Friday, 31 March 2017

ဆိတ်သားကင် မွှေးမွှေးလေး







ဒီတခါတော့ သံလွင်ဆီမွှေးမွှေးလေးနဲ့ ကင်ထားတဲ့ ဆိတ်သားကင် မွှေးမွှေးလေးကင်ဖြစ်လို့ ကင်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ


    • ဆိတ်သား  - 350g
    • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
    • အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
    • သံပုရာရည် ထမင်းစားဇွန်း တဇွန်းခွဲ
    • သစ်ရွက်ဆီ - ထမင်းစားဇွန်း တဇွန်း
    • သံလွင်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (သံလွင်ဆီမရှိက တခြားဆီသုံးနိုင်ပါတယ်)
    • ready made မြေပဲဆော့ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်

    ပြင်ဆင်ပုံ
    1. ဆိတ်သားကို ရေဆေးပြီး ပုံပါအတိုင်း တုံးပေးပါ
    2. တုံးထားသော ဆိတ်သားကို ပဲငံပြာရည် အုန်းနို့ သံပုရာရည် သံလွင်ဆီ အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
    3. မကင်ခင် ရေ၃နာရီလောက် စိမ်ထားသော အကင်ဝါးချောင်းလေးတွေမှာ အသားတုံးလေးတွေကို ထိုးပေးပါ
    4. ဘာဘီကျူး အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
    5. အကင်အိုးမရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
    6. ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ဆိတ်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
    7. ဆိတ်သားကို ၃မိနစ်လောက် အပူပေးပြီး ဆိတ်သား အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
    8. နောက်တဖက်ကိုလဲ ၃မိနစ်လောက်ကင်ပေးပြီးရင် ဆိတ်သားကင်မွှေးမွှေးလေး ရပါပြီ။

Thursday, 30 March 2017

ထမင်းကြော် စိမ့်စိမ့်လေး


မိုးထဲလေထဲ ဒီနေ့တော့ ဟင်းချက်ရတာ ခပ်ပျင်းပျင်းနဲ့ရှိတာတွေထုတ်ပြီး ကျန်စုကြော် ထမင်းပွဲလေး ကြော်လိုက်ပါတယ် အဆင်ပြေပြေ စားလို့ကောင်းသွားတာနဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ခပ်ပါးပါး လှီးထားသော ကြယ်သီးမှို  - အနေတော် ၅ပွင့်
  • ဘေဘီပြောင်းဖူး - ၃ဗူး
  • ချက်ပြီးသား ထမင်း - တရုတ်ဟင်းရည်သောက်ပန်းကန် အလတ်တလုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဆီ - စားပွဲတင်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ပုဇွန်ထုတ် - ၇ကောင်
  • ကြက်ဥ - တလုံး
  • နှမ်းဆီ - ၃စက်ခန့်
ပြင်ဆင်ပုံ

  1. ချက်ထားသော ထမင်းကို အအေးခံထားပါ
  2. ပုဇွန်ကို အမြှီး ခေါင်း အခွံများဖယ်ကာ ကြောမှခွဲ၍ အမည်းကြောင်း ထုတ်၍ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူကို ခပ်နုတ်နုတ်စဉ်းထားပါ
  4. ကြက်သွန်နီကို ပါးပါးလှီးထားပါ
  5. မှိုကို ခပ်ပါးပါးလှီးထားပါ
  6. ဘေဘီပြောင်းဖူးကို လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပြီး ဆီပူလာပါ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းသွားတဲ့ထိကြော်ပေးပါ
  • မှို နှင့် ပြောင်းဖူးတို့ကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပါ
  • ပုဇွန်ကို သုံးမိနစ်လောက်ထဲ့ ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက အိုးထဲသို့ ထမင်း  ဆား အရသာမှုန့်နှင့် တို့ကို ထဲ့ပြီးမွှေပေးပါ
  • ထမင်းပူလာပါက ကြက်ဥကို ဖောက်ထည့်ပြီး အားလုံးသမသွားအောင် မွှေပေးပါ
  • အားလုံး သမသွားပါက နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တမိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ စားသုံးနိုင်ပါပြီ။

Tuesday, 28 March 2017

ပုဇွန်ဆီ မွှေးမွှေလေး









မုန်တိုင်းသတင်းကြားတာနဲ့ ပြာရိပြာယာခတ်ကာ ရေခဲသေတ္တာထဲက အသားငါးတွေကို ကြော်တန်တာကြော် ပြုပ်တန်တာပြုပ် လုပ်ပြီးသကာလ ပုဇွန်ထုတ်တွေထဲက ခေါင်းအသားတွေ ဖယ်ထားတာ တထုတ်ထွက်လာ ပါသေးတယ်။

လွှင့်ပြစ်လိုက်ရမှာလဲ သမျှောနေတာနဲ့ အပင်ပန်းခံကာ ပုဇွန်ဆီချက်ဖို့ ပြင်ပါတော့တယ် ထုလိုက်ထောင်းလိုက် ရေထဲက အနှစ်တွေယူလိုက်နဲ့ ၈ခါလောက် ထောင်းပြီးမှဘဲ ဆီချက်ဖို့ ပြင်ရပါတော့တယ်။

ပါဝင်ပစ္စည်းများ

  • အခွံမပါသော ပုဇွန်ခေါင်းများ - 500g
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွှန်း တ၀က်
  • ရေ - တရုတ်ဟင်းပြင်ပန်းကန် ၃လုံးစာ
ပြင်ဆင်ပုံ
  • ပုဇွန်ခေါင်းများကို အခွံခွာကာ အထဲမှ အစာအိတ်ကို ထုတ်ပေးပါ
  • အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး မညက်တညက် ထောင်းပေးပါ
  • ထောင်းထားသော ပုဇွန်ခေါင်းကို ရေအနည်းငယ်နှင့် အရည်ငင်ပေးပါ
  • အရည်ငင်ထားသော ပုဇွန်ခေါင်းဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ
  • အရည်ညှစ်ချထားသော ပုဇွန်ခေါင်းဖတ်များကို နောက်တခေါက် ညက်နေအောင် ထောင်းပါ
  • ထောင်းထားသော ပုဇွန်ခေါင်းကို အရည်အနည်းငယ်နှင့် ရေမွှေပြီး ပထနည်းအတိုင်း အရည်ငင်ကာ အရည်ညှစ်ပြီး ခေါင်းခွံများကို ထပ်ထောင်းပေးပါ
  • အထက်ပါ နည်းအတိုင်း ၈ခါလောက် ထောင်းလိုက် အရည်ငင်လိုက် လုပ်ပေးပြီးရင် ရပါပြီ
  • ပုဇွန်ခေါင်း ထောင်းပြီးသားများကို အရည်ငင်ရာမှာ အရည်အများကြီး မထည့်ဘဲ ငင်ပေးပါ
  • အရည်အများကြီးထည့်ပြီး အရိုးငင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
  • ပုဇွန်ခေါင်းသား 500g လောက်ဆို ရေတလီတာလောက်ဆို ရပါတယ်
  • အားလုံးအဆင်သင့်ဖြစ်ပါက ပုဇွန်ခေါင်းအခွံမှ အသုံးမလိုတော့သော အခွံများကို လွှငပြစ်ပါ
  • အရည်ငင်ထားသော ပုဇွန်ခေါင်းထေားင်းထားသော အရည်များကို အိုးတလုံးထဲထည့်ကာ ဆားထည့်ပြီး ကျိုပေးပါ
  • ကျိုနေစဉ် မကြာမကြာ မွှေပေးပါ
  • ပုဇွန်ဆီများ ပြစ်လာပြီဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  • ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ပေးပါ
  • ပုဇွန်ဆီများ ပြစ်လာပြီဆိုတာနဲ့ မီးပိတ်ပြီး အအေးခံကာ ရေခဲသေတ္တာထဲ ထည့်ပေးထားပါ
  • ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း လိုသလောက်ထည့်ပြီး ပုဇွန်ဆီ မွှေးမွှေးလေးနှင့် နယ်ဖတ်ကာ စားနိုင်ပါပြီ။

Monday, 27 March 2017

သတ်သတ်လွတ် ကြာဇံကြော်



တပါတ်တရက် သတ်သတ်လွတ် စားတတ်တဲ့ သမီးငယ်လေးအတွက် ဒီနေ့တော့ ဆန်ကြာဇံလေး ကြော်ဖြစ်ပါတယ် သတ်သတ်လွတ် စားသူတွေ အဆင်ပြေစေဖို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ၅နာရီခန့်ရေမြုပ်အောင် စိမ်ထားသောဆန်ကြာဇံ - 150g
  • ခပ်ထူထူ လှီးထားသောပန်းဂေါ်ဖီ - နှစ်သက်သလောက်
  • အရှည်အမြှောင်း ရအောင် လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  • တရုတ်နံနံ - အနည်းငယ်
  • ဆား  -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား -  ထမင်းစားဇွန်း တစ်ဇွန်း မရှိတရှိ
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
  • နှမ်းဆီ ၄စက်ခန့်
ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကိုရေစစ်ပြီး ဆား ပဲငံပြာရည် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူနံ့ မွှေးလာတာနဲ့ ပန်းဂေါ်ဖီနှင့် မုံလာဥနီကို နွမ်းတယ်ဆိုရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံပျော့လာပြီဆိုတာနဲ့ တရုတ်နံနံထည့်ကာ အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ 
  • အရသာ အနေတော်ဆိုရင် နှမ်းဆီလေး ထည့်မွှေပေးပြီး ကြာဇံကြော်လေးကို သုံးဆောင်လို့ ရပါပြီ။

Sunday, 26 March 2017

ကြက်​ဥ ခရမ်းချဉ်​သီး​ကြော်


တနင်္လာနေ့ မုန်တိုင်းလာမယ် ကိုယ်တွေနေတဲ့မြို့ကို ၀င်မယ်မ၀င်ဘူး မသေချာပေမဲ့ ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ရပြန်ပါတယ်။

ဟိုလှုပ်လှုပ် ဒီလှုပ်လှုပ် လုပ်နေရင်းက ပင်ပန်းလာခဲ့ပြီမို့ ဟင်းလဲမချက်ချင် အဲဒါနဲ့ဘဲ ထမင်းနဲ့လိုက်ဖက် သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းမယ်ထင်တဲ့ ကြက်ဥ ချယ်ရီခရမ်းချဉ်သီးလေးတွေ ရောသမမွှေလို့ ကြော်ရပါတော့တယ် ပြင်ဆင်ရတာ မြန်သလို ကြော်ရတာလဲ မြန်တဲ့အတွက် ဟင်းတမယ် အမြန်ချက်နိုင်အောင် ချက်နည်းလေးအတွက် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၃လုံး
  • ချယ်ရီ ခရမ်းချဉ်သီး - ၁၀လုံး 
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ကြက်ဥကို ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥခလောက်ထားသော ပန်းကန်ထဲကို လှီးထားသော ခရမ်းချဉ်သီးများထည့်ပြီး မွှေပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့် အနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခလောက်ထားသော ကြက်ဥကို ထည့်မွှေကာ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ နွမ်းသွားပါက  ကြက်ဥမွှေကြော်ကို နောက်တဖက်လှန်ပြီး ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများ ကျက်လာလျှင် ဟင်းပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးကာ သုံဆောင်နိုင်ပါပြီ။

Saturday, 25 March 2017

ဘဲပေါင်းဆီချက်










ဒီတစ်ခါတော့ မိမိအိမ်လေးထဲမှာဘဲ အလွယ်တကူ လုပ်စားနိုင်ပြီး အရသာလည်းရှိ လုပ်စားရတာလည်း လွယ်ကူတဲ့ ဘဲပေါင်းဆီချက် လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲပေါင် (သို့မဟုတ်) ရင်အုံသား - ၅ခု
  • ခေါက်ဆွဲ အခြောက် - 350g
  • လက်ဖက်စား ကြက်သွန်ဖြူကြော် - အနည်းငယ်
  • မြေပဲလှော် - အနည်းငယ်
  • နှမ်းဖြူ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးစာ
  • ကြက်သွန်မြိတ် - အနည်းငယ်
  • ဟင်းခတ်မှုန့် - အနည်းငယ်
  • ပဲငံပြာရည်အကြည် - လိုသလောက်
  • နာနတ်ပွင့် - တပွင့်
  • ချင်း ခပ်ပါးပါး - ၇ပြားခန့်
  • ကြက်သွန်ဖြူ - ၄မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - လိုသလောက်
ပြင်ဆင်ပုံ
  • ခေါက်ဆွဲအခြောက်ကို သုံးမည်ဆိုပါက ပြုပ်ပြီးရေဆေးကာ ရေစစ်ထားပါ
  • ဒယ်အိုးကိုအပူပေးကာ ဆီကိုနနွင်းမထည့်ဘဲ ဆီပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ နှမ်းကိုထည့်ကာ မိနစ်ဝက်လောက်ဘဲ ချက်ကာ မီးဖိုပေါ်မှ ဖယ်ထားပါ
  • ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  • ကြော်ပြီးသား ကြက်သွန်ဖြူကြော်ကို မညက်တညက် ထောင်းထားပါ
  • ဘဲအသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ဆားတို့နှင့် နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံပြီး ရေဆေးကာ ဓားပြားရိုက်ပေးပါ
  • အပူခံနိုင်သော ကြွေပန်းကန်လုံး တခုထဲမှာ အရသာနယ်ထားသော ဘဲသား နာနတ်ပွင့် ချင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပေးပါ 
  • ဘဲသားပန်းကန် ၀င်ဆန့်နိုင်မည့် ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဘဲသားပန်းကန်ထည့်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဘဲသားပန်းကန်ထဲ မ၀င်စေရန် ဘဲပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး တခုခံပေးပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ဘဲသားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဘဲသားပေါင်းနေစဉ် အောက်ဖက်မှ ပေါင်းရည်မကြာမကြာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ထပ်ထပ် ဖြည့်ပေးပါ
  • ဘဲသားစပေါင်းစဉ် ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ဘဲပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထိုအရည်များကို ဆီချက်ပွဲ ပြင်ဆင်ရာမှာ ပြန်သုံးပေးပါ
  • ဘဲသား နူးအိလာပြီဆိုရင်တော့ ဆီချက်ခေါက်ဆွဲ ပြင်ဆင်နိုင်ပါပြီ
စားပွဲပြင်ရန်
  • ဇလုံပန်းကန် တစ်လုံးထဲမှာ ခေါက်ဆွဲဖတ် ဘဲပေါင်းအသား ချက်ထားသော နှမ်းဆီချက် အနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ကြက်သွန်မိတ် မြေပဲလှော်ထောင်း အနည်းငယ် ပဲငံပြာရည် အကြည်အနည်းငယ် ငံပြာရည် အနည်းငယ် ကြက်ပေါင်းရည် အနည်းငယ်ထည့်ပြီး ပြင်ဆင်ပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ နှစ်သက်ရာ အချဉ်ပွဲနှင့် စားသုံးနိုင်ပါပြီ။





Friday, 24 March 2017

ကင်​ပွန်းချဉ်​ရွက် ချဉ်ရည်ဟင်း


ဒီတခါတော့ ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်းကို ငါးကျည်းကြပ်တိုက်လေးနဲ့ ချက်ဖြစ်လို့ လွယ်ကူမြန်ဆန် အရည်သောက်ဆမ်း ဟင်းတမယ်အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကင်ပွန်းချဉ်ရွက် - လက်တဆုတ်သာသာ စည်းထားသောအစည်း နှစ်စည်း
  • ကြက်သွန်နီ - တခြမ်း
  • ကြက်သွန်ဖြူ - နှစ်မွှာ
  • ချင်း - လက်တဆစ်၏ တဝက်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးကျည်းကြပ်တိုက် - ဆယ်ကောင်
ပြင်ဆင်ပုံ
  1. ကင်ပွန်းရွက်ကို ရေဆေးပြီး အရွက်များ သင်ထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ညက်နေအောင် ထောင်းထားပါ
  3. ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  4. ငါးကျည်းကြပ်တိုက်ကို ရေနာရီဝက်လောက်စိမ်ပြီး အရိုး အသားထွင်ထားပါ
  5. ဇောက်နက်သောအိုးထဲမှာ ကင်ပွန်းချဉ်ရွက်များ နနွင်းမှုန့်  ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  6. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  7. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  8. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အရိုးထွင်ထားသော ငါးကျည်းကြပ်တိုက် အသားများကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  9. ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားပေးလိုက်ပါ 
  10. ပြီးတာနဲ့ အရသာမြည်းပြီး မီးပိတ်ပေးပါ
  11. ထမင်းမိန်စေတဲ့ ချဉ်ငံစပ်ပြီး အရသာမွှေးလွန်းတဲ့ ကင်ပွန်းချဉ်ရွက်  ချဉ်ရည်ဟင်းရပါပြီ။

Thursday, 23 March 2017

မြင်းခွာရွက်​ဟင်းခါး မွှေးမွှေးလေး


မိုးကလေး တဖြိုက်နှစ်ဖြိုက် ရွာလာတာနဲ့ မြင်းခွာရွက်တွေ ထွက်လာခဲ့လေပြီ ဒီတော့လဲ ကြော်စား သုပ်စား ဟင်းခါးချက်သောက်နဲ့ ဟင်းတမယ်ကတော့ ရပြန်တာပါဘဲ။

ဒီနေ့တော့ မိုးအေးအေးနဲ့ မြင်းခွာရွက်ဟင်းခါး ချက်ဖြစ်လေတော့ ကလေး၂ယောက်မွေးချိန်မှာ တမုန်းသောက်ခဲ့ရတာ ပြေးလို့သတိရမိတယ် ကလေးတနှစ်ပြည့်တဲ့အထိ မနက်ည ပုံမှန်သောက်ရပေမဲ့ မမုန်းတဲ့ အစာတခုဖြစ်ခဲ့သလို အအခုလဲ ပူပူလူလူလေး သောက်ချင်နေမိတုန်းပါဘဲ။

ပါဝင်ပစ္စည်း

  • လတ်ဆတ်နေသော မြင်းခွာရွက် - နှစ်သက်သလောက်
  • ငါးခူ  - တကောင်
  • ရေ - တရုတ်ဟင်းရေသောက် ပန်းကန်လုံး နှစ်လုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ငါးခူကို ဆူးတောင်ခုတ် မလိုတာတွေဖယ်ပြီး ဆားကြမ်းကြမ်းနှင့် နယ်ပေးပါ 
  • ဆားနှင့်နယ်ပြီးပါက ရေနှင့်စင်အောင်ဆေးလိုက်ပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူနှင့် ဆား ငံပြာရည်ထမင်းစားဇွန်း တဇွန်းနှင့်ရေကို မြုပ်တယ်ဆိုရုံလေး ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ ငါးကိုအအေးခံပြီး အရိုးအသား နွှင်လိုက်ပါ
  • အရိုးများကို ဖယ်လိုက်ပြီး အသားကို ငါးပြုပ်အိုးထဲ ပြန်ထည့်ပေးပါ
  • ငါးပြုပ်အိုးထဲကို ငံပြာရည်နှင့် ရေထည့်ပြီး ဆူအောင် တည်ပေးပါ
  • ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူကိုရောပြီး မညက်တညက် ထောင်းပေးထားပါ
  • မြင်းခွာရွက်များကို အရွက်မှာ ကပ်နေသော ဖုန်များ ပိုးကောင်လေးများ ထွက်သွားစေရန် မချက်ခင် ရေနာရီဝက်လောက် ကြိုပြီးစိမ်ထားပါ
  • ပြီးမှ ဇလုံကျယ်ကျယ်ထဲမှာ လှုပ်ခါ၍ဆေးပေးပါ
  • ဟင်းရေအိုး ရေဆူလာပါက ရေဆေးထားသော မြင်းခွာရွက်နှင့် ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်လိုက်ပါ
  • အရွက်နှင့် ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ဆက်တိုက်ထည့်ပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့မီးပိတ်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အိုးကို မီးဖိုပေါ်မှာ မထားဘဲ နေရာရွှေ့ပေးပါ
  • အရွက်အရောင် မပြောင်းစေရန် ဟင်းရည်အနံ့ မပြောင်းစေရန် ဟင်းရည်အိုးကို အပေါက်များများပါသော ဇကာ ခပ်စိတ်စိတ်နဲ့ အုပ်ထားပေးပါ
  • အိုးအဖုံး အလုံဖုံးလိုက်ပါက အရောင်နဲ့အနံ့ပြောင်းသွားနိုင်ပါတယ် သောက်ကာနီးမှ ဟင်းရည်အိုးကို ပြန်နွှေးပြီးသောက်ပါ။

Wednesday, 22 March 2017

ရုန်းပ​တေသီး​ကြော်


ဒီနေ့တော့ ရုံးပတေသီး အနုလေးတွေ ရလာတာနဲ့ တန်ပူရာမှုန့် အရည်ဖျော်လေးနဲ့ လူးကာ ရုံးပတေသီးကြော်လေး ကြော်ဖြစ်ပါတယ် စားချင်စိတ်ရှိလို့ ကြော်လိုက်ပြန်တော့ စားလို့အကောင်းသားပေါ့ရှင်။

ပါဝင်ပစ္စည်းများ

  • ရုန်းပတေသီး  - အနု ၁၅တောင့်
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ
ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ရုန်းပတေသီးကို ရေဆေးကာ ရေခြောက်အောင်သုတ်ပြီး လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
  • အရသာစပ်ထားသော မုန့်နှစ်ထဲမှာ ရုန်းပတေသီးကို နှစ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ရုန်းပတေသီးမုန့်နှစ်လူးကို တခုခြင်း ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက ရုန်းပတေသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ရုန်းပတေသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

Tuesday, 21 March 2017

ဆယ်​လ်​မွန်​ငါးကင်​ မွှေးမွှေးလေး




ဒီတခါတော့ ဆယ်လ်မွန်ငါးကင် မွှေးမွှေးလေးကင်ဖို့ ပြင်ဆင်ထားပါတယ် ပြင်ဆင်ရတာ မြန်ဆန်သလို ကင်ရတာလဲ အရမ်းကို လွယ်လွန်းပြီး ဟင်းတမယ်အတွက် စားကောင်းလွန်းတဲ့ အပြင်အဆင်လေးရအောင် ငါးကင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရည်ခွံပါသော ဆယ်လ်မွန်ငါး - 270g
  • ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (မထည့်လဲရ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သံလွင်ဆီ - ထမင်းစားဇွန်းတဇွန်း (သံလွင်ဆီမရှိက တခြားဆီသုံးနိုင်ပါတယ်)
  • ကညွှတ် - ၈ပင်
ပြင်ဆင်ပုံ
  1. ဆယ်လ်မွန်ငါးကို အကြေးခွံဖယ်ပြီး ရေဆေးပေးပါ
  2. ရေဆေးထားသောငါးကို ရေ ခနစစ်ထားပြီး ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် နနွင်းမှုန့်တို့နဲ့ ခပ်ဖွဖွဆုတ်ပြီး နယ်ပေးပါ
  3. ကညွှတ်များကို ရင့်သောနေရာများဖယ်ပြီး ရေဆေးထားပါ
  4. အောက်ခြေမကပ်သော ဒယ်အိုး သို့မဟုတ် အသားကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ
  5. ဆီပူလာတာနဲ့ငါးကို အရည်ခွံဘက်မှစပြီး အိုးထဲထည့်ပေးပါ
  6. ၂မိနစ်လောက်အပူပေးပြီး ငါးအပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ အသားဖက်ကို လှည့်ပေးပြီး ကင်ပါ
  7. နောက်တဖက်ကိုလဲ ၂မိနစ်လောက်ကင်ပေးပြီးရင် ရပါပြီ
  8. ငါးကင်သော အိုးထဲမှာဘဲ ပိုနေတဲ့ ဆီကိုထည့်ပြီး ကညွှတ်များကို လှိမ့်ပေးပါ နှစ်မိနစ်ခွဲလောက် လှိမ့်ပေးပါ
  9. ငါးကင်ထည့်ထားသော ပန်းကန်ထဲ ကညွှတ်ကင်များထည့်ကာ မွှေးပြီးအရသာကောင်းမွန်လွန်းတဲ့ ငါးကင်ဟင်းပွဲလေးကို စားပွဲပြင်နိုင်ပါပြီ။

Monday, 20 March 2017

အာပူလျှာပူ မုန့်ဟင်းခါးနဲ့ တွဲစားရန် ငါးဆုတ်​​ကြော်




ငါးဖယ်လိုဘဲ မာပြီးအသား အထပ်လိုက်ရအောင်  စားလို့ကောင်းအောင် ဗလင်ဒါထဲ ထည့်ကြိတ်ထားတဲ့ ဘာဆာငါးဆုတ်ကြော်ပါ ဗလင်ဒါနဲ့မကြိတ်ဘဲ ပေါက်မယ် ထောင်းမယ်ဆိုရင်တော့ အနည်းဆုံး အချက် ၃၀၀လောက်ပေါက်ရ ထောင်းရပါမယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တမိနစ်ကြိတ် တခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ကြော်တဲ့အခါမှာ ငါးဖယ်လိုဘဲ ရပါတယ် ဘာဆာငါးဆုပ်ကြော်လေး ရပြီဆိုရင်တော့ အာပူလျှာပူ ချက်သောက်မလား မုန့်ဟင်းခါးနဲ့စားမလား အုန်းနို့ခေါက်ဆွဲနဲ့စားမလား ဒီအတိုင်း သုပ်စားမလား ငါးဆုပ်အစာသွပ် လုပ်စားမလား ဆီပြန်လေးပြန်ချက်မလား မျိုးစုံအောင် လုပ်စားနိုင်တဲ့ ငါးဆုတ်လေး ရမှာပါ။

ပါဝင်ပစ္စည်းများ

ငါးဆုတ်ကြော်အတွက် ငါးအရသာသွင်းရန် 
  • ဘာဆာငါး - 700g
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတပုံ (အားလုံကိုရောပြီး ဗလင်ဒါထဲမှာ ကြိတ်ပေးပါ)

ငါးဆုတ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တလုံးခွဲ
  • ကြိတ်ပြီးသားငါးအသားကို အရင်ဆုံး လက်ကိုရေဆွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးကုန်တဲ့အထိ တလုံးခြင်း ဆုတ်ပေးပါ
  • ဒယ်အိုးတလုံးကို အပူပေးပါ အိုးပူမှ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပါ
  • ပြီးမှ မီးအပူရှိန်ကို နည်းနည်းလျှော့ပြီး ဆီပူအိုးထဲသို့ တလုံးချင်း ထဲ့ပြီးကြော်ပေးပါ
  • ဆီအိုးထဲမထည့်ခင် လက်ကိုရေဆွတ်ပြီး  ဆုတ်ထားသောငါးဆုတ်ကို ငါးချက်လောက် ဆုတ်ပြီးမှ အနေတော် ပြားပြားလေး လုပ်ပေးကာ ဆီအိုးထဲကို ထည့်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်ကို နောက်တဖက် လှည့်ပေးပါ
  • တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ထားပါ
  • အလွှာအထပ်လေး ရလာတဲ့ ဘာဆာငါးဆုတ် မွှေးမွှေးလေး ရပါပြီ။

Sunday, 19 March 2017

ငါးခူ ကြာဇံချက်



ကြာဇံချက်လို့ ပြောလိုက်တာနဲ့ အရင်ဆုံး ပြေးမြင်မိတာက ကြက်သားနဲ့ ချက်တာပါဘဲ မာမာကတော့ ရေခဲသေတ္တာရှင်းရင်း ငါးခူတထုတ် ထွက်လာတာနဲ့ ငါးခူကိုပြုပ်ပြီး ချက်လိုက်ပါတယ် ငါးအချိုနဲ့ ကြက်သားအချိုမတူပါဘူး ကြာဇံချက်မှာ ငါးအချိုက ပိုပြီးလေးပင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတခါ ငါးနဲ့ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ် ငါးခူအစား ငါးရံ့ ငါးကျည်း ငါးမြစ်ချင်း ငါးချင်းတို့နဲ့ အဆင်ပြေစွာ ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ အခြောက် – 200g
  • ငါးခူ – 400g
  • ကြက်သွန်နီ - ခပ်သေးသေး ၅လုံး (ဟင်းရည်ထဲထည့်ရန်)
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး (အချဉ်တည်ရန်)
  • ကြက်သွန်နီ အနေတော် တလုံး (ဆီသတ်ရန်)
  • ကြက်သွန်ဖြူ သုံးမွှာ (ဆီသတ်ရန်)
  • ငရုတ်သီးစိမ်း - စားနိုင်သလောက် (အချဉ်တည်ရန်)
  • သံပုရာသီး - သုံးလုံးခန့် (အချဉ်တည်ရန်)
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (အချဉ်တည်ရန်)
  • ဂေါ်ဖီ - တစိတ်ခန့် (အချဉ်တည်ရန်)
  • နံနံပင် - စားနိုင်သလောက်
  • မှိုခြောက် – 30gခန့်
  • ပဲလိပ်ခြောက် – 30g
  • ပန်းခြောက် – 30gခန့်
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ်ရန်)
  • ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တဇွန်း (ဆီသတ်ရန်)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငါးငံပြာရည် – ထမင်းစားဇွန်း ၄ဇွန်း
  • အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆီ – ထမင်းစားဇွန်း ၅ဇွန်း
  • ကြက်သွန်ဖြူ  - လေးမွှာ (ဟင်းရည်အနံ့အတွက် သုံးရန်)
  • ငရုတ်ကောင်း - ၁၀စေ့ခန့် (ဟင်းရည်အနံ့အတွက် သုံးရန်)
အချဉ်နှင့် တွဲဖက်စားရန်အတွက်ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီကိုအခွံခွာ၍ ပါးပါးလှီးကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး တခြမ်းညှစ်၍ နယ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • သံပုရာသီးကို အစိတ်စိတ်ထားပါ
  • ငရုတ်သီးအလှော်မှုန့် ပြင်ထားပါ
  • ငါးငံပြာရည်ကို ပြင်ထားပါ

 ပြင်ဆင်ပုံ

  1. ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တလုံးစီမှာ ရေမြုပ်အောင် စိမ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  4. ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  5. ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  6. ဇောက်နက်သော အိုးထဲမှာ ရေ(၄လီတာ)ထည့်ပြီး ငါးများကို ပြုတ်ထားပါ
  7. ငါးအသားများ နူးလာလျှင် ငါးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ငါးများကို ပြန်ဆယ်၍ အအေးခံပြီ ငါးမှ အသားများ ထွင်ပေးပါ
  8. ငါးအရိုးများကို ထောင်းပြီး အရည်ငင်ကာ အရိုးများကို ဖယ်ပြီး အရည်များကို ငါးပြုပ်ရည်အိုးထဲ ရောပြီး ထည့်ထားပါ
  9. ဒယ်အိုးထဲ ဆီနှင့် နနွင်းမှုန့်ထည့်၍ ဆီပူလာမှ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်ကိုထည့်ပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  10. ဆီသတ်နံ့ သင်းလာတာနဲ့ ထွင်ထားသော အသားများကို ထည့်ပေးပါ
  11. ငါးဖတ်လေးများ အနံ့သင်းလာတာနဲ့ မီးပိတ်ပေးပါ
  12. ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းကို မညက်တညက် ထောင်းထားပါ
  13. ရေစိမ်ထားသော ပန်းခြောက် မှိုခြောက် ပဲလိပ်ခြောက် ငါးဆီသတ်တို့ကို အဆင်သင့် ပြင်ထားပါ။
ဟင်းရည်ချက်ရန်

  1. ငါးပြုတ်ရည်ကို ရေဆူအောင် ပြန်တည်ပေးပါ
  2. ရေဆူလာလျှင် ငါးဆီသတ် ပဲကြာဇံ မှိုခြောက် ပန်းခြောက်၊ ပဲလိတ်ခြောက်၊ ငါးဖယ် ငုံးဥ တို့ကိုထည့်ပြီး ရေဆူလာအောင် တည်ပေးပါ
  3. ဟင်းရည် အရသာအတွက် ငါးငံပြာရည် ဆား အချိုမှုန့် ကြက်သွန်နီတို့ကို ထည့်ပြီ သမအောင် မွှေပေးပါ
  4. ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီးပါက ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းခပ်၍ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိုင်မဲ့ ငါးခူကြာဇံချက်လေး ရပါပြီ။

Saturday, 18 March 2017

ကြက်သွန်ဖြူနံ့သင်းနေတဲ့ ပုဇွန်အိုးပူတိုက်





ဒီတခါတော့ ပုဇွန်ထုတ် အကောင်ကြီးကြီးကို ကြက်သွန်ဖြူ ငရုတ်ကောင်းတို့နဲ့နှပ်ပေးပြီး ကင်ထားပါတယ် ကင်တယ်ဆိုတာထက် အကင်အိုးကို မသုံးဘဲ အောက်ခြေမကပ်တဲ့ ဒယ်အိုးနဲ့ဒယ်အိုးနဲ့အိုးပူတိုက်ထားတာဆို ပိုမှန်မှာပါ ဒါကြောင့်မို့လို့  အိုးပူတိုက်နည်းလေး မျှဝေပေးလိုက်တယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုတ် အကောင်ကြီးကြီး - ၁၁ကောင်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ကြက်သွန်ဖြူ - ၇မွှာ
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကို အခွံခွာပြီး အမြှီးချန်ထားကာ ခေါင်းဖြုတ်ပေးပြီ ကြောဖက်မှ အမဲကြောင်းကို ဓါးရာပေးပြီး ထုတ်ပေးပါ
  • အားလုံးသန့်စင်ပြီးပါက ရေနှင့်ထပ်ပြီး ၃ခါလောက် ဆေးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ညက်နေအောင် ထောင်းပေးပါ
  • ရေဆေးထားသော ပုဇွန်ကို ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူထောင်းတို့နှင့်ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် နှပ်ထားပါ
  • ပြီးတာနဲ့ အိုးပူတိုက်မည့် ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ အိုးထဲကို ဆီထည့်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ ပုဇွန်နှင့်အရသာနယ်ထားသော အနှစ်များကို ထည့်ကာ အိုးပူတိုက်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးဆိုသလိုပါဘဲ တဖက်ကို တမိနစ်ခွဲစီလောက်ဘဲ အိုးပူတိုက်ပေးပါ
  • နှစ်ဖက်လုံး ကင်ပြီးတာနဲ့ နှစ်သက်သလို စားသုံးနိုင်မည့် ခရမ်းချဉ်သီးဆော့ ကြက်သွန်ဖြူ ပုဇွန် အိုးပူတိုက် မွှေးမွှေးလေး ရပါပြီ
အကင်အိုး မရှိက အောက်ခြေမကပ်သော ဒယ်အိုးနှင့် အိုးပူတိုက်ပေးနိုင်သလို မီးသွေးမီးဖိုပေါ်တို့မှာလဲ ကင်ပျစ်တင်ကာ ကင်ပေးနိုင်ပါတယ်။

Friday, 17 March 2017

ငါးအမွ အစပ်ကြော်


ဒီနေ့တော့ ငါးအမွ အစပ်လေး ကြော်ဖြစ်ပါတယ် အရိုးနဲ့ အရေခွံ ခွါပြီးသား cod fish ကိုသုံးထားပြီး အသားဖွာတဲ့အတွက် အမွကြော်ရာမှာတော့ အရမ်းအဆင်ပြေစေတဲ့ ငါးလေးဖြစ်တာကြောင့် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး cod fish - တကီလို
  • စိမ်းစားငပိ - ထမင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
  • စပါးလင် - ၂ ပင် 
  • ဆီ - 2 cups (500 ml)
  • အခွံမာများ ခွါထုတ်ပြီး ခပ်ပါးပါးလှီးထားသော စပါးလင် - ထမင်းစားဇွန်း ၂ ဇွန်း
  • ထုထားသော စပါးလင် - တပင်
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - ထမင်းစားဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • ငရုတ်သီးခြောက် လုံးခြမ်းခွဲမှုန့် - ထမင်းစားဇွန်း ၆ ဇွန်း


ပြင်ဆင်ပုံ

  1. ငါးကိုရေဆေးထားပါ
  2. စပါးလင်အရိုးများကို ရေဆေးပြီး တပင်ကို ခပ်ဖွဖွ ထုထားပါ
  3. နောက်တပင်ကို ခပ်ပါးပါးလှီးထားပါ
  4. ဟင်းချက်ရာတွင် ပါဝင်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  5. ဇောက်နက်သော အိုးထဲမှာ ရေအနည်းငယ် ထည့်ပေးကာ ရေဆူအောင် တည်ပေးပါ
  6. ရေ ဆူလျှင် စိမ်းစားငပိ နနွင်းမှုန့် ထုထားသော စပါးလင်နှင့် ငါးထည့်ကာ ငါးကျက်ရုံလေး ပြုတ်ပေးပါ
  7. ငါးကို အရမ်းနူးပျော့သွားအောင် ပြုတ်ရန်မလိုတဲ့အတွက် ထည့်ထားသော ရေခမ်းတာနဲ့ အအေးခံထားပါ
  8. အအေးခံပြီးသား ငါးကို အသားများမွအောင် လက်ဖြင့် ချေပေးပါ
  9. ငါးထဲထည့်ပြုပ်ထားသော  စပါးလင်ကို ဖယ်ပလိုက်ပါ
  10. မကပ်သော ဒယ်အိုးတလုံးကို အပူပေးပါ
  11. ဆီပူလာတာနဲ့လှီးထားသော စပါးလင် ကြက်သွန်ဖြူ မွထားသောငါးနှင့် ငါးငံပြာရည်တို့ကို မကပ်သော အိုးထဲထည့်ကာ မီးပြင်းပြင်းဖြင့် နာရီဝက်လောက် ကြော်ပေးပါ
  12. မိနစ် ၃၀ ခန့် ကြောပြီးပါက ငါးအသားထဲမှ အရည်များကုန်ကာ ခြောက်ပြီးမွလာသည်အထိ ကြော်ပေးပါ
  13. ငါးအသားများ ခြောက်ပြီးမွလာတာနဲ့ မီးကိုအနေတော်သို့လျှော့ကာ ၁၀ မိနစ်ခန့် မွှေကြော်ပြီး ငရုတ်သီးခြောက် လုံးခြမ်းခွဲမှုန့်ကို ထည့်ပေးပါ
  14. နောက်ထပ် မီးအနည်းငယ် ထပ်လျှော့ပြီး  ၁၀ မိနစ်ခန့်  ထပ်ကြော်ပေးပြီး မီးဖိုမှဖယ်ပေးပါ
  15. မီးဖိုပေါ်က ဖယ်ပြီးတာနဲ့ဇကာစိတ်စိတ်လေးထဲ သွန်ချကာ ဆီစစ်ပေးပါ
  16. ဆီတတ်နိုင်သမျှ ကုန်အောင်စစ်ပြီးဆိုတာနဲ့ ငါးအမွကြော်လေး အရသာရှိစွာ သုံးဆောင်ရန် ပြင်ဆင်ပေးနိုင်ပါပြီ ။

Thursday, 16 March 2017

ခရမ်းသီး မီးဖုတ်ကြော် မွှေးမွှေးလေး


ဒီနေ့တော့ သတ်သတ်လွတ် ဟင်းတမယ်အဖြစ် ပြင်ဆင်ပေးနိုင်ပြီး ထမင်းမိန်စေမဲ့ ခရမ်းသီးမီးဖုတ်ကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို မိုက်ခရိုဝေ့သုံး ဇလုံထဲမှာ ထည့်ပြီး အဖုံးခပ်ဟဟအုပ်၍ မိုက်ခရိုဝေ့ထဲထည့်ပြီး ၄မိနစ်ခန့် ဖုတ်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • ဖုတ်ထားသော ခရမ်းသီးကို ဇလုံတခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကိုထည့်ပါ
  • ဆီပူပါက ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ထည့်ကာ မိနစ်ဝက်ခန့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲ နှင့် ဆားတို့ကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ခရမ်းသီးမီးဖုတ်ကိုထည့်ပြီး တမိနစ်ခန့် ကြော်ပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငရုတ်ကောင်းနံ့ သင်းပျံ့နေတဲ့ ခရမ်းသီးမီးဖုတ်ကြော် မွှေးမွှေးလေးကို သတ်သတ်လွတ်ဟင်းတမယ် ပြင်ပေးနိုင်သလို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။


Wednesday, 15 March 2017

ကြက်သားစင်းကော ခရမ်းသီးနှပ်


ခရမ်းသီးနှပ်လို့ ပြောလိုက်တာနဲ့ ပုဇွန်ခြောက် ပုဇွန်အစိုလေးတွေနဲ့ နှပ်ပြီးစားကြတာ များပါတယ်  မာမာကတော့ ဒီနေ့ ကြက်သားစင်းကောနဲ့ခရမ်းသီးလေးတွေကို ခပ်စပ်စပ်လေးနှပ်ကာ ဒီနေ့ထမင်းဝိုင်းအတွက် ဟင်းတမယ်ချက်ဖြစ်လို့ လွယ်ကူမြန်ဆန် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး - အလုံးကြီးကြီး ၂လုံး
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ ဥကြီးကြီး - တဥ
  • နုတ်နုတ်စင်းထားသော ကြက်သား လက်ဖက်ရည် ပန်းကန်လုံး - တလုံးစာ 
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ

  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ နနွင်းမှုန့် ဆား ဆီ အရသာမှုန့် ကြက်သားစင်းကောတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးများကို ဇောက်နက်သော အိုးထဲထည့်ပြီး အစာများ ထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ကြက်သားစင်းကော ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။




Monday, 13 March 2017

ဆိတ်နှစ်လုံးဆီပြန်


ဒီနေ့တော့ ဆိတ်နှစ်လုံးကို အမွှေးအကြိုင် ခပ်များများနဲ့ ချက်ဖြစ်ပါတယ် ထမင်းနဲ့စားလို့ အဆင်ပြေသလို ပေါင်မုန့်နဲ့စားရင်လဲ အဆင်ပြေတဲ့ ဟင်းလေးဖြစ်တာကြောင့် ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ဆိတ်နှစ်လုံး - အနေတော် ၂ခု
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • စပါးလင် - အရွက်များပါသော အပင်၂ပင်
  • ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ကရဝေးရွက် - သုံးရွက်
  • ဖာလာ - တခု
  • လေးညှင်း - တပွင့်
  • သစ်ဂျပိုးခေါက် - တလက်မခန့်
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အခြောက် - ၅တောင့်
ပြင်ဆင်ပုံ
  • ဆိတ်နှစ်လုံးကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော နှစ်လုံးကို ဆား ဟင်းခတ်မှုန့် နနွင်းမှုန့် ငရုတ်သီး အရောင်တင်မှုန်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေပြီး ပျော့သွားအောင် ရေစိမ်ထားပါ
  • ကြက်သွန်နီ  ကြက်သွန်ဖြူ ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင်ကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ

ချက်ပြုပ်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထုံးထားသော စပါးလင် ကရဝေးရွက် သစ်ဂျပိုးခေါက် လေးညှင်း ဖာလာတို့ကို ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော နှစ်လုံးတို့ကို ထည့်ပြီးမွှေပေးပါ
  • နှစ်လုံးအပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ နှစ်လုံးများ နူးလာအာင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • နှစ်လုံးအသားနှုးလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
  • ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ မီးကိုလျှော့ကာ ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်လာပြီဆိုမှ စပါးလင်ထုံးကိုဖယ်ကာ အရသာရှိသော ဆိတ်နှစ်လုံးဟင်းဆီပြန် မွှေးမွှေးလေးကို စားပွဲပြင်ပေးပါ။

Saturday, 11 March 2017

ကြက်သားတန်ပူရာကြော်


ဒီနေ့တော့ အစာပြေစားရအောင် ကြက်သားလေးတွေလှီးပြီး တန်ပူရာမှုန့်ကို အရည်ခပ်ပျစ်ပျစ်ဖျော်ကာ ကြက်သားပြားကြော်လေး ကြော်ဖို့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - 200g
  • ကြက်ဥ - တလုံး
  • တန်ပူရာမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲ
ပြင်ဆင်ပုံလေးပြောပါမယ်
  • ကြက်သားကိုရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပြီး ခပ်ပါးပါး အချပ်လေးတွေလှီးပါ
  • ဆား အရသာမှုန့်တို့နဲ့ ကြက်သားကိုနယ်ပေးပါ
  • ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ခပ်ပြစ်ပြစ် ခလောက်ပေးပါ
  • ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားပြားကို တပြားချင်းနှစ်ပြီး လူးပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ကြက်သားပြားကို ထည့်ကြော်ပေးပါ
  • ကြက်သားပြား တခုလုံး အကျက်ညီစေရန် အထက်အောက် လှန်လှန်ပေး၍ ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ

Friday, 10 March 2017

ဆိတ်ရိုးနုပြုပ် မွှေးမွှေးလေး


ဒီနေ့တော့ ဆိတ်ရင်ညွန့် အရိုးနုလေးတွေကို ဆိတ်ရိုးစွပ်လေး ပြုပ်ပါတယ် ပြုပ်နည်းကတော့ အတူတူပါဘဲ ဒါပေမဲ့ ဆိတ်ရင်ညွန့်ရိုးက အဆီပါတဲ့အတွက် ပြုပ်တဲ့အခါမှာ အနည်းဆုံး ပြုပ်ရည်ကို သုံးခါလောက်တော့ သွသွန်ပေးရပါတယ် ဒိမင့်ဆိုရင်တော့ ဆိတ်ရိုးစွပ်မှာ အဆီတွေ တက်နေတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရိုးအသားတွဲနေသော ဆိတ်ရင်ညွန့်ရိုး - 1kg
  • ချင်း - ၁ လက်မခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၂မွှာခန့်
  • ကရဝေးရွက် - ၄ ရွက်ခန့်
  • သစ်ဂျပိုးခေါက် - ၂လက်မခန့်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ

  • ဆိတ်ရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာခန့်ကို ဓါးပြားရိုက်ထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကို ရေဆေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ဆိတ်ရိုးများကို ထည့်ပေးပြီး ရေမြုပ်အောင် ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူချိန် နာရီဝက်လောက်ရတာနဲ့ အိုးထဲမှာ တက်လာသော ဆိတ်ရိုးအဆီများနှင့် ရေများကို သွန်ပေးပါ
  • ဆိတ်ရိုးမှ အဆီများနှင့် အရိုးနံ့ပျောက်စေရန် နောက်ထပ် သုံးကြိမ်လောက် ထိုနည်းအတိုင်း ပြူပ်ပေးပါ 
  • ရေပူများနှင့် တက်လာသော အဆီများကို သွန်ပြီးတာနဲ့ နောက်ထပ်ရေမြုပ်အောင် ထပ်ထည့်ပေးကာ ချင်း ကရဝေးရွက် ကြက်သွန်ဖြူ ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေး၍ ရေကိုပွက်ပွက် ဆူအောင်တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှပ်များတက်လာပါက အပေါ်ယံအမြှုပ်များ ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုးအနံ့ ပျောက်လာအောင် နာရီဝက်လောက် နောက်ထပ်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • ဆိတ်ရိုး အမွှေးနံ့သင်းလာတာနဲ့ ရေလိုသလောက်ထည့်ကာ ဆားနှင့်အချိုမှုန့်ကို သင့်သလို ထည့်ပေးပြီး ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာမြည်းပြီး ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ ဆိတ်ရိုးစွပ်ကောင်းကောင်းလေး ရမှာ ဖြစ်ပါတယ်
  • အဆင်သင့်ဖြစ်တာနဲ့ ပာင်းရည်သောက်ရန် ငရုတ်သီးတောင့်နီ နံနံပင် သံပုရာသီးတို့ထည့်ကာ ပြင်ပေးနိုင်ပါပြီ




Thursday, 9 March 2017

သတ်သတ်လွတ် ပဲကုလားဟင်း





ဒီနေ့တော့ သတ်သတ်လွတ်စားမဲ့ သမီးလေးအတွက် ပဲနဲ့အာလူးကို သတ်သတ်လွတ် ချက်ပါတယ် ပလာတာနဲ့စားမှာမို့ ပလာတာလေးလဲကြော်ကာ အချဉ်လေးလဲပြင်ရင်း ပဲကုလားဟင်း အလွယ်ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

  • ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
  • မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • အာလူး - အနေတော် ၃လုံး
  • ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  • ကြက်သွန်နီ - အနေတော် တခြမ်း (ဟင်းဆီသတ်ရန်)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကုလားလေးမဆလာ - တထုတ်
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • သံပုရာသီး - တလုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • ပူစီနံ - နှစ်သက်သလောက်
တွဲဖက်စားရန်ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါးလှီးပေးပါ
  • လှီးပြီးသော ကြက်သွန်များကို ရေတထပ် နယ်ပြီးဆေးပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးပါ
  • သံပုရာသီးကို အနေတော် စိတ်ပေးထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • အာလူးကို အခွံခွာပြီး သင့်သလိုလှီးကာ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသောအာလူးများ ဆား အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီဆက်ပြီးသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အာလူး နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေးမဆလာကို ထည့်ပြီးမွှေပေးပါ
  • မဆလာနံ့ မွှေးနေသော သတ်သတ်လွတ်ပဲဟင်း အရည်သောက်ဆမ်းကို ပလာတာနှင့်ဖြစ်စေ ထမင်းနဲ့ ဖြစ်စေ အဆင်ပြေသလို ငရုတ်သီးအလှော်မှုန့် ပါးပါးလှီးထားသော ကြက်သွန်နီ အနေတော် လှီးထားသော ငရုတ်သီးစိမ်း ပူစီနံနှင့် သံပုရာညှစ်ကာ သုံးဆောင်နိုင်ပါပြီ။

Wednesday, 8 March 2017

လီမွန်ကိတ် မွှေးမွှေးလေး












နေတွေပူလွန်းတော့ အပြင်လဲ မထွက်နိုင် အိမ်ထဲမှာဘဲ နေနေရလေတော့ တခါတလေ စားစရာမုန့်ပဲ သရည်စာလဲ ပြတ်သွားတတ်ပါတယ် ဒီနေ့တော့ အချိုတည်းစရာ လီမွန်ကိတ်လေး လုပ်ဖြစ်လို့ လုပ်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် - 140g 
  • ထောပတ် - 100ml
  • Baking powder - 2.5g
  • ကြက်ဥ - ၃လုံး
  • သကြားဖြူ - 120g
  • ဆား -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • လီမွန်အရည် - 50ml
  • ဗနီလာအနံ့အရည် - လက်ဖက်ရည်ဇွန်း တဇွန်း
  • လီမွန်အနံ့အရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နွားနို့ -150ml
  • မုန့်ဖုတ်မည့်ဗန်း - တခု
  • ဆီ - အနည်းငယ် မုန့်ဖုတ်မည့်ဗန်းကို သုတ်ပေးရန်

ပြင်ဆင်ပုံ

  • ဇလုံတလုံးထဲမှာ ဂျုံမုန့် baking powder နှင့်ဆားတို့ကို သမအောင် ရောနယ်ပေးပါ
  • နောက်ထပ် ဇလုံတလုံးထဲမှာ ထောပတ် ဗနီလာအနံ့အရည် သကြား လီမွန်အရည်နှင့် ဆီတို့ကိုရောပြီး လက်မွှေတံနှင့် သမအောင် ခပ်နာနာလေး မွှေပေးပါ
  • ကြက်ဥကို ပန်းကန်တခုထဲ တလုံးချင်း ဖောက်ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • လက်မွှေတံဖြင့် ဂျုံမှုန့်အရောအနှောကို သမအောင် မွှေပေးပါ
  • ကိတ်မုန့်ဖုတ်မည့် ခွက်ကိုbaking paper ခင်းပေးပြီးမှ မုန့်နှစ်ရည်ကို လောင်းထည့်ပါ
  • အာဗင်ကို ၁၈၀ ဒီဂရီဖာရင်ဟိုက်နှင့် ၁ဝမိနစ်ခန့် ကြိုပြီး အပူပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ကိတ်မုန့်ဖုတ်မည့်ခွက်ကို အာဗင်ထဲထည့်ပေးပြီး ၄၅ မိနစ်မှ ၅၅ မိနစ်လောက်အထိ ဖုတ်ပေးပါ
  • မုန်းသား ကျက်မကျက်ကို အသုံးမပြုရသေးသော သွားထိုးဒုတ်တံနှင့် ကိတ်မုန့်သားကို ထိုးကြည့်ပါ
  • ဒုတ်တံမှာ ကိတ်မုန့်သား ကပ်ပါမလာရင် ကိတ်မုန့်ကျက်ပါပြီ
  • ကိတ်မုန့်ဖုတ်ထားသောခွက်ကို အာဗင်ထဲမှထုတ်ပြီး အအေးခံပေးပါ 
  • မုန့်သားအေးပြီဆိုတော့မှ မုန့်ဖုတ်သည့် ခွက်ထဲမှ အပြင်သို့ထုတ်ပေးကာ လိုသလို လှီးပေးပြီး အရသာအလွန်ရှိတဲ့ လီမွန်နံ့မွှေးနေတဲ့ လီမွန်ကိတ်မုန့်ကို နှစ်သလို သုံးဆောင်နိုင်ပါပြီ။