Tuesday, 2 August 2016

ကြက်ဆီထမင်း မွှေးမွှေးလေး








ချက်ရတာ လွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ ကြက်ဆီထမင်းချက်နည်းလေး မျှဝေလိုက်ပါတယ် ဘယ်အချိန်ချိန်မှာဘဲစားစား မရိုးအီနိုင်တဲ့ အရသာ ထမင်းတမျိုးပါ  ၅ယောက်စာအတွက် ချက်နည်းကို ရေးထားပေမဲ့ မာမာတကယ်ချက်တာကတော့ ၃ယောက်စာပါဘဲ ကြက်ဆီပါတဲ့အတွက် အများကြီး မစားနိုင်ပါဘူး မိသားစု နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တကောင် - တကီလိုခန့်
  • ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  • ကြက်အဆီဖတ် - ၅ခုခန့် သို့မဟုတ် ကြက်အရည်ခွံ ၅ခုခန့်
  • စပါးလင် - ၈လက်မခန့်
  • ကြက်သွန်နီ - ခပ်ကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ၂၀ခန့် (အချဉ်စပ်ရန် ကြက်ပြုပ်ရန်နှင့် ဆန်ဆီသတ်ရန်  ခွဲသုံးပါ)
  • ကြက်သွန်မိတ် - ၃ပင်
  • ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
  • နံနံပင် - အနည်းငယ်
  • ငရုတ်သီးစိမ်း - ၅တောင့်
  • သံပုရာသီး - တခြမ်း
  • ပျားရည် - ထမင်းစားဇွန်း တ၀က် ပျားရည်မရှိက သကြား ထမင်းစားဇွန်း တဇွန်း
  • ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၃ဇွန်း
  • သခွားသီး - အနည်းငယ်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း  ၂ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
  • ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ ( ကြက်ပြုပ်ထဲ ၂ဇွန်းထည့်ရန်နှင် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
  • ရေ - လိုသလောက်
  • ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး (ထမင်းချက်ရန်)


 ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်အကောင်လိုက်မှ မလိုသော ကြက်မွှေးများ  ခြေထောက်နှင့် ဗိုက်အတွင်းမှ ကလီစာများထုတ်၍ သန့်စင်အောင် ဆေးပေးထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ  
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
  • ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို တလက်မ အရှည်ခန့်လှီးထားပါ
  • စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
  • ဟင်းရည်များ ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
  • တဖက်ကို မိနစ်၂၀ခန့်ပြုပ်ပေးပြီး နောက်တဖက်ကို အရည်ခွံများ လန်မထွက်စေရန် အသာလှန်ပေးပြီး မိနစ်၂၀ခန့် ဆက်ပြုပ်ပေးပါ
  • မိနစ်၄၀ခန့် ပြုပ်ပေးပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး စစ်ထားပါ
  • ချင်း လက်တဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ
  • ဆား အနည်းငယ်ကို ပြင်ထားပါ
  • ကြက်အဆီဖတ်ကို ရေဆေးထားပါ
  • ဆီ ထမင်းစားဇွန်း ၂ဇွန်း
  • ဒယ်အိုးတလုံးကို အပူပေးပါ
  • ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
  • ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
  • ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ
  • သုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ 
  • ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး  ဆန်မာကိုသုံးပါက ရေပိုထည့်ပါ
  • ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုသုံးထားပါတယ်
  • ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
  • ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
  • ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
  • ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
  • နံနံပင်ကို မညက်တညက် ထောင်းထားပါ
  • ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ
  • ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
  • ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ
  • ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ

ဟင်းချိုရည်ချက်ရန်

  • ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် မိသားစု ၅ယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။


No comments:

Post a Comment