Thursday 25 August 2016

ချဉ်ငံစပ်ဆော့ အနှစ်ဆမ်း ငါးကြော်












ထိုင်းရိုးရာစစ်စစ် ချို ချဉ် ငံ စပ် ဆော့စ် အနှစ်ဆမ်း  ငါးကြော်နည်းကို အခြေခံပြီး ကြော်ထားတာဖြစ်လို့  ပြင်ဆင် ချက်ပြုပ်ပုံ အနည်းငယ် ကွားခြားနိူင်ပါတယ်။

အမှန်တကယ် ထည့်ရမဲ့ ပစ္စည်းတွေထဲမှာလဲ နံနံပင်အမြှစ် မရလေတော့ နံနံပင်အမြှစ်အစား နံနံပင်အရိုးကို ထည့်ထားပြီး ပြင်ဆင်ပေးထားပါတယ်။

ထိုင်းအစားအစာတွေဟာ မြန်မာခံတွင်းနဲ့ နီးစပ်ပြီး စားမိန်ဟင်းတမယ် ဖြစ်စေတဲ့အတွက် လွယ်ကူမြန်ဆန်တဲ့  ကြော်နည်းလေးဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

ငါးမုတ် (သို့မဟုတ်) က ကတစ်ငါး (သို့မဟုတ် ) ပင်လယ်ငါး တကောင် - တကီလိုခန့်
ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
နံနံပင်အမြှစ် - ၂ခု (အဆင်သင့်မရှိပါက မထည့်လဲရ)သို့မဟုတ် နံနံပင်အရိုး အနည်းငယ်
ငရုတ်သီးစိမ်း အနီရောင် - စားနိူင်သလောက်
မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
သကြား - ထမင်းစားဇွန်း သုံးဇွန်း
နံနံပင် - အနည်းငယ်
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ဆီ - ငါးကြော်ရန် လိုသလောက်
ပဲဆီ - ထမင်းစားဇွန်း ၄ဇွန်း (ငါးကြော်ဆမ်းဖို့ အနှစ်ကြော်ရန်အတွက်)

ငါးကြော်ရန် ပြင်ဆင်ပုံ
ငါးကို အကြေးထိုးပြီး မလိုသော ဆူးတောင်များ ခုတ်ကာ ဗိုက်ခွဲပြီး မလိုတာတွေ ထုတ်ပေးပါ
အကောင်လိုက်ကို ရေစင်အောင်ဆေးပြီးမှ ရေစစ်ကာ ငါးရဲ့တဖက်ဆီမှာ ခပ်ကြီးကြီး တချက်စီ မွှန်းပေးပါ
ပြီးတာနဲ့ ငါးကိုရေစစ်ထားပြီး နနွင်းမှုန့် အချိုမှုန့် ဆားတို့နှင့် အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးထားပါ
အရသာနယ်ပြီးတာနဲ့ ငါးတကောင်လုံးကို ဂျုံမှုန့်ဖြူးပြီး နယ်ပေးပါ
ပြီးတာနဲ့ ဒယ်အိုးကြီးကြီးကို အပူပေးပြီး ဆီများများ ထည့်ပေးပါ
ဆီပူလာတာနဲ့ ငါးကို ထည့်ကြော်ပါ
တဖက်ကျက်မှ တဖက်ကို လှန်ပေးပြီး ၂ဖက်လုံး ကျက်အောင်ကြော်ပြီး ဆီစစ်ထားပါ
ချို ချဉ် ငံ စပ် ဆော့စ် အရသာစပ်ရန်
ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
ငရုတ်သီးစိမ်း အနီတောင့်ကို ညက်နေအောင် ထောင်းပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရျေးကာ ခပ်နုတ်နုတ် လှီးထားပါ
မန်ကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် ပန်းကန်လုံး တလုံးနှင့် ရေစိမ်ထားပြီး အနှစ်ယူထားပါ
နံနံပင်အမြစ်ကို ညက်အောင် ထောင်းထားပါ
ပန်းကန်တခုထဲမှာ ကြက်သွန်ဖြူထောင်း လှီးထားသော  ကြက်သွန်နီ ထောင်းထားသော ငရုတ်သီးစိမ်း ငံပြာရည် သကြား အနှစ်တိုင်ထားသော မန်ကျည်းသီးမှည့်  ထောင်းထားသော နံနံပင်အမြစ်တို့ကို ရေ လက်ဖက်ရည်ပန်းကန်လုံး တလုံးခွဲလောက်နှင့် ဖျော်ထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံး ကိုအပူပေးပြီး ဆီ ထမင်းစားဇွန်း ၅ဇွန်းခန့်ကိုထည့်ပါ
ဆီပူလာတာနဲ့ အရသာစပ်ထားသော ချို ချဉ် ငံ စပ် ဆော့စ်ကို ဆီထဲထည့်ကြော်ပါ
စေးကပ်ကပ်လေး ဖြစ်လာပြီဆိုတာနဲ့ ကြော်ထားသော ငါးအပေါ်သို့ လောင်းချကာ နံနံပင်အုပ်ပေးပြီးပါက ချို ချဉ် ငံ စပ် ဆော့အရည် လောင်းထားသော ငါးအကြွတ်ကြော်ကို မြိန်ယှက်စွာ စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။.

No comments:

Post a Comment