10. တစ်ဖက်ကို ဆယ်မိမိနစ်ခန့် ပြုပ်ပေးပြီး နောက်တဖက်ကို အရည်ခွံများ လန်မထွက်စေရန် အသာလှန်ပေးပြီး နောက်ထပ်ဆယ်မိနစ်ခန့် ဆက်ပြုပ်ပေးပါ
  11. မိနစ်နှစ်ဆယ်ခန့် ပြုပ်ပေးပြီးတာနဲ့ အိုးထဲမှ ဆယ်ထားပါ။
ကြက်ဆီဖတ်ကြော်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်အဆီဖတ် - ၅ခုခန့် သို့မဟုတ် ကြက်အရည်ခွံ ၅ခုခန့်
  2. ချင်း - လက်တဆစ်ခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ရေ - အနည်းငယ်
ကြက်ဆီဖတ်ကို ဆီချက်ချက်ပုံ
  1. ကြက်ဆီ ဖတ်များကို ရေဆေးထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  3. ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4. ဒယ်အိုးတစ်လုံးကို အပူပေးပါ
  5. အိုးပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ဆား ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
  6. ကြော်ပြီးတာနဲ့ ကြက်ဆီများ ထွက်လာအောင် ရေအနည်းငယ် ထည့်ပေးပါ
  7. ကြက်ဆီဖတ်များ ပျော်လာပြီး ထည့်ထားသော ရေခမ်းလာအောင် တည်ပေးပါ
  8. ရေများခမ်းလာပြီး ကြက်သွန်ဖြူနှင့် ချင်းအနံ့တို့မွှေးလာပါက မပျော််သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
ထမင်းချက်ရာတွင် ပါဝင်ပစ္စည်းများ
  1. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  2. ပြုပ်ထားသော - ကြက်ပေါင်ခြမ်းများ
  3. ကြက်ဆီဖတ်ကို ချက်ထားသော - ဆီချက်
  4. ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး စစ်ထားပါ
  • ဒယ်အိုးထဲမှာ ချက်ထားသော ကြက်ဆီချက်ပြီးသားကို ထည့်ပေးပြီး အပူပေးပါ
  • ကြက်ဆီ ပူလာတာနဲ့ ရေစစ်ထားသောဆန်ကို ထည့်ကြော်ပေးပါ
  • ဆန်သားကြည်လာအောင် နှစ်မိနစ်လောက် ကြော်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ထမင်းပေါင်းအိုးထဲကို ကြော်ထားသောဆန်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ မကျက်တကျက် ပြုပ်ထားသော ကြက်သားနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • မိမိသုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ကြက်ပြုပ်ရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  • ဆန်ပျော့ကို ချက်ပါက ကြက်ပြုပ်ရည်ကို ပုံမှန်အတိုင်း ဆန်တစ်ဗူးဆိုရင် ကြက်ပြုပ်ရည် တစ်ဗူးခွဲဘဲ ထည့်ပေးပါ
  • ဆန်အမာကို သုံးပါက ဆန်တစ်ဗူးကို ကြက်ပြုပ်ရည် နှစ်ဗူးနူံး ပိုထည့်ပေးပါ
  • မာမာက ဆန်အမာ သုံးထားသည့်အတွက် ကြက်ပြုပ်ရည်ကို ပိုသုံးထားပါတယ်
  • ထမင်းအိုး ရေဆူလာပါက အထက်အောက် အရသာ သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
  • ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ။
Sauce အတွက်ပါဝင်ပစ္စည်းများ
  1. ချင်း - လက်တဆစ်ခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  3. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း သုံးဇွန်း (သို့မဟုတ်)
  4. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  5. သံပုရာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ပျားရည် - ထမင်းစားဇွန်း တစ်ဝက်
  7. ရေနွေး အအေးခံပြီးသား - ထမင်းစားဇွန်း ၃ဇွန်း

ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ပဲငံပြာရည်အကျဲနှင့် သံပုရာရည်တို့ကို ပြင်ထားပါ
  • ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
  • ရေနွေး အအေးခံပြီးသားကို ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါ၀င်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ။

ဟင်းချိုရည်ချက်ရန်
  • ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများနှင့် ကြက်ပြုပ်ရည် အိုးထဲကို  ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင်နှင့် ငရုတ်ကောင်း အနည်းငယ် ခပ်ပေးပါ။
ကြက်ဆီထမင်း ထမင်းပွဲပြင်ရန်
  • နံနံပင်ကို ရေဆေးထားပါ
  • သခွားသီးကို ရေဆေးပြီး လှီးထားပါ
  • sauce ကြက်ဆီထမင်း ဟင်းချိုတို့ကို ပြင်ထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ကြက်ဆီထမင်း ကြက်သား နံနံပင်နှင့် သခွားသီးတို့ ထည့်ကာ စားပွဲပြင်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ကြက်ဆီထမင်း မွှေးမွှေးစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။ 
  • မိသားစု ၅ယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးနိူင်ပါတယ်။

No comments:

Post a Comment