Thursday, 30 April 2015

ဗယာကြော် ကြွတ်ကြွတ်မွမွလေး













ဒီနေ့တော့ ဆောင်းအ၀င်မှာ မိုးရောလေပါ ရောသမမွှေနေတာမို့လို့ အလွန်ချမ်းတဲ့ ရာသီဥတုလေး ဖြစ်လို့နေပါတယ် အေးအေးချမ်းချမ်းလေး ကွေးနေချင်ပေမဲ့ ငါ့ဝမ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ ချက်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်
ပဲ 2 cups လောက်ဆို မိသားစု ၈ယောက်လောက် စားနိုင်ပါတယ် ၄ယောက်စာဆိုရင်တော့ တစ်ဝက်နူန်းနဲ့တွက်ပြီး ကြော်နိုင်ပါတယ် ခြံထဲဆင်းပြီး ပူစီနံလေးတွေ ခူးပြီး ဗယာကြော်ကြော်ဖို့ ပြင်လိုက်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
  1. ပါဝင်ပစ္စည်းများ
    1. ကုလားပဲခြမ်း - 2 cups
    2. ပူစီနံ - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
    3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
    4. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
    5. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
    6. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
    7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    8. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
    9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာ
    10. ချင်း - လက်နှစ်ဆစ်ခန့်
    11. ဆီ - လိုသလောက် သုံးပေးပါ

    ပြင်ဆင်ပုံ
    • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
    • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
    • ပူစီနံကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
    • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
    • ပဲများ ရေစစ်သွားပါက အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်ဝက် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
    • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ဆား ကြက်သားမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ပျဉ်းတော်သိမ်းရွက် ပူစီနံနံရွက်တို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
    • ပြီးတာနဲ့ အရသာ နယ်ထားသော ပဲများကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ကို အလုံးလေးတွေ ဆုတ်ပေးထားပါ
    • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
    • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
    • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တစ်ခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
    • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
    • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
    ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ပျဉ်းတော်သိမ်းရွက်ကြော်တို့ကြော်ပြီး ဗယာကြော်မွှေးမွှေးလေးနဲ့ တွဲဖက်ပြီး စားနိုင်ပါတယ်။

Wednesday, 29 April 2015

ပင်လယ်စာ အုန်းနို့ချက်



ပင်လယ်အစုံလေး ဒီနေ့ချက်ဖြစ်ပါတယ် အုန်းနို့နံ့မွှေးမွှေးလေးနဲ့မို့ ပင်လယ်စာအနံ့ပျောက်ပြီး စားလို့အရမ်းကို ကောင်းပါတယ် အုန်းနို့ဟင်းချက်အနှစ် ရယ်ဒီမိတ်အထုတ်မှာ အရသာတွေ ပါပြီးသားပေမဲ့ အရသာပိုကောင်းပြီး ပင်လယ်စာအနံ့ သက်သာစေဖို့ ကြက်သွန်နီ ကြက်သွန်ဖြူ စပါးလင်တို့ကို မာမာထပ်ထည့်ထားပါတယ်။

ပါဝင်ပစ္စည်း

  • ပင်လယ်စာအစုံ - 350g
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ခပ်ပါးပါးလှီးထားသော စပါးလင် - တလက်မခွဲသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အုန်းနို့ဟင်းချက်အနှစ် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွှင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
  • ပင်လယ်စာအစုံကို သန့်စင်ပြီး ရေဆေးထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီး စပါးလင်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • အားလုံးနွမ်းသွားပါက ပင်လယ်စာနှင့် ဆားကိုထည့်မွှေပါ
  • ပင်လယ်စာများ အရောင်ပြောင်းသွားပါက သံပုရာရည် ညှစ်ထည့်ကာ အုန်းနို့အနှစ်ကို ထဲ့မွှေပေးပြီး ရေထပ်မထည့်ဘဲ ပင်လယ်စာမှ ထွက်လာသောအရည် ဟင်းရည်ခမ်းအောင်တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက အရသာမြည်းပြီး မီပိတ်ပေးပါ။





Tuesday, 28 April 2015

ချဉ်ငံစပ်သခွားသီးထောင်းသုပ်


သခွားသီးသုပ် သုပ်စားချင်ပေမဲ့ သခွားခြစ် မရှိလို့ မစားရဘူးလို့ ဆိုသူတွေအတွက် သခွားသီး အလွယ်ခြစ်နည်းလေးနဲ့အတူ ထောင်းသုပ် သုပ်တဲ့သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ဒီနေ့တော့ သခွားခြစ်အစား သစ်သီး အခွံခွာတဲ့ ဓါးလေးနဲ့ ခြစ်လိုက်ရင် အရမ်းကို အဆင်ပြေပါတယ် သခွားသီးက ပါးပါးလှပ်လှပ်လေး ရတာမို့လို့ စားလို့လဲ တော်တော်လေးကို အဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ငရုတ်သီးစိမ်း - ၅တောင့် (အစပ်ကြိုက်ပါက ပိုထည့်ပါ)
  4. ပင်စိမ်းရွက် - အနည်းငယ်
  5. ပုဇွန်လှော် - ၃ကောင်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. သံပုရာသီး - တစ်စိတ်
  9. ငါးငပိရည်ကျိုပြီးသား - ထမင်းစားဇွန် တစ်ဇွန်းခွဲ
  10. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • သခွားသီးကို အလုံးလိုက် ရေဆေးပြီး အခွံခွာဓါးဖြင့် ခြစ်ချပေးပါ
  • ပုဇွန်ကို ရေအနည်းငယ် ဆားအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ပေးကာ အခွံခွာထားပါ
  • ငါးငပိရည်ကို ကျိုထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေစင်အောင် ဆေးပေးပြီး မွှေးနေအောင် လှော်ထားပါ
  • ပင်စိမ်းရွက်ကို ရေစင်အောင် ဆေးထားပါ
  • ကြက်သွန်ဖြူကို ဆီချက်ကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြင်ဆင်ပြီးပါက ခပ်ကြီးကြီး ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်းနှင့် ပုဇွန်ကို အရင်ဆုံး ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ သခွားသီး ကြက်သွန်နီ ငါးပိရည်ကျို ဆား အရသာမှုန့်နှင့် သံပုရာညှစ်ကာ ခပ်ဖွဖွလေး ၅ချက်လောက် ထောင်းပြီး ဇွန်းနှင့် အရသာ သမအောင် မွှေပေးပါ
  • အရသာ မွှေပေးပြီးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် ပြင်ပေးကာ လိုသလို ပြင်ပေးပြီး ပင်စိမ်းရွက်ထည့်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။

သခွားသီးကိုရေစင်အောင်ဆေပြီး 
အခွံခွာသည့်ဓါးဖြင့် ခပ်ပါးပါးလှီးချပေးပါ

အခွံခွာဓါးနှင့် ခြစ်ထားသော သခွားသီး

လိုအပ်သော ပစ္စည်းများ ပြင်ထားပေးပါ

အားလုံးကို အရသာဝင်အောင်
ခပ်ဖွဖွလေး ထောင်းပေးပြီး သုံးဆောင်နိုင်ပါပြီ။

ငရုတ်ရွက်သုပ် မွှေးမွှေးလေး







ဒီနေ့တော့ မာမာတို့တွေ အိမ်မှာစိုက်ထားတဲ့ ငရုတ်ပင်ကနေ အရွက်တွေခူးပြီး သုပ်စားဖြစ်ပါတယ် ကြံကြံဖန်ဖန် စားတယ်လို့တော့ မထင်လိုက်ပါနဲ့ ငရုတ်ရွက်က ငရုတ်သီးလို ပူခြင်းစပ်ခြင်း လုံးဝမရှိဘဲ လက်ဖက်အသားတောင် ထိုင်ငိုသွားနိုင်တဲ့ အရွက်တစ်မျိုးပါ။

နူးညံ့ပြီး စားလို့လဲ အရမ်းကောင်းပါတယ် မာမာကတော့ ထမင်းနဲ့မစားဘဲ ရေနွေးကြမ်းလေးနဲ့ အမြည်းလုပ်လိုက်ပါတယ် အိမ်မှာငရုတ်ပင်လေးလဲရှိနေမယ် အရွက်တွေလဲ လှိုင်နေမယ်ဆိုရင်တော့ အရွက်အနုရော ခပ်ထွေထွေ အရွက်လေးတွေပါခူးပြီး နှစ်ရည်လောက်ပြုပ်ပြီး သုပ်စားကြည့်စေချင်ပါတယ်။

ငရုတ်ရွက်တွေက အရွက်ခူးလေလေ အသီးကထွက်အားက ကောင်းလေလေမို့လို့ မာမာကတော့ မကြာမကြာခူးပြီး သုပ်စားဖြစ်ပါတယ်။

မာမာကတော့ ရေနွေးဆူဆူထဲ အရွက်တွေထည့်ကာ မိုက်ခရိုဝေ့ထဲထည့်ပြီး နှစ်မိနစ် အရင်ပြုပ်လိုက်ပြီး ပထမတစ်ရည်ကိုသွန်ကာ နောက်ထပ်ရေနွေးထပ်ထည့်ကာ နှစ်မိနစ် ထပ်ပြုပ်ပြီး ဒုတိယတစ်ရည် ထပ်သွန်ပြီး ရေအေးအေးနဲ့ဆေး ရေညှစ်ပြီး သုပ်ဖို့ပြင်ထားပါတယ်။

မိုက်ခရိုဝေ့မီးဖို အဆင်မပြေသူတွေ အတွက်တော့ ရိုးရိုးမီးဖိုမှာ နှစ်မိနစ်စီ နှစ်ခါပြုပ်ပြီး အပေါ်မှာ ပြောသလိုလုပ်ပေးကာ သုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရွက်များ ခြွေထားသော ငရုတ်ရွက် - အနေတော် ဇကာတစ်လုံး
  2. မြေပဲလှော် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး နှစ်မိနစ်ပြုပ်ကာ ရေသွန်ပြီး နောက်ထပ်နှစ်မိနစ် ထပ်ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • မြေပဲလှော်များကို အခွံခွာပြီး သန့်စင်ကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုပ် ကြက်သွန်နီ မြေပဲ ပုဇွန်ခြောက် ပဲအကျက်မှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Monday, 27 April 2015

ငါးအသားလွှာ ငါးငပိချက်စပ်စပ်လေး






ဒီဟင်းလေးချက်ပြီးစားတိုင်း မာမာ့အမေကို မာမာအရမ်း သတိရမိပါတယ် အမေသိပ်ကြိုက်ပြီး သက်ရှိထင်ရှားရှိနေတုန်းက မကြာမကြာ ချက်စားတတ်တဲ့ ဟင်းလေးပါ။

မာမာ့အမေကတော့ ငါးရံ့ ငါးခူ ငါးကြင်း ငါးမြစ်ချင်းတို့နဲ့ ချက်စားတတ်ပါတယ် မာမာကတော့ အရိုးများလွန်းတဲ့ ငါးသလောက်ကို ရသလောက် အသားလွှာပြီး ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. လက်နှစ်လုံးလောက်အရွယ် တုံးထားသော ငါးအသားလွှာ - ၁၅တုံး
  2. ငါးငပိရည်ကျို လက်ဖက်ရည် အကြမ်းပန်းကန် - တစ်လုံး
  3. ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်ုး
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. ပါးပါးလှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  7. လေးစိတ် စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. နုတ်နုတ်စဉ်းထားငော ကြက်သွန်ဖြူ - ၃မွှာ
  9. ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ဆီကိုပူအောင်တည်ပြီး နနွင်းမှုန့်ထည့်ကာနုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ပါးပါးလှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းတာနဲ့ငရုတ်သီးမှုန့်ကို မွှေးလာအောင် ကြော်လိုက်ပါ
  • ငရုတ်သီးမွှေးလာတာနဲ့ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်ချက်ပေးပါ
  • ခရမ်းချဉ်သီးကျေသွားနဲ့ငါးကိုထည့်မွှေကာ ငါးအသားမာလာအောင် အိုးကိုမကြာ မကြာလှုပ်ပေးပြီး ၃မိနစ်လောက် ချက်ပေးပါ
  • ငါးအသားမာလာမှ ငံပြာရည် ငါးငပိရည် အရသာမှုန့် နှင့်ရေ လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးလောက်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • ရေဆူလာပြီး ရေကျန်ဆီပြန်လေး ဖြစ်လာချိန်မှာ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကို ထည့်မွှေပြီး ၂မိနစ်လောက် ပွက်ပွက်အောင်ဆူထားပြီး အရသာမြည်းကာ စားသုံးနိုင်ပါပြီ။

Sunday, 26 April 2015

အသားမပါတဲ့ ငပိရည်ဖျော်မွှေးမွှေးလေး






အသားမပါဘဲ ဖျော်နိုင်တဲ့ ငပိရည်ဖျော်နည်းလေးပါ ငပိရည်ဖျော်နည်းတွေ အများကြီးထဲက ဒီတခုကတော့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးတို့နဲ့ဘဲ ထောင်းပြီးဖျော်ပေမဲ့ အသားပါတာတွေလိုဘဲ အရမ်းကိုချိုပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျိုပြီးသား ငါးငပိရည် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး
  2. ကြက်သွန်နီ - အနေတော် ၂လုံး
  3. ကြက်သွန်ဖြူ - ကြီးကြီး ၅မွှာ
  4. ငရုတ်သီးစိမ်း - ၇တောင့် အစပ်ကြိုက်ပါက ပိုထည့်ပါ
  5. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ကျိုပြီးသား ငါးငပိရည်ကို ပန်းကန်ထဲ ထည့်ထားပေးပါ
  • ကြက်သွန်နီကို မီးသွေးမီးနဲ့ အခွံများကျွမ်းအောင် ဖုတ်ပေးပါ
  • မီးသွေးမီးဖိုမရှိက မိုက်ခရိုဝေ့မီးဖိုထဲ ၃မိနစ်လောက်ထည့်ပြီး ဖုတ်ပေးပါ
  • မီးဖုတ်ပြီးသား ကြက်သွန်နီကို အခွံခွာထားပါ
  • ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကို မီးအနေတော်နှင့် လှော်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ငရုတ်ဆုံမှာ ငရုတ်သီးကိုအရင်ဆုံး ညက်အောင်ထောင်းပါ
  • ပြီးမှ ကြက်သွန်အဖြူနဲ့ အနီကိုရောထောင်းပါ
  • အားလုံးထောင်းပြီးပါက ငပိရည်ထဲ ခပ်ထည့်ပေးပါ
  • ငပိရည်ထဲ ငရုတ်သီးအလှော်မှုန့်အရသာမှုန့်တို့ပါရောပြီးမွှေပေးပြီးပါက ငပိရည်ဖျော် မွှေးမွှေးလေးရပါပြီ။

ကျောက်စိမ်းဟင်းခါး ( ဒန့်ဒလွန်ရွက်ဟင်းခါး )


ခြံထွက် ဒန့်ဒလွန်ရွက်ဟင်းခါးလေး ချက်ဖြစ်ပါတယ် ပန်းအိုးထဲမှာ စိုက်ထားတဲ့ အပင်လေး တတောင်သာသာ လောက်ကနေ မုန်တိုင်းဝင်အပြီး ၂လကျော်၃လအတွင်းမှာ ၁၆ပေကျော်အထိ တက်လာခဲ့ပြီး အရွက်တွေ ဝေဆာနေတာနဲ့ အကိုင်းခြွေခူးပြီး မာမာတယောက် ဟင်းခါးလေး ချက်လိုက်ပါတယ်။

ဒန့်ဒလွန်ရွက်ဟင်းခါးက ချက်တတ်ရင်တော့ အရွက်စိမ်းစိမ်းလေးနဲ့ အရမ်းသောက်လို့ ကောင်းပါတယ် မချက်တတ်ရင်တော့ အရွက်တွေဝါသွားပြီး အနံ့ထွက်လာတတ်တာမို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ် စိမ်းစိမ်းလေးမို့ ကျောက်စိမ်းဟင်းခါးလို့ နံမည်လေး ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • လတ်ဆတ်နေသော ဒန့်ဒလွန်ရွက် - အခက်ကြီးကြီး ၁၂ခက်ခန့်
  • ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  • ရေ - တရုတ်ဟင်းရေသောက် ပန်းကန်လုံး တလုံးခွဲသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • မညက်တညက် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေ ၁၀မိနစ်ခန့်စိမ်ပြီး မညက်တညက် ထေားင်းထားပါ
  • အရွက်များကို အရွက်မှာ ကပ်နေသော ဖုန်များ ပိုးကောင်လေးများ ထွက်သွားစေရန် မချက်ခင် ရေ၁၅မိနစ်လောက် ကြိုပြီးစိမ်ထားပါ
  • ပြီးမှ ဇလုံကျယ်ကျယ်ထဲမှာ လှုပ်ခါဆေးပေးပြီး အရိုးတံများဖယ်ကာ အရွက်များ ချွေပေးပါ
  • ထောင်းထားသော ပုဇွန်ခြောက်မှုန့်ထည့်ပြီး  ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီးချိန် ၃မိနစ်လောက်ကြာပါက ဆားနှင့်အရသာမှုန့်ထည့်ပြီး ဒန့်ဒလွန်ရွက်ကို ထည့်ပေးပါ
  • အရွက်ထည့်ပြီးတာနဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ဆက်တိုက်ထည့်ပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့မီးပိတ်ပြီး အရသာမြည်းကာ အိုးကို မီးဖိုပေါ်မှာ မထားဘဲ နေရာရွှေ့ပေးပါ
  • အရွက်အရောင် မပြောင်းစေရန် ဟင်းရည်အနံ့မပြောင်းစေရန် ဟင်းရည်အိုးကို အပေါက်များများပါသော ဇကာ ခပ်စိတ်စိတ်နဲ့ အုပ်ထားပေးပါ
  • အိုးအဖုံး အလုံဖုံးလိုက်ပါက အရောင်နဲ့အနံ့ပြောင်းသွားနိုင်ပါတယ်။
ခြံထွက် လတ်လတ်ဆတ်ဆတ် ကျောက်စိမ်းဟင်းခါးချက်ကာ ပို့ခဲ့ပြီနော် အိုင်အိုရာ 





Thursday, 23 April 2015

ပြောင်းဖူးကြော် ကြွတ်ကြွတ်လေး






သမီးငယ်အတွက် ဒီနေ့ကြော်ပေးဖြစ်တဲ့ ပြောင်းဖူးကြော်လေးပါ အသားမစားတော့ ဟင်းစဉ်းစားရတာ နည်းနည်းတော့ ခက်သလိုပါဘဲ ဒါပေမဲ့ သူ့အတွက် သတ်သတ်လွတ်ဟင်းလေး တမယ်ရအောင်ရအောင် ဖန်တီးပေးရတော့ ပီတိတော့ဖြစ်မိပါတယ် ကြော်ရတာလွယ်တဲ့ ပြောင်းဖူးကြော်လေးပါ ။

ပါဝင်ပစ္စည်းများ

  1. အစေ့ခြွေထားသော ပြောင်းဖူးစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် နှစ်ဗူး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲသာသာ
  4. ဆီ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးခွဲ

ကြော်ရန်ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ကျဲကျဲရအောင် ဖျော်ပေးပါ
  • ဖျော်ပြီးပါက ပြောင်းဖူးစေ့ကို ရောမွှေပေးပါ
  • ဆီကိုအပူပေးကာ ဆီပူလာပါက မီးကိုအလယ်အလတ်လောက် လျှော့ပေးပါ
  • စပ်ထားသော ပြောင်ဖူးတန်ပူရာမှုန့်ကို အနေတော် ယောက်ချိုဇွန်းမှုတ်နှင့်ခပ်ပြီး ဆီပူအိုးထဲလောင်းချပေးပြီး ကြော်ပေးပါ
  • တဖက်ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကိုလှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါသန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပါက နှစ်သက်ရာ အချဉ်နှင့်စားသုံးနိုင်ပါပြီ
တန်ပူရာမှုန့်ကို မွှေးအကြော်မှုန့် ရွှေလိပ်ပြာအကြော်မှုန့်တို့နဲ့လဲ ကြော်နိုင်ပါတယ်
မာမာ အကြော်ကြော်ရာမှာ အိမ်ရှင်မတွေ အလွယ်တကူရနိုင်တဲ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူးလေးနဲ့ဘဲ ချင်တွယ်ထားပါတယ်။

မုန့်ဟင်းခါးချက်ရန် ငါးဆီသတ်နည်း











ဒီနေ့တော့ စပါးလင်လေးတွေ အပင်မှာ များနေတာနဲ့ အိုးကြပ်ရင် အပင်လေးတွေ ထပ်ပွားဖို့ အရမ်းခက်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ခူးသင့်သလောက်တွေခူးပြီး ကြိတ်စက်နဲ့ကြိတ်ရင်း သိမ်းသင့်တာတွေ သိမ်းရပြန်ပါတယ်။

လိုချင်ရင် အလွယ်တကူရအောင် ခဲပြီးသိမ်းသင့်တာ သိမ်းပြီးပြန်တော့ မုန့်ဟင်းခါးချက်ဖို့ ပြင်သင့်တာ ပြင်နဲ့ အလုပ်များခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ငါးဆီသတ်ထားတဲ့ ဆီသတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဒီတခါတော့ မုန့်ဟင်းခါး ချက်စားချင်စိတ် ပေါ်လာခဲ့ရင် အဆင်သင့် ချက်စားလို့ ရလေအောင် မုန့်ဟင်းခါးချက်ဖို့ ဘာဆာငါးနဲ့ ငါးပြုပ်ပြီး ငါးဆီသတ်ဖြစ်လို့ မာမာပြင်ဆင်ထားတဲ့ ငါးဆီသတ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ငါးပြုပ်ရန်ပါဝင်ပစ္စည်းများ

ငါးပြုပ်ရန် ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - တကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်သီးအခြောက်တောင့် - ၇တောင့်
  6. စပါးလင် - ၃ပင်
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  1. ဘာဆာငါးကိုရေစင်အောင် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမှာ ထဲ့ထားပေးပါ
  2. စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  3. ငါးထဲ့ထားသော အိုးထဲမှာ ငါးနှင့်အတူ ငရုတ်သီးတောင့် ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  4. ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  5. ငါးကို အအေးခံထားကာ အေးလာပါက ပြုပ်ထားသောငါးကို အသားမွှ  ထားပေးပါ
  6. ငရုတ်သီးတောင့် ငါးပြုပ်ရည်နှင့် စပါးလင်တို့ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ။
ငါးဆီသတ်ရန် ပြင်ဆင်ပုံ
ပါဝင်ပစ္စည်းများ (ငရုတ်သီးထောင်းရန်အတွက်)
  1. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ချင်း - 100 g
  3. ကြက်သွန်နီ - 400 g
  4. ကြက်သွန်ဖြူ - 150 g
  5. စပါးလင် အပင်င်္ကြီးကြီး - ၁၅ပင်
ငရုတ်သီးထောင်းဖို့ပြင်ဆင်ရန်

  1. စပါးလင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးပေးကာ မညက်တညက် ထောင်းထားပါ
  2. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူများကို အခွံခွာကာ ရေဆေးထားပါ
  4. ကြက်သွန်နီ 200 g ကို အခွံပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ (ဆီသတ်ဖို့ သတ်သတ်ဖယ်ထားပါ)
  5. ကြက်သွန်နီ 200 g ကိုအခွံခွာထားပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  6. ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  7. အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဘလင်ဒါထဲထည့်ပြီး တစ်မိနစ်ကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ
  8. ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲထဲ့ပြီး ညက်နေအောင် ထောင်းပေးထားပါ။

ငါးဆီသတ်နည်း

  1. ဒယ်အိုးထဲမှာ ဆီနှစ်ဆယ်သား နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီး အပူပေးပါ
  2. ဆီပူလာတာနဲ့ ကြိတ်ထားသော ငရုတ်သီးအစာများကို မွှေးလာအောင် ဆီသတ်ပေးပါ
  3. ငရုတ်သီး ဆီသတ်နံ့  မွှေးလာတဲ့အထိ ဆီသတ်ပေးပါ 
  4. ဆီသတ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  5. ဆီသတ်ချိန် ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်ပြီးသား အသားများ ငါးပြုပ်ရည် အနည်းငယ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၅ဇွန်း အချိုမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲတို့ကို ထဲ့မွှေပေးပါ
  6. ငါးအသားများ မွလာတာနဲ့ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံပေးထားပါ
    ငါးပြုပ်အရည်ငင်ရန်

    1. ငါးပြုပ်ရည်ထဲမှ စပါးလင်နှင့် ငရုတ်သီးတောင့်များကို ဗလင်ဒါထဲထဲ့ပြီး ညက်နေအောင် ရောပြီကြိတ်ပေးပါ 
    2. ဗလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ
    3. အားလုံးညက်အောင် ကြိတ်ပြီးပါက ငါးပြုပ်ရည် လက်ကျန်နှင့် ရေအနည်းငယ်ရောကာ ထောင်းတာတာတွေကိုထည့်ပြီး အရည်ငင်ပေးပါ
    4. အရည်ငင်တဲ့အခါမှာ စပါးလင်နှင့် ငရုတ်သီးဖတ်များ မပါရအောင် ဇကာစိတ်စိတ်လေး ခံပေးကာ အရည်စစ်ပေးပါ
    5. အရည်ငင်ပြီးတာနဲ့ အရည်စစ်ပြီးသား စပါးလင်ဖတ်များနှင့် ငါးအရိုးများကို လွှင့်ပြစ်လိုက်ပါ
    6. ပြီးတာနဲ့ အရည်စစ်ပြီးသား ငါးပြုပ်ရည်များကို နောက်တစ်ခါ ဇကာစိတ်စိတ်လေးနှင့် အိုးတစ်လုံးခံကာ အရည်စစ်ပေးပါ
    7. အရည်စစ်ပြီးသော အရည်များကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး အအေးခံထားပေးပါ
    8. ကျိုထားသော ငါးပြုပ်ရည်များ အေးသွားပါက လေလုံသော ဗူးလေးများနှင့် ထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာထဲ့ပြီး သိမ်းထားပါ
    9. မုန့်ဟင်းရည် ချက်မည်ဆိုပါက မချက်ခင် နှစ်နာရီလောက် ကျိုထုတ်ထားပြီး အရည်ဖျော်ပြီးမှ မိမိလိုသလောက် ထုတ်ယူကာ ချက်ယူနိုင်ပါတယ်။
    ငါးဆီသတ်နှင့် ငါးပြုပ်ရည်သိမ်းရန်
    1. ငါးပြုပ် အရည်ငင်ထားကာ ပြုပ်ပြီးအအေးခံထားသော ငါးပြုပ်ရည်ကို လေလုံအိတ်ထဲထည့်ကာ သေသေချာချာ လုံအောင် ပိတ်ထားပါ
    2. ငါးဆီသတ်ပြိး အအေးခံထားတာ အေးသွားပါက လေလုံသော အိတ်လေးများနှင့် ထည့်ပြီး လေလုံအောင် ထုတ်ပေးပါ
    3. အားလုံး ထုတ်ပေးပြီးတာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ခဲထားကာ မုန့်ဟင်းခါး ချက်ခါနီးမှ မိမိလိုသလောက်ကို ထုတ်ပြီး ယူသုံးနိုင်ပါပြီ။