Wednesday 31 August 2016

မျှစ် ငါးပိထောင်း







အေးစိမ့်နေတဲ့ ရာသီဥတုကို အကြောင်းပြုလို့ ပူစပ်နေတဲ့ မျှစ်ငါးပိထောင်းလေးကို စားချင်စိတ်က ပေါ်လာလေတော့ ရေခဲသေတ္တာထဲ မြေလှန်ရှာပြီးသကာလ ထောင်းကြမယ် စားကြမယ် အစီအစဉ်လေး တနေ့တာအတွက် ပြင်ဆင်လိုက်ပါတယ်။

အရံဟင်းတမယ်လို့ ဆိုပေမဲ့ ဒီဟင်းတမျိုးထဲနဲ့တောင် စားလို့မြိန်စေတဲ့အတွက် ဒီနေ့တော့ ထိုင်းရိုးရာ အစာတခုကို အခြေခံပြီး မျှစ်ထောင်းပူစပ်စပ် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား မျှစ်ချိုနု - အသေး 400 g
  2. ချယ်ရီခရမ်းချဉ်သီး - အနေတော် ၇လုံး
  3. ခရမ်းကြွတ်သီး - ၂လုံး ( ရှိလျှင်ထည့်ပါ)
  4. ပဲတောင့်ရှည် - ၃တောင့်
  5. ပုစွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်း
  6. မြေပဲလှော် - ထမင်းစားဇွန်း ၁ဇွန်း ( နှစ်သက်လျှင်ထည့်ပါ )
  7. ထန်းလျက် - အသေး တစ်ခဲ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  9. ကြက်သွန်နီ - အသေး ၃လုံး
  10. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  11. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ပင်စိမ်းရွက် - အနည်းငယ်

ပြင်ဆင်ပုံ
  • ဈေးမှဝယ်လာသော ပြုပ်ပြီးသား မျှစ်ချို အနုအဖူးလေးတွေကို ရေနွေးဆူဆူမှာ ၁၀မိနစ်လောက် ထပ်ပြုပ်ပြီး အအေးခံထားပါ
  • အေးသွားပါက လေးစိတ်ခွဲ ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • ချယ်ရီခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်း လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး လက်တဆစ်ခန့် လှီးထားပါ
  • ခရမ်းကြွတ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ တစ်မိနစ်လောက်ထည့်ပြီး မွှေးလာအောင် ကင်ပေးပါ
  • မြေပဲလှော်ကို အခွံချွတ်ထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • ထန်းလျှက်ခဲကို ပြင်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထောင်းရလွယ်စေရန် ခပ်သေးသေးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးပေးထားပါ
  • ငရုတ်ဆုံထဲမှာ ထန်းလျက်ခဲကို အနည်းငယ်ကြေသွားအောင် ဖိချေပြီး ထောင်းပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း လုံးခြမ်းကွဲရအောင် ထောင်းပေးပါ
  • မြေပဲလှော် ပုဇွန်ခြောက်နှင့် ပုဇွန်ငါးပိကိုထည့်ပြီး ဖိချေကာ ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ လေးစိတ်ကွဲ လှီးထားသော မျှစ်များ ပင်စိမ်းရွက် လှီးထားသော ပဲသီး ခရမ်းကြွတ်သီးနှင့် ခရမ်းချဉ်သီးတို့ကို ခပ်ဖွဖွ ထောင်းပေးပါ
  • ခပ်ဖွဖွ ထောင်းပြီးတာနဲ့ ပူပြီးစပ်ကာ မွှေးနေတဲ့ မျှစ်ထောင်းကို နှစ်သက်သလို စားသုံးနိုင်ပါပြီ 
  • ထိုင်းအစာတွေမှာ အသီးအရွက်တွေကို ထောင်းတယ်လို့အမည်တပ်ပေမဲ့ အသီးအရွက်တွေကို ညက်နေအောင် ထောင်းခြင်းမဟုတ်ဘဲ ခပ်ဖွဖွလေးဘဲ ထောင်းကြပါတယ်။

Tuesday 30 August 2016

မုန့်လက်ကောက်ကြော်







အပြင်မသွားဖြစ်တဲ့ ရက်တွေတိုင်း အိမ်မှာမြန်မာမုန့်လေးတွေ လုပ်စားရတာ အင်မတန် ပျော်ဖို့ကောင်းပါတယ် ဒီနေ့တော့ မုန့်လက်ကောက်ကို နှမ်းဖြူ ထန်းလျှက်ရည်လေးနဲ့နယ်ပြီး အရသာ တမျိုးယူကာ ကြော်ထားပါတယ်။

ကောက်ညှင်းမုန့်လက်ကောက်ဆိုရင် ကြော်ပြီးတာနဲ့ ပျော့သွားတယ်လို့ ပြောတတ်ကြပါတယ် ကောက်ညှင်းတို့ရဲ့ ထုံးစံမို့လို့ မုန့်လုပ်ရင် ပျော့တတ်တာ သဘာ၀ပါဘဲ မပျော့အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အကြိမ်ကြိမ် စမ်းသပ်လိုက်တာ ဒီတစ်ခါတော့ အောင်မြင်သွားပါပြီ။

မုန့်လက်ကောက်ကို မီးအရမ်း မပြင်းစေဘဲ မီးအနေတော်နဲ့ ပထမ တစ်ခါကြော်ပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်၍ အအေးခံကာ နောက်တကြိမ် မီးအနည်းငယ် ထပ်လျှော့ပြီး မီးအေးအေးနဲ့ ပြန်ပြီးကြော်ပေးခြင်းဖြင့် ကောင်ညှင်းမုန့်လက်ကောက် ကြွတ်ကြွတ် မွမွကြော်လေး ရလာပါလိမ့်မယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံး ၈နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ်။

ဖြစ်နိူင်ရင်တော့ မုန့်လက်ကောက်ကို မုန့်သားစပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပြီးမှ ကြော်တာအကောင်းဆုံး ဖြစ်ပါတယ်။

မုန့်သားစပ်တဲ့ အခါမှာလဲ တစ်ယောက်နဲ့ တစ်ယောက် သုံးကြတဲ့ ကောက်ညှင်းမှုန့် အမျိုးအစားတွေ မတူကြတဲ့အတွက် ရေကိုလိုတိုး ပိုလျှော့ လုပ်ပေးပါ။

ဒါကြောင့်မို့ မိမိကို ဆီပူမထိရလေအောင် မုန့်သားသေအောင် ထားပြီးမှ ကြော်တာက အကောင်းဆုံးပါဘဲ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့်. - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် နှစ်ခွက်
  2. ဆန်စိမ်းမှုန့် - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ခွက်တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. baking soda - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ရေခပ်နွေးနွေး - မုန့်လုပ်ရာတွက် ချင်တွယ်သောခွက် တစ်ခွက်
  8. ဆီ - လိုသလောက် သုံးပေးပါ
  9. ထန်းလျှက်ခဲ - 200 g
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထန်းလျှက်ရည်ကျိုရန်)
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကောက်ညှင်းမှုန့်စပ်ရန်နှင့် ထန်းလျှက်ရည်ကျိုတဲ့အထဲ ထည့်ရန်)
  12. ထန်းလျှက်ရည်ကျိုပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (မုန့်သားစပ်ရန်)
  13. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း (မုန့်သားစပ်ရန်)

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ဆန်မှုန့် baking soda ဆီ ဗနီကာ နှမ်းဖြူ ကောက်ညှင်းမှုန့်နှင့် ဆားတို့ကို ထည့်ထားပါ
  • ရေကို အိုးတစ်လုံးထဲမှာထည့်ပြီး ပွက်ပွက်ဆူလာအောင် အပူပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲကို ကျိုထားသောရေနွေးတို့ကို နည်းနည်းချင်း ထည့်ပေးကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပျော့အမာအပေါ် မူတည်ပြီး ရေနွေးကို နည်းနည်းချင်း ထည့်ပေးပြီး နယ်ပေးပါ
  • မုန့်သား အနည်းငယ် ပျော့လာပြီဆိုရင် မုန့်သားအရမ်း မပျော့စေရန်ရေကို အကုန်မထည့်ဘဲ ချန်ထားလိုက်ပါ
  • မုန့်သား အနည်းငယ် ပျော့လာပါက နှမ်းနှင့် ထန်းလျက်ရည် ကျိုပြီးသား ထမင်းစားဇွန်း တစ်ဇွန်းခန့်ကိုထည့်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ အ၀တ်စသန့်သန့်ကို ရေစွတ်ပြီး ရေညှစ်ကာ မုန့်သားအပေါ် အုပ်ထားပေးပါ
  • မုန့်သားသေပြီး ကြော်လို့ကောင်းစေရန် မုန့်သားကို ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ပြီးတာနဲ့ လက်တစ်ဖျစ်စာသာသာ  အနေတော်မုန့်သားကိုယူကာ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေး ရတာနဲ့ ထိပ်စ၂ဖက်ကို အဝိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ မုန့်ကွင်းကို တစ်ခုချင်း ထည့်ကြော်ပေးပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ကာ မုန့်သားလဲ ပေါက်ထွက်တတ်ပါတယ်
  • ဒါကြောင့်မို့လို့ မီးအနေတော်နဲ့ဘဲ ကြော်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ရွှေဝါရောင်သို့ ပြောင်းသွားပြီး ကျွတ်လာပါက ဆယ်ပြီး ဆီစစ်ဇကာထဲထည့်ကာ ဆီစစ်ပေးပါ
  • ထိုနည်းအတိုင်း မုန့်သားအားလုံးကုန်အောင် ကြော်ပေးကာ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ကြော်ထားသော မုန့်လက်ကောက်များ အေးလာပါက ဆီအိုးကို မီးအနည်းငယ် ထပ်လျော့ကာ အပူပေးပါ
  • ဆီပူလာမှ မုန့်လက်ကောက်များကို တစ်ခုခြင်းစီ အိုးဆန့်သလောက်ထည့်ပေးကာ ထပ်ကြော်ပေးပါ
  • ကြွတ်ရွလာတဲ့အထိ စိတ်ရှည်ရှည် ကြော်ပေးပြီး ဆယ်ကာဆီပြန်ပြီး စစ်ပေးထားပါ
  • မုန့်လက်ကောက် ကြော်နေစဉ် တဖက်ကျက်လာရင် တစ်ဖက်ကို လှန်ပေးပါ
  • ၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး တစ်ခုလုံး ကျွတ်လာပါက ဆယ်ပြီး Paper Towels ပေါ်တင်ပြီး ဆီစစ်ပေးပါ။
ထန်းလျှက်ရည်ကျိုရန်
  • အိုးတစ်လုံးထဲမှာ ထန်းလျှက်ခဲ ဆားနှင့် ရေကိုထည့်ပြီး မီးအနေတော်နှင့် ထန်းလျှက်ခဲ ကျေအောင်ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက ထန်းလျှက်ရည်ကို ဆက်တိုက်မွှေပေးပါ
  • ပြီးတာနဲ့ ပိတ်ပါးစထဲထည့်ကာ အမှိုက်များ စစ်ပေးပါ
  • အမှိုက်စစ်ထားသော ထန်းလျှက်ရည်ကို အိုးသန့်သန့် တစ်လုံးထဲ ပြန်ထည့်ပြီး ထန်းလျှက်ရည် ပျစ်လာတဲ့အထိ ပြန်ကျိုပေးပါ
  • ထန်းလျှက်ရည် ကြွက်မြှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • ကြွက်မြှီးတန်း အနေအထားလောက်ရရင် အအေးခံပြီးပါက နှစ်ပြန်ကြော် မုန့်လက်ကောက် မွှေးမွှေးလေးနှင့်တို့ပြီး စားသုံးရန် ပြင်ဆင်ပေးလို့ ရပါပြီ။

Monday 29 August 2016

သခွားသီးထောင်း








အခုရက်ထဲ ရာသီဥတုက အေးလေတော့ ပူပူစပ်စပ်လေးတွေ လုပ်စားဖြစ်ပါတယ် ဒီနေ့တော့ စားနေရင်းကို ခြွေးဒီးဒီးကျစေပြီး စားလေစားလေ ဇွန်းကိုလက်က မချချင်လေအောင် ဆွဲဆောင်စေပြီး ငတ်မပြေစေတဲ့ ထိုင်းစတိုလ် သခွားသီးသုပ် ချို ချဉ် ငံ စပ် လေး သုပ်စားဖြစ်လို့ သုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  1. သခွားသီး - အနေတော်၂ လုံး
  2. ငရုတ်သီးစိမ်း အနီတောင့် - ၃ တောင့်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  4. ကြက်သွန်နီ  - အလုံးသေး ၃လုံး (Onion Shallot French  )
  5. cheery tomato - ၆ လုံး
  6. ပဲတောင့်ရှည် - ၉ တောင့်
  7. သံပုရာသီး  - ၁ လုံး
  8. ကြံသကာအနှစ် (သို့မဟုတ် ) ထန်းလျှက်ခဲ - ထမင်းစားဇွန်း ၁ ဇွန်း
  9. ပုစွန်ခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
  10. ငါးငံပြာရည်  - ထမင်းစားဇွန်း၂ ဇွန်း 
  11. သံပုရာရရည် - ထမင်းစားဇွန်း ၁ ဇွန်း 
  12. မြေပဲလှော် -  ထမင်းစားဇွန်း ၂ ဇွန်း (  နှစ်သက်လျှင် ထည့်ပေးပါ)

ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အလုံးလိုက် ရေဆေး၍ ဓါးနှင့်ခပ်ကြမ်းကြမ်း လိုက်ပေါက်ပြီး လှီးချကာ ရေခဲသေတ္တာထဲမှာ ဆယ်မိနစ်လောက် ထည့်ထားပါ
  • ချယ်ရီခရမ်းချဉ်သီးများကို ရေဆေးပြီး ထက်ခြမ်း ခွဲထားပါ
  • ပဲတောင့်ရှည်များကို ရေဆေးပြီး တစ်လက်မလောက် အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါး လှီးထားပါ
  • မြေပဲလှော်ကို အခွံချွတ်ထားပါ
  • သံပုရာသီးကို အူတိုင်ဖယ်ပြီး ၃စိတ်စိတ်ကာ လှီးပေးပါ
  • ကြံသကာအနှစ်ကို အဆင်သင့် ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို မညက်တစ်ညက် ထောင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ပုဇွန်ခြောက်ထဲ ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အညှာခြွေပြီး မညက်တစ်ညက် ထည့်ထောင်းပေးပါ
  • ကြံသကာသို့မဟုတ် ထန်းလျှက်ခဲ ငါးငံပြာရည် သံပုရာရည်တို့ထည့်ပြီး ငရုတ်ကျည်ပွေ့နှင့် သမအောင် ခပ်ဖွဖွ မွှေပေးပါ
  • ပဲတောင့်ရှည်နှင့် ချယ်ရီခရမ်းချဉ်သီးလေးတွေကိုထည့်ပြီး လေး ငါးချက်လောက် ခပ်ဖွဖွ ထောင်းပေးပါ
  • အားလုံး သမသွားပြီ ဆိုတော့မှ လှီးထားသော ကြက်သွန်နီ အအေးခံထားသော သခွားသီးနှင့် သံပုရာရည်ညှစ်ပြီး သံပုရာသီး အခွံပါထည့်ကာ ခပ်ဖွဖွလေး ထောင်းပြီးမွှေပေးပါ
  • ထိုင်းသင်္ဘောသီးထောင်း မျှစ်ထောင်း သခွားသီးထောင်း အစရှိတဲ့ ထောင်းနည်းတွေဟာ ငရုတ်ကျည်ပွေ့နဲ့ အရမ်း ခပ်ပြင်းပြင်း ထောင်းခြင်းမဟုတ်ဘဲ ခပ်ဖွဖွလေးထောင်းကာ အရသာ သမသွားအောင် ထောင်းနည်းလေးတွေ ဖြစ်တာမို့လို့ ခပ်ဖွဖွဘဲ ထောင်းစေချင်ပါတယ်
  • ချို ချဉ် ငံ စပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းကို ထောင်းလို့ထွက်လာသော အရည်များပါ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး နှစ်သက်ပါက ( မြေပဲလှော်ဖြူးကာ) သုံးဆောင်ရန် ပြင်ပေးပါ

Sunday 28 August 2016

ငါးအစပ်ကြော် မွှေးမွှေးလေး










ရာသီဥတု အေးစိမ့်နေအောင် ချမ်းနေချိန်မှာ ပူပူစပ်စပ်လေးတွေ စားချင်မိလေတော့ ငါးကိုအစပ်လေး ကြော်ဖို့ပြင်ရပြန်ပါတယ်။

ငါးချင်း ငါးမြစ်ချင်းလိုငါးမျိုးနဲ့ အစပ်ကြော်ရင် ပိုပြီးကောင်းပေမဲ့ အလွယ်တကူရဖို့ မလွယ်တဲ့ငါးမျိုးမို့လို့ အလွယ်တကူရနိုင်တဲ့ ဘာဆာငါးနဲ့ဘဲ ကြော်ပေမဲ့ စားလို့ကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး အသားလွှာ  - 500 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  3. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်ပေးပါ)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - လိုသလောက်

ပြင်ဆင်ပုံ

  • ဘာဆာငါး ငါးအသား လွှာပြီးသားကို ရေဆေးပြီး ရေစ်ထားပါ
  •  ကြော်နေစဉ် ကျေမသွားစေရန် သင့်တော်သလို ခပ်ထူထူ လှီးပေးပါ
  • လှီးထားသောငါးကို ဆား နနွင်းမှုန့်တို့နှင့် အချိုမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီး လုံးခြမ်းကွဲကို ပြင်ထားပါ
  • ငါးကြော်စဉ် ဆီပူများ ပေါက်မထွက်စေရန် ဇောက်နက်သော ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာ နယ်ထားသောငါးကို တတုံးခြင်းထည့်ပြီး ကြော်ပေးပါ
  • တဖက်ကျက်မှ နောက်တဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ငါးတတုံးလုံး ရွှေဝါရောင် ဖြစ်လာတာနဲ့ ဆယ်ထားပေးပါ
  • ဆီအိုးထဲမှာ ဆီထမင်းစားဇွန်း ငါးဇွန်းစာလောက် ချန်ထားပေးပြီး မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ ဆီအိုးကို မီးဖိုပေါ် ပြန်တင်ပေးပါ
  • ဆီအိုးအငွေ့တက်လာတာနဲ့ ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ အနည်းငယ် အ၀ါရောင် သန်းလာတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်အပူရှိန်နဲ့ဘဲ ငရုတ်သီး လုံးခြမ်းကွဲကို ထည့်ကြော်ပါ
  • ငရုတ်သီးအနံ့ မွှေးလာတာနဲ့ ငံပြာရည်နှင့် ကြော်ထားသောငါးကို ထည့်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ ငါးအစပ်ခြောက်ကြော် မွှေးမွှေးစပ်စပ်လေးကို ချဉ်ရည်ဟင်းနှင့် ပြင်ပေးကာ ထမင်းပူပူနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Saturday 27 August 2016

ပဲနို့ စိမ့်စိမ့်လေး










ပဲနို့တွေ ၀ယ်သောက်တိုင်း ဈေးကြီးလေတော့ အိမ်မှာကိုယ်တိုင် ကျိုသောက်ဖို့ ပြင်ဆင်ရ ပြန်ပါတယ် ပြင်ဆင်နည်း အဆင့်လေးတွေ များသလို ကျိုရတာလဲ စိတ်တော့ ရှည်ဖို့လိုပါတယ်။

အဲဒီလိုပါဘဲ ကျိုပြီးပြန်တော့ အိုးတွေပန်းကန်တွေ ဆေးရတာ အတော်လေးတော့ အလုပ်ရှုတ်သားလို့ ပြောရမှာပါ။

နောက်ဆုံး ပြန်တွက်ကြည့်လိုက်တော့ ရေမီတာ မီးမီတာဖိုး အရမ်းဈေးကြီးတဲ့ နိုင်ငံမှာ ကျိုရတဲ့ မီးဖိုးရယ် ဆေးရကြောရတဲ့ ရေဖိုးရယ် ပြန်တွက်ကြည့်လိုက်ရင်တော့ အဆင်သင့် ၀ယ်သောက်ရတာက ပိုပြီးတန်ပါတယ်။

ဒါပေမဲ့လဲ သန့်သန့်ပြန့်ပြန့် လတ်လတ်ဆတ်ဆတ် သောက်ချင်သူတွေအတွက် မာမာပြင်ဆင်ထားတဲ့ ပြင်ဆင်ပုံလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Soy Bean - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
  2. ရေ - 800 ml 
  3. သကြား - လိုသလောက်

ပြင်ဆင်ပုံ
  • Soy Bean ပဲ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ဇလုံတခုထဲထည့်ကာ ရေများများနှင့် တညသိပ် စိမ်ပေးထားပါ
  • နောက်နေ့မနက် ပဲများပွလာပါက ရေစိမ်အနံ့ သက်သာစေရန် ရေ၂ထပ်လောက် ဆေးပေးပါ
  • ဗလင်ဒါထဲကို ရေ၀နေသောပဲ တ၀က်ခွဲပြီး ရေ 300 ml နှင့်ရောထည့်ကာ တမိနစ်ကြိတ် တခါနားပြီး ၁၀မိနစ်လောက် ကြိတ်ပေးပါ
  • ကျန်နေသောပဲကိုလဲ ထိုနည်းအတိုင်း ကြိတ်ပေးပါ အားလုံးကြိတ်ပြီးတာနဲ့ ရေ 200 ml လောက်ထည့်ကာ ဗလင်ထဲက ပဲအနှစ်များကိုဆေးပြီး ကြိတ်ထားသော ပဲအနှစ်များထဲမှာ ရောထည့်ပေးပါ
  • အားလုံးကြိတ်ပြီးတာနဲ့ ပိတ်စပါးပါးကို နှစ်ထပ်ခံကာ အောက်ခြေအပေါက်ပါသော ဇကာသန့်သန့်ပေါ်မှာ ပိတ်စကိုခံပြီး လောင်းထည့်ပေးပါ
  • ပဲဖတ်များ မပါအောင် သတိထားပြီး စစ်ပေးပါ ပုံမှာပါသော ပိတ်စက အရမ်းပါးတဲ့အတွက် ရေညှစ်လျှင့် ပြဲသွားတတ်တဲ့အတွက် သတိထားပြီး ညှစ်ပေးပါ
  • ပဲရည်အနှစ်များ ကုန်သည်ထိ ညှစ်ချပေးပါ
  • ပြီးတာနဲ့ အိုးတလုံးထဲ ပြောင်းထည့်ပေးပြီး ကျိုပေးပါ
  • ကျိုနေစဉ် ဝေမကျအောင် သစ်သားယောင်းမကို အိုးပေါ်မှာ ကန့်လန့်တင်ပေးထားပါ
  • အိုးပေါ်တက်လာသော အမြုပ်များကို ခပ်ပြီးသွန်သွန်ပေးပါ
  • ပဲရည်အိုး ပွက်ပွက်ဆူလာပါက မီးကိုအနေတော်လျှော့ပြီး မလိုင်ဖတ်များ တက်လာတဲ့အထိ ကျိုပေးပါ
  • ခပ်ပျစ်ပျစ် နှစ်သက်သက်ပါက ပဲနို့ကို 600 ml လောက်ရတဲ့အထိ ကျိုပေးပါ
  • ခပ်ကျဲကျဲလေး ကြိုက်ပါက ရေ 700 ml လောက် ကျန်အောင် ကျိုပေးပါ
  • ပဲနို့ရည် ရပါက သကြား အချိုအပေါ့ လိုသလို ထည့်ပြီး ဖျော်ပေး၍ သုံးဆောင်နိုင်ပါပြီ။
ပိုနေသော ပဲဖတ်ကို တချို့ကတော့ ဗယာကြော်လို ကြော်စားကြပါတယ် ဒါပေမဲ့ ဆီအရမ်းစုတ်ပြီး အရသာကုန်နေသော ပဲဖတ်များ ဖြစ်တဲ့အတွက် ကြော်စားလို့ အရသာ လုံးဝမကောင်းပါ လွှင့်ပြစ်လိုက်တာသာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ။

Friday 26 August 2016

ဇီးဖြူသီး ငါးပိထောင်း








ဇီးဖြူသီးလေးတွေ ရလာတော့ ပျော်မိတယ်ပေါ့နော် မြန်မာပြည်မှာ နေတုန်းက ခနခန ထောင်းစားဖြစ်လေတော့ မစားရတာ ကြာနေပြီဖြစ်တဲ့ ဇီးဖြူသီးထောင်းကို ဒီနေ့တော့ အားရပါးရ ထောင်းလိုက်ပါတော့တယ်။

ဇီးဖြူသီး ထောင်းနည်းတွေ အမျိုးမျိုးရှိပေမဲ့ ဇီးဖြူသီးအစိမ်းကို မာမာ့အမေ ထောင်းတဲ့နည်းအတိုင်း အစိမ်းထောင်းနည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ဇီးဖြူသီး - အလုံးကြီးကြီး ၁၅လုံးခန့်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  3. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  4. ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက် - ထမင်းစားဇွန်း ၃ဇွန်း 
  6. ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  7. ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်းခန့်

ပြင်ဆင်ပုံ
  • ဇီးဖြူသီးများကို ရေစင်အောင်ဆေးပြီး ငရုတ်ဆုံထဲမှာ လုံးခြမ်းကွဲ အနေအထားရအောင် ထုပေးပါ
  • ထုနေစဉ် ထွက်လာသော အစေ့များကို ဖယ်ပေးပါ
  • လုံးခြမ်းကွဲ အနေအထား ရနေသော ဇီးဖြူသီးများကို ခပ်နုတ်နုတ် အနေအထားရအောင် ထောင်းပေးပြီး ဆား ထမင်းစားဇွန်း တစ်ဇွန်းနှင့်နယ်ကာ အဖန်ရည်များ ထွက်သွားအောင် အရည်များကို ညှစ်ပေးထားပါ
  • ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ မီးဖိုထဲထည့်ပြီး တစ်မိနစ်လောက် ကင်ပေးပါ သို့မဟုတ် ဇွန်းခွက်မှာ ကပ်ပြီး မီးဖိုမှာ မွှေးလာအောင် ကင်ပေးပါ
  • ကြက်သွန်ဖြူကို အမွှာလေးများ ရလာအောင် မွှာထားပါ
  •  ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မွှေးလာအောင် လှော်ထားပါ
  • ပုဇွန်ခြောက်ကို မွှေးလာအောင် ၂မိနစ်လောက် လှော်ပေးထားပါ
  • ပြီးတာနဲ့ လှော်ထားသော ငရုတ်သီးစိမ်း ကြက်သွန်ဖြူနှင့် ပုဇွန်ခြောက်တို့ကို ညက်နေအောင် ထောင်းပေးပါ
  • ပုဇွန်ခြောက်ထောင်းများ ညက်တာနဲ့ ကင်ထားသော ပုဇွန်ငါးပိကို ထည့်ထောင်းပါ
  • ထောင်းတာ သမသွားပြီဆိုတာနဲ့ ဇီးဖြူသီးများကို ထည့်ထောင်းပါ
  • အငံကြိုက်ပါက ဆားအနည်းငယ် ထည့်ထောင်းပေးပြီး အချိုအတွက် ပုဇွန်ငါးပိနှင့် ပုဇွန်ခြောက် ပါသောကြောင့် အရသာမှုန့် ထည့်ရန်မလိုပါ
  • ဇီးဖြူသီး ထောင်းနေတာ အတော်လေး ညက်သွားပြီ ဆိုတာနဲ့ ပဲဆီမွှေးမွှေးလေး ဆမ်းပေးကာ ဇီးဖြူသီးထောင်းကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Thursday 25 August 2016

ချဉ်ငံစပ်ဆော့ အနှစ်ဆမ်း ငါးကြော်












ထိုင်းရိုးရာစစ်စစ် ချို ချဉ် ငံ စပ် ဆော့စ် အနှစ်ဆမ်း  ငါးကြော်နည်းကို အခြေခံပြီး ကြော်ထားတာဖြစ်လို့  ပြင်ဆင် ချက်ပြုပ်ပုံ အနည်းငယ် ကွားခြားနိူင်ပါတယ်။

အမှန်တကယ် ထည့်ရမဲ့ ပစ္စည်းတွေထဲမှာလဲ နံနံပင်အမြှစ် မရလေတော့ နံနံပင်အမြှစ်အစား နံနံပင်အရိုးကို ထည့်ထားပြီး ပြင်ဆင်ပေးထားပါတယ်။

ထိုင်းအစားအစာတွေဟာ မြန်မာခံတွင်းနဲ့ နီးစပ်ပြီး စားမိန်ဟင်းတမယ် ဖြစ်စေတဲ့အတွက် လွယ်ကူမြန်ဆန်တဲ့  ကြော်နည်းလေးဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

ငါးမုတ် (သို့မဟုတ်) က ကတစ်ငါး (သို့မဟုတ် ) ပင်လယ်ငါး တကောင် - တကီလိုခန့်
ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
နံနံပင်အမြှစ် - ၂ခု (အဆင်သင့်မရှိပါက မထည့်လဲရ)သို့မဟုတ် နံနံပင်အရိုး အနည်းငယ်
ငရုတ်သီးစိမ်း အနီရောင် - စားနိူင်သလောက်
မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
သကြား - ထမင်းစားဇွန်း သုံးဇွန်း
နံနံပင် - အနည်းငယ်
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ဆီ - ငါးကြော်ရန် လိုသလောက်
ပဲဆီ - ထမင်းစားဇွန်း ၄ဇွန်း (ငါးကြော်ဆမ်းဖို့ အနှစ်ကြော်ရန်အတွက်)

ငါးကြော်ရန် ပြင်ဆင်ပုံ
ငါးကို အကြေးထိုးပြီး မလိုသော ဆူးတောင်များ ခုတ်ကာ ဗိုက်ခွဲပြီး မလိုတာတွေ ထုတ်ပေးပါ
အကောင်လိုက်ကို ရေစင်အောင်ဆေးပြီးမှ ရေစစ်ကာ ငါးရဲ့တဖက်ဆီမှာ ခပ်ကြီးကြီး တချက်စီ မွှန်းပေးပါ
ပြီးတာနဲ့ ငါးကိုရေစစ်ထားပြီး နနွင်းမှုန့် အချိုမှုန့် ဆားတို့နှင့် အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးထားပါ
အရသာနယ်ပြီးတာနဲ့ ငါးတကောင်လုံးကို ဂျုံမှုန့်ဖြူးပြီး နယ်ပေးပါ
ပြီးတာနဲ့ ဒယ်အိုးကြီးကြီးကို အပူပေးပြီး ဆီများများ ထည့်ပေးပါ
ဆီပူလာတာနဲ့ ငါးကို ထည့်ကြော်ပါ
တဖက်ကျက်မှ တဖက်ကို လှန်ပေးပြီး ၂ဖက်လုံး ကျက်အောင်ကြော်ပြီး ဆီစစ်ထားပါ
ချို ချဉ် ငံ စပ် ဆော့စ် အရသာစပ်ရန်
ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
ငရုတ်သီးစိမ်း အနီတောင့်ကို ညက်နေအောင် ထောင်းပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရျေးကာ ခပ်နုတ်နုတ် လှီးထားပါ
မန်ကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် ပန်းကန်လုံး တလုံးနှင့် ရေစိမ်ထားပြီး အနှစ်ယူထားပါ
နံနံပင်အမြစ်ကို ညက်အောင် ထောင်းထားပါ
ပန်းကန်တခုထဲမှာ ကြက်သွန်ဖြူထောင်း လှီးထားသော  ကြက်သွန်နီ ထောင်းထားသော ငရုတ်သီးစိမ်း ငံပြာရည် သကြား အနှစ်တိုင်ထားသော မန်ကျည်းသီးမှည့်  ထောင်းထားသော နံနံပင်အမြစ်တို့ကို ရေ လက်ဖက်ရည်ပန်းကန်လုံး တလုံးခွဲလောက်နှင့် ဖျော်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံး ကိုအပူပေးပြီး ဆီ ထမင်းစားဇွန်း ၅ဇွန်းခန့်ကိုထည့်ပါ
ဆီပူလာတာနဲ့ အရသာစပ်ထားသော ချို ချဉ် ငံ စပ် ဆော့စ်ကို ဆီထဲထည့်ကြော်ပါ
စေးကပ်ကပ်လေး ဖြစ်လာပြီဆိုတာနဲ့ ကြော်ထားသော ငါးအပေါ်သို့ လောင်းချကာ နံနံပင်အုပ်ပေးပြီးပါက ချို ချဉ် ငံ စပ် ဆော့အရည် လောင်းထားသော ငါးအကြွတ်ကြော်ကို မြိန်ယှက်စွာ စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။.