Sunday 26 April 2015

ဒန့်ဒလွန်ရွက် ဟင်းခါး


ခြံထွက် ဒန့်ဒလွန်ရွက်ဟင်းခါးလေး ချက်ဖြစ်ပါတယ် ပန်းအိုးထဲမှာ စိုက်ထားတဲ့ အပင်လေး တတောင်သာသာ လောက်ကနေ မုန်တိုင်းဝင်အပြီး ၂လကျော်၃လအတွင်းမှာ ၁၆ပေကျော်အထိ တက်လာခဲ့ပြီး အရွက်တွေ ဝေဆာနေတာနဲ့ အကိုင်းခြွေခူးပြီး မာမာတယောက် ဟင်းခါးလေး ချက်လိုက်ပါတယ်။

ဒန့်ဒလွန်ရွက်ဟင်းခါးက ချက်တတ်ရင်တော့ အရွက်စိမ်းစိမ်းလေးနဲ့ အရမ်းသောက်လို့ ကောင်းပါတယ် မချက်တတ်ရင်တော့ အရွက်တွေဝါသွားပြီး အနံ့ထွက်လာတတ်တာမို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးချင်ပါတယ် စိမ်းစိမ်းလေးမို့ ကျောက်စိမ်းဟင်းခါးလို့ နံမည်လေး ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • လတ်ဆတ်နေသော ဒန့်ဒလွန်ရွက် - အခက်ကြီးကြီး ၁၂ခက်ခန့်
  • ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  • ရေ - တရုတ်ဟင်းရေသောက် ပန်းကန်လုံး တလုံးခွဲသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • မညက်တညက် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေ ၁၀မိနစ်ခန့်စိမ်ပြီး မညက်တညက် ထေားင်းထားပါ
  • အရွက်များကို အရွက်မှာ ကပ်နေသော ဖုန်များ ပိုးကောင်လေးများ ထွက်သွားစေရန် မချက်ခင် ရေ၁၅မိနစ်လောက် ကြိုပြီးစိမ်ထားပါ
  • ပြီးမှ ဇလုံကျယ်ကျယ်ထဲမှာ လှုပ်ခါဆေးပေးပြီး အရိုးတံများဖယ်ကာ အရွက်များ ချွေပေးပါ
  • ထောင်းထားသော ပုဇွန်ခြောက်မှုန့်ထည့်ပြီး  ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီးချိန် ၃မိနစ်လောက်ကြာပါက ဆားနှင့်အရသာမှုန့်ထည့်ပြီး ဒန့်ဒလွန်ရွက်ကို ထည့်ပေးပါ
  • အရွက်ထည့်ပြီးတာနဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းမှုန့်တို့ ဆက်တိုက်ထည့်ပြီး ၃မိနစ်လောက် ပွက်ပွက်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့မီးပိတ်ပြီး အရသာမြည်းကာ အိုးကို မီးဖိုပေါ်မှာ မထားဘဲ နေရာရွှေ့ပေးပါ
  • အရွက်အရောင် မပြောင်းစေရန် ဟင်းရည်အနံ့မပြောင်းစေရန် ဟင်းရည်အိုးကို အပေါက်များများပါသော ဇကာ ခပ်စိတ်စိတ်နဲ့ အုပ်ထားပေးပါ
  • အိုးအဖုံး အလုံဖုံးလိုက်ပါက အရောင်နဲ့အနံ့ပြောင်းသွားနိုင်ပါတယ်။
ခြံထွက် လတ်လတ်ဆတ်ဆတ် ကျောက်စိမ်းဟင်းခါးချက်ကာ ပို့ခဲ့ပြီနော် အိုင်အိုရာ 





3 comments:

  1. ကျောက်စိမ်းဟင်းခါးလတ်လတ်ဆတ်ဆတ်လေးတကယ်သောက်ရရင်ကောင်းမှာဘဲမမာရယ်။
    မမာရဲ့ အပင်လေးတွေကိုသိပ်ချစ်တာ။
    အိုင်အိုရာမနှစ်ကဗီယက်နမ်လယ်သမားဈေးကနေ
    ဒန့် သလွန်ပင် ၁၂ လား ၁၅ ဒေါ်လာနဲ့ လားမသိဘူးဝယ်လာခဲ့တာ။
    ရောက်ရောက်ချင်းက ထိုးတက်သွားပြီး
    ၂ရက်လောက်
    နှင်းတွေမိသွားကတည်းက ရိုးတံပဲကျန်တော့တယ်။
    မပစ်သေးဘူး ပြန်ထွက်လာမလားမျှော်လင့်ချက်နဲ့ လေ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အပင်စိုက်တာ ၀ါသနာတူတော့ နီးနီးလေး နေချင်မိတယ် အပင် စိုက်လိုက် အပင်လေးတွေ ကြည့်ပြီး ပီတိဖြစ်လိုက်ပေါ့နော်
      အခုဒီမှာလဲ ဆောင်းဝင်လာပြီ အပင်တွေ ဂရုစ်ုက်ရတော့မယ်

      Delete
  2. တစ်နေ့ ကထိုင်းကလာတဲ့ မယ်ဇလီရွက်ကို သုပ်စားဖြစ်တော့တောင်မမာကိုသတိရနေတာ။
    မမာတို့ စီမှာ မယ်ဇလီပင်တွေပေါတဲ့အကြောင်း ချစ်ချစ်ကိုပြောပြပြီး
    မြန်မာပြည်မှာတုန်းက မတမ်းတမိတာတွေဒီမှာတမ်းတလိုချင်နေမိတဲ့အဖြစ်ကိုပြောပြနေတာ။
    အိမ်ချင်းနီးရင်းမမာခြံထဲကိုခဏခဏလာလည်မှာ။း)
    အိုင်အိုရာ

    ReplyDelete