ဒီနေ့တော့ မြင်းခွာရွက်လေးတွေခူးကာချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် မာမာ့အိမ်မှာ စိုက်ထားတာမို့လို့ လတ်လတ်ဆတ်ဆတ်လေး ခူးပြီးသုပ်စားဖြစ်လိုက်ပေမဲ့ မြင်းခွာရွက်ဆို အစိမ်းတို့စားရတာ ကြိုက်သလို ဟင်းခါးချက်သောက်လဲ ကြိုက်ပါတယ် တန်ပူရာမှုန့်ကြော်ရင်လဲ စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မြင်းခွာရွက် - လက်နှစ်ဆုတ်စာ
- ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- မြေပဲလှော် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သံပုရာသီး - တစ်ခြမ်း
- ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်းနှစ်ဇွန်း
ပြင်ဆင်ပုံ
- မြင်းခွာရွက်များကို ခူးပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- မြေပဲလှော်ကို အခွံခွာပြီး သန့်စင်ပေးကာ မညက်တစ်ညက် ထောင်းထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဇောက်နက်သော ဇလုံတစ်ထဲမှာ လိုအပ်သောပစ္စည်း အားလုံးကို ထည့်ပေးပါ
- သံပုရာရည်ကို အသုပ်သုပ်မည့် ပစ္စည်းများထဲသို့ ညှစ်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
- အားလုံးသမအောင် နယ်ပြီးတာနဲ့အရသာမြည်းပြီး နှစ်သက်သလို ပြင်ပေးကာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment