Showing posts with label အသီးအရွက် အသားငါး ပေါင်းနည်းများ. Show all posts
Showing posts with label အသီးအရွက် အသားငါး ပေါင်းနည်းများ. Show all posts

Tuesday, 5 May 2026

ဝက်သားပေါင်း

 


မာမာ ဒီနေ့တော့ အိမ်မှာ ပေါင်းစားဖြစ်တဲ့ ဝက်သားပေါင်း ပေါင်းနည်းကို မျှဝေပါမယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ဝက်သား - သုံးဆယ်သား
  2. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်းသာသာ
  4. ဆား - လက်ဖက်ရည်ဇွန်းတဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  7. ငရုတ် ကောင်းမှုန့် -  လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  9. ကြက်သွန်နီ - အနေတော် တလုံး
  10. ချင်းတက် - ခပ်ပါးပါးသုံးပြား
  11. ကြက်သွန်မြိတ် - အပင်ကြီးကြီး နှစ်ပင်
  12. မုံလာဥနီ - အနေတော် တဥ
  13. ကြက်ဥ - တလုံး
  14. နှမ်းဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်သားကို ရေဆေးပြီး ရေစစ်ကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် မုံလာဥနီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် ‌‌‌‌‌‌‌ လှီးထားပါ
  • ကြက်သွန်မြိတ်ကိုလဲ ရေဆေးကာ ခပ်ပါးပါး‌‌လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံထဲမှာ ဝက်သား ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း မုံလာဥနီ နှမ်းဆီ ငရုတ်ကောင်းမှုန့် ဆီ ဆား အရသာမှုန့် ပြောင်းကော်မှုန့်  ကြက်ဥ နနွင်းမှုန့်နှင့် ကြက်သွန်မြိတ် တဝက်တို့ကို ထည့်ပြီး နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ ပေါင်းမဲ့ ပန်းကန်ထဲကို ထည့်ပေးပါ
  • မာမာက pressure cooker နဲ့ ပေါင်းမှာဖြစ်တဲ့အတွက် ပေါင်းအိုးထဲကို အောက်ခံခုံထိတဲ့အထိ ရေထည့်ပါတယ်
  • ပြီးတော့မှ ပေါင်းဇကာထဲကို ဝက်သားပန်းကန်ထည့်ပါတယ်
  • ပေါင်းအိုးထဲကို ဝက်သားပန်းကန် ထည့်ပြီးတာနဲ့ အဖုံးကို လေလုံအောင်ပိတ်ကာ မိနစ်၂၀ ခလုတ်ကို နှိပ်ပြီး ပေါင်းပါတယ်။
  • ပေါင်းထားတာ မိနစ်၂၀ပြည့်ပြီဆိုရင်တာ့ အိုးထဲမှ လေကုန်အောင်ထုတ်ပြီး အိုးအဖုံးကို ဖွင့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းထားတဲ့ ဝက်သားပေါင်း ပန်းကန်ကို အပြင်ထုတ်ပြီး ချန်ထားတဲ့ ကြက်သွန်မြိတ်လေးဖြူးကာ စားသုံးနိုင်ပါပြီရှင်။

Friday, 17 January 2025

ငါးသံပုရာပေါင်း

 











မာမာ ဒီနေ့ ငါးကို နံနံပင် သံပုရာသီး ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီတို့နဲ့ အလှဆင်ကာ တို့နဲ့ ချဉ်ငံစပ် မွှေးမွှေးလေး ပေါင်းထားပါတယ်။

ပေါင်းရတာ လွယ်သလောက် စားလို့အရမ်းကောင်းတဲ့ ငါးပေါင်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးအရသာနယ်ရန်
  1. သန့်စင်ပြီးသော ငါးတစ်ကောင် - 400 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားမှုန့်ကို သုံးထားပါတယ်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ငါးပေါင်းပြီး ဟင်းပွဲပြင်ရန် 
  • ပါးပါးရိတ်ရိတ် လှီးထားသော ဂေါ်ဖီ - အနည်းငယ်
  • လက်တစ်ခန့် လှီးထားသော နံနံပင် - သုံးပင်ခန့်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - သုံးတောင့်
  • ပါးပါးလှီးထားသော သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ငါးတစ်ကောင်လုံး ထည့်လို့ အဆင်ပြေမည့် ဗန်းကိုခင်းပြီး အရသာများ နယ်ထားသော ငါးကိုအကောင်လိုက် တင်လိုက်ပါ
  • ငါးထည့်ထားသော ဗန်းဆန့်ဝင်လောက်မည့် အောက်ခံအိုးထဲကို ရေ တစ်ဝက်လောက် ထည့်ကာ ခုံလေး ထည့်ပေးပါ
  • ထိုခုံလေး အပေါ်မှာ ငါးထည့်ထားသော ဗန်းကိုတင်ကာ အိုးအဖုံး အုပ်ပေးပါ
  • မီးကို အနေတော်လောက်နှင့် ငါးကျက်သွားအောင် ဆယ့်ငါးမိနစ်ခန့် ပေါင်းပေးပါ
  • ငါးကျက်သွားတာနဲ့ မီးပိတ်ပေးပါ
ငါးသံပုရာ ဟင်းပွဲပြင်ဆင်ပုံ
  • ငါးပေါင်းထည့်မည့် ပန်းကန်ထဲမှာ လှီးထားသော ဂေါ်ဖီကို အရင်ဆုံး ဖြန့်ခင်းပေးပါ
  • ထိုအပေါ်ကမှ နံနံပင်ကို ဖြန့်ထည့်ပေးကာ ငါးပေါင်းပြီးသားကို ထိုအပေါ်မှာ တင်ပေးပါ
  • ငါးအပေါ်မှာ သံပုရာကွင်း ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မိမိနှစ်သက်လို ပြင်ကာ တင်ပေးပါ
  • ထိုအပေါ်ကနေမှ ငါးပေါင်းစဉ်က ထွက်လာသော ငါးပေါင်းရည်ကို ဆမ်းပေးကာ သုံးဆောင်နိူင်ပါပြီ။

Friday, 6 December 2024

မုန့်ညှင်းပေါင်း

 







တစ်နေ့တစ်နေ့ ဘာစားရမလဲ စဉ်းစားရတိုင်း ခေါင်းအင်မတန် နောက်ရတာက အိမ်ရှင်မတွေပါဘဲ စိတ်ထဲပေါ်လာတာတွေ ထထချက်မိတိုင်းလဲ စားလို့ကောင်းတယ်လို့ ပြောတဲ့အခါတိုင်း ပီတိဖြစ်ရတာလဲ အိမ်ရှင်မတွေပါဘဲ။

ဒီနေ့တော့ မာမာနေတဲ့မြို့လေးမှာ နေကလဲပူ  နေရတလဲ ပူလွန်းတော့ မီးဖိုခန်းထဲ ဝင်ရမှာ စိတ်မဝင်စားသလိုတော့ ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့လဲ စျေးကအပြန် မုန့်ညှင်းပင်လေးတွေ လတ်လတ်ဆတ်ဆတ် ရလေတော့ မုန့်ညှင်းပေါင်းလေး ပေါင်းပြီး ထမင်းလွတ် စားကြဖို့ ပြင်မိပါတယ်။

ဒါကြောင့်မို့လို့ စားလို့ကောင်းပြီး လျှာကိုစွဲနေစေတဲ့ မာမာပြင်ဆင်ထားတဲ့ မုန့်ညှင်းပေါင်းနည်းလေး မျှဝေပေေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုန်ညှင်းပင် - 500 g
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  8. ချင်း - လက်တစ်ဆစ်သာသာ
  9. ကြက်သွန်ုဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  11. ရေ - အနည်းငယ်
  12. နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  13. ကြက်သွန်ဖြူဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  14. ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
  15. ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး 
  16. မုန့်ညှင်းထည့်ရန် - ပန်းကန်လုံးတစ်ခု

ပြင်ဆင်ပုံ
  • မုန်ညှင်းကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ လက်နှစ်ဆစ်ခန့် အနေလေးတွေ လှီးထားပါ
  • ဆန်မှုန့်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
  • ငရုတ်သီး အကြမ်းမှုန့် ဆီချက်ကို ချက်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ မထူမပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ ပန်းကန်တစ်ခုထဲမှာ အရသာနယ်ထားသော မုန့်ညှင်းများကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မုန့်ညှင်းပန်းကန်ကို ပေါင်းအိုးဇကာထဲထည့်ကာ အဖုံးအုပ်ပြီး မုန်ညှင်းများ နူးအိလာတဲ့အထိ ပေါင်ပေးပါ
  • ပေါင်းချိန် တစ်နာရီခန့် ပေါင်းပေးပါ
  • မုန့်ညှင်းပေါင်းနေစဉ် အောက်ခံအိုးထဲမှာ ရေနည်းသွားပါက သတိထားပြီး ရေထပ်ထပ်ပြီး ဖြည့်ပေးပါ
  • အသုံးပြုသော မုန့်ညှင်းနုပါက နာရီဝက်လောက် ပေါင်းပေးပြီး မုန့်ညှင်းပင်ရင့်ပါက တနာရီလောက် ပေါင်းပေးရင် ရပါတယ်
  • မုန်ညင်းများ နူးအိလာပါက နံနံပင် ကြက်သွန်ဖြူဆီချက် ငရုတ်သီးဆီချက်တို့နှင့် တွဲဖက်ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ ။
မှတ်ချက် ။ ။မာမာက Pressure Cooker နဲ့ ပေါင်းတဲ့အတွက် Steam ခလုတ်ကို နှိပ်ကာ ငါးမိနစ်ခလုတ်ကို ချိန်ပေးပြီး ငါးမိနစ်ဘဲ ပေါင်းပါတယ်။

Tuesday, 5 November 2024

ပိန်းဥပေါင်း

 



မာမာ ဒီနေ့တော့ ပိန်းဥသေးသေးလေးတွေ ဝယ်လာပြီး ပေါင်းအိုးနဲ့ ပေါင်းကာ အခွံခွါပြီး ပဲဆီမွှေးမွှေးလေးထဲ ဆားထည့်ကာ ပိန်းဥပေါင်းနဲ့ တို့စားဖြစ်ပါတယ်။

ပိန်းဥပေါင်းလေးက နေ့လည်နေ့ခင်း သရည်စာအဖြစ် စားလို့ကောင်းတဲ့အတွက် မိတ်ဆွေတို့လဲ စားချင်စိတ် ပေါ်တဲ့အခါ စားနိူင်အောင် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပိန်းဉပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ပိန်းဥ - မိမိစားနိူင်သလောက်
  2. ဆီ - အနည်းငယ်
  3. ဆား - အနည်းငယ်
  4. ပေါင်းအိုး
ပြင်ဆင်ပြုလုပ်ပုံ
  • ပိန်းဥများကို ရေဆေးပြီး ပေါင်းအိုးထဲမှာပါတဲ့ ဇကာထဲကို ထည့်ပေးထားပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေ အနေတော်ထည့်ပြီး ပေါင်းအိုးမှာပါတဲ့ ခုံလေးကို ထည့်ပေးပါ
  • ထိုပေါင်းခံပေါ်မှာ ပိန်းဥထည့်ထားတဲ့ ဇကာကို တင်ကာ အဖုံးလုံအောင် ပိတ်ပေးပါ
  • ပြီးတာနဲ့ steam ခလုတ်ကို နှိပ်ပေးကာ ငါးမိနစ် ခလုတ်ကို ချိန်ပေးပြီး ပေါင်းပေးပါ
  • ပိန်းဥ ပေါင်းထားချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပိန်းဥများကို အပြင်ထုတ်ပေးပြီး အခွံခွါပေးပါ
  • ပန်းကန်တခုထဲမှာ ဆီနှင့်ဆားကို ထည့်ပေးပြီး အခွံခွါထားသော ပိန်းဥနှင့် တို့စားနိူင်ပါပြီ။

Tuesday, 13 August 2024

ရွှေဖရုံသီး အစာသွပ်ပေါင်း

 









ဗီယက်နမ်စျေးက ဝယ်လာတဲ့ ရွှေဖရုံသီး သေးသေးလေးတွေကို ဒီနေ့တော့ ကြက်သားစင်းကောနဲ့ အရသာနယ်ကာ အစာသွပ်ပြီး ပေါင်းဖြစ်တာနဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ရွှေဖရုံသီး - ခပ်သေးသေး နှစ်လုံး (တစ်လုံးကို 600 g ခန့် )
ကြက်သား - 150 g
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
ကြက်သွန်နီ - အနေတော် တလုံး
ချင်းတက် - လက်တဆစ်ခန့်
ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
မုံလာဥနီ - အနေတော် တစ်ဥ
ကြက်ဥ -၂လုံး
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
ရွှေဖရုံသီးကို အလုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း ထိပ်ဖက်မှ လှီးဖြတ်ပေးပါ
ပြီးတာနဲ့ အသီးအထဲမှ အစေ့နှင့် အူတိုင်များကို ဇွန်းနှင့်ကော်ထုတ်ပေးပါ
ပြီးတာနဲ့ အထဲဘက်ကို ရေဆေးပေးပါ
ကြက်သားကို နုတ်နုတ်စင်းထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုနုတ် စင်းထားပေးပါ
ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
အားလုံးအဆင်သင့့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ ပါ၀င်ပစ္စည်းများကို ထည့်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
အရသာ သမသွားတာနဲ့ ရွှေဖရုံသီးထဲကို ဇွန်းနှင့်ခပ်ပြီး ထည့်ပေးပါ
ပြီးတာနဲ့ ရွှေဖရုံသီးကို အညှာဖက် အပိုင်းလေးတင်ပြီး အုပ်ပေးပါ
အသီးရဲ့ အောက်ဖက်မှာ ကြွေပန်းကန်လုံး တခုခံပြီး တင်ပေးပါ
ပေါင်းအိုးရဲ့ အောက်ခံအိုးထဲမှာ ပေါင်းမည့်ပန်းကန်လုံး တစ်ဝက်လောက် မြုပ်အောင်ထည့်ပြီး ပေါင်းမည့်ပန်းကန်လုံးကို ထည့်ပေးပါ
ရွှေဖရုံသီး ပန်းကန်လုံးကို ထည့်ပေးပြီတားနဲ့ အိုးအဖုံးအုပ်ကာ ပေါင်းပေးပါ
Pressure cooker နဲ့ ပေါင်းတာဖြစ်တဲ့အတွက် pressure cooker လုတ်ကိုနှိပ်ပြီး မိနစ်နှစ်ဆယ် ပေါင်းပေးပါ
ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ ပေါင်းအိုးအဖုံးကို ဖွင့်ပေးပါ
ပေါင်းအိုးထဲမှ ပေါင်းခံပန်းကန်လုံးကို အပူမလောင်အောင် လက်အိတ်နှင့် အပြင်ကို ထုတ်ပေးပါ
အပြင်ရောက်တာနဲ့ အရသာ အင်မတန် ရှိလွန်းတဲ့ ရွှဖရုံသီးပေါင်းလေး ရပါပြီ
ရွှေဖရုံသီး အစာသွတ်ပေါင်းကို မိမိနှစ်သက်သလို လှီးပေးကာ ပူပူလူလူလေး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။ 

Sunday, 4 August 2024

အာတာလွတ်ဥ ဆီဆမ်း

 





မာမာ ဒီနေ့တော့ အာတာလွတ်ဥလေးတွေ ဝယ်လာပြီး ပေါင်းအိုးနဲ့ ပေါင်းပါတယ် ရေထဲထည့်ပြီး ပြုပ်တာထက်စာရင် ပေါင်းတာက ပိုပြီးစားလို့ ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အာတာလွတ်ဥ ပေါင်းနည်းနဲ့ ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အာတာလွတ်ဥ
  2. ဆီစိမ်း
  3. ဆား

ပြင်ဆင်ပုံ
  • အာတာလွတ်ဥများကို ရေဆေးပြီး ပေါင်းခံဇကာထဲမှာ ထည့်ပေးထားပါ
  • ပေါင်းအိုး အောက်ခံအိုးထဲမှာ ပေါင်းခံခုံကို မြုပ်တဲ့အထိ ရေထည့်ပေးပါ
  • ပြီးတာနဲ့ အာတာလွတ်ဥ ထည့်ထားသော ပေါင်းခံဇကာကို ပေါင်းခံခုံပေါ်မှာ တင်ပေးပါ
  • ပေါင်းအိုးအဖုံးကို ခလုတ်ကျအောင် ပိတ်ပေးကာ steam ခလုတ်ကို နှိပ်ပေးပြီး ငါးမိနစ် ချိန်ပေးကာ ပေါင်းပေးပါ
  • ပေါင်းထားတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးကာ အိုးအဖုံးကို ဖွင့်ပေးပါ
  • အာတာလွတ်ဥကို မထူမပါးလေးတွေ လှီးပေးကာ ဆားနှင့်ဆီစိမ်း ထည့်ပေးကာ နယ်ပေးပါ
  • ပြီးတာနဲ့ အာတာလွတ်ဥ ဆီဆမ်းကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။

Friday, 26 July 2024

ကုလားပဲပေါင်း



ဒီနေ့တော့ ကုလားပဲကို ပဲပေါင်းလေး ပေါင်းဖြစ်ပါတယ် ကလေးလူကြီး အရမ်းသဘောကျတဲ့ ပဲပေါင်းလေးဖြစ်သလို ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်နီ - အနေတော် သုံးလုံး
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ


ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်နီများကို ထည့်ကြော်ပြီး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  • ကုလားပဲခြမ်းကို အိုးထဲမှာထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ပဲကိုရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ
  • ရေခမ်းပြီး ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများ နူးအိလာတာနဲ့ မီးပိတ်ပေးပြီး ပဲများကျေသွားတဲ့အထိ ဇွန်းနှင့်ဖိပြီး ချေပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ကြက်သွန်ကြော်လို့ ပိုတဲ့ဆီထဲမှာ ပြုပ်ပြီးချေထားသော ပဲများကို ထည့်ကြော်ပေးပါ
  • ပဲများကို အဆက်မပြတ် မွှေပေးပြီး ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပေးပါ
  • ပဲများအိလာပြီး မွှေးလာပြီ ဆိုတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲမှာ ပဲပေါင်းများထည့်ပြီး ကြော်ထားသော ကြက်သွန်ဖြူကြော်ကို ပဲပေါင်းအပေါ်မှ ဖြူးပြီး စားသုံးနိုင်ပါပြီ။

Friday, 8 March 2024

ဝက်လက်ပေါင်း


မနေ့က ဈေးသွားရင်းက ဝက်လက် ခုတ်ပြီးသားလေးတွေ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ဝက်လက်ပေါင်းလေး လုပ်စားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မနေ့က လုပ်စားဖြစ်တဲ့ ဝက်လက်ပေါင်း  လုပ်နည်းလေးကို ဒီနေ့မှာ မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်လက် - တစ်ကီလို
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ချင်း - ခပ်ပါးပါး ငါးပြား
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ကြက်သွန်မိတ် - အနည်းငယ်
  8. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  9. ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ဝက်လက်များထည့်ရန်)
  10. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်လက်များကို ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာထည့်ပြီး ငရုတ်ကောင်းမှုန့် ဆား အရသာမှုန့်တို့နဲ့ နယ်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဝက်လက်ပေါင်းဖို့ ပြင်ဆင်ပေးပါ
ဝက်လက်ပေါင်းရန်

  • ဒယ်အိုးထဲမှာ သကြားကို ထည့်ပေးပြီး ညိုရောင်သန်းလာတဲ့အထိ လှော်ပေးပါ
  • သကြားများ ညိုရောင်သန်းလာတာနဲ့ ကြက်သွန်မိတ် ချင်း ကြက်သွန်ဖြူနှင့် အရသာ နယ်ထားသော ဝက်လက်များကို ထည့်မွှေပေးပါ
  • လေးမိနစ်လောက် မွှေပေးပြီးတာနဲ့ မီးပိတ်ပေးကာ ပန်ကန်းလုံးထဲကို ပြောင်းထည့်ပေးပါ
  • ဝက်လက်ပေါင်းမည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
  • ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
  • ထို ဇကာလေးလေး အပေါ်မှာ သကြားနှင့် လှော်ထားသော ဝက်လက်ပန်းကန်ကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်လေးဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
  • ဝက်လက်ပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ဝက်လက်ပန်းကန်ကို အပြင်သို့ ထုတ်ပေးပါ
  • ပြီးတာနဲ့  ဝက်လက်ပေါင်း အိအိမွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Thursday, 30 November 2023

ပဲပြားပေါင်း

 





ဒီနေ့တော့ နှမ်းဆီမွှေး ပဲငံပြာရည်တို့နဲ့ သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် ပဲပြားကို အချိုအရသာ ပေါင်းထားပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပြားအပျော့ - 250 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. နှမ်းဖြူ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်မိတ် - အနေတော် သုံးပင်
  5. ချင်းတက် - လပ်တစ်ဆစ်ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဝက်
  8. ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲပြားကို ရေဆေးကာ ပန်းကန်ထဲ ထည့်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ  ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အမျှင်လေးတွေ လှီးထားပါ
  • ပန်းကန်တစ်လုံးထဲမှာ ဆား နှမ်းဖြူ နှမ်းဆီမွှေး ချင်း ကြက်သွန်မိတ် ကြက်သွန်ဖြူ ပဲငံပြာရည်အနောက် ပဲငံပြာရည် အကြည် ခရုဆီနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာများ ထည့်ထားသော ဇလုံထဲကို လောင်းထည့်ပေးပါ
  • ပန်းကန်တစ်လုံးထဲမှာ ပဲပြား ကြက်သွန်ဖြူ နှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ
  • ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး သုံးမိနစ် ပေါင်းပေးပါ
  • ပဲပြားပေါင်းချိန် သုံးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးမှ လေထုတ်မည့် ခလုတ်ကို နှိပ်ပေးပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပဲပြားပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ ပဲပြားပေါင်း ပန်းကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီ။

Saturday, 4 November 2023

ဝက်ရိုးပေါင်းဟင်းချို

 


မနေ့က ဈေးသွားရင်းက ဟင်းချိုချက်ဖို့ ဝက်ရိုးလေးတွေ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ဝက်ရိုးပေါင်း ဟက်းချိုလေး လုပ်စားဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မနေ့က လုပ်စားဖြစ်တဲ့ ဝက်ရိုးပေါင်း ဟက်းချိုရည် လုပ်နည်းလေးကို ဒီနေ့မှာ မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်ရိုး -500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ကြက်သွန်မိတ် - အနည်းငယ်
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  8. နှမ်းစေ့ - အနည်းငယ်
  9. ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ဝက်ရိုးထည့်ရန်)
  10. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်ရိုးများကို ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာ ထည့်ထားပါ
  • ကြပ်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဝက်ရိုးပေါင်းဖို့ ပြင်ဆင်ပေးပါ
ဝက်ရိုးပေါင်းရန်
  • ပန်ကန်ထဲမှာ ထည့်ထားသော ဝက်ရိုးများကို နှမ်းစေ့ ဆား အရသာမှုန့် ချင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အရသာဝင်အောက် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
  • ဝက်ရိုးပေါင်းမည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
  • ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
  • ထို ဇကာလေးလေး အပေါ်မှာ အရသာ နယ်ထားသော ဝက်ရိုးပန်းကန်ကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်လေးဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
  • ဝက်ရိုးပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ဝက်ရိုးပန်းကန်ထဲမှ ဝက်ပြုပ်ရည်ထဲကို မိမိနှစ်သက်သလောက် ရေနွေးပူပူလေး ထပ်ရောက အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုတာနဲ့ ဝက်ရိုးပေါင်း ပန်ကန်ကို အပြင်သို့ ထုတ်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းမှုန့် ထည့်ပေးကာ သုံဆောင်နိူင်ပါပြီ။

Thursday, 28 September 2023

ဝက်သားလုံး ကောက်ညှင်းပေါင်း

 









ဒီနေ့တော့ ဝက်သားတစ်ဗူး (Pork mince) ဝယ်လာပြီး ဝက်ကောက်ညှင်းလုံးပေါင်းလေး လုပ်ပါတယ် ဝက်သားလုံး ပေါင်းတဲ့ နေရာမှာလဲ မာမာကတော့ ခပ်မြန်မြန်လေး ကျက်အောင်လို့ pressure cooker နဲ့ ပေါင်းပါတယ်  ရိုးရိုးအိုးထဲမှာ ရေထည့်ပြီး ပေါင်းမယ်ဆိုရင်တော့ ၄၅ မိနစ်လောက် ပေါင်းရပါမယ်။

ဒါကြောင့်မို့လို့ လုပ်ရတာလွယ်ကူပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားလုံး ကောက်ညှင်းပေါင်း လုပ်နည်းလေးကို မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား - 500 g (pork mince ကို သုံးထားပါတယ်)
  2. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ကြက်သွန်ဖြူမှုန့် -လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  13. ကြက်သွန်မိတ် - နှစ်ပင် (ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ)
  14. pressure cooker
ပြင်ဆင်ပြုလုပ်ပုံ
  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ခြောက်နာရီခန့် စိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ကောက်ညှင်းဆန်များကို ရေစစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းဆန်ကလွဲပြီး ပါဝင်ပစ္စည်းများကို ထည့်ကာ သမအောင် နယ်ပေးပါ
  • ဝက်သား အရသာနယ်တာ သမသွားပါက အနေတော် အလုံးလေးတွေ လုံးပေးပါ
  • ပြီးတာနဲ့ အသားလုံး တစ်လုံးချင်းဆီကို ကောက်ညှင်းဆန်ထဲမှာ လှိမ့်ပေးပြီး ကောက်ညှင်းဆန်များ ကွာမကျအောင် လက်နှင့်ခပ်ဖွဖွလေး ဆုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းခံဇကာထဲမှာ baking paper ခင်းပေးပြီး ဝက်သားလုံးလေးတွေကို ဆန့်သလောက် ထည့်ပေးပါ
အသားပေါင်းရန်
  • ပေါင်းအိုးထဲမှာ ရေအနည်းငယ်ထည့်ပြီး ပေါင်းခံခုံကို ထည့်ပေးပါ
  • ထိုပေါင်းခံခုံပေါ်မှာ အသားလုံး ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • အိုးအဖုံး အုပ်ပြီးတာနဲ့  steam ကိုနှိပ်ကာ မိနစ်နှစ်ဆယ် ချိန်ပေးပြီး ပေါင်းပေးပါ
  • အသားလုံး ပေါင်းထားချိန် ပြည့်တာနဲ့ အိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အထက်ပါ နည်းအတိုင်း အသားလုံးလေးတွေ ကုန်တဲ့အထိ ပေါင်းပေးပါ
  • ပြီးတာနဲ့ ဝက်ကောက်ညှင်းလုံးပေါင်း ပူပူလေးကို ဆလတ်ရွက် နံနံပင်တို့နှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 12 January 2023

ဝက်အချိုပေါင်း

 




ဒီနေ့တော့ ဝက်သားသုံးထပ်သားလေးတွေ ဝယ်လာပြီး  ဝက်သားပေါင်းလေး လုပ်ဖြစ်ပါတယ်  ထမင်းနဲ့လဲ လိုက်ဖက်သလို ကြာဆံဆီချက် ခေါက်ဆွဲဆီချက်လေးတွေ လုပ်စားရင်လဲ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်သား သုံးထပ်သား - 500 g
  2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ကြက်သွန်နီ - ခပ်သေးသေး ငါးလုံး
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဝက်သားများကို ရေစင်အောင်ဆေးပြီး ခရုဆီ ပဲငံပြာရည် ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိူင်မည့် ပန်းကန်လုံးထဲမှာ အရသာ နယ်ထားသော ဝက်သား ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပေးပါ 
  • ပေါင်းအိုးထဲမှာ  ရေကို အနေတော်ထည့်ပြီး သံဇကာ အောက်ခံခုံ အခင်းကို ထည့်ပေးပါ
  • ထိုသံဇကာ အောက်ခံခုံပေါ်မှာ ဝက်သား ပန်းကန်ကို တင်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဝက်သား ပန်းကန်ထဲ မ၀င်စေရန် ဝက်သား ပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးရမည်ကို သတိပြုပါ
  • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ဝက်သားများ နူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဝက်သား ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ဝက်သား ပေါင်းနေစဉ် ပေါင်းဇကာ အောက်မှာ ထည့်ထားတဲ့ ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ ရေနည်းနေပါက ထပ်ဖြည့်ပေးပါ
  • ပြီးတာနဲ့ ဝက်သားအသားများ နူးအိသွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
  • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ဝက်သားပေါင်း ချိုချိုလေးကို မိမိတို့ နှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။