Saturday 27 February 2021

ကြက်သားအချိုကြော်


တိုင်းရေးပြည်ရာတွေ မသာယာ စိတ်တွေထဲလဲဲ မပျော်မွေ့လေတော့ ချက်ချင်ပြုပ်ချင်စိတ်တွေလဲ ကုန်ခမ်းနေတယ်လို့ ဆိုရမှာပါဘဲ ဒါပေမဲ့လဲ ကျန်းမာရေးအတွက် ချက်ရပြန်တာပါဘဲ။

​ကြက်ရင်ပုံသားလေးတွေ ဝယ်ထားပြီး ဘာလုပ်စားရင် ကောင်းမလဲ တွေးနေရင်းက ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ မြိန်စေမဲ့ ကြက်သားအချိုကြော်လေး ကြော်ဖြစ်သွားပါတယ်။

ကြက်သားကို ကော်မှုန့်နဲ့ အရသာ နှပ်ပြီးမှ ကြော်ထားတဲ့အတွက် မာကြွတ်ကြွတ်လေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
  12. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်

ကြက်သားအရသာနယ်ရန်
  • ပဲငံပြာရည်အကြည်
  • နနွင်းမှုန့် 
  • အရသာမှုန့် 
  • ပြောင်းကော်မှုန့် 
  • ပဲငံပြာရည် အပျစ် 
  • ဆား
  • နှမ်းဆီနှင့် ရေတို့ကို ဇလုံတစ်လုံးထဲမှာ ထည့်ဖျော်ထားပြီး ကြက်သားနှင့် ရောနယ်ထားပါ
ပြင်ဆင်ပုံ
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေလှီးကာ ရေစစ်ထားပါ
  • ပြီးတာနဲ့ အရသာ စပ်ထားသော အရည်နှင့် နယ်ပေးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို အရည်များ ချန်ထားပြီး ထဲ့ကြော်ပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ချန်ထားသော အရသာအရည်များ ထည့်ပေးကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • အိုးထဲမွာ ရေခမ်းသွားပြီး ဆီပြန်ထွက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  • အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ အရသာ မြည်းပေးပါ 
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ကြက်သားအချိုကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 17 February 2021

ပဲရေပွကြော်





 ဒီနေ့တော့ covid ကာလအချိန်တုန်းက ပဲမျိုးစုံ အထုတ်တွေ ဝယ်ထားပြီး မချက်ဖြစ်သေးတဲ့ အထဲက Borlotti Beans ပဲလေးကို ပဲရေပွလေး လုပ်ပါတယ် ဒီပဲရည်ပဲပွလေးကတော့ နေ့လည်နေ့ခင်း အပျင်းပြေ စားလို့ရသလို  ထမင်းပူပူလေးနဲ့ စားရင်လဲ အရမ်းကို စားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ ကြည့်ရင်တော့ လွယ်လွယ်လေးပါဘဲ တစ်ကယ်တမ်း လုပ်ကြည့်တော့မှ ချိန်ရဆရတာ အနည်းငယ်လေး ခက်ခဲတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ပဲရေပွ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ရေ - လိုသလောက်သုံးပေးပါ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာခန့်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ပြင်ဆင်ပုံ
  • ပဲကို ရေတစ်ထပ်ဆေးပြီး နာရီဝက်လောက် ရေစိမ်ပေးပါ
  • ရေစိမ်ပြီးတာနဲ့ အိုးအသားထူသော ဒယ်အိုးထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ မီးအနေတော်နဲ့ အပူပေးပြီး လှော်ပေးပါ
  • လှော်နေစဉ်အကျက်ညီအောင် မွှေမွှေပေးပါ
  • ပဲသားလေးတွေ ပြောင်းတင်းလာပြီ ဆိုရင်တော့ ပြုပ်မည့်အိုးထဲကို ပြောင်းထည့်ပေးပါ
  • ပဲမြုပ်ရုံလောက် ရေထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်တဲ့နေရာမှာ ပဲများ ပျော့အိသွားတဲ့ထိ ပြုပ်စရာ မလိုပါ
  • ရေမခမ်းခင် ပဲသားလေးတွေကို ဖိကြည့်လို့ ခပ်အိအိလေး ဖြစ်သွားပြီ ဆိုရင်တော့ ပဲများကို ဆယ်ပြီးရေစစ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ပဲရေပွ ကြော်ရန်အတွက် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပဲများရေစစ်သွားတာနဲ့ အိုးအသားထူသော ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ရွှေဝါရောင် သန်းတယ်ဆိုရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲများကို ထည့်ပေးပြီး မီးကို အနည်းငယ် လျှော့ပေးကာ အဖုံးခန အုပ်ထားပေးပါ
  • အိုးကပ်ပြီး ပဲများမတူးစေရန် မွှေမွှေပေးပြီး ပဲကြော်အိုးထဲသို့ ဆားနှင့် အရသာမှုန့်တို့ ထည့်ပေးပါ
  • မီးအေးအေးနဲ့ ကြော်ပေးရင်း ပဲများကြွတ်ရွလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ပဲများအေးသွားပြီ ဆိုတာနဲ့ ပဲရေပွ ကြွတ်ကြွတ်ရွရွလေးကို စားသုံးနိူင်ပါပြီရှင်။

Monday 15 February 2021

စတော်ဘယ်ရီသီး ဖျော်ရည်


 

မာမာတို့နေတဲ့ မြို့လေးမှာ နွေရာသီ ရောက်လို့လာပါပြီ မနှစ်က ဒီလိုအချိန်မှာ တောမီးတွေ အကြီးအကျယ် လောင်ခဲ့ပေမဲ့ ဒီနှစ်တော့ ပူတာကလွဲပြီး ဘေးအန္တရာယ် ကင်းနေပါတယ်။

ဒီတော့ကာ ရာသီဥတု ပူလာလေလေ ရင်ထဲကို အေးစေမဲ့ အစားအသောက်လေးတွေကိုဘဲ စားချင်သောက်ချင် နေမိပါတော့တယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ရွှေရင်အေးရလေအောင် စတော်ဘယ်ရီသီး ဖျော်ရည်လေးတွေ လုပ်သောက်ဖြစ်တဲ့အတွက်  ဖျော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. စတော်ဘယ်ရီသီး - ၁၁လုံးခန့်
  2. နွားနို့ကျိုပြီးသား - ဖန်ခွက်တစ်ဝက်စာ
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း (အချိုကြိုက်ပါက ပိုထည့်ပါ)
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ရေခဲတုန်း - 1 cup
  6. ရေ - 1/2 cup
  7. ဘလင်ဒါ

ပြင်ဆင်ပုံ
  • စတော်ဘယ်ရီသီးကို ရေဆေးပြီး အညှာဖယ်ပေးကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  • နွားနို့ သကြား ရေ ဆားနှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ နွားနို့ ရေခဲတုန်း ရေ ဆား သကြားနှင့် စတော်ဘယ်ရီသီးတို့ကို ဘလင်ဒါထဲထည့်ပေးပါ
  • အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
  • ပြီးတာနဲ့ စတော်ဘယ်ရီဖျော်ရည် ချိုအေးမွှေးလေးကို မိမိနှစ်သက်သော ဖန်ခွက်ထဲထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သုံးဆောင်နိူင်ပါပြီ။
  • စတော်ဘယ်ရီသီးက အချဉ်စူးတဲ့အတွက်  မိမိက အချိုကြိုက်ပါက သကြားကို ပိုထည့်ပေးပါ။

Friday 12 February 2021

မုန့်ညှင်းစိမ်း ဟင်းချို


တစ်နေ့တစ်နေ့ ဟင်းချက်ဖို့ စဉ်းစားရတာ ခေါင်းနောက်တတ်ပါတယ် ဆီပြန်လေး တစ်မယ် ချက်ပြီးပြန်တော့ အရည်သောက်လေးပါမှ အဆင်ပြေမှာမို့လို့ ရှာကြံပြီး ချက်ပြန်တာပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အိမ်မှာအဆင်သင့် ရှိနေတဲ့ မုန့်ညှင်းစိမ်း အရွက်လေးနဲ့ ကြက်သားလုံး  ဟင်းချိုရည်လေး ချက်ဖြစ်တာမို့လို့  ဟင်းချိုတစ်မယ် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. မုန့်ညှင်းစိမ်း - တစ်ပင်
  2. ကြက်သားလုံး - ဆယ်လုံးခန့်
  3. ဆား - လိုသလောက်
  4. အရသာမှုန့် - လိုသလောက်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ကြက်ပြုပ်ရည် - 3 cups
ပြင်ဆင်ပုံ
  • မုန့်ညှင်းစိမ်းရွက်ကို အနေတော် ပိုင်းဖြတ်ပြီး ရေလေးခါလောက် ဆေးပေးကာ ရေစစ်ထားပါ 
  • ကြက်ပြုပ်ရည်နှင့် ကြက်သားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲကို ကြက်ပြုပ်ရည်နှင့်ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သားလုံး ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့်  မုန့်ညှင်းရွက်တို့ကို ထည့်ပေးပြီး အရွက်ကို ခပ်စိမ်းစိမ်း ရလာအောင် အဖုံးမအုပ်ဘဲ ဆက်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။ 

Wednesday 10 February 2021

ရှမ်းနံနံနံ့သင်းတဲ့ ဗယာကြော်











ဒီနေ့တော့ မာမာတို့ မြန်မာနိူင်ငံရဲ့ တိုင်းရေးပြည်ရာတွေကလဲ အခြေအနေ သိပ်မကောင်းလေတော့ ဟင်းချက်ဖို့ရာလဲ စိတ်မပါ သတင်းတွေ ထိုင်ကြည့်နေရင်း ကတုန်ကရင်တွေနဲ့ နေလို့တွေလဲ မကောင်းတာတော့ အမှန်ပါဘဲ။

ဒါပေမဲ့လဲ သမီးငယ်လေး သူကျောင်းတက်နေတဲ့ ဆေးရုံကို ပြန်ရတော့မယ် သူဆေးရုံပို မပြန်ခင် ဗယာကြော် စားချင်တယ်ဆိုတာနဲ့ ဗယာကြော်လေးတွေ ကြော်ကျွေးဖြစ်ပါတယ်။

ဗယာကြော်တောင်မှ သူငယ်ငယ်က စားခဲ့ဖူးတဲ့ မှော်ဘီဈေးရှေ့မှာ ကြော်ရောင်းတဲ့ ဗယာကြော်မျိုးလေးတွေ စားချင်ပါတယ်တဲ့ ဒီတော့လဲ ဒီမေမေက အိမ်မှာ မာမာစိုက်ထားတဲ့ ရှမ်းနံနံ အရွက်လေးတွေလဲ နုနေပြီဆိုတော့ ရှမ်းနံနံ အရွက်လေးတွေခူးပြီး ဗယာကြော် မွှေးမွှေးလေး ကြော်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဗယာကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါဝင်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်နီ - 200 gm
  3. ရှမ်းနံနံ - ဆယ့်ငါးရွက်ခန့် (ကြိုက်လျှင်ပိုထည့်ပါ)
  4. ကုလားပဲ အကျက်မှုန့် - ထမင်းစားဇွန်း လေးဇွန်း
  5. ရေ - 120 ml
  6. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရ ည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရညိဇွန်း သုံးပုံတစ်ပုံ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းများကို ရေစင်အောင်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ အနည်းဆုံး ၆နာရီလောက် စိမ်ထားပါ
  • ရေစိမ်ချိန် ပြည့်တာနဲ့ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ကြိတ်စက်ထဲမှာထည့်ပြီး တစ်ခါကြိတ်လိုက် တစ်ခါနားလိုက် ကြိတ်ပေးပါ
  • ပဲများအားလုံးညက်ပြီး အစေ့ဖတ်လေးများ မကျန်တော့ဘဲ ချောမွေ့နေတဲ့အထိ ကြိတ်ပေးပါ
  • မာမာကတော့ မိနစ်ဝက်လောက် တစ်ခါကြိတ်လိုက် တစ်ခါနားလိုက်ကို ၁၈ခါလောက် ကြိတ်ပေးပါတယ်
  • ပဲအကျက်မှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ် ဖျော်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ကြိတ်ထားသော ပဲအနှစ်များ ရှမ်းနံနံ ကြက်သွန်နီ ဆိုဒါ အရသာမှုန့် နနွင်းမှုန့်နှင့် ဆားတို့ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာဝင်အောင် နယ်ပြီးတာနဲ့ နာရီဝက်လောက် နှပ်ထားပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဗယာကြော်ကြော်ဖို့ ပဲကို အနည်းငယ်ယူကာ လက်နှင့် လေးငါးချက်လောက် ဆုတ်ပေးပါ
  • ပြီးတော့မှ မီးကိုအနေတော် လျှော့ပေးပြီး ဆီအိုးထဲကို အလုံးလိုက်လေးတွေ ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေ န် မကြာမကြာ အထက်အောက် လှန်လှန်ပေးပါ
  • ဗယာကြော် အလုံးလေးတွေ အပြင်ဖက်မှာ ကြွတ်ပြီး မွှေးလာပြီ ဆိုတာနဲ့ ဆယ်ပြီး ဆီစစ်ထားပေးပါ
  • ဆီစစ်သွားတာနဲ့ ကြွတ်ပြီးရှမ်းနံနံ အနံ့လေး မွှေးနေတဲ့ ဗယာကြော် အလုံးလေးတွေကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီရှင်။

Tuesday 9 February 2021

သာကူ မုန့်ဖက်ထုတ်

















သတင်းတွေနားထောင်ပြီး စိတ်တွေထဲလဲ ဘယောက်ဘယက်နဲ့ ဈေးသွားရမှာလဲ စိတ်မပါလေတော့ အိမ်မှာရှိတာတွေဘဲ မွှေနှောက်ရှာဖွေကာ ငါ့ဝမ်းပူဆာ မနေသာတော့ စားဖို့အတွက် ပြင်ရဆင်ရပြန်ပါတယ်။

ဒီနေ့တော့ သာကူမုန့်ဖက်ထုတ်လေးတွေ ထုတ်စားကြပါတယ် အိအိလေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ သာကူမုန့်ဖက်ထုတ် ထုတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

အခု မာမာပြင်ဆင်ထားတဲ့ အချိုးအစားက စေ့မုန့်ဖက်ထုတ် ဆယ်ထုတ်စာ ရပါတယ်။

ပါဝင်ပစ္စည်းများ
  1. သာကူစေ့ - 350 ml
  2. အုန်းယို - ဆယ်လုံး
  3. ငှက်ပျောရွက် - ဆယ်ရွက် (ပိုင်းဖြတ်ပြီးသား)
အုန်းယိုထိုးရန် ပါဝင်ပစ္စည်းများ
  1. သကြားအညို - 150 g (အချိုကြိုက်လျှင် ပိုထည့်ပါ )
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ခြစ်ပြီးသား အုန်းသီးဖတ် - 250 ml
အုန်းယိုထိုးရန် ပြင်ဆင်ပုံ
  • အိုးတစ်လုံးထဲမှာ သကြားနှင့်ရေကိုထည့်ပြီး သကြားများ ပျော်သွားအောင် ကျိုပေးပါ။
  • သကြားများ အရည်ပျော်ပြီး ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး အရည်အတော်လေး ခမ်းသွားအောင် မကြာခဏ မွှေမွှေပေးပါ။
  •  သကြားအရည်များ ခမ်းစပြုလာတာနဲ့ မီးကိုလျှော့ပေးပြီး ဆက်ကျိုပေးပါ
  • အရည်ခပ်စေးစေးလေး ရလာတာနဲ့ မီးပိတ်ပြီး အအေးခံပေးပါ
  • အုန်းယိုများ အေးသွားတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ယူပြီး အလုံးလေးတွေ ဆယ်လုံးရအောင် လုံးပေးပါ
  • ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့် သိမ်းထားလို့ ရပါတယ်။
မုန့်ဖက်ထုတ် ထုတ်ရန်
  • အိုးယိုထိုးပြီးတာနဲ့ သာကူကို ရေစိုတယ်ဆိုရုံလေး စွတ်ပေးကာ ရေစစ်ထားပါ
  • ငှက်ပျောရွက်များကို ရေစင်အောင်ဆေးပြီး နေအနည်းငယ် လှန်းပေးပါ
  • ငှက်ပျောရွက်များ အနည်းငယ် ပျော့လာတာနဲ့ အနေတော် ဖက်ရွက်လေးတွေ ဖြတ်ယူပေးပါ
  • ငှက်ပျောရွက်များ ဖြတ်ပြီးတာနဲ့ အဝတ်စ သန့်သန့်ဖြင့် တစ်ထပ်သုတ်ပေးပါ
  • ပြီးတာနဲ့ သာကူများ ကျက်လာလျှင် မကပ်အောင် ငှက်ပျောရွက်ကို ဆီဖြင့် သုတ်ပေးပါ
  • ဆီသုတ်ထားသော ဖက်ရဲ့မျက်နှာစာကို အတွင်းဖက်မှာထားကာ ကန်တော့ချွန်ပုံစံ ထိုးပေးပါ
  • ပြီးတာနဲ့ ကန်တော့ချွန် အထဲကို သာကူ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ထည့်ပေးပါ
  • သာကူအထဲကို အုန်းယိုလုံးကို အနည်းငယ် ဖိထည့်ပါ
  • အုန်းယိုအပေါ်မှာ သာကူ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ထပ်ထည့်ပေးပါ
  • ပြီးတာနဲ့ အနားစကို သိမ်းပြီးခေါက်ကာ ထွက်နေသော အစပိုများကို ကပ်ကြေးဖြင့် ညှပ်ပေးပါ
  • ပြီးလျှင် အပေါ်အနားစွန်းကို ဒုတ်တံလေးနှင့် ထိုးပေးကာ ပိတ်ပေးပြီး စားပွဲပေါ်ပါမှာ မှောက်ရက်တင်ထားပါ
  • ကန်တော့ချွန်ပုံစံ မထုတ်တတ်ပါက မိမိအဆင်ပြေသလို ထုတ်ပေးပါ
  • အားလုံးထုပ်ပြီးလျှင် ပေါင်းမည့်အိုးထဲထည့်ကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး မီးရှိန်ပြင်းပြင်းနှင့် မိနစ် ၄၀ ခန့် ပေါင်းပေးပါ
  • မိမိအသုံးပြုသည့် သာကူအမျိုးအစားပေါ် မူတည်ပြီး ပေါင်းသည့်အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
  • ပေါင်းချိန် ပြည့်သွားတာနဲ့ မီးဖိုကို မီးပိတ်ပေးကာ လက်ကျန်အပူရှိန်နဲ့ အိုးထဲမွာ ၁၅ မိနစ်ခန့် နှပ်ထားပေးပါ
  • ပြီးတာနဲ့ သာကူမုန့်ဖက်ထုတ် ပူပူနွေးနွေးလေးကို သုံးဆောင်နိူင်ပါပြီ 
  • သာကူမုန့်ဖက်ထုတ်က အေးလျှင်မာသွားတတ်တဲ့အတွက် ပူတုန်းလေးမှာ သုံးဆောင်ဖို့ ပြင်ဆင်ပေးပါ။

Friday 5 February 2021

ဘဲပေါင်းဆီချက်








ဒီတစ်ခါတော့ မိမိအိမ်လေးထဲမှာဘဲ အလွယ်တစ်ကူ လုပ်စားနိူင်ပြီး အရသာလည်းရှိ လုပ်နည်းလေးလဲ လွယ်ကူတဲ့ ဘဲပေါင်းဆီချက် လုပ်နည်းဖြစ်တဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲပေါင် (သို့မဟုတ်) ရင်အုံသား - ၅ခု
  2. ခေါက်ဆွဲ အခြောက် - 350 g
  3. ကြက်သွန်ဖြူကြော် - အနည်းငယ်
  4. မြေပဲလှော် - လိုသလောက် သုံးပေးပါ
  5. နှမ်းဖြူ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  6. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးစာ
  7. ကြက်သွန်မြိတ် - လိုသလောက် သုံးပေးပါ
  8. ဟင်းခတ်မှုန့် - လိုသလောက် သုံးပေးပါ
  9. ပဲငံပြာရည်အကြည် - လိုသလောက် သုံးပေးပါ
  10. နာနတ်ပွင့် - တစ်ပွင့့်
  11. ချင်း ခပ်ပါးပါး - ၇ပြားခန့်
  12. ကြက်သွန်ဖြူ - ၄မွှာ
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ကင်းမွန် ငံပြာရည် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ခေါက်ဆွဲအခြောက်ကို သုံးမည်ဆိုပါက ပြုပ်ပြီးရေဆေးကာ ရေစစ်ထားပါ
  • ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုပိတ်လိုက်ပြီး နှမ်းကိုထည့်ကာ မိနစ်၀က်လောက်ဘဲ ချကိပေးပြီး မီးဖိုပေါ်မှ ဖယ်ထားပါ
  • ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • မြေပဲလှော်ကို အခွံချွတ်ပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြော်ပြီးသား ကြက်သွန်ဖြူကြော်ကို မညက်တစ်ညက် ထောင်းထားပါ
  • ဘဲအသားတုံးမ်ားကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ဆားတို့နှင့် နယ်ထားပါ
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံပြီး ရေဆေးကာ ဓားပြားရိုက်ပေးပါ
  • အပူခံနိုင်သော ကြွေပန်းကန်လုံး တခုထဲမွာ အရသာနယ်ထားသော ဘဲသား နာနတ်ပွင့် ချင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပေးပါ 
  • ဘဲသားပန်းကန် ၀င်ဆန့်နိူင်မည့် ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဘဲသားပန်းကန်ထည့်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဘဲသားပန်းကန်ထဲ မ၀င်စေရန် ဘဲပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး တခုခံပေးပါ
  • ပြီးတာနဲ့ အိုးကိုအဖုံးဖုံးပြီး ဘဲသားနူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဘဲသားပေါင်းနေစဉ် အောက်ဖက်မှ ပေါင်းရည်မှာ မကြာမကြာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ရေထပ်ထပ် ဖြည့်ပေးပါ
  • ဘဲသားစပေါင်းစဉ် ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ဘဲသားပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထိုအရည်များကို ဆီချက်ပွဲ ပြင်ဆင်ရာမှာ ပြန်သုံးပေးပါ
  • ဘဲသား နူးအိလာပြီ ဆိုရင်တော့ ဆီချက်ခေါက်ဆွဲ ပြင်ဆင်နိူင်ပါပြီ။
စားပွဲပြင်ရန်
  • ဇလုံပန်းကန် တစ်လုံးထဲမှာ ခေါက်ဆွဲဖတ် လက်တစ်ဆုတ်စာ ဘဲပေါင်းအသား ချက်ထားသော နှမ်းဆီချက် အနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ကြက်သွန်မိတ် မြေပဲလှော်ထောင်း အနည်းငယ် ပဲငံပြာရည် အကြည်အနည်းငယ် ငံပြာရည် အနည်းငယ် ကြက်ပေါင်းရည် အနည်းငယ်ထည့်ပြီး ပြင်ဆင်ပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ဘဲပေါင်းဆီချက် မွှေးမွှေးလေးကို မိမိနှစ်သက်ရာ အချဉ်ပွဲနှင့် စားသုံးနိူင်ပါပြီ။

Thursday 4 February 2021

ဖာလူဒါ ပြင်ဆင်နည်း


 












သမီးငယ်လေး ကျောင်းကို မပြန်ခင် သူစားချင်တာလေးတွေ လုပ်ပေးဖြစ်တဲ့ အထဲက အရင်ရက်က ဖာလူဒါ လုပ်ဖြစ်ပါတယ် ပြင်ရဆင်ရတာ အမယ်တွေ များလွန်းလို့ အနည်းငယ် ပင်ပန်းတယ်လို့ ထင်ရပေမဲ့ သောက်လို့ကောင်းလိုက်တာ မေမေရယ် မြန်မာပြည်ကိုတောင် လွမ်းသွားတယ်ဆိုတဲ့ စကားလေးနဲ့တင် အမောတွေ ပြေသွားခဲ့ရပါတယ်။

ဒါကြောင့်မို့လို့ ဒီလိုပီတိမျိုး လိုချင်တယ် ဆိုရင်တော့ သားသားမီးမီးလေးတွေကို လုပ်ပေးနိူင်အောင် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖာလူဒါ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ကျောက်ကျောကျိုရန် ပါဝင်ပစ္စည်းများ

  1. ကျောက်ကျောမှုန့် - 40 g
  2. သကြား - ထမင်းစားဇွန်း လေးဇွန်း
  3. ရေ - 500 ml
  4. food color အစိမ်းရောင် - နှစ်စက်ခန့် (မိမိနှစ်သက်ရာ အရောင်ကို သုံးပေးပါ)
  5. foid color အမည်းရောင် - နှစ်စက်ခန့် ( မိမိနှစ်သပ်ရာ အရောင်ကို သုံးပေးပါ)
  6. ကျောက်ကျောထည့်ရန်ဗူး - နှစ်ဗူး 

ကျောက်ကျောကျိုရန် ပြင်ဆင်ပုံ

  • ကျောက်ကျော ကျိုပြီးသားထည့်ရန် ဗူးလေးတွေကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ သကြား ထမင်းစားဇွန်း နှစ်ဇွန်း ရေ 250 mlနှင့်food color အစိမ်းရောင်တို့ ထည့်ပေးပြီး ရောမွှေပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး မီးအနေတော်လောက်နှင့် ရေပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ရေနွေးပွက်ပွက် ဆူလာတာနဲ့ ကျောက်ကျောမှုန့် 20gကို ထည့်ပြီး မွှေပေးပါ
  • ကျောက်ကျော ကျိုနေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  • တော်တော်လေး ပျစ်လာတာနဲ့ အဆင်သင့် ပြင်ထားသော ဗူးထဲကို လောင်းထည့်ပြီး အအေးခံထားပါ
  • ကျောက်ကျောအမည်းရောင်ကိုလဲ အထက်ပါ နည်းအတိုင်း ကျိုထားပေးပြီး အအေးခံထားပါ
  • ကျောက်ကျောများ အေးသွားပါက မိမိနှစ်သက်ရာ ပုံစံလေးတွေ လှီးထားပါ


သာကူကျိုရန်

  1. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - 1000 ml (သာကူစေ့ နှစ်မျိုးကျိုရန်)
  3. Food color ပန်းရောင် - နှစ်စက်ခန့်
  4. Food color အစိမ်းရောင် - နှစ်စက်ခန့်

သာကူကျိုရန် ပြင်ဆင်ပုံ

  • ဇောက်နက်သော အ​နေတော် အိုးထဲမှာ ရေ 500 mlထည့်ပြီး မီးဖိုပေါ်တင်ကာ ရေကိုပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီး သာကူစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူးကို ထည့်ပေးပါ
  • ပြီးတာနဲ့ food color ပန်းရောင်ကို ထည့်ပြီး မွှေပေးကာ သာကူစေ့ မျက်ဆံလေးများ ပျောက်တဲ့အထိ ကျိုပေးပါ
  • သာကူမျက်ဆံလေးတွေ ပျောက်လာတာနဲ့ ဇကာစိတ်စိတ်လေးထဲ သွန်ချပေးကာ ရေနှင့်ဆေးပေပြီး ရေစစ်ပေးထားပါ
  • နောက်ထပ် သာကူအစိမ်းရောင်ကိုလဲ အထက်ပါနည်းအတိုင်း ကျိုပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • သာကူစေ့များ ရေစစ်သွားတာနဲ့ ဗူးလေးတွေထဲ ထည့်ပေးကာ  ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ။


ပူတင်းလုပ်ရန် ပါဝင်ပစ္စည်းများ

  1. ကြက်ဥ - ခြောက်လုံး
  2. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဂျုံမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဗနီလာ အနံ့ - နှစ်စက်ခန့်
  6. နွားနို့ - 350 ml
  7. ဂျုံမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း

ပူတင်းလုပ်ရန် ပြင်ဆင်ပုံ

  • ဗလင်ဒါထဲမှာ ကြက်ဥ သကြား ဆား ဂျုံမှုန့် ဗနီလာအနံ့နှင့် နွားနို့တို့ထည့်ပြီး အားလုံးသမသွားအောင် နှစ်မိနစ်ခွဲခန့် ကြိတ်ပေးပါ
  • ဗလင်ဒါ မရှိပါက မွှေတံ သို့မဟုတ် ဇွန်းခရင်းဖြင့် ခလောက်ပြီး အားလုံးကျေညက်သွားအောင် ခလောက်ပေးပြီး ဇကာစိတ်စိန်လေးနှင့် စစ်ပေးပါ
  • ဗလင်ဒါနှင့် ကြိတ်ပေး ပြီးတာနဲ့ ဇကာခပ်စိတ်စိတ်လေးခံကာ ဇလုံတစ်လုံးထဲကို သွန်ချပေးပြီး အဖတ်ပါများ မပါအောင် စစ်ပေးပါ
  • ပြီးတာနဲ့ ထိုဇလုံကို glad wrap နှင့် လုံအောင် ပိတ်ပေးကာ ထိုအပေါ်မှ ဒုတ်ချွန်လေးနှင့် လေးငါးပေါက် လိုက်ဖောက်ပေးပါ
  • ပြီးတာနဲ့  ဇောက်နက်သော အိုးတစ်လုံကို အောက်ခံအိုးလုပ်ကာ အောက်ခံအိုးထဲကို ရေတစ်ထဝက်ည့်ပြီး မရှိတစ်ရှိထည့်ပြီး ရေထဲမှာ ခုံလေးတစ်ခု ခံပေးပါ
  • ပြီးတာနဲ့ ကြက်ဥပန်းကန်ကိုထည့်ကာ အဖုံးအုပ်ပြီး steam ခလုတ်ကို နှိပ်ပေးပါ
  • ပြီးတာနဲ့ ဆယ်မိနစ် အချိန်ကို နှိပ်ပေးကာ ပေါင်းပေးပါ
  • ပေါင်းထားတဲ့ အချိန်ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီး ပူတင်းပန်းကန်ကို ထုတ်ပေးပါ
  • မာမာ ပေါင်းတဲ့ ပေါင်းအိုးမျိုးနှင့် မပေါင်းဘဲ ရိုးရိုးအိုးထဲမှာ ရေနွေးခံပြီး ပေါင်းရင်လဲ အထက်ပါနည်းအတိုင်း ပြင်ဆင်ပြီး ဆယ့်ငါးမိနစ် ပေါင်းပေးရင် ရပါတယ်
  • ပူတင်းကျက်တာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ကို အပြင်သို့ထုတ်ကာ အေအေးခံပေးပါ
  • အေးသွားတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ


နွားနို့ကျိုရန်

  1. နွားနို့ နှစ်လီတာကို ဇောက်နက်သော အနေတော် အိုးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် ကျိုပေးပါ
  2. နွားနို့ကျိုနေစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ သတိထားပြီး မွှေပေးပါ
  3. နွားနို့ လီတာဝက်လောက် ခမ်းသွားပါက မီးပိတ်ပေးပြီး အေအးခံထားကာ အေးသွားတာနဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ 

နှင်းဆီရနံ့ သကြားရည်ကျိုရန် ပါဝင်ပစ္စည်းများ

  1. သကြား - 400 g
  2. နှင်းဆီရေ - ထမင်းစားဇွန်း သုံဇွန်း
  3. ရေ - 250 ml
  4. food color ပန်းရောင် - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
သကြားရည်ကျိုရန် ပြင်ဆင်ပုံ
  1. ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ သကြား food colorနှင့် နှင်းဆီအနံ့တို့ထည့်ပြီး သကြားပျော်အောင် ကျိုပေးပါ
  2. သကြားအရည် ပျော်သွားတာနဲ့ အအေးခံပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ
မုန့်လက်ဆောင်းဖတ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဆန်မှုန့် - 150 g
  2. ရေ -  400 ml
  3. ကော်မှုန့် - 35 g
  4. ထုံးရည်ကြည် -  100 ml
  5. ဆွမ်းမွှေးအရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. foid color အစိမ်းရောင် - နှစ်စက်ခန့်
  7. မုန့်ဖတ်ညှစ်မည့်မိုလ် - တစ်ခု
  8. ရေ - လိုသလောက် သုံးပေးပါ
  9. ရေခဲတုံးလေးများ - လိုသလောက် သုံးပေးပါ
မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်ပြီး အောက်ချေမကပ်သော အိုးထဲမှာ ဆွမ်းမွှေးရည် food color  ဆန်မှုန့် ကော်မှုန့် ထုံးရည်ကြည်နှင့် ရေတို့ထည့်ပေးပါ
  • ပြီးတာနဲ့ အမှုန့်များ ပျော်သွားအောင် မွှေတံဖြင့်မွှေပေးပါ
  • အားလုံးအရည်ပျော်ပြီး အရောင်များ သမသွားတာနဲ့ မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ ကျိုပေးပါ
  • အရည်များ ပျစ်လာပြီး ကြည်လဲ့လဲ့ အရောင်လေး သန်းလာတာနဲ့ မီးပိတ်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေခဲနှင့် ရေတို့ကို ထည့်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ မိုလ်ထဲကို ကျိုထားသော ဆန်နှစ်များ ထည့်ပေးပါ
  • ပြီးတာနဲ့ မိမိလိုချင်တဲ့ ပုံစံလေးတွေ ရလာအောင် ညှစ်ချပေးပါ
  • မုန့်နှစ်အားလုံး ကုန်အောင် ညှစ်ချပြီးတာနဲ့ ရေစစ်ပြီး ဗူးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားပေးပါ

ဖာလူဒါ ပြင်ဆင်ပုံ

  • မိမိနှစ်သက်ရာ ဖန်ခွက်ကို ပြင်ပေးပါ
  • ရေခဲမုန့်ကိုတော့ လုပ်ပြီးသား တစ်ဗူးဝယ်ပြီး အဆင်သင့် ပြင်ထားပါ
  • ရေခဲမုန့် ကျောက်ကျော သာကူစေ့ ပူတင်း မုန့်လက်ဆောင်းဖတ် နွားနို့နှင့် နှင်းဆီရနံ့ သကြားရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ ဖန်ခွက်ထဲကို ကျောက်ကျော မုန့်လက်ဆောင်းဖတ် သာကူစေ့နှင့် ပူတင်းတို့ကို ထည့်ပေးပါ
  • ထည့်ထားသော ပါ၀င်ပစ္စည်းများ အပေါ်မှ နွားနို့ အနည်းငယ် နှင်းဆီရနံ့သကြားရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ တို့ ထည့်ပေးပါ
  • ပြီးတော့မှ အပေါ်ဆုံးမှာ ရေခဲမုန့်ကို တင်ပေးပြီး ဖာလူဒါ မုန့်ပွဲကို  ပြင်ပေးပါ 
  • အားလုံးထည့်ပြီးလို့ အဆင်သင့် ဖြစ်တာနဲ့ ဖာလူဒါ ချိုချိုမွှေးမွှေး စားပွဲလေးကို သုံးဆောင်နိူင်ပါပြီရှင်။