Showing posts with label မုန့်ပဲသရည်စာ စားဖွယ်ရာများ. Show all posts
Showing posts with label မုန့်ပဲသရည်စာ စားဖွယ်ရာများ. Show all posts

Sunday, 24 November 2024

ကောက်ညှင်းငချိတ်ပေါင်း


 


ဒီနေ့တော့  ကောက်ညှင်း‌ပေါင်း စားချင်တာနဲ့  ကောက်ညှင်းငချိတ်ကို ပေါင်းပါတယ် ဗယာကြော်လေးလဲ  ကြော်ဖြစ်တဲ့အတွက် လိုက်ဖက်တဲ့ အတွဲလေး ဖြစ်သွားခဲ့ပါတယ်။


ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို ပေါင်းလိုက်ပြီး ဗယာကြော်နဲ့ တွဲဖက်ပြီ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ်ဆန် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2.  ရေ -  1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  3. ပေါင်းအိုး - တစ်လုံး
  4. Baking paper - လိုသလောက် ပိုင်းဖြတ်ပေးပါ

ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းဖို့ ပြင်ဆင်ပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက ဇကာပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးပါပေ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာထဲမှာ ကောက်ညှင်းဆန်များကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ် steam ကိုနှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ငါးမိနစ်လောက် ထပ်ပေါင်းပေးပါ
  • ပြီးတာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အိုးထဲမှ ကောက်ညှင်းငချိတ်ပေါင်းကို ပန်းကန်ထဲ ပြောင်းထည့်ပြီး ဗယာကြော်နဲ့ တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

Tuesday, 30 July 2024

မုန့်ဟင်းခါး ငါးဆီသတ်

 

















မာမာ ဒီတစ်ခါတော့ ဘာဆာငါးပြားလေးတွေ ဝယ်လာတာ များသွားတော့ မုန့်ဟင်းခါး ချက်စားချင်စိတ် ပေါ်လာခဲ့ရင် အဆင်သင့် ချက်စားလို့ ရလေအောင် မုန့်ဟင်းခါးချက်ဖို့ ပြင်ထားပါတယ်။

ဘာဆာငါးနဲ့ ငါးပြုပ်တာဖြစ်လို့ အရိုးထွင်ရတာတော့ သက်သာပါတယ် တစ်ခြားငါးတွေနဲ့ ဆီသတ်ရတာထက် အရိုးမထွင်ရတဲ့အတွက် အချိန်ကုန်တာ နဲနဲသက်သာပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ထားတဲ့ ငါးဆီသတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါး - တစ်ကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်သီးအခြောက်တောင့် - ၇တောင့်စ
  6. ပါးလင် - ၃ပင်
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  1. ဘာဆာငါးကိုရေစင်အောင် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမှာ ထဲ့ထားပေးပါ
  2. စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  3. ငါးထဲ့ထားသော အိုးထဲမှာ ငါးနှင့်အတူ ငရုတ်သီးတောင့် ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  4. ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  5. ငါးကို အအေးခံထားကာ အေးလာပါက ပြုပ်ထားသောငါးကို အသားမွှ  ထားပေးပါ
  6. ငရုတ်သီးတောင့် ငါးပြုပ်ရည်နှင့် စပါးလင်တို့ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ။
ငါးဆီသတ်ရန် ပြင်ဆင်ပုံ ပါ၀င်ပစ္စည်းများ (ငရုတ်သီးထောင်းရန်အတွက်)
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ချင်း - 100 g
  • ကြက်သွန်နီ - 400 g
  • ကြက်သွန်ဖြူ - 150 g
  • စပါးလင် အပင်င်္ကြီးကြီး - ၁၅ပင်
ငရုတ်သီးထောင်းဖို့ပြင်ဆင်ရန်
  • စပါးလင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးပေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူများကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီ 200 g ကို အခွံပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ (ဆီသတ်ဖို့ သတ်သတ်ဖယ်ထားပါ)
  • ကြက်သွန်နီ 200 g ကိုအခွံခွာထားပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဘလင်ဒါထဲထည့်ပြီး တစ်မိနစ်ကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ
  • ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲထဲ့ပြီး ညက်နေအောင် ထောင်းပေးထားပါ။

ငါးဆီသတ်နည်း
  • ဒယ်အိုးထဲမှာ ဆီနှစ်ဆယ်သား နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြိတ်ထားသော ငရုတ်သီးအစာများကို မွှေးလာအောင် ဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နံ့  မွှေးလာတဲ့အထိ ဆီသတ်ပေးပါ 
  • ဆီသတ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  • ဆီသတ်ချိန် ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်ပြီးသား အသားများ ငါးပြုပ်ရည် အနည်းငယ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၅ဇွန်း အချိုမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲတို့ကို ထဲ့မွှေပေးပါ
  • ငါးအသားများ မွလာတာနဲ့ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံပေးထားပါ
ငါးပြုပ်အရည်ငင်ရန်
  • ငါးပြုပ်ရည်ထဲမှ စပါးလင်နှင့် ငရုတ်သီးတောင့်များကို ဗလင်ဒါထဲထဲ့ပြီး ညက်နေအောင် ရောပြီကြိတ်ပေးပါ 
  • ဗလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ
  • အားလုံးညက်အောင် ကြိတ်ပြီးပါက ငါးပြုပ်ရည် လက်ကျန်နှင့် ရေအနည်းငယ်ရောကာ ထောင်းတာတာတွေကိုထည့်ပြီး အရည်ငင်ပေးပါ
  • အရည်ငင်တဲ့ အခါမှာ စပါးလင်နှင့် ငရုတ်သီးဖတ်များ မပါရအောင် ဇကာစိတ်စိတ်လေး ခံပေးကာ အရည်စစ်ပေးပါ
  • အရည်ငင်ပြီးတာနဲ့ အရည်စစ်ပြီးသား စပါးလင်ဖတ်များနှင့် ငါးအရိုးများကို လွှင့်ပြစ်လိုက်ပါ
  • ပြီးတာနဲ့ အရည်စစ်ပြီးသား ငါးပြုပ်ရည်များကို နောက်တစ်ခါ ဇကာစိတ်စိတ်လေးနှင့် အိုးတစ်လုံးခံကာ အရည်စစ်ပေးပါ
  • အရည်စစ်ပြီးသော အရည်များကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး အအေးခံထားပေးပါ
  • ကျိုထားသော ငါးပြုပ်ရည်များ အေးသွားပါက လေလုံသော ဗူးလေးများနှင့် ထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာထဲ့ပြီး သိမ်းထားပါ
  • မုန့်ဟင်းရည် ချက်မည်ဆိုပါက မချက်ခင် နှစ်နာရီလောက် ကျိုထုတ်ထားပြီး အရည်ဖျော်ပြီးမှ မိမိလိုသလောက် ထုတ်ယူကာ ချက်ယူနိူင်ပါတယ်။
ငါးဆီသတ်နှင့် ငါးပြုပ်ရည်သိမ်းရန်
  • ငါးပြုပ် အရည်ငင်ထားကာ ပြုပ်ပြီးအအေးခံထားသော ငါးပြုပ်ရည်ကို လေလုံအိတ်ထဲထည့်ကာ သေသေချာချာ လုံအောင် ပိတ်ထားပါ
  • ငါးဆီသတ်ပြိး အအေးခံထားတာ အေးသွားပါက လေလုံသော အိတ်လေးများနှင့် ထည့်ပြီး လေလုံအောင် ထုတ်ပေးပါ
  • အားလုံး ထုတ်ပေးပြီးတာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ခဲထားကာ မုန့်ဟင်းခါး ချက်ခါနီးမှ မိမိလိုသလောက်ကို ထုတ်ပြီး ယူသုံးနိူင်ပါပြီ။

Monday, 15 July 2024

ချဉ်ငံစပ် မုန့်တီ











မုန့်တီပူပူစပ်စပ်လေး ချက်သောက်ဖြစ်လို့ မာမာချက်တဲ့ နည်းလေးကိုဘဲ မျှဝေလိုက်ပါတယ် တိုင်းရင်းသား ရိုးရာအစာတွေ ချက်ရတာ နေရာဒေသ တစ်နေရာနဲ့ တနေရာ ချက်နည်းတွေ မတူကြတဲ့အတွက် တစ်ခါတရံ ချက်နည်းမှားတယ် ဘာညာ လာပြောရင်တော့ တော်တော်လေးတော့ သည်းခံရပါတယ်။

ဘယ်အစာကိုဘဲဖြစ်ဖြစ် အစားတစ်ခုမှာ ပါ၀င်တာတွေကို ရိုးရာအစာ အရသာကို မပျောက်ပျက်စေဘဲ ပါ၀င်ပစ္စည်းတွေကို အခြေခံကာ ကိုကိုယ်တိုင် ဆန်းသစ်ပြီး ချက်ကြည့်စေချင်သလို တစ်ယောက်နဲ့ တယောက်လဲ အကြိုက်တွေ မတူကြတာမို့လို့ ကိုယ်နှစ်သက်သလို ပြင်ဆင်ပြီး ချက်ပြုပ်တတ်အောင် ကျိုးစားကြည့်စေချင်ပါတယ်။

အခုလဲ မာမာ့အကြိုက် ပုံစံတစ်မျိုးနဲ့ ချက်ထားတဲ့ မုန့်တီချက်နည်းတူပေမဲ့ သုံးထားတဲ့ ငါးမတူတဲ့အတွက် ငါးရွှေနဲ့ချက်မှ မုန့်တီလို့တော့ ပြောကြအုံးမယ် ထင်ပါတယ်။

ငါးရွှေမရှိတဲ့ အရပ်ဒေသမှာ အနီးစပ်ဆုံးတူအောင် စားချင်စိတ်ကို အာသီသဖြေဖို့အတွက် ချက်ထားခြင်းသာ ဖြစ်ပါတယ်။

အရင်တစ်ခါ ဘာဆာငါးနဲ့ချက်ပြီး အခုတစ်ခါတော့ ငါးခူနဲ့ ချက်ထားပါတယ် ငါးခူက ဟင်းရည်အရသာကို ပိုပြီးချိုစေပြီး ဘာဆာငါးကတော့ အချိုပေါ့ပါတယ် ချက်နည်းတိုင်းမှာ ပါ၀င်ပစ္စည်းကတော့ အတူတူပါဘဲရှင်။

ပါ၀င်ပစ္စည်းများ
ငါးပြုပ်ရန်
  1. ငါးခူ - နှစ်ဆယ်သား
  2. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  4. ဆား ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
ငါးပြုပ်ပုံ
  1. ငါးခူကို အရင်ဆုံး မန်ကျည်းသီးမှည့် ဆားနှင့်နနွင်းမှုန့်ထည့်ပြီး အချွဲများကုန်သွားအောင် နယ်ပေးပါ
  2. ပြီးတာနဲ့ ရေတစ်ထပ်ဆေးပြီး ခေါင်းထဲမှ ပါးဟက်များ ဆူးတောင်များ အညှိလုံးများနှင့် ဗိုက်ထဲမှ မလိုတာတွေကို ဖယ်ပေးပါ
  3. အားလုံးဖယ်ပြီးတာနဲ့ ရေနှင့် လေးငါးထပ်လောက် စင်အောင်ဆေးပေးပါ
  4. အိုးထဲမှာ ငါး ဟင်းချိုမှုန့်နှင့်  ငါးငံပြာရည်တို့ ထည့်ကာ ငါးကို ရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ  
  5. ငါးအသားများ နူးလာပါက မီးပိတ်ပြီး အအေးခံကာ အရိုးအသား သတ်သတ်စီ ထွင်ထားပါ 
  6. ငါးအရိုးများကို ငရုတ်ဆုံထဲမှာ ညက်အောင်ထောင်းပြီး ငါးပြုပ်အရည်နှင့် ရေ အနည်းငယ်ထည့်ကာ အရည်ငင်ပြီး အရည်ကို ယူထားပါ
  7. ငါးအသားများကို မကပ်သော ဒယ်အိုးထဲမှာထည့်ပြီး ခြောက်ပြီးမွလာတဲ့အထိ လှော်ပေးထားပါ

ဟင်းရည်ချက်ရန်
ပါဝင်ပစ္စည်းများ
  • ရေ - 11 cups
  • အရိုးငင်ထားသော ငါးရိုး အရည် - 2 cups
  • ကြက်သွန်ဖြူ - ဆယ်မွှာ 
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ပုဇွန်ငပိ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဟင်းချိုမှုန့် - ထမင်းစားဇွန်းတစ်ဝက်
  • ပဒဲကော - တစ်လက်မ 
ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  2. ပဒဲကောကို ရေဆေးပြီး ညက်နေအောင် ထောင်းထားပါ
  3. ပုဇွန်ငပိကို ဇလုံတစ်လုံးထဲမှာ ရေအနည်းငယ်နှင့် ဖျော်ထားပါ
  4. ငရုတ်ကောင်းမှုန့်နှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  5. အိုးထဲမှာ လှော်ထားသော ငါးအသားများ ငါးငံပြာရည် အရသာမှုန့် ရေနှင့် ငါးပြုပ်အရိုးငင်ရည်ကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  6. ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ပုဇွန်ငပိ ဖျော်ထားသော အရည်ကို အနယ်များ မပါအောင် ထည့်ပေးပါ
  7. ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  8. ပြီးတာနဲ့ ထောင်းထားသော ပဒဲကော ငရုတ်ကောင်းမှုန့်နှင့် ကြပ်သွန်ဖြူတို့ကို ထည့်မွှေပေးပါ
  9. ကြက်သွန်ဖြူများ နူးလာချိန်မှာ အရသာကို ထပ်မြည်းပေးပါ
  10. ဟင်းရည်ပွက်ပွက် ဆူလာတဲ့အချိန်မှာ ရေအနည်းငယ် ခမ်းသွားတဲ့အတွက် ဟက်းရည်အရသာ လေးနေရင် ရေနွေးအနည်းငယ် ထပ်ရောပေးပါ
  11. အရသာ အနေတော်ဘဲဆိုရင် မီးပိတ်ပြီး လက်ကျန်မီးအပူရှိန်နဲ့ တင်ထားပေးပါ
မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
  1. မုန့်ဖတ် - 600 g (ready made အထုတ်ကို သုံပါတယ် )
  2. ပဲကြော် - မိမိနှစ်သက်သလောက်
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  5. ငါးဖယ်ကြော် - မိမိနှစ်သက်သလောက်
  6. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း သုံးဇွန်း
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး ( မန်ကျည်းသီးမှည့်ဖျော်ရန်)
မုန့်ဖတ်ပြုပ်ပုံ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ မုန့်ဖတ်ကို ထည့်ပြီးပြုပ်ပေးပါ
  • ပြုပ်နေစဉ် မုန့်ဖတ်ကို ဆယ်ပြီးစမ်းကြည့်ပါ 
  • ခပ်ပျော့ပျော့ အနေအထား ရလာပြီဆိုရင် ဇကာထဲသွန်ချပြီး ရေများများနှင့်ဆေးကာ ရေစစ်ထားပါ
မုန့်ပွဲပြင်ရန်
  • မုန့်ဖတ် ပဲကြော် ငါးဖယ်ကြော် ကြက်သွန်ဖြူကြော်တို့ကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူနှင့် စိမ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ လှော်ပေးပါ ပြီးတာနဲ့ ညက်နေအောင် ထောင်းပေးပါ
  • မုန့်တီဟင်းရည်ကို ပူနေအောင် ပြန်နွှေးထားပါ
မုန့်ပွဲတစ်ပွဲစာပြင်ပုံ
  • မုန့်ဖတ် - လက်တစ်ဆုတ်စာ
  • ပဲကြော် - တစ်ချပ်
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်းတစ်ဝက် (အငံအရသာ လိုမှထည့်ပါ)
  • မန်ကျည်းမှည့်ရေ - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  • ငရုတ်သီးစိမ်းထောင်း - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငါးဖယ် - တစ်ချပ်
  • ကြက်သွန်ဖြူဆီချက်အဖတ် - အနည်းငယ်
  • နံနံပင် - နှစ်သက်သလောက်တို့ကို ပန်းကန်ထဲမှာ ထည့်ပေးပြီး မုန့်တီဟင်းရည် ပူပူလေး ထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။
  • ငါးအသား လှော်ပြီးသားလေး ထည့်စားချင်ပါက ငါးကိုပိုပြီး ပြုပ်ပေးစေချင်ပါတယ်။

Monday, 22 April 2024

ကောက်ညှင်းပဲကပ်ကြော်

 



မာမာဒီနေ့တော့ ပဲကပ်ကြော်လေး ကြော်ထားပါတယ် ပြင်ရဆင်တာလေး အချိန်ပေးရပေမဲ့ ကြော်ရတာတော့ အရမ်းကိုဘဲ လွယ်ပါတယ်။

ချင်းနံ့နှင့် ကြက်သွန်ဖြူနံ့ မွှေးမွှေးလေးနဲ့ စားလို့အရမ်းကောင်းပါတယ် နောက်တစ်ခုက ပဲကပ်ကြော် ကြော်တဲ့အခါ ကုလားပဲဆံကို ရေစိမ်ပြီး ပွလာတဲ့အတိုင်းဘဲ ကြော်ပေးပါ။

ပဲကိုပြုပ်ပြီး ကြော်လိုက်ပါက ကောက်ညှင်း ပဲကပ်ကြော်မှာ ကပ်ပြီးကြော်တဲ့ ပဲတွေက မာကျစ်ကျစ်ကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ (မုန့်၇ခုစာအတွက်)

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေကျက်အေး - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့် လက်တစ်လုံးစာ
  4. ကုလားပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
  5. ချင်း - တစ်လက်မ မရှိတစ်ရှိ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  8. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  10. ဆီ - လိုသလောက် သုံးပေးပါ
  11. ကောက်ညှင်းမှုန့် - အနည်းငယ် (ဘန်းမှာဖြူးပေးရန်)
ပြင်ဆင်ပြုလုပ်ပုံ
  • ကုလားပဲဆံကို ရေသုံးထပ်လောက် ဆေးပေးပြီး ရေခပ်များများလေးထည့်ကာ အနည်းဆုံး ခြောက်နာရီလောက် စိမ်ထားပေးပါ
  • ကောက်ညှင်းတို့ရဲ့ သဘာဝ ကြော်တဲ့အခါမှာ ပေါက်ထွက်တတ်ပါတယ်
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံပေးထားပါ
  • ဇလုံ တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရောကာ ရေကျက်အေးကို နည်းနည်းချင်း ထည့်ပေးကာ မုန့်သား ပျော့လာတဲ့အထိ နယ်ပေးပါ
  • မိမိတို့ အသုံးပြုကြတဲ့ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်များ မတူညီနိူင်တဲ့အတွက် ရေကျက်အေးကို နည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သား အပျော့အမာအတွက် ရေကျက်အေးကို လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • မုန့်သားအနေအထားကို လက်ထဲမှာယူပြီး လေးငါးဆယ်ချက်လောက် ဆုတ်ကြည့်လိုက်တဲ့အခါမှာ မုန့်သားများ ကွဲမထွက်တော့ဘူးဆိုရင် မုန့်ညှက်အတွက် ရပါပြီ
  • ပြီးတာနဲ့ ဗူးထဲထည့်ကာ အဖုံးအုပ်ပေးပြီး အနည်းဆုံး ခြောက်နာရီလောက် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ထားပေးပါ
  • မာမာကတော့ မနက်စောစောလေး ကြော်မှာ ဖြစ်တဲ့အတွက် ညထဲက မုန့်သားနပ်အောင် နယ်ထားပါတယ်။
အကြော်ကြော်ရန်
  • နောက်နေ့မနက် အကြော် မကြော်ခင်မှာ အကြော်ကြော်ဖို့အတွက် ပြင်ပါမယ်
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ အမျှင်ဖတ်လေးများ ကျန်တဲ့အထိ ထောင်းပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ညကနယ်ပြီး နှပ်ထားသော မုန့်ညှက် အရသာမှုန့် ကြက်သွန်ဖြူ ချင်း ဆိုဒါနှင့် ဆားတို့ထည့်ပြီး အရသာ သမအောင် ထည့်နယ်ပေးပါ
  • ညထဲက မုန့်ညှက်ရအောင် နယ်ထားတဲ့အတွက် အနည်းငယ် ခြောက်သယောင် ဖြစ်နေပါက ရေကျက်အေး နည်းနည်းထပ်ထည့်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ ၁၅မိနစ်လောက် နှပ်ထားပေးပါ
  • ရေစိမ်ထားသော ကုလားပဲဆံကို ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ကောက်ညှင်းမှုန့် အနည်းငယ် ဖြူးထားပေးပါ
  • မုန့်ညှက် နှပ်ထားတာ ရတာနဲ့ ပဲကပ်ကြော် တစ်ချပ်စာ ယူပေးပြီး လက်ထဲမှာ အရင်ဆုံး ဆုတ်ဆုတ်ပြီး လုံးပေးပါ
  • မုန့်သားလေး ညက်လာပြီဆိုရင် လက်ဝါးနှစ်ဖက်ကြားမှာ ညှပ်ပေးကာ မထူမပါး အနေအထား ခပ်ပြားပြားလေး ရလာအောင် ပြားပေးထားပါ
  • မုန့်ညှက်ကလေး တစ်ခုရတိုင်း ရေစစ်ထားသော ကုလားပဲဆံထဲမှာ ပဲများကပ်သွားအောင် နှစ်ဖက်လုံးမှာ ကပ်ပေးပါ
  • ပြီးတာနဲ့ လက်ဝါးနှစ်ဖက်ကြားမှာ ထည့်ပြီး မုန့်ညှပ်မှာ ပဲများကပ်သွားအောင် အသာလေး ဖိပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့် ့ဖြူးထားသော ပန်းကန်ပြားထဲမှာ တစ်ခုနှင့်တစ်ခု မထိအောင် ထည့်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လောက်ထိ လျှော့ပြီးမှ ပဲကပ်ထားသော မုန့်ညှက်ကိုယူကာ တစ်ခုချင်း ထည့်ပေးပါ
  • မီးအရမ်း ပြင်းပါက ပဲလေးတွေ မကျက်ဘဲ ဖြစ်တတ်အတွက် မီးအရမ်း မပြင်းစေရန် သတိထားပြီး ကြော်ပေးပါ
  • ထိုနည်းအတိုင်း ဆီအိုးထဲမှာ အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • တစ်ဖက် ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်းပေးကာ ဆက်ကြော်ပေးပါ
  • ပဲကပ်ကြော် တစ်ချပ်လုံး ရွှေဝါရောင်လေး သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားကာ ကျန်နေသော မုန့်ညှက်များ ကုန်တဲ့အထိ ဆက်ကြော်ပေးပါ
  • အားလုံး ကြော်ပြီးတာနဲ့ စိမ့်ပြီးမွှေးနေတဲ့ ပဲကပ်ကြော်လေးတွေကို မိမိတို့ နှစ်သက်သလို စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ။
  • အားလုံးကြော်ပြီးတဲ့ အခါမှာ ရေစိမ်ပြီးသား ပဲအနည်းငယ် ကျန်ပါတယ် အကြော်ကြော်လို့ပိုတဲ့ ဆီထဲမှာ ထည့်ကြော်လို့ရပါတယ်။