Showing posts with label တို့ဟူးကျိုနည်းနှင့်လှော်နည်းစုံပြင်ဆင်နည်းများ. Show all posts
Showing posts with label တို့ဟူးကျိုနည်းနှင့်လှော်နည်းစုံပြင်ဆင်နည်းများ. Show all posts

Monday, 4 October 2021

တို့ဟူးကျိုနည်း (အလွယ်ကျိုနည်း)









ဒီနေ့တော့ သမီးငယ်လေး သူကျောင်းသွားတက်တဲ့ မြို့ကနေ ကျောင်းပိတ်လို့ ခနပြန်လာပါတယ် လေဆိပ်မှာထဲက မေမေရယ် တို့ဟူးသုပ် စားချင်တယ်ဆိုပြီး ပူဆာပါလေရော

ဒီတော့ လေဆိပ်ကနေ အိမ်ကိုပြန်ရောက်တာနဲ့ တို့ဟူးသုပ် အရမ်းစားချင်နေတဲ့ သမီးလေးအတွက်  မြန်မြန်စားချင်တော့ မြန်မြန်ကျိုလို့ရတဲ့ နည်းလေးနဲ့ ကျိုဖြစ်ပါတယ်။

ပဲရည်ကို တစ်ညသိပ် မနှပ်ဘဲ ဒီအတိုင်း အရည်ဖျော်ပြီး ကျိုတဲ့အတွက် တို့ဟူးသားလေးက အနည်းငယ် ကြမ်းသလိုလေး ဖြစ်ပါတယ်။

ဒါပေမဲ့လဲ အသုပ်ဆိုင်တွေမှာ ရောင်းတန်းဝင် တို့ဟူးသားတွေလောက်တော့ ရပါတယ် ဒါကြောင့်မို့လို့ မာမာကျိုတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

တို့ဟူးကျိုနည်းတွေ အမျိုးမျိုးကျိုကြပေမဲ့ အချိုးအစား တိတိကျကျ မရေးကြတာကြောင့် တစ်ချို့လဲ ကျိုတိုင်းပျက်ကြပါတယ်လို့ လာလာပြောကြပါတယ်။

ဒါကြောင့်မို့လို့ မာမာအခုကျိုထားတဲ့ နည်းလေးအတိုင်းသာ ကျိုကြည့်ပါ တို့ဟူးကောင်းကောင်းလေး ရမှာပါလို့ ပြောပါရစေရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးခွဲ
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဂျုံစစ်ဇကာ - တစ်ခု
  7. ဇောက်နက်ပြီး မကပ်သောအိုး ခပ်ကြီးကြီး - တစ်လုံး
  8. သစ်သားယောင်းမ - အရိုးရှည်ရှည် တစ်ချောင်း
  9. ဇလုံ - ခပ်ကြီးကြီး တစ်လုံး
  10. အပူခံနိူင်သော ကော်ဗူး - တစ်ဗူး (သို့မဟုတ်) မိမိအဆင်ပြေ​သော ဗန်းတစ်ခု

ပဲမှုန့်ရေဖျော်ရန်
  • ဇလုံတစ်လုံးထဲမှာ ပဲအစိမ်းမှုန့် နှင့် ရေတို့ကိုရောကာ အမှုန့်များ ကျေအောင် မွှေတံနှင့်ချေပေးပါ
  • ပြီးတာနဲ့ တို့ဟူးကျိုမည့် အိုးအပေါ်မှာ ဂျုံစစ်ဇကာ ဇကာစိတ်စိတ်လေးကို တင်ပေးပါ
  • ပဲရည်များကို ထိုဇကာပေါ် လောင်းထည့်ပြီး မကျေဘဲ ကျန်နေသော ပဲအနှစ်များကို ဇွန်းနှင့်ဖိပြီး ချေပေးကာ ပဲအကြည်ရည် အနည်းငယ်နှင့် လောင်းချပေးပါ
  • ပဲရည်ပေါ်မှာ တက်လာသော အမြှုပ်များကို ခပ်သွန်ပေးပါ
  • ပြီးတာနဲ့ တို့ဟူးကျိုမည့် အိုးထဲကို ဆား ဆီနှင့်နနွင်းမှုန့် ထည့်ပေးကာ သမအောင် မွှေပေးပါ
တို့ဟူးကျိုရန်
  • တို့ဟူးကျိုပြီးထဲ့ရန် ဇလုံ (သို့) ပန်းကန်လုံး (သို့) အပူခံနိူင်သော ဗူးကို ဆီအနည်းငယ်နှင့် နေရာနှံ့အောင် သုပ်ထားပေးပါ
  • ပဲအရည် ဖျော်ထားသောအိုးကို မီးဖိုပေါ်တင်ပြီး မီးကို median heat လောက်နှင့် တည်ပေးပါ
  • ပဲရည်အိုး မီးဖိုပေါ် ရောက်ကတည်းက သစ်သားယောင်းမဖြင့် မွှေပေးပါ
  • အိုးပူလာပြီး ရေပွက်ပွက် ဆူလာတာနဲ့ ပဲရည်များ မကပ်စေရန် အဆက်မပြတ် မွှေမွှေပေးပါ
  • မွှေနေရင်းက ပဲအနှစ်ရည် စပြီးပြစ်လာတာနဲ့ အဆက်မပြတ် ဆက်မွှေပေးပါ
  • မွှေနေစဉ် အိုးမကပ်စေရန် မီးအပူချိန်ကို သတိထားပါ
  • ပဲအနှစ်များ ပျစ်လာတာနဲ့ လက်အားသန်သန်နဲ့ ခပ်သွက်သွက်လေး မွှေပေးပါ 
  • အဆက်မပြတ် မွှေပေးရင်းက ပဲများပျစ်လာပြီး ပဲအနှစ် ကြည်ရောင်ရောင်လေး သန်းလာတာနဲ့ အထဲမှ ရေများကုန်အောင် မွှေပေးပါ
  • ပဲပျစ်လာချိန်မှစပြီး ၈မိနစ်မှ၁၀မိနစ်လောက် မွှေပြီးပါက အထဲမှ ရေများတစ်ဗွက်ဗွက် ပေါက်မလာတော့ရင် ရပါပြီ
  • တစ်ခါတလေ မိမိတို့ အသုံးပြုသော မီးဖိုရဲ့ မီးအပူရှိန် မတူညီတဲ့အတွက် ကျိုချိန်လဲ အနည်းငယ် ကွာခြားတတ်ပါတယ်
  • တို့ဟူးကျိုလို့ ပြီးပြီဆိုတာနဲ့ အဆင်သင့်ပြင်ကာ ဆီသုပ်ထားသော ဇလုံ(သို့) ပန်းကန်(သို့) ဗူး အစရှိသည့် မိမိအစဉ်ပြေသော အထဲသို့ ကျိုထားသော ပဲအနှစ်များကို ခပ်မြန်မြန်လေး လောင်းချပေးပြီး မျက်နှာပြင်ညီအောင် ဖိပြီး ညှိပေးပါ
  • တစ်နာရီ တစ်နာရီခွဲ၀က်လောက်နေရင် ကောင်းကောင်းကြီး အေးပြီးခဲနေသာ တို့ဟူးတုံးလေး ရပါပြီ
  • ပူနေသော တို့ဟူးထည့်ထားသည့် ဗူးများကို ရေခဲသေတ္တာထဲ မထည့်မိဖို့ သတိထားပါ
  • အခန်းအတွင်းမှာ ရိုးရိုးလေးဘဲ အ​အေးခံထားပါ
  • အေးသွားပြီ ဆိုတော့မှ  ရေခဲသေတ္တာထဲမှာ ထဲ့ထားပြီး သုံးရက်လောက်အထိ ထားပြီး စားလိူ့ရပါတယ်
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား တို့ဟူးချဉ်စပ်လေး ချက်စားကြမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးတုံးလေး ရပါပြီရှင်။

Saturday, 17 July 2021

တို့ဟူးကျိုနည်း


ပဲအစိမ်းမှုန့်နှင့်ရေကိုရောပြီး ဖျော်ပေးပါ

အားလုံးသမအောင် ဖျော်ပေးပါ


ဇလုံပေါ်မှာ ဂျုံစစ်ဇကာကိုတင်ပေးပြီး 
ပဲရည်များကို လောင်းချပါ တက်လာသော 
အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ

အိုးထဲမှာရေထည့်ပြီး ဆူအောင်တည်ပေးပါ

ရေပွက်ပွက် ဆူလာတာနဲ့ ပဲရည်ကို ထည့်ပေးပါ

အဆက်မပြတ် မွှေပေးပါ

ပဲရည်များ ပျစ်လာတာနဲ့ ဆီသုတ်ထားသော
ဗူးထဲကို လောင်းထည့်ပေးပါ

ခဲပြီးအေးသွားပြီဆိုတာနဲ့ ပန်းကန်ပြားထဲကို
မှောက်ချပေးပါ

မိမိနှစ်သက်သလို လှီးပေးပါ

တို့ဟူးကျိုနည်းလေး ရေးပေးပြီးသားပေမဲ့ ပြန်ရှာရခက်ပြီး ရှာလို့အဆင် မပြေသူတွေအတွက် ကျိုနည်းလေးကို ထပ်မံပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

မာမာအခုကျိုတဲ့ အချိုးအစားက စားတဲ့သူနည်းရင်တော့ ၃ရက်ကျော်ကျော်လောက် စားလို့ရပါတယ် စားတဲ့သူများရင်တော့ အနေတော်ပါဘဲ။

 မိသားစု နည်းရင်တော့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာလောက်ဘဲ ကျိုရင်ရပါတယ် တို့ဟူးကောင်းကောင်းလေး စားချင်ရင်တော့ စိတ်ရှည်ဖို့တော့ လိုပါတယ်နော်။

တို့ဟူးကို ခပ်မြန်မြန်ကျိုပြီး စားချင်ရင်တော့ ကျိုလို့ရတဲ့ အလွယ်နည်းလေး ရှိပါတယ် အခုကျိုတဲ့ နည်းလောက်တော့ တို့ဟူးက မနူးညံ့ပါဘူး အသုပ်ဆိုင်တွေမှာ စားတဲ့တို့ဟူးသားလောက်တော့ ရပါတယ် အလျဉ်းသင့်တဲ့အခါ ရေးပေးပါမယ်။

ပဲအစိမ်းမှုန့်က မြန်မာပြည်မှာ ဆိုရင်တော့ မွှေးပဲအစိမ်းမှုန့်ကို သုံးရင်အဆင်ပြေမယ် ထင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂၀ဗူး ပဲ
  3. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဂျုံစစ်ဇကာ - တစ်ခု
  7. ဇောက်နက်ပြီး မကပ်သောအိုး ခပ်ကြီးကြီး - တစ်လုံး
  8. သစ်သားယောင်းမ - အရိုးရှည်ရှည် တစ်ခု
  9. ဇလုံ - ခပ်ကြီးကြီး နှစ်လုံး (ပဲရည်စပ်ရန်)
  10. အပူခံနိူင်သော ပလပ်စတစ်ဗူး - တစ်ဗူး (သို့မဟုတ်) မိမိအဆင်ပြေမည့် ဗန်းတစ်ချပ်
ပဲမှုန့်ရေစိမ်ရန်
  • ဇလုံကြီးကြီး တစ်လုံးထဲမှာ ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်တွေကျေအောင် မွှေတံနှင့်ချေပေးပါ
  • ပြီးတာနဲ့ နောက်ဇလုံကြီးကြီး တစ်လုံးပေါ်မှာ ဂျုံစစ်ဇကာ ဇကာစိတ်စိတ်လေးကို တင်ပေးပါ
  • ပဲရည်များကို ထိုဇကာပေါ် လောင်းထည့်ပြီး မကျေဘဲ ကျန်နေသော ပဲအနှစ်များကို ဇွန်းနှင့်ဖိပြီး ချေပေးကာ ပဲအကြည်ရည် အနည်းငယ်နှင့် လောင်းချပေးပါ
  • ပဲရည်အပေါ်မှာ တက်လာသော အမြှုပ်များကို ခပ်သွန်ပေးပါ
  • ပြီးတာနဲ့ အနည်းဆုံး ၁၀နာရီလောက် ပဲအနည်ထိုင်အောင် နှပ်ထားပေးပါ (သို့မဟုတ်)
  • အကောင်းဆုံးက မနက်ကျိုမယ်ဆို ညဘက်ထဲက ပဲရည် အနည်ထိုင်အောင် နှပ်ထားပေးပါ
  • ပဲအရည် နှပ်ထားတဲ့ အချိန်မှာလဲ ပိုးမွှားလေးတွေ မဝင်အောင် အပေါ်မှ ဇကာနှင့် အုပ်ထားပေးပါ
  • လေလုံအောင် အုပ်ထားရင်တော့ ပဲများအချဉ်ဖောက်တတ်တဲ့အတွက် ဇကာနှင့်သာ အုပ်ပေးပါ 

တို့ဟူးကျိုရန်
  • တို့ဟူးကျိုပြီး ထည့်ရန်အတွက် ဇလုံ (သို့) ပန်းကန်လုံး (သို့) အပူခံနိူင်သော ဘူးကို ဆီအနည်းငယ်နှင့် နေရာနှံ့အောင် သုတ်ထားပေးပါ
  • ညကပဲရည် အနည်ထိုင်ထားသော ပဲရည်ဇလုံထဲမှ အပေါ်ယံအရည်ကြည် ထမင်းပေါင်းအိုး ဆန်ချင်ဗူး၁၂ဗူးစာကို အသာလေးခပ်ပြီး သွန်ပေးပါ
  • ပြီးတာနဲ့ ပဲအနှစ်များ ပျော်သွားအောင် ရေ ပေါင်အိုးဆန်ချင်ဗူး သုံးဗူးစာ ထပ်ထည့်ကာ အနည်ထိုင်နေသော ပဲအနှစ်များကျေအောင် ဖျော်ပေးပါ
  • ပြီးတာနဲ့ တို့ဟူးကျိုရာမှာ ပါဝင်မဲ့ ပါ၀င်ပစ္စည်းများကို တစ်ခါထဲ ပြင်ထားပါ
  • တို့ဟူးကျိုရန် ဇောက်နက်ပြီး မကပ်သော အိုးထဲကို ပဲရည်များ ထည့်ပေးပါ
  • ပြီးတာနဲ့ ဆီ ဆားနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • အားလုံးသမသွားတာနဲ့ မီးကို median heat ထားပြီးမှ ပဲရည်အိုးကို မီးဖိုပေါ် တင်ပေးပါ
  • ပဲရည်အိုး တင်ပြီးတာနဲ့ သစ်သားယောင်းမ အရိုးရှည်ရှည်ဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက ပဲအနှစ်များ စပြီးပျစ်လာတာနဲ့ လက်အားသန်သန်နဲ့ အဆက်မပြတ် ဆက်မွှေပေးပါ
  • မွှေနေစဉ် အိုးမကပ်စေရန် မီးအပူချိန်ကို သတိထားပါ
  • အဆက်မပြတ် မွှေပေးရင်းက ပဲရည်များပျစ်လာပြီး ပဲအနှစ် အကြည်ရောင်လေး သန်းလာတာနဲ့ အထဲမှ ရေများကုန်အောင် မွှေပေးပါ
  • ပဲအနှစ် စပျစ်လာချိန်မှစပြီး ၈မိနစ်မှ၁၀မိနစ်လောက် မွှေပြီးပါက အိုးထဲမှာ ရေများတဗွက်ဗွက် ပေါက်မလာတော့ရင် ရပါပြီ
  • ဆီသုတ်ပြီး အဆင်သင့် ပြင်ထားသော ဇလုံ(သို့) ပန်းကန်(သို့) ဗူး အစရှိသည့် မိမိအစဉ်ပြေသော အထဲသို့ ကျိုထားသော ပဲအနှစ်များကို ချက်ချင်း လောင်းချပေးပြီး မျက်နှာပြင်ညီအောင် ညှိပေးပါ
  • တစ်နာရီ တစ်နာရီခွဲလောက်ဆိုရင် ကောင်းကောင်းကြီး အေးပြီးခဲနေသာ တို့ဟူးတုံတုံ အိအိလေးရပါပြီ
  • ပူနေသော တို့ဟူးထည့်ထားသည့် ဗူးများကို ရေခဲသေတ္တာထဲ မထည့်မိဖို့ သတိထားပါ
  • ပူနေတုန်း ထည့်လိုက်ပါက အရည်များ ထွက်လာတတ်ပါတယ်
  • အခန်းအတွင်းမှာ ရိုးရိုးလေးဘဲ အအေးခံထားပြီးမှ ထည့်သိမ်းပေးပါ
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား တို့ဟူးချဉ်စပ်လေး ချက်စားကြမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးတုံတုံ အိအိလေး ရပါပြီရှင်။

Thursday, 9 April 2020

တို့ဟူးကျိုနည်း














တို့ဟူးသုပ် ချဉ်ငံစပ်လေး စားချင်စိတ်ပေါ်လာတာမို့ သားအမိတတွေ တို့ဟူးတုံတုံလေး ကျိုကြပါတယ် တစ်ခါတစ်လေလဲ ဟင်းချက်မုန့်လုပ်တဲ့အခါ ဓါတ်ပုံရိုက်လိုက် ဟင်းတွေမုန့်တွေ ကိုင်လိုက်နဲ့ အဆင်မပြေတာလေးတွေလဲ ဖြစ်တတ်ပါတယ်။

ဒီတစ်ခါတော့ ကလေးတွေကို အကူအညီတောင်းပြီး ဓါတ်ပုံရိုက်ခိုင်း မွှေခိုင်းကျိုခိုင်နဲ့ အကူအညီ ရထားတဲ့အတွက် တို့ဟူးသားလေး လှလှလေး ရလာတယ်လို့ ထင်မိပါတယ်  ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂၀ဗူး (ပဲမှုန့် ရည်စိမ်ရန်)
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး (ပဲအနှစ် အရည်ဖျော်ရန်)
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (တို့ဟူးကျိုမည့် အိုးထဲကို ထည့်ပေးရန်)
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဂျုံစစ်ဇကာ - တစ်ခု
  9. ဇောက်နက်ပြီး မကပ်သောအိုး ခပ်ကြီးကြီး - တစ်လုံး
  10. သစ်သားယောင်းမ - အရိုးးရှည်ရှည် တစ်ခု
  11. ဇလုံ - ခပ်ကြီးကြီး ၂လုံး
  12. တို့ဟူးထည့်ရန် ဗူး - တစ်ခု
  13. ဆီ - အနည်းငယ် (တို့ဟူးကျိုပြီးသား ထည့်မည့်ဗူးကို သုပ်ရန်)

ပဲမှုန့်​ရေစိမ်​ရန်
  • ပြီးတာနဲ့ နောက်ဇလုံကြီးကြီး တစ်လုံးပေါ်မှာ ဂျုံစစ်ဇကာ ခပ်စိတ်စိတ်လေးကို တင်ပေးပါ
  • ပဲရည်ပေါ်မှာ တက်လာသော အမြှုပ်များကို ဇွန်းနှင့်ခပ်ပြီး ဖယ်ပေးပါ
  • ပြီးတာနဲ့ အနည်းဆုံး ၁၀နာရီလောက် ပဲအနှစ် အနည်ထိုင်အောင် နှပ်ထားပေးပါ (သို့မဟုတ်)
  • မနက်ကျိုမယ်ဆို ညဘက်ထဲက ပဲရည်နှပ်ပြီး အနည်ထိုင်ထားပေးပါ

တို့ဟူးကျိုရန်
  • တို့ဟူးကျိုပြီးထဲ့ရန် ဇလုံ (သို့) ပန်းကန်လုံး (သို့) အပူခံနိုင်သော ဗူးကို ဆီအနည်းငယ်နှင့် နေရာနှံ့အောင် သုပ်ထားပေးပါ
  • ညကပဲရည် အနည်ထိုင်ထားသော ပဲရည်ဇလုံထဲမှ အပေါ်ယံ အရည်ကြည် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁၂ဗူးစာကို အသာလေးခပ်ပြီး သွန်ပလိုက်ပါ
  • ပြီးတာနဲ့ အောက်ချေမှာ အနည်ထိုင်နေသော ပဲအနှစ်များ ပျော်သွားအောင် ရေ ပေါင်အိုးဆန်ချင်ဗူး နှစ်ဗူးထည့်ကာ အနည်ထိုင်နေသော ပဲအနှစ်များ ကျေသွားအောင် ဖျော်ပေးပါ
  • တို့ဟူးကျိုရန် ဇောက်နက်သော အိုးထဲကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာထည့်ပြီး ဆူအောင်တည်ပေးပါ
  • အိုးပူလာပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆီ ဆားနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီးမှ ပဲရည်ကြည် ဖယ်ထားသော ပဲအနှစ်များကို ဇလုံထဲမှာ ကုန်သွားအောင် လောင်းထည့်ပေးပါ
  • ပဲအနှစ်ရည် ထည့်ပေးပြီးတာနဲ့ သစ်သားယောင်းမ အရိုးရှည်ရှည်ဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက ပဲရည်များ စပြီးပြစ်လာတာနဲ့ အဆက်မပြတ် ဆက်မွှေပေးပါ
  • မွှေနေစဉ် ပဲအနှစ်များ အိုးမကပ်စေရန် မီးအပူချိန်ကို သတိထားပါ
  • အဆက်မပြတ် မွှေပေးရင်းက ပဲများပျစ်လာပြီး ပဲအနှစ် ကြည်ရောင်လေး သန်းလာတာနဲ့ အထဲမှ ရေများကုန်အောင် မွှေပေးပါ
  • ပဲရည်ပျစ်လာချိန်မှစပြီး ၈မိနစ်မှ၁၀မိနစ်လောက် မွှေပြီးပါက အထဲမှာ ရေများတစ်ဗွက်ဗွက် ပေါက်မလာတော့ရင် ရပါပြီ
  • ဆီသုတ်ထားသော ဇလုံ(သို့) ပန်းကန်လုံး (သို့) ဗူး အစရှိသည့် မိမိအစဉ်ပြေသော အထဲသို့ ကျိုထားသော တို့ဟူးအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင် ညှိပေးရင်း ခပ်ဖွဖွလေး ဖိဖိပေးပါ
  • တို့ဟူးတုံး လှလှလေး ရစေရန် တို့ဟူးအနှစ် ထည့်ထားသောဗူးကို စားပွဲပေါ်မှာ အနည်းငယ် စောင့်စောင့်ပေးပါ
  • တစ်နာရီ တစ်နာရီခွဲလောက်နေရင် ကောင်းကောင်းကြီး အေးပြီးခဲနေသာ တို့ဟူးတုံတုံ အိအိလေးရပါပြီ
  • ပူနေသော တို့ဟူးထည့်ထားသည့် ဗူးများကို ရေ​သေတ္တာထဲ မထည့်မိဖို့ သတိထားပါ

Sunday, 25 August 2019

နေကြာစေ့နှင့် ရွှေဖရုံစေ့လှော်











ဒီနေ့တော့ ရွှေဖရုံစေ့လေးတွေ နေကြာစေ့လေးတွေကို မိုက်ခရိုဝေ့ထဲမှာထည့်ပြီး လှော်တဲ့နည်းလေး မျှဝေချင်ပါတယ်။

မြန်မာပြည်မှာ နေတုန်းကတော့ အခွံနဲ့ လှော်ပြီးသားလေးတွေ စားခဲ့ရပေမဲ့ တခါတလေ ဆားငံတာတွေလဲ ပါတတ်ပါတယ်။

ဆားမငံပြန်ရင်လဲ အခွံကို ပါးစပ်နဲ့ကိုက်ပြီး ခွာလိုက်တိုင်း ဆယ်စေ့မှာ တစေ့လောက်တော့ အပုတ်တွေ ပါတတ်ပါတယ်။

ဒီမှာတော့ အခွံခွာပြီးသားလေးတွေ ရှိပေမဲ့ အစေ့လေးတွေက အစိမ်းဆိုတော့ မုန့်ထဲထည့်ဖုတ်ရင် အကျက်စားရပေမဲ့ ဒီအတိုင်း စားရင်တော့ အစိမ်းနံ့ နံတဲ့အတွက် စားရတာ အဆင်မပြေပြန်ပါဘူး။

ဒီတော့လဲ ကြံရဖန်ရ ပြန်ပါတယ် မာမာကတော့ မိုက်ခရိုဝေ့ထဲထည့်ပြီး လှော်လိုက်ပါတယ် မိုက်ခရိုဝေ့ထဲ မထည့်ချင်ရင်လဲ oven ထဲမှာ မုန့်ဖုတ်ပြီးလို့ မီးပိတ်ပြီးတာနဲ့ နေကြာစေ့ (သို့) ရွှေရေုံစေ့လေးတွေကို ပန်းကန်ထဲ ဖြန့်ထည့်ထားပြီး ၅မိနစ်လောက် ထည့်ထားရင် ရပါတယ်။

ပါဝင်ပစ္စည်းများ

  1. နေကြာစေ့ - တစ်ထုတ်
  2. ရွှေဖရုံစေ့ - တစ်ထုတ်
ပြင်ဆင်ပုံ
  1. နေကြာစေ့နှင့် ရွှေဖရုံစေ့ကို မိမိအသုံးပြုမည့် မိုက်ခရိုဝေ့ မီးဖိုသုံး ပန်းကန်ပြားထဲမှာ ဖြန့်ထည့်ပေးပါ
  2. အရင်ဆုံး နေကြာစေ့ ပန်းကန်ကို မိုက်ခရိုဝေ့ မီးဖိုထဲထည့်ပြီး အပေါ်မှ မိုက်ခရိုဝေ့ မီးဖိုသုံး ကာဘာလေး အုပ်ပေးပါ
  3. ပြီးတာနဲ့ တမိနစ် အရင်ဆုံး အပူပေးပါ
  4. ပြီးတာနဲ့ အပြင်ခနထုတ်ပြီး မွှေပေးပါ
  5. နောက်တခါ အထက်ပါနည်းအတိုင်း တမိနစ် ထပ်ထည့်ပေးပါ
  6. အထက်ပါနည်းအတိုင်း ၆မိနစ်ခန့် မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်ပေးပါ
  7. ပြီးတာနဲ့ အအေးခံပြီး ဖန်ပုလင်း သန့်သန့်ထဲမှာ ထည့်ပေးပြီး လေလုံအောင် အဖုံးအုပ်ထားပေးပါ
  8. ရွှေဖရုံသီးကိုလဲ အထက်ပါ နည်းအတိုင်း လုပ်ပေးပါ
  9. သတိထားရမှာ တခုကတော့ မိမိအသုံးပြုတဲ့ မိုက်ခရိုဝေ့ မီးဖိုရဲ့  မီးအားကို သတိပြုပေးပါ
  10. မာမာအသုံးပြုတဲ့ မိုက်ခရိုဝေ့ မီးဖိုက 800 w ပါ 
  11. ဒိထက်မီးအားပိုပြင်းတဲ့ မိုက်ခရိုဝေ့ မီးဖိုဆိုရင်တော့ နေကြာစေ့ ထည့်ပေးချိန် အချိန်ကို လျှော့ထည့်ပေးပါ
  12. နောက်တနည်းကတော့ oven ထဲမှာ မုန့်တခုခု လုပ်ပြီးတာနဲ့ မီးဖိုပိတ်ပြီးချိန်မှာ နေကြာစေ့ကို မုန့်လုပ်သည့် ဗန်းထဲထည့်ပြီး ၅မိနစ်လောက် ထည့်ထားပေးပါ
  13. ၅မိနစ်လောက် ထည့်ပြီးတာနဲ့ oven အပြင်ဖက်ထုတ်ပြီး အအေးခံပေးပါေ
  14. အးသွားပြီ ဆိုတာနဲ့ ဖန်ပုလင်း သန့်သန့်လေးထဲမှာ ထည့်ပေးပြီး အဖုံးအုပ်ထားပေးပါ။

















































































Sunday, 24 December 2017

ရွှေကြည် အလှော်မှုန့်




အလုပ်အားတဲ့ရက်ဆိုရင် မီးဖိုဆောင်ထဲမှာ လိုအပ်တာလေးတွေ ကြော်ဟယ် လှော်ဟယ် သိမ်းဟယ်နဲ့ အချိန်ကုန်တတ်ပါတယ် ဒီနေ့တော့ ရွှေကြည်ဆနွင်းမကင်း လုပ်ချင်ရင် အဆင်သင့် လုပ်နိုင်အောင်ရယ် မုန့်ဟင်းခါးထဲ ထည့်ချက်လို့ရအောင်အတွက် ရွှေကြည်လှော်နည်းလေး မျှဝေလိုက်ပါတယ်။

ပြင်​ဆင်​ပုံ

  1. ပုံတွင်ပြထားသည့် ရွှေကြည်မှုန့်ကို ပြင်ထားပါ
  2. မာမာက​တော့ လိုချင်တဲ့အခါ အဆင်သင့်ရအောင် တခါ​လှော်​ရင်​ ၅၀၀ ဂရမ် အထုတ်၂ထုတ်ကို လှော်​ပါတယ်
  3. စတင်ပြီး လှော်ဖို့ပြင်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
  4. အသားပါးတဲ့ ဒယ်အိုးဆိုရင် ရွှေကြည်မှုန့်က နူးညံ့လွန်းတဲ့အတွက် ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်
  5. ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော် လျှော့​ပေးပါ
  6. မီးပြင်းရင်​ အ​ရောင်​မည်းပြီး ကျွမ်းလွယ်​တဲ့အတွက်​ မီးအ​နေ​တော်​နဲ့ ​လှော်​တာ အ​ကောင်းဆုံးပါ
  7. ​လှော်​​နေစဉ်​ အကျက်​ညီ​စေရန် သစ်သားယောင်းမဖြင့်​ အဆက်မပြတ်  ​မွှေ​မွှေ​ပေးပါေ
  8. ရွှကြည်မှုန့်အားလုံး ​ရွှေအို​ရောင်​ သန်းလာပြီး မွှေးလာပြီဆိုရင်တော့​ ဇလုံကျယ်ကျယ် (သို့မဟုတ်​) လင်​ဗန်း ( သို့မဟုတ်) စ​ကောထဲကို သွန်ထည့််ပြီး အ​အေးခံပါ
  9. အအေးခံ​ထား​သော ရွှေကြည်အ​လှော်မှုန့်များကို ဆနွင်းမကင်းလုပ်ရန်နှင့် မုန့်ဟင်းခါးထဲ ထည့်ချက်ရန်အတွက် ​လေလုံပြီး ​ခြောက်​​သွေ့​သော ဖန်​ပုလင်းထဲမှာထည့်​ပြီး လိုအပ်​​သောအချိန်​ သုံးနိုင်​ရန်​ သိမ်းထားနိုင်​ပါတယ်။

Saturday, 14 October 2017

ပဲအကျက်မှုန့်







မြန်မာပြည်မှာလို လိုချင်တဲ့အချိန် အလွယ်တကူ မရနိုင်တဲ့ အစားအသောက်တွေကို အလုပ်အားချိန်လေးမှာ ပြင်ဆင်ဖို့ မီးဖိုဆောင်လေးထဲမှာ အချိန်ကုန်တတ်ပါတယ်။

ဒီနေ့တော့ အသုပ်မျိုးစုံ သုပ်စားချင်ရင် အဆင်သင့် ရအောင်အတွက် ပဲအကျက်မှုန့် လှော်နည်းလေး မျှဝေလိုက်ပါတယ် လှော်ရတာ လွယ်ကူတယ် ထင်ရပေမဲ့ မီးအချိန်အဆ မမှန်ရင်တော့ ကျွမ်းသွားတာတို့ မကျက်တတ်တာတို့ ဖြစ်တတ်တဲ့အတွက် သတိထားပြီး လှော်စေချင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပြင်​ဆင်​ပုံ

  1. ပဲမှုန့်ကိုပိုးကောင်များ ပဲအခဲများ မပါစေရန် ဇကာစိတ်စိတ်လေးနှင့်စစ်ကာ ပြင်ထားပါ
  2. ခဲနေသော ပဲအခဲများကို ထဲ့မလှော်ဘဲ ဖယ်ပြစ်ပါ
  3. မာမာက​တော့ တခါ​လှော်​ရင်​ ပဲမှုန့် ၅၀၀ဂရမ် အထုတ်​​လေး တထုတ်​စာကို ​လှော်​ပါတယ်
  4. လှော်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
  5. အသားပါးတဲ့ ဒယ်အိုးဆိုရင် ပဲမှုန့်ကသေချာ မကျက်ဘဲ ခနလေးနဲ့ ကျွမ်းပြီး မဲသွားတတ်ပါတယ်
  6. ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ပဲအစိမ်းမှုန့်ကို ထည့်ပေးကာ ​လှော်​ပေးပါ
  7. မီးပြင်းရင်​ အ​ရောင်​မည်းပြီး ကျွမ်းလွယ်​တဲ့အတွက်​ မီးအ​နေ​တော်​နဲ့ ​လှော်​တာ အ​ကောင်းဆုံးပါ
  8. ​လှော်​​နေစဉ်​ အကျက်​ညီ​စေရန်နှင့် လှော်နေစဉ် ပဲအခဲလေးများ ဖြစ်တတ်တဲ့အတွက် သစ်သားယောင်းမဖြင့်​ အဆက်မပြတ်  ​မွှေ​မွှေ​ပေးပြီး ဖိဖိချေပေးပါ
  9. ပဲမှုန့်အားလုံး ​ရွှေအို​ရောင်​ သန်းလာပြီး မွှေးလာပြီဆိုရင်​ ဇလုံကျယ်ကျယ် (သို့မဟုတ်​) လင်​ဗန်း ( သို့မဟုတ်) စ​ကောထဲကိုထည့်​ပြီး အ​အေးခံပါ
  10. အအေးခံ​ထား​သော ပဲအလှော်မှုန့်များကို အသုပ်မျိုးစုံ သုပ်စားရန်အတွက် ​လေလုံပြီး ​ခြောက်​​သွေ့​သော ဖန်​ပုလင်းထဲမှာထည့်​ပြီး လိုအပ်​​သောအချိန်​ သုံးနိုင်​ရန်​ သိမ်းထားနိုင်​ပါတယ်။

Sunday, 10 September 2017

ဆန်လှော် လှော်နည်း






ဒီ​နေ့မနက်​ အိပ်​ယာက ​စော​စောထ အိမ်​စာပါတာ​တွေလုပ်​ပြီး အချိန်​ပို​နေတာနဲ့ မုန့်​ဟင်းခါးချက်​ရင်​ထည့်​ဖို့ ဆန်​​လှော်​မှုန့်​နဲ့ ဆန်​​လှော်​ဆန်​ပြုပ်​ ပြုပ်​ချင်​ရင်​ အဆင်​သင့်​ ရ​အောင်ဆိုပြီး​ ဆန်ကို​​လှော်​ပြီး အ​အေးခံ ပုလင်း​လေး​တွေထဲ ထည့်​ပြီး သိမ်းထားလိုက်​တယ်။

ဆန်လှော်မှုန့် အလွယ်​တကူ ၀ယ်​လို့မရနိုင်​တဲ့​ နေရာနဲ့ သန့်​သန့်​ပြန့်​ပြန့်​ စားချင်​သူ​တွေအတွက်​ အရမ်းအဆင်​​ပြေတဲ့ နည်း​လေးဖြစ်ပြီး face book မှာ ဆန်လှော်မှုန့် လုပ်နည်းလေး လာမေးကြတဲ့ သူတွေအတွက်ရော မသိကြသေးတဲ့ သူတွေ အတွက်ပါ ရေးပေးလိုက်ပါတယ်။

ပြင်​ဆင်​ပုံ

  1. ဆန်​ကို​ရေမ​ဆေးဘဲ အ​ခြောက်​​လှော်​ဖို့အတွက်​ အိုးတလုံးထဲကို ထည့်​ပါ
  2. မာမာက​တော့ တခါ​လှော်​ရင်​ ဆန်​​လှော်​ဆန်​ပြုပ်​ရယ်​ ဆန်​​လှော်​မှုန့်​ရယ်​အတွက်​ ၃ကီလိုအထုတ်​​လေး တထုတ်​စာကို ​လှော်​ပါတယ်
  3. စပြီး လှော်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
  4. အသားပါးတဲ့ ဒယ်အိုးဆိုရင် ဆန်ကသေချာ မကျက်ဘဲ ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်
  5. ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ​လှော်​ပေးပါ
  6. မီးပြင်းရင်​ အ​ရောင်​မည်းပြီး ကျွမ်းလွယ်​တဲ့အတွက်​ မီးအ​နေ​တော်​နဲ့ ​လှော်​တာ အ​ကောင်းဆုံးပါ
  7. ​လှော်​​နေစဉ်​ အကျက်​ညီ​စေရန် သစ်သားယောင်းမဖြင့်​ အဆက်မပြတ်  ​မွှေ​မွှေ​ပေးပါ
  8. ဆန်​သားအားလုံး ​ရွှေအို​ရောင်​ သန်းလာပြီဆိုရင်​ ဇလုံကျယ်ကျယ် (သို့မဟုတ်​) လင်​ဗန်း ( သို့မဟုတ်) စ​ကောထဲကိုထည့်​ပြီး အ​အေးခံပါ
  9. အအေးခံ​ထား​သော ဆန်​လှော်များကို ဆန်လှော်ဆန်ပြုပ် ပြုပ်ရန်အတွက် ​လေလုံပြီး ​ခြောက်​​သွေ့​သော ဖန်​ပုလင်းထဲမှာထည့်​ပြီး လိုအပ်​​သောအချိန်​ သုံးနိုင်​ရန်​ သိမ်းထားနိုင်​ပါတယ် 
  10. ဆန်လှော် ထမင်းပေါင်းအိုး ဆန်ချင်ဘူး တဗူးခွဲလောက်ဆို ဆန်ပြုပ်ပြုပ်ပါက မိသားစု ၃ယောက် လုံလောက်စွာ အတွက် သုံးဆောင်နိုင်ပါတယ်​။