Thursday 22 January 2015

ထမနဲ


















ဒီနေ့တော့ ရာသီစာ ထမနဲလေး ထိုးဖြစ်ပါတယ် ဆွမ်းတော်လဲကပ်ချင်တာမို့ မနက်စောစောလေး ထထိုးဖြစ်ပေမဲ့ တပင်တိုင်မင်းသမီး ကျမတယောက်ထဲ မီးဖိုဆောင် အပိုင်စားရထားသူမို့ ကြော်ဟယ်လှော်ဟယ်နဲ့ ဆိုင်းဝိုင်းထဲ ထိုင်နေရသလိုပါဘဲ ပါတ်ချာလည်နေလိုက်တာများ ဆွမ်းတော်ကပ်ဖို့ မှီတယ်ဆိုရုံလေးပါဘဲ။

အုန်းသီးခွဲ အုန်းဆံထိုးလဲ ကိုယ်တိုင်လုပ်ရတာမို့ ဒီနေ့တော့ လက်တော်တော်နာမဲ့ သဘောမှာရှိနေတယ် ထမနဲထိုးရတာလဲ လက်အားသန်မှ မုန့်သားအသားညက်မှာမို့  အားလုံးပြီးရင်တော့ အကိုက်အခဲ ပျောက်ဆေးလေးတော့ ကူရမယ် ထင်ပါရဲ့နော်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အုန်းသီး - အနေတော် တစ်လုံး
  3. ချင်း - ၂လက်မ
  4. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်မရှိတစ်ရှိ
  5. ဆား - လဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေဆေးကာ ၆နာရီလောက် ရေစိမ်ထားပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ချင်းကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ၀ါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ

        •  
  • အုန်းသီးတခြမ်းကို ခပ်ပါးပါး အစိတ်လေးများရအောင် ထိုးထားပြီး တ၀က်ကို ဒီအတိုင်းထားပါ
  • ကျန်တ၀က်ကို အနေတော်စိတ်ကာ ဆီနှင့်ရွှေဝါရောင် ရအောင်ကြော်ပြီး ဆယ်ထားပါ
  • ကျန်သော အုန်းသီးတခြမ်းကို အုန်းခြစ်နှင့်ခြစ်ပြီး ဆီပူမှာ နီရောင်သန်းအောင် ကြော်ပြီး ဆီစစ်ထားပါ
  • နှမ်းမဲကို ကျက်အောင်လှော်ပြီး အဆင်သင့် ပြင်ထားပါ
  • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် အုန်းသီးကြော် နှမ်းကြော် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်နဲ့ပူလာအောင် ပြန်တည်ပေးပါ
  • ဆီပူလာတာနဲ့ကောက်ညှင်းဆန်ကို ရေစစ်ပြီး ထဲည့်ကြော်၍ ကြော်နေစဉ် မကပ်အောင် မွှေမွှေပေးပါ
  • ကောက်ညှင်းဆန်သား ကွဲလာပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး မွှေပေးကာ မီးအနေတော်နှင့် တည်ပေးကာ မွှေပေးပါ
  • ပထမ တရည် ခမ်းအောင်တည်ပေးပြီး နောက်တရည် မြုပ်အောင်ထပ်ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ကောက်ညှင်းဆန်သား ကျေလာကာ ဆီသားတက်လာပြီ ဆိုတာနဲ့ အုန်းသီးစိမ်း အုန်းသီးကြော် မြေပဲ ချင်း ဆား နှမ်းမဲတို့ကို တမျိုးဆီ ထည့်ပြီး မွှေပေးပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီအကုန် ပြန်တက်လာပြီ ဆိုတာနဲ့ ထမနဲမွှေးမွှေးလေး ရပါပြီ
  • တာရှည် အထားခံရန် ထမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်
  • ထမနဲကို အအေးခံပြီး ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာ ကောင်းလွန်းတဲ့ ထမနဲ မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

2 comments:

  1. စားချင်စရာ.. ဒီနှစ်အတွက်ထမနဲမစားရသေးဘူး။ :)

    ReplyDelete
  2. တကယ် ကျွေးချင်တာနော်

    ReplyDelete