Tuesday 26 January 2021

ငါးကြင်း အချိုပေါင်း







ဒီနေ့တော့ ငါးကြင်းတစ်ကောင် ဝယ်လာပြီး အသားပိုင်း သုံးပိုင်းကို pressure cooker နဲ့ ပေါင်းဖြစ်သွားလို့ မာမာပေါင်းတဲ့ ငါးပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

pressure cooker ချက်တဲ့အခါ မိမိဟင်းချက်တဲ့အပေါ် လိုအပ်တဲ့ အချိန်အတိုင်း ပေါင်းပေးပြီးတာနဲ့ အိုးထဲက လေကုန်အောင် ထုတ်ပေးဖို့တော့ သတိထား စေချင်ပါတယ်ရှင်။

အိုးထဲက လေမကုန်ဘဲ အိုးအဖုံးကို ဖွင့်မိရင် အရမ်းဘဲ အန္တရာယ် များတတ်ကြောင်းလဲ သတိလေး ပေးပါရစေ။

ပါ၀င်ပစ္စည်းများ
  1. ငါးကြင်း - 500 g 
  2. သံပုရာသီး - တစ်လုံးနှင့်တစ်ခြမ်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး တစ်လုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  9. ကြက်သွန်နီ - အနေတော် တစ်ဥ
  10. ချင်း - လက်တဆစ်ခန့်
  11. စပါးလင် အရိုးနှင့်အရွက် - ငါးပင်ခန့်
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးထားပါ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများ ထုတ်ပေးကာ ခပ်ထူထူပိုင်းပြီး ရေစင်အောင်ဆေးပါ
  • ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာရည်ညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • Pressure Cooker အိုး အတွင်းအောက်ခြေမှာ စပါးလင် အရိုးနှင့် အရွက်များကို ဖြန့်ခင်းပြီး စပါးလင်အပေါ်မှာ ငါးများစီပြီး တင်ပေးပါ
  • Presser Cooker ခလုတ်ကို နာရီဝက် အချိန်ကို နှိပ်ပေးပါ
  • ပြီးတာနဲ့ ငါးအပေါ် ရေမြုပ်အောင်ထည့်ပြီး အဖုံအုပ်ကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ချိန်ထားသော နာရီဝက်ပြည့်လို့ ခလုတ်တက်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • လေကုန်တာနဲ့ အိုးအဖုံးဖွင့်ပြီး ရေ အနည်းငယ် ထပ်ထည့်ပေးပြီး နောက်ထပ် နာရီဝက် ထပ်ချိန်ပေးပြီး ပထမနည်းအတိုင်း ဆက်ချက်ပေးပါ
  • နောက်ထပ် နာရီဝက် ပြည့်သွားပြီး ခလုတ်တက်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးဖွင့်ပေးပါ
  • ပြီးတာနဲ့ ငါးအရိုး နူးမနူး စမ်းကြည့်ပါ 
  • ငါးအရိုးနူးလာပါက စပါးလင်ဖတ်များ ဖယ်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ လိုသလို ပြင်ပေးပြီး ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးတို့ကို ငါးအိုးထဲထည့်ကာ ၃မိနစ်ခန့် ပေါင်းပေးပါ
  • ပြီတာနဲ့ အိုးထဲမွ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံး ဖွင့်ပေးပါ 
  • ဆီလုံးဝမပါဘဲ ပေါင်းထားတဲ့ ငါးကြင်းပေါင်း ဟင်းလေးကို စားသုံးရန် ပြင်နိူင်ပါပြီ။

No comments:

Post a Comment