Monday, 30 April 2018

ချဉ်ပေါင်ရွက် သိမ်းနည်း












သမီးကျောင်းတက်တဲ့မြို့ဆီကို ပြောင်းကြတော့မယ်ဆိုတော့ အိမ်မှာစိုက်ထားတဲ့ ချဉ်ပေါင်ရွက်တွေခူးပြီး ရေခဲသေတာထဲမှာလဲ ထည့်လို့မရလေတော့ အခြောက်လှမ်းပြီး သိမ်းဖို့ပြင်ရ ဆင်ရပြန်ပါတယ်။

  • ချဉ်ပေါင်ရွက် - ဆန်ကောဇကာ အကြီးတစ်ချပ်စာ မောက်မောက်
  • ဆား - လက်တဆုတ်သာသာ
ပြင်ဆင်ပုံ
  1. ချဉ်ပေါင်ရွက်များကို အရိုးမှ ထွင်ပေးပါ
  2. ပြီးတာနဲ့ ရေတစ်တပ်လောက် ဆေးပေးပါ
  3. ရေဆေးပြီးတာနဲ့ ဇလုံကျယ်ကျယ် တလုံးထဲမှာထည့်ပြီး ဆားထည့်ကာ နယ်ပေးပါ
  4. နယ်နေရင် ချွဲနေသော အရည်များ ထွက်လာပါလိမ့်မယ်
  5. ပုံပါအတိုင်း ချဉ်ပေါင်ရွက်များ နွမ်းလာပါက ရေသုံးထပ်လောက် ဆေးပေးပါ
  6. ရေများစစ်သွားရန် လက်အားသန်သန်နှင့် ညှစ်ပေးပါ
  7. ပြီးတာနဲ့ ဆန်ကောထဲမှာ ထည့်ပေးပြီး နေပူပူမှာ လေးရက်လောက် နေလှန်းပေးပါ
  8. ချဉ်ပေါင်ရွက်များ ခြောက်သွေ့ပါက လေလုံသော အိတ် သို့မဟုတ် ပုလင်းတို့ထဲမှာ ထည့်ပြီး သိမ်းနိုင်ပါပြီ
  9. ချက်စား ကြော်စားမည်ဆိုပါက ရေနာရီဝက်လောက် စိမ်ပြီးမှ ပြင်ဆင်ချက်ပြုပ်နိုင်ပါပြီ။

Sunday, 29 April 2018

ငါး ရခိုင်ချက်








ဒီနေ့တော့ ဆီမဘဲ ချက်ထားတဲ့ ငါးရခိုင်ချက် ချဉ်ငံစပ်လေး ချက်ဖြစ်တာနဲ့ ချဉ်ငံစပ်မွှေး ငါးချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ငါး - 600g
  • ချင်း - လက်တစ်ဆစ်
  • ကြက်သွန်အနီ - အနေတော် ၂လုံး
  • ကြက်သွန်ဖြူ အမွှာကြီး ကြီး ၅မွှာ 
  • ပဒဲကော - လက်တစ်ဆစ်
  • သံပရာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ငရုတ်သီးစိမ်း -  စားနိုင်သလောက်
  • ကုလားအော်ငရုတ်သီး - စားနိုင်သလောက်
  • မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
  • နနွင်းမှုန့် - အနည်းငယ် 
  • သံပုရာရည် စားပွဲတင်ဇွန်း -၂ဇွန်း
  • နံနံပင် - အနည်းငယ်
  • အရသာမှုန့် - အနည်းငယ်
  • ကင်းမွန်ငံပြာရည် -  ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  1. ငါးအကောင်လိုက်ကို အကြေးခွံနှင့် မလိုတာတွေကို သန့်ရှင်းအောင်ပြုလုပ်ပြီး မိမိနှစ်သက်သလို ခပ်ထူထူ တုံးထားပါ
  2. ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး အရသာမှုန့် ဆား နနွင်းမှုန့်တို့နှင့် နယ်ထားပါ
  3. ချင်းကို အခွံခွာကာ ရေဆေးထားပါ
  4. ပဒဲကောကို အခွံခြစ်ကာ ရေဆေးထားပါ
  5. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  6. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  7. ငရုတ်သီးစိမ်းနှင့် ကုလားအော်ငရုတ်တို့ကို အညှာခြွေကာ ရေဆေးထားပါ
  8. ချင်း ပဒဲကော ကြက်သွန်ဖြူ ကြက်သွန်နီ ကုလားအော်ငရုတ် ငရုတ်သီးစိမ်းတို့ကို မညက်တညက် ထောင်းပေးပါ
  9. မျှင်ငါးပိကို ရေအနည်းငယ်နဲ့ ဖျော်ထားပါ
  10. နံနံပင်ကို သန့်စင်အောင်ဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  11. အားလုံးအဆင်သင့်ဖြစ်တာနဲ့ အောက်ချေမကပ်သောအိုးကို မီးအနေတော်နှင့် အပူပေးပါ
  12. အိုးပူလာတာနဲ့ မျှင်ငါးပိရည်ကို လောင်းထည့်ပါ
  13. ပြီးတာနဲ့ ထောင်းထားသော ဟင်းချက်အနှစ်ကို ထည့်ပြီးမွှေပေးပါ
  14.  ဟင်းအနှစ်များ မွှေးလာပြီ ဆိုတာနဲ့  တရုတ်ဟင်းထည့်ပန်းကန် အလတ်တလုံးစာ ရေထည့်ပေးပါ
  15. ရေပွက်ပွက် ဆူပွက်လာတဲ့အထိ တည်ပေးပါ
  16. ဟင်းရည်ဆူပွက်လာပြီ ဆိုလာတာနဲ့ အရသာနယ်ထားသော ငါး ငံပြာရည်နှင့် သံပုရာရည်တို့ကိုထည့်ချက်ပေးပါ
  17. ငါးအသားက အကျက်မြန်တဲ့အတွက် ရေပွက်ပွက်ဆူလာပြီး ၁၅မိနစ်လောက်နေတာနဲ့ ဟင်းကျက်ပါပြီ
  18. ဟင်းရည်ပွက်ပွက်ဆူနေချိန်မှာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  19. ဟင်းအရသာ အနေတော် ရပြီဆိုတာနဲ့ မိမိနှစ်သက်သလောက် ဟင်းရည်အနေအထားမှာ မီးပိတ်ပေးပါ 
  20. ပြီးတာနဲ့ နံနံပင်အုပ်ပေးကာ မီးပိတ်ပေးပြီး ချဉ်ငံစပ်မွှေး ရှူးရှဲစပ်စပ်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Friday, 27 April 2018

ပုဇွန်ဆိတ်အခြောက် ငံပြာရည်ကြော်









ခံတွင်းလိုက်စေမဲ့ ဟင်းစပ်စပ်လေးတွေ စားချင်တိုင်း တခါတလေ ဘာလေးကို ဘယ်လို ချက်စားရပါ့မလဲ တွေးရတာလဲ စိတ်တွေတော့ မောမိသားပေါ့နော်။

ဒီနေ့တော့ အေးရှန်းဆိုင်က ဝယ်ထားတဲ့ ပုဇွန်ဆိတ် အကောင်ခြောက်လေးတွေကို ငံပြာရည်ချက် စပ်စပ်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဆိတ် သားပေါက်အကောင်အခြောက် - လက်ဖက်ရည်အကြမ်း ပန်းကန်၂လုံး
  • ကြက်သွန်နီ - ခပ်ကြီးကြီး ၃လုံး
  • ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပါ
  • ပြီးမှပုဇွန်ခြောက်ထဲက သဲစသဲနလေးတွေ စင်သွားအောင် ခါခါပြီး ရေဆေးပေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကိုဆီထည့်ပြီး အပူပေးပါ
  • ဆီလာပါက  နနွင့်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး ရေစစ်ထားသော ပုဇွန်ခြောက် ဆား  ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး  ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ပုဇွန်ခြောက် ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

Wednesday, 25 April 2018

ပုဇွန်ချဉ်ကြော် မွှေးမွှေးလေး


ပုဇွန်ချဉ်လေးတွေ ထည့်ထားပြီး သုပ်စားလို့ ပိုနေတော့ ချဉ်ငံစပ်မွှေးမွှေးလေး ကြော်စားဖြစ်ပြန်ပါတယ် ထမင်းစားမိန်စေတဲ့ ဟင်းလေးဖြစ်လို့ ကြော်စားနိုင်အောင် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပုဇွန်ချဉ် - တဆယ်သားခန့်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ အမွှာကြီးကြီး - ၂မွှာ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ပင်စိမ်း - မိမိနှစ်သက်သလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - အနည်းငယ်
ပြင်ဆင်ပုံ
  1. ပုဇွန်ချဉ်ကို ထမင်းများ ဖယ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုကရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  4. ပင်စိမ်းရွက်နှင့် ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  5. ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
  6. ဒယ်အိုးထဲကို ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ 
  7. ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ကြော်ပေးပါ
  8. ပြီးတာနဲ့ ငရုတ်သီးမှုန့် နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
  9. ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ချဉ်ထည့်ကာ မွှေပေးပါ
  10. ပြီးတာနဲ့ အရသာမှုန့် နှင့်ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  11. အရသာ သမသွားတာနဲ့ ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
  12. ရေခမ်းပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  13. ပြီးတာနဲ့ ငရုတ်သီးစိမ်းကို ထည့်မွှေပေးပါ
  14. မီးပိတ်ပြီး ပင်စိမ်းရွက်အုပ်ကာ အရသာရှိလှသော ပုဇွန်ချဉ်ကြော် ချဉ်ငံစပ်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Monday, 23 April 2018

ကြက်သားမဆလာ ဆီလည်ရေလည်


ဒီနေ့တော့ ပလာတာရိုက်ဖြစ်တာနဲ့ ကြက်သားကို မဆလာနိုင်နိုင်နဲ့ ဆီလည်ရေလည်လေး ချက်လိုက်ပါတယ် ပလာတာနဲ့စားမှာ ဖြစ်တဲ့တွက် အရည်လေးနဲ့ ချက်လိုက်တာပါ ချက်နည်းကတော့ မာမာ့နည်း အတိုင်းပါဘဲ ထပ်မံမျှဝေလိုက်ခြင်းသာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - 250g 
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • စပါးလင် - အရွက်များပါသော အပင်၂ပင်
  • ချင်း - လက်တဆစ်သာသာ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  • တုံးထားသော ကြက်သားကို ငံပြာရည် ဆား ဟင်းခတ်မှုန့် နနွင်းမှုန့်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ
  • မဆလာကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်အရင်းပိုင်း ၂လက်မခန့်ကို ပါးပါးလှီးထားပါ
  • စပါးလင်အရွက်များကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ
  • ကြက်သွန်နီ လှီးထားသော  ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီး အခြောက်တောင့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင်အရင်းပိုင်း ၂လက်မခန့်ကို ပါးပါးလှီးထားပါကို ရေဆေးပြီး ဓါးပြားရိုက်ကာ ထုံးထားပါ

ပြင်ဆင်ပုံ

  • ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထုံးထားသော စပါးလင်ကို ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက ထောင်းထားသော ကြက်သွန်နှင့် ငရုတ်သီး အနှစ်ထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပါက အရသာနယ်ထားသော ကြက်သားများကို ထည့်ပြီးမွှေပေးပါ
  • ကြက်သား အပေါ်ယံကြောတွေ မာတင်းလာအောင် ဆီသတ်ပေးပြီးမှ အိုးအဖုံးကိုပိတ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အြိးကို လှုပ်လှုပ်ပေးပါ
  • ဆီသံလေး ကြားလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ 
  • ထည့်ထားသော ရေခမ်းတာနဲ့ ကြက်သားနူးအောင် ရေအနည်းငယ်စီ ထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ကြက်သားနှုးအိလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီလည်ရေလည်ရအောင် တည်ပေးပါ
  • ဆီလည်ရေလည် အနေတော် ရသွားပြီဆိုမှ စပါးလင်ထုံးကိုဖယ်ကာ မဆလာအုပ်ပေးပြီးပါက အရသာရှိသော ကြက်သားဆီလည်ရေလည် မွှေးမွှေးလေးကို ပလာတာနှင့် တွဲဖက်ကာ စားပွဲပြင်ပေးပါ။

Thursday, 19 April 2018

ဗူးသီးကြော်ချက်









ဒီနေ့တော့ ဈေးကအပြန် ဝယ်လာတဲ့ ဗူးသီးကို ဗူးသီးကြော်ချက်လေးချက်ကာ ငါးခြောက်ထောင်းလေးနဲ့ ထမင်းစားချင် ပေါ်လာခဲ့ပြန်ပါတယ် ချက်ရတာလဲ လွယ်ကူပြီး ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ သောက်လို့ကောင်းလွန်းတဲ့အတွက် ကြော်ချက်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဗူးသီး - ခပ်ကြီးကြီး တစိတ်
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ပုဇွန်ခြောက် - ၁၀ကောင်ခန့်
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  1. ဗူးသီးစိတ်ကို အခွံခွာကာ အစိတ်လိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးမှ အနေတော် အစိတ်လေးတွေ စိတ်ပေးကာ ခပ်ထူထူလေး လှီးပေးပါ
  3. ကြက်သွန်နီကို အခွံခွာ ရေဆေးပြီး ခပ်ထူထူလေး လှီးပေးပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  5. ပုဇွန်ခြောက်ကို ရေဆေးထားပါ
  6. ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  7. ဆီအငွေ့တက်လာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
  8. ကြက်သွန်များ နွမ်းလာတာနဲ့ လှီးထားသော ဗူးသီးကို ထည့်ကြော်ပါ
  9. ဗူးသီးကို နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲ ပုဇွန်ခြောက်နှင့် ကြက်သားမှုန့်တို့ကိုထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  10. ရေဆူပြီး ဗူးသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။

Wednesday, 18 April 2018

မှိုအစပ် အပျော့ကြော်






မှိုဆိုရင် ဘယ်လိုချက်ချက် အရမ်းကြိုက်တတ်တဲ့အတွက် ငယ်ငယ်က ခြံထဲသွားတိုင်း ဖက်သွပ်မှိုတွေ ပေါက်နေတာ တွေ့တာနဲ့ ငရုတ်သီးစိမ်းတွေခူး ပင်စိမ်းရွက်တွေခူးပြီး ကြော်စားကြတာ သတိရမိပြန်ပါတယ် ငစိန်ဆန် ထမင်းပူပူကို မှိုအစပ် ခြံဟင်းပူပူလေးနဲ့ လွေးခဲ့လေသမျှ တိုက်ဆိုင်တာတွေတွေ့တိုင်း ကလေးဘဝက လွမ်းစရာလေးတွေကို ပြန်ပြီး သတိရတတ်ပြန်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတခါတော့ မောင်နှစ်တတွေ ခြံထဲမှာ စားခဲ့ကြတဲ့ ငရုတ်သီးစိမ်းနံ့ ပင်စိမ်းနံ့လေးတွေ မွှေးပြီးသင်းနေတဲ့ မှိုအစပ်ကြော် ရှုးရှဲဟင်းလေး ချက်ကြည့်ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Oyster mushrooms - 150 g
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ အမွှာကြီးကြီး - ၃မွှာ
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
  • ပင်စိမ်းရွက် - မိမိနှစ်သက်သလောက်
  • ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
ပြင်ဆင်ပုံ
  1. မှိုကိုရေဆေးပြီး ခပ်ထူထူ အဖတ်လေးတွေရအောင် ထွင်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ထူထူလေး လှီးပေးထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  4. ငရုတ်သီးစိမ်း မိမိစားနိုင်သလောက်ကို ရေဆေးပြီး အညှာခြွေကာ ညက်နေအောင် ထောင်းထားပါ
  5. ပင်စိမ်းရွက်ကို ရေဆေးထားပါ
  6. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  7. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  8. ဆီပူလာပါက ခပ်ထူထူလှီးထားသော ကြက်သွန်နီ ထောင်းထားသော ကြက်သွန်ဖြူ နှင့်ထောင်းထားသော ငရုတ်သီးစိမ်းတို့ ထည့်ပေးကာ စက္ကန့် ၃၀ ခန့်ကြော်ပေးပါ
  9. ပြီးတာနဲ့ မျှင်ငါးပိထည့်ကာ လေးငါးချက်လောက် ကျေသွားအောင် မွှေကြော်ကြော်ပေးပါ
  10. ထိုဟင်း အနှစ်ထဲမှာ မှို နှင့် အရသာမှုန့်တို့ထည့်ကာ မှိုများကို အနည်းငယ်လေး နွမ်းရုံ ကြော်ပေးပါ
  11. ပြီးတာနဲ့ ပင်စိမ်းရွက်ထည့်ကာ  အရသာ သမသွားအောင် လေးငါးချက်လောက် မွှေပေးပါ
  12. မွှေးပြီးချိုငံစပ် အရသာစုံသော မှိုအစပ် အပျော့ကြော်ကို စားသုံးရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးနိုင်ပါပြီ။

Tuesday, 17 April 2018

မှိုအစပ်ကြော်










ဒီနေ့တော့ မှိုလေးတွေ ဝယ်လာကာ အစပ်ကြော်လေး ကြော်ဖြစ်ပါတယ် မြန်မာပြည်မှာ ဆိုရင်တော့ မာမာ့တို့ အမေက ဖက်သွပ်မှိုနှင့် တောင်ပို့မှိုလေးတွေ လှိုင်လှိုင်ပေါ်ချိန်ဆို ကြော်လေ့ရှိကြပါတယ်။

မာမာကတော့ oyster မှိုလေးတွေနဲ့ဘဲ ကြော်ထားပါတယ် သတ်သတ်လွတ် ဟင်းတမယ် ရသလို စားပြီးရင်း စားချင်နေအောင် စွဲဆောင်မှု ကောင်းလွန်းတဲ့ ဟင်းတမယ်ဆိုလဲ မမှားပါဘူး ဒါကြောင့်မို့လို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Oyster mushrooms - 300 g
  • ငရုတ်သီး လုံးခြမ်းခွဲ ထမင်းစားဇွန်း တဇွန်းခွဲ
  • အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ကြက်သွန်နီ - ခပ်ကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၂ဇွန်း
ပြင်ဆင်ပုံ
  1. မှိုကို ရေဆေးပြီး အမွှာလေးတွေရအောင် ထွင်ထားကာ ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓားပြားရိုက်ထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ
  4. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  5. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အိုးကိုအပူပေးပါ
  6. ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ 
  7. ပြီးတာနဲ့ ရေစစ်ထားသောမှိုကို လက်ဝါးနှစ်ဖက်ကြားထည့်ကာ အားသန်သန်နှင့် ရေညှစ်ပေးပြီးမှ ဆီအိုးထဲကို ထည့်ပေးပါ
  8. မှိုကြော်နေစဉ် မကြာမကြာ မွှေပေးကာ မှိုမခြောက်တခြောက် အနေအထားရပါက ဆယ်ထားပါ
  9. မှိုကြော်သော ဆီထဲမှာဘဲ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အနည်းငယ် ပျော့သွားအောင် ကြော်ပေးပါ
  10. ပြီးတာနဲ့ မီးအနေတော် လျှော့ပေးပြီး ငရုတ်သီးလုံးခြမ်းခွဲနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ထည့်မွှေပေးပါ
  11. ကြော်နေစဉ် ကြက်သွန်များနှင့် ငရုတ်သီးများ တူးမသွားစေရန် မကြာမကြာ မွှေပေးပါ 
  12. ငရုတ်သီးကြော် အနေတော် ဖြစ်ပြီဆိုတာနဲ့ ကြော်ပြီးဆယ်ထားသော မှိုကြော် ဆားနှင့် အရသာမှုန့်ကိုထည့်ပြီး မွှေပေးပါ
  13. ပြီးတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်မီးအပူရှိန်နှင့် အဆက်မပြတ် မွှေပေးပါ
  14. မှိုလေးတွေခြောက်ပြီး မွှေးလာပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ဆွေမျိုးမေ့အောင် ကောင်းလွန်းတဲ့ မှိုအစပ်ကြော်ကို သုံးဆောင်နိုင်ပါပြီ။