Tuesday, 27 January 2015

သရက်ပြင် ချိုချိုလေး




















သရက်ပြင်လေး လုပ်ဖြစ်ပါတယ် သရက်သီးတွေ မှည့်လာတော့ စားလို့မကုန်မဲ့အတူတူ ကြာကြာအထားခံအောင် သရက်ပြင်လေးလုပ်ပြီး သိမ်းထားဖို့ စိတ်ကူးလေးရတာနဲ့ လုပ်လိုက်တာပါ။

သရက်ပြင်လုပ်ရတာ မဆိုသလောက်လေးတော့ လက်ဝင်ပါတယ် သရက်သီးကို အခွံခွာ ဇကာတိုက်ပြီး ညောင်စေးကျအောင် ကျိုရပါတယ်။

အခွံခွာ ဇကာတိုက်တာလောက်ကတော့ သိပ်ပြောစရာ မဟုတ်ပေမဲ့ သရက်သီးအနှစ်ကို ကျိုချိန်လေးတော့ စိတ်ရှည်ရပါတယ်။

စိတ်ရှည်ရတယ်ဆိုလို့ လုပ်စားချင်စိတ်လေးတော့ ပျောက်မသွားပါနဲ့နော် မာမာ ကျိုတဲ့နည်းလေး ပြောပြပါမယ်။

 အောက်ခြေ ဘေးပါတ်ပါတ်လည် မကပ်တဲ့အိုး ဇောက်နက်နက်ကို သုံးပြီးကျိုရင် ပုံမှန်ထက် ပိုပြီးလွယ်ပါတယ်။

စကျိုထဲက မွှေရမှာ ပျင်းနေသေးရင် အိုးထဲမှာ သစ်သားယောင်းမ စိုက်ထားပြီး တည်ထားပေးပါ သရက်သီးရည် ညောင်စေးမကျခင်အထိ သုံးလေးခါလောက် မွှေပေးရင် ရပါတယ်။

 ရေခမ်းကာနီး  ညောင်စေးကျခါနီးပြီ ဆိုရင်တော့ သစ်သား ယောင်းမရှည်ရှည်နဲ့ မွှေရပါတော့မယ် ဗွက်ဗွက်ဆူလာပြီဆိုရင် အပူငွေ့နဲ့ သရက်သီးအနှစ်တွေ စင်တတ်တဲ့အတွက် သတိထားပြီး မွှေပေးပါ။

အဆက်မပြတ်  မွှေနေရင်းက သရက်သီး အနှစ်များ တော်တော်လေး ပျစ်လာပြီး ညောင်စေးကျလာပြီဆိုရင်တော့ မီးပိတ်ပြီး အအေးခံပေးပါ။

ပါဝင်ပစ္စည်းများ

  1. သရက်သီးမှည့် အနေတော် ၇လုံးကို အနှစ်တိုက်လိုက်ပါက  - 2 cups ရပါမယ်
  2. ဆား -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ဆီ - အနည်းငယ်
  5. Baking paper - လိုသလောက်

ပြင်ဆင်ပုံ
  • သရက်သီးကို အညှာဖက်ကလှီးပြီး အစေးများ ထွက်သွားစေရန် ရေနာရီဝက်လောက် စိမ်ထားပြီးမှ အခွံခွာပါ
  • အခွံခွာပြီးသော သရက်သီးများကို ဇလုံတလံေးအောက်ကခံပြီး ဇကာနဲ့အနှစ်များ တိုက်ချပါ
  • အားလုံးပြီးသွားရင် အနှစ်များကို မကပ်သော အိုးထဲသို့ ဆား သကြားတို့နဲ့ အတူတူ ထဲ့ပြီးမွှေပေးပါ
  • စကျိုကျိုခြင်း မီးအနေတော်နဲ့ ကျိုပေးပါ ကျိုနေစဉ် ဝေကျတတ်တဲ့အတွက် ယောင်းမတခု အိုးထဲမှာ စိုက်ပေးထားပါ 
  • အရမ်းပွက်ပွက် ဆူလာပါက ဝေမကျအောင် တချက်တလေ မွှေပေးပါ
  • ရေမခမ်းတခမ်း ဖြစ်လာပြီ ဆိုရင်တော့ မီးကို နဲနဲထပ်လျော့ပြီး အပြင်ကို သရက်ယိုများ ပေါက်မထွက်အောင် အိုးအဖုံးကို ခပ်ဟဟ အုပ်ပေးကာ ကျိုပေးပါ
  • သရေက်သီး အနှစ်များ ညောင်စေးကျလာပြီ ဆိုရင်တော့ မီးပိတ်ပြီး အအေးခံပေးပါ
နေလှန်းဖို့ပြင်ပါမယ်
  • ဗန်းတဗန်းထဲမှာ baking paper ခင်းပြီး ဆီသုတ်ပေးပါ
  • Baking paper ပေါ်သို့ အအေးခံထားသော သရက်ယိုများ မထူမပါး ထည့်ပေးပြီး ညီညီညာညာ ဖြန့်ခင်းပေးပါ
  • နေပူပူမှာ လှန်းပေးပြီး ၂နေလောက်ရရင် နောက်တဖက်လှန်ပြီး လှန်းပေးပါ
  • နေပူပူမှာ ၃ရက် ၄ရက်လောက် လှမ်းပေးပြီးရင် စားလို့အရမ်းဘဲ ကောင်းလွန်းတဲ့ သရက်ပြင် ချိုချိုလေးရပါပြီ။

Monday, 26 January 2015

ချဉ်ငံစပ် ပြည်ကြီးငါးသုပ်

 












ပြည်ကြီးငါးတွေ ၀ယ်လာပြီး ဘယ်လိုလုပ်စားရင် ကောင်းမလဲ စဉ်းစားနေတုံး မာမာ့လက်ထောက် သမီးလေးက မေမေရေ အသုပ်လေး လုပ်စားရင် ကောင်းမယ်နော်လို့ သူအကြံပေးတာနဲ့ ပြည်ကြီးငါးကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ပြည်ကြီးငါးက အနံ့နဲနဲ ညှီချင်တာမို့ သူ့ကို အရင်ဆုံ အနံ့သေအောင်  ကြက်သွန်ဖြူ  ချင်း ဗနီကာတို့နဲ့ အနံ့သေအောင် ပြုပ်ပါတယ် ပြုပ်ချိန်ကတော့ မကြာပါဘူး နှစ်မိနစ်ကျော်ကျော်လောက်ဆိုရင် ရပါတယ် သိပ်ကြာသွားရင် ပြည်ကြီးငါးရဲ့အသားက မာပြီးစားလို့မကောင်းတော့ပါဘူး ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပြည်ကြီးငါးပြုပ်ရန်

  1. သန့်ရှင်းနေအောင် ဆေးကြောထားသော ပြည်ကြီးငါး - 300 g
  2. ဗနီကာ -ညထမင်းစားဇွန်း နှစ်ဇွန်း
  3. ခပ်ပါးပါး လှီးထားသော ချင်း - တစ်လက်မ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ  အမွှာကြီးကြီး - သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ 

ပြုပ်ဆင်ပုံ
  • အိုးတစ်လုံးထဲမှာ ရေအနေတော်ထည့်ကာ ဆား ချင်း ကြက်သွန်ဖြူ  ငရုတ်ကောင်း ဗနီကာတို့ကိုထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ပြည်ကြီးငါးကိုထဲ့ပြီး နှစ်မိနစ်လောက် ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ဆယ်ယူပြီး ရေခဲရေ (သို့)ရေအေးအေးမှာ ခနစိမ်ပေးပါ
  • အေးပြီး ခပ်တောင့်တောင့်လေး ဖြစ်လာပြီဆိုတာနဲ့ အကွင်းလိုက် မထူမပါးလေးတွေ လှီးပေးပါ
ပြည်ကြီးငါး အသုပ်သုပ်ရန်
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး တစ်လုံးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင် နှစ်ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်း နှစ်သက်သလောက်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ပြည်ကြီးငါး ပဲဆီစိမ်း ထမင်းစားဇွန်း တစ်ဇွန်း ခရမ်းချဉ်သီး ငရုတ်သီးစိမ်း နံနံပင် ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ထည့်ပေးကာ ခပ်ဖွဖွ အရသာဝင်အောင် နယ်ပေးပါ
  • အရသာမြည်းပြီး လိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး စားသုံးဖို့ အဆင်သင့်ဖြစ်တဲ့ ပြည်ကြီးငါး ချဉ်ငံစပ် အသုပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday, 23 January 2015

ကြက်သား ဆီချက်ခေါက်ဆွဲ


ဒီတံဆိပ်ခေါက်ဆွဲကို သုံးပါတယ်

ကြက်သားကိုပြုပ်ပြီး အအေးခံကာ 
ခပ်သေးသေးလှီးပေးပါ

ကြက်ရိုးဟင်းခါးလေး ပြင်ပြီး သုံးဆောင်နိုင်ပါပြီ

ဒီနေ့လုပ်စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲလေးပါ တရုတ်အမဲ မစားတဲ့အတွက် ကြက်သားလေးနဲ့ဘဲ လုပ်စားဖြစ်ပါတယ် ထမင်းလွတ် စားမှာမို့ ၃ယောက်စာကို ခေါက်ဆွဲတစ်ထုတ် ပြုပ်ပြီး ပြင်လိုက်ပါတယ်။

ပစ္စည်းများ

  1. ၾကက္ရင္ပံုသား - 150 gေ
  2. ခါက္ဆြဲ - 200 g
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
  4. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  5. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  6. ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
  7. အရသာမှုန့် - အနည်းငယ်
  8.ဲမပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူး
  9. ကြက်သွန်မိတ် - အနည်းငယ်
  10. နာနတ်ပွင့် - တပွင့်
  11. ဆား - လက်ဖက်ရယ်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့် ည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လှီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသွန်ချပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခွံချွတ်ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တပွဲစာပြင်ရန်
  • ပြုပ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

ဂေါ်ဖီပန်းပွင့် သနပ်





အသားတွေ မစားဘဲ သတ်သတ်လွတ် စားချင်တဲ့ သူတွေအတွက် ထမင်းစားလို့မြိန်စေတဲ့ ပန်းဂေါ်ဖီ ပန်းပွင့်သနပ်လေး လုပ်ပါတယ်။

လုပ်နည်းလေး လွယ်သလောက် စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပန်းဂေါ်ဖီ - အနေတော် တစ်ပွင့်
  2. မုံလာဥနီ - ခပ်ကြီးကြီး  တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး  ၁၀မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း  တစ်ဇွန်း
  5. သကြား - ထမင်းစာဇွန်း  တစ်ဇွန်း
  6. ဗီနီဂါ - ထမင်းစားဇွန်း  ၃ဇွန်း
  7. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ

ပြင်ဆင်ပုံ
  • ဂေါ်ဖီပန်းပွင့်ကို အပွင့်လိုက် ရဆေးပြီး အခက်လေးများရအောင် လှီးပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ သေးသေးရှည်ရှည်လေးတွေ ရအောင်လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော်လေးတွေ စိပ်ပေးထားပါ
  • ပန်းပွင့် မုံလာဥနီ ကြက်သွန်ဖြူတို့ကို တပုံဆီပုံပြီး ၃နာရီလောက် နေလှန်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီကိုဘာမှမထည့်ဘဲ ကျက်အောင်ချက်ပြီး အအေးခံထားပါ
  • အသီးအပွင့်များ နေလှန်းပြီးပါက ဇလုံကျယ်ကျယ်ထဲမှာ နေလှန်းထားသော ပန်းပွင့် မုံလာဥနီတို့ကို ထည့်ပြီး သကြား ဆားနှင့်ဗီနီကာတို့ ထည့်နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • နာရီဝက်ပြည့်ပါက ငရုတ်သီး အရောင်တင်မှုန့် မဆလာ ကြက်သွန်ဖြူတို့ထည့်နယ်ကာ အအေးခံထားသော ဆီချက်ကို လောင်ထည့်ပြီး သမအောင်မွှေကာ စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ
  • ကြာကြာထားပြီး စားချင်ပါက ဖန်ပုလင်း သန့်သန့်ထဲမှာထည့်ပြီး  ရေခဲသေတ္တာထဲ ထည့်ထားပါက အကြာကြီးထားပြီး စားလို့ရပါပြီ။

Thursday, 22 January 2015

မြန်မာ့ရိုးရာထမနဲ မွှေးမွှေးလေး


















ဒီနေ့တော့ ရာသီစာ ထမနဲလေး ထိုးဖြစ်ပါတယ် ဆွမ်းတော်လဲကပ်ချင်တာမို့ မနက်စောစောလေး ထထိုးဖြစ်ပေမဲ့ တပင်တိုင်မင်းသမီး ကျမတယောက်ထဲ မီးဖိုဆောင် အပိုင်စားရထားသူမို့ ကြော်ဟယ်လှော်ဟယ်နဲ့ ဆိုင်းဝိုင်းထဲ ထိုင်နေရသလိုပါဘဲ ပါတ်ချာလည်နေလိုက်တာများ ဆွမ်းတော်ကပ်ဖို့ မှီတယ်ဆိုရုံလေးပါဘဲ။

အုန်းသီးခွဲ အုန်းဆံထိုးလဲ ကိုယ်တိုင်လုပ်ရတာမို့ ဒီနေ့တော့ လက်တော်တော်နာမဲ့ သဘောမှာရှိနေတယ် ထမနဲထိုးရတာလဲ လက်အားသန်မှ မုန့်သားအသားညက်မှာမို့  အားလုံးပြီးရင်တော့ အကိုက်အခဲ ပျောက်ဆေးလေးတော့ ကူရမယ် ထင်ပါရဲ့နော်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အုန်းသီး - အနေတော် တစ်လုံး
  3. ချင်း - ၂လက်မ
  4. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်မရှိတစ်ရှိ
  5. ဆား - လဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေဆေးကာ ၆နာရီလောက် ရေစိမ်ထားပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ချင်းကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ၀ါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ

        •  
  • အုန်းသီးတခြမ်းကို ခပ်ပါးပါး အစိတ်လေးများရအောင် ထိုးထားပြီး တ၀က်ကို ဒီအတိုင်းထားပါ
  • ကျန်တ၀က်ကို အနေတော်စိတ်ကာ ဆီနှင့်ရွှေဝါရောင် ရအောင်ကြော်ပြီး ဆယ်ထားပါ
  • ကျန်သော အုန်းသီးတခြမ်းကို အုန်းခြစ်နှင့်ခြစ်ပြီး ဆီပူမှာ နီရောင်သန်းအောင် ကြော်ပြီး ဆီစစ်ထားပါ
  • နှမ်းမဲကို ကျက်အောင်လှော်ပြီး အဆင်သင့် ပြင်ထားပါ
  • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် အုန်းသီးကြော် နှမ်းကြော် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်နဲ့ပူလာအောင် ပြန်တည်ပေးပါ
  • ဆီပူလာတာနဲ့ကောက်ညှင်းဆန်ကို ရေစစ်ပြီး ထဲည့်ကြော်၍ ကြော်နေစဉ် မကပ်အောင် မွှေမွှေပေးပါ
  • ကောက်ညှင်းဆန်သား ကွဲလာပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး မွှေပေးကာ မီးအနေတော်နှင့် တည်ပေးကာ မွှေပေးပါ
  • ပထမ တရည် ခမ်းအောင်တည်ပေးပြီး နောက်တရည် မြုပ်အောင်ထပ်ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ကောက်ညှင်းဆန်သား ကျေလာကာ ဆီသားတက်လာပြီ ဆိုတာနဲ့ အုန်းသီးစိမ်း အုန်းသီးကြော် မြေပဲ ချင်း ဆား နှမ်းမဲတို့ကို တမျိုးဆီ ထည့်ပြီး မွှေပေးပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီအကုန် ပြန်တက်လာပြီ ဆိုတာနဲ့ ထမနဲမွှေးမွှေးလေး ရပါပြီ
  • တာရှည် အထားခံရန် ထမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်
  • ထမနဲကို အအေးခံပြီး ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာ ကောင်းလွန်းတဲ့ ထမနဲ မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Sunday, 18 January 2015

ပုဇွန်ထုတ် ငရုတ်သီးစိမ်စပ်စပ်လေး


ဒီဟင်းလေးက မာမာတို့သားအမိတွေ အရမ်းကြိုက်တဲ့ ဟင်းလေးပါ သောက်လေသောက်လေ ငတ်မပြေဆိုသလိုဘဲ စပ်လေစပ်လေ စားမ၀လေဆိုတဲ့ ဟင်းလေးပါ။

စပ်လွန်ုးလို့ထမင်းထပ်ထဲ့ ထပ်ထဲ့ရင်းစားမိရင်းက ထမင်းပြတ်သွားရတာလဲ ခနခနကြုံရတဲ့ ဟင်းလေးပါ ပုဇွန်သေးသေးမရတာနဲ့ ပုဇွန်ထုတ်ကို အနေတော်တုံးပြီး ပုဇွန်ခေါင်းလေးတွေပါ ထည့်ချက်ထားတာပါ ပဲကြာဇံဟင်းလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဟင်းအတွဲလေးပါ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုတ် - 350g
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးစိမ်း - အတောင့် ၃၀
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ချက်နည်းလေးပြောပါမယ်
  • ပုဇွန်ကို အခွံခွာပြီး ကြောနှင့်ခေါင်းထဲမှ အစာအိတ်နှင့် အစာလမ်းကြောင်းကိုထုတ်ပြီး အနေတော်ပိုင်းထားပါ
  • ဆီကိုအပူပေးကာ နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ဆီသတ်ပါ
  • ကြက်သွန်နီနွမ်းတာနဲ့အရသာမှုန့် ပုဇွန်နှင့် ငံပြာရည်တို့ ထည့်ကြော်ပါ
  • ပုဇွန်ကိ ၂မိနစ်လောက်ဘဲကြော်ပြီး ငရုတ်သီးစိမ်းထည့်ကြော်ပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ရေအနည်းငယ်ထဲ့ပြီး ဆူအောင်တည်ပေးပြီးရင် ရပါပြီ။

Tuesday, 13 January 2015

သတ်သတ်လွတ် အာလူးကတ်တလိပ်


ထမင်းနဲ့မစားဘဲ သရည်စာလိုမျိုး စားရအောင်ဒီနေ့တော့ အာလူးကတ်တလိတ်လေး ကြော်ပါတယ် သတ်သတ်လွတ်လေးပေမဲ့ အရမ်းကို စားလို့ကောင်းပြီး ကိုယ်တိုင်ကဘဲ အာလူးကို ကြိုက်လို့လား မသိပါဘူး အာလူးဆို ဘယ်လိုချက်ချက် အကြိုက်တွေ့နေတတ်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆီ - လိုသလောက်
  7. ကြက်ဥ - တစ်လုံး
  8. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ကြက်ဥအကာနှင့် သမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးလုံးလေးများ မထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

ခရမ်းချဉ်သီး ကြက်ဥမွှေကြော်




ဟင်းချက်ရန် လိုအပ်သော ကြက်ဥနှင့်ခရမ်းချဉ်သီး



ဟင်းချက်ရန် အဆင်သင့်ပြင်ထားပေးပါ

မာမာ့ ဘလော့လေးဆီ မလာဖြစ်တာ တော်တော်ကြာသွားခဲ့ပြီ ဟင်းတွေချက်ဖြစ်ပေမဲ့ မတင်ဖြစ်ခဲ့တာပါ စာရေးဖို့မအားတာက တကြောင်း လက်နာနေတာက တကြောင်းမို့ ဒီနေ့မှ ကိုယ့်အိမ်လေးဆီ ကိုယ်ပြန်လာလည်ဖြစ်ပါတော့တယ်။

ဒီနေ့တော့ ကြက်ဥခရမ်းချဉ်သီး မွှေကြော်လေး ကြော်ဖြစ်ခဲ့ပါတယ် ကြော်ရတာ လွယ်ကူသလောက်  စားရတာတော့ အင်မတန်ကောင်းပါတယ် အိမ်က သမီးလေး အကြိုက်မို့ မကြာမကြာ ကြော်ဖြစ်ခဲ့တဲ့ ဟင်းတမယ်ပါ။

ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - ငါးလုံး
  2. ခရမ်းချဉ်သီး -  အလုံးကြီးကြီး သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥနှင့် ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ
  • ဆီကျက်သွားပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခရမ်းချဉ်သီးကို ထည့်မွှေကာ ကျေသွားတဲ့အထိ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေသွားပါက ခလောက်ထားသော ကြက်ဥမွှေကို ထည့်ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများ မွှေပြီးကြော်နေရင်းမှ ခဲပြီးကျက်လာလျှင် အရသာမြည်းပြီး သုံဆောင်နိုင်ပါပြီ
  • ချဉ်ဖြုံ့ဖြုံ့ စိမ့်စိမ့်လေးနဲ့စားလို့အရမ်းကောင်းတဲ့ ကြက်ဥမွှေကြော် ဟင်းတစ်မယ်ရပါပြီ။