Wednesday, 31 August 2016

မျှစ်ငါးပိထောင်း ပူစပ်စပ်လေး







အေးစိမ့်နေတဲ့ ရာသီဥတုကို အကြောင်းပြုလို့ ပူစပ်နေတဲ့ မျှစ်ငါးပိထောင်းလေးကို စားချင်စိတ်က ပေါ်လာလေတော့ ရေခဲသေတ္တာထဲ မြေလှန်ရှာပြီးသကာလ ထောင်းကြမယ် စားကြမယ် အစီအစဉ်လေး တနေ့တာအတွက် ပြင်ဆင်လိုက်ပါတယ်။

အရံဟင်းတမယ်လို့ ဆိုပေမဲ့ ဒီဟင်းတမျိုးထဲနဲ့တောင် စားလို့မိန်စေတဲ့အတွက် ဒီနေ့တော့ ထိုင်းရိုးရာ အစာတခုကို အခြေခံပြီး မျှစ်ထောင်းပူစပ်စပ် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • ပြုပ်ပြီးသား မျှစ်ချိုနု - အသေး 400g
  • ချယ်ရီခရမ်းချဉ်သီး - အနေတော် ၇လုံး
  • ခရမ်းကြွတ်သီး - ၂လုံး( ရှိလျှင်ထည့်ပါ)
  • ပဲတောင့်ရှည် - ၃တောင့်
  • ပုစွန်ခြောက် - ထမင်းစားဇွန်း ၁ဇွန်း
  • မြေပဲလှော် - ထမင်းစားဇွန်း ၁ဇွန်း ( နှစ်သက်လျှင်ထည့်ပါ )
  • ထန်းလျက် - အသေး တခဲ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - အသေး ၃လုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း တဇွန်း
  • ပင်စိမ်းရွက် - အနည်းငယ်
ပြင်ဆင်ပုံ
  • ဈေးမှဝယ်လာသော ပြုပ်ပြီးသား မျှစ်ချို အနုအဖူးလေးတွေကို ရေနွေးဆူဆူမှာ ၁၀မိနစ်လောက် ထပ်ပြုပ်ပြီး အအေးခံထားပါ
  • အေးသွားပါက လေးစိတ်ခွဲ ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • ချယ်ရီခရမ်းချဉ်သီးကို ထက်ခြမ်း လှီးထားပါ
  • ပဲတောင့်ရှည်ကိုလဲ လက်တဆစ်ခန့် လှီးထားပါ
  • ခရမ်းကြွတ်သီးကိုလဲ ခပ်ပါးပါး လှီးထားပါ
  • ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ တမိနစ်လောက်ထည့်ပြီး မွှေးလာအောင် ကင်ပေးပါ
  • မြေပဲလှော်ကို အခွံချွတ်ထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • ထန်းလျှက်ခဲကို ပြင်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထောင်းရလွယ်စေရန် ခပ်သေးသေးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးပေးထားပါ
  • ငရုတ်ဆုံထဲမှာ ထန်းလျက်ခဲကို အနည်းငယ်ကြေသွားအောင် ဖိချေပြီး ထောင်းပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း လုံးခြမ်းကွဲရအောင်ထောင်းပေးပါ
  • မြေပဲလှော် ပုဇွန်ခြောက်နှင့် ပုဇွန်ငါးပိကိုထည့်ပြီး ဖိချေကာ ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ လေးစိတ်ကွဲ လှီးထားသော မျှစ်များ ပင်စိမ်းရွက် လှီးထားသော ပဲသီး ခရမ်းကြွတ်သီးနှင့် ခရမ်းချဉ်သီးတို့ကို ခပ်ဖွဖွထောင်းပေးပါ
  • ခပ်ဖွဖွထောင်းပြီးတာနဲ့ ပူပြီးစပ်ကာ မွှေးနေတဲ့ မျှစ်ထောင်းကို နှစ်သက်သလို စားသုံးနိုင်ပါပြီ 
  • ထိုင်းအစာတွေမှာ အသီးအရွက်တွေကို ထောင်းတယ်လို့အမည်တပ်ပေမဲ့ အသီးအရွက်တွေကို ညက်နေအောင် ထောင်းခြင်းမဟုတ်ဘဲ ခပ်ဖွဖွလေးဘဲ ထောင်းကြပါတယ်။

2 comments:

  1. တံတွေးတွေ မြိုချပြီး ဖတ်သွားပါတယ်..

    ReplyDelete
    Replies
    1. အိမ်ချင်းနီးရင် အရမ်းကောင်းမှာနော်

      Delete