Sunday 8 April 2018

ဗူးနဲ့တည်တဲ့ ပုဇွန်ချဉ်










ဒီနေ့တော့ ပုဇွန်ချဉ်လေးတွေ လုပ်ဖြစ်လို့ သဘာဝအတိုင်း ချဉ်စေမဲ့ ပုဇွန်ချဉ်လုပ်နည်းလေး မျှဝေလိုက်ပါတယ် ပုဇွန်ချဉ်တို့ သဘာဝ ပုဇွန်ဘော့ချိတ်လေးတွေကို အချဉ်ထည့်ရင် ပိုကောင်းပါတယ်။

မာမာနေတဲ့မြို့မှာတော့ ပုဇွန်ဘော့ချိတ်လဲ မရှိသလို ပုဇွန်အကောင်ငယ်ငယ်လဲ တွေ့ရခဲပါတယ် ဒါကြောင့်မို့ မာမာကတော့ banana prawns ထဲက ငယ်တာလေးတွေကို ရွေးပြီးလုပ်ထားပါတယ်။

ငယ်တယ်ဆိုပေမဲ့လဲ အရမ်းအငယ်ကြီး မဟုတ်တဲ့အတွက် ငါးရက်လောက်ထားမှ ကောင်းကောင်းချဉ်ပါတယ် အကောင်ငယ်ရင်တော့ ၃ရက်လောက် ချဉ်နိုင်ပါတယ်။

မာမာက မိတ်ဆွေတွေကို လက်ဆောင်ပေးချင်လို့ ပိုလုပ်ထားပါတယ် မိသားစု နည်းပါက အခုလုပ်တဲ့နူံးရဲ့  တစ်ဝက်လောက်ဘဲ လုပ်ပေးပါ အချဉ်တည်တတ်ရင် ရာသီဥတုအပေါ် မူတည်ပြီး လေးငါးရက်ဘဲ ကြာတတ်တာမို့လို့ လတ်လတ်ဆတ်ဆတ် စားရအောင် အနည်းငယ်ဘဲလုပ်တာ ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွတ်ထုတ် ခေါင်းဖြုတ်ပြီးသား - 600 g 
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  3. ဆား - ထမင်းစားဇွန်း နှစ်းဇွန်းခွဲခန့်
  4. ကော်ဗူးသန့်သန့် - တစ်ခု

ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို ခေါင်းပိုင်းအကုန်ဖယ်ပြီး ကျောဘက်မှ အမည်းကြောင်းထုတ်ကာ ရေစင်အောင်ဆေးပေးပါ
  2. ရေဆေးပြီး ရေခြောက်ပြီး ရေစစ်သွားအောင် ပုဇွန်အပေါ်မှ အလေးတစ်ခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
  3. ဆန်ကိုရေဆေးပြီး ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
  4. ဆားကြမ်းကို ပြင်ထားပါ
  5. ပုဇွန်များ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်သော အရာအားလုံးကို ထည့်ပေးပါ
  6. ပြီးတာနဲ့ ပုဇွန်များကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  7. အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  8. ပြီးတာနဲ့ လေလုံပြီး သန့်ပြန့်နေသာ ဖန်ပုလင်း သို့မဟုတ် ကော်ဗူးထဲမှာ ဖိသိပ်ထည့်ပေးပါ
  9. အဖုံးလုံအောင်ပိတ်ပြီး အခန်းအပူချိန်များသော မီးဖိုခန်းမှာ အနည်းဆုံး ၃ရက်လောက် ထားပေးပါ
  10. ပထမ တရက်မြောက်နေ့မှာ အရောင်အနည်းငယ် စပြောင်းလာပါပြီး အရည်အနည်းငယ် ထွက်လာပါလိမ့်မည်
  11. ဒုတိယနေ့မှာလဲ အထက်ပါအတိုင်း အရောင်လေး အနည်းငယ် ထပ်ပြောင်းလာပါလိမ့်မည်
  12. ထွက်လာသော အရည်များကို ဗူးကိုစောင်းပြီး သွန်သွန်ပေးပါ
  13. တတိယနေ့မှာတော့ ပုဇွန်ချဉ်နံ့ အနည်းငယ် ရပါလိမ့်မည်
  14. စတုထ္ထနေ့မှာတော့​ ပုဇွန်ချဉ်ထဲမှ ထွက်လာသော အရည်ကို ထပ်ပြီးသွန်ပြစ်ပေးပါ
  15. ငါးရက်မြောက် နေ့မှာတော့ မိမိ ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ
  16. ရာသီဥတု အပူအအေးပေါ် မူတည်ပြီး ပုဇွန်ချဉ် ချဉ်သည့်ချိန်လဲ အနည်းငယ် ကွာခြားတတ်ပါတယ်
  17. အသုံးပြုသော ပုဇွန်အကောင် အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါတယ်
  18. ပုဇွန်အကောင် သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ပုဇွန်အကောင်ကြီးလျှင် ချဉ်သည့်ချိန် အနည်းငယ် ကြာနိုင်ပါတယ်
  19. ပုဇွန်ချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး သုပ်မစားဖြစ်သေးလျှင် သော်လည်းကောင်း ကြော်မစားဖြစ်သေးလျှင် သော်လည်းကောင်း ပုဇွန်ချဉ်မှ ထွက်နေသော အရည်များ စစ်ပြစ်လိုက်ပြီး ဗူးအဖုံးကိုဖုံးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်
  20. ချက်ချင်းသုပ်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ပဲဆီစိမ်းတို့နှင့် သုပ်စားနိုင်ပါတယ်
  21. သုပ်မစားဘဲ ကြော်စားမည်ဆိုပါက ကြက်သွန်နီ ကြက်သွန်ဖြူ  ငရုတ်သီးလုံးခြမ်းကွဲတို့ကို ဆီသတ်ပေးပြီးမှ ကြော်စားနိုင်ပါတယ်။

1 comment:

  1. မမာရေ
    လွတ်နေတာတွေအကုန်စုသွားရည်ယိုသွားပါတယ်
    ခြံထဲကအပင်လေးတွေကလည်းမိုက်လူကလည်းမိုက်
    အိုင်အိုရာ

    ReplyDelete