Monday, 2 April 2018

ချဉ်ငံစပ် ငါးနီတူသုပ်


ငါးနီတူသုပ်လို့ ဆိုလိုက်တာနဲ့ တချို့ကလဲ ရခိုင်သုပ်တို့ ဘာတို့ဆိုပြီး နံမည်တပ်တတ်ကြပါတယ် မာမာအခုနေတဲ့မြို့မှာ ရခိုင် ကရင် ချင်း မွန်လူမျိုးတွေ အများကြီး ရှိနေတဲ့အတွက် သူတို့ရိုးရာ အစားအစာတွေကိုလဲ အများကြီး စားဖူးခဲ့ပါတယ်။

လူမျိုးချင်း တူနေကြတာတောင် ချက်နည်းပြုပ်နည်းတွေ မတူတာကို တွေ့ခဲ့ရပါတယ် မုန့်တီသုပ်ဆိုရင်လဲ တချို့က ဆီချက်ထည့်သုပ်ကြသလို တချို့က ဆီချက်ကို မထည့်ကြပြန်ပါဘူး မုန့်တီသုပ်မှာဘဲ တချို့က အာလူးပြုပ်ကို ထည့်သုပ်ကြသလို တချို့က ထည့်မသုပ်ကြပါဘူး။

ဒီလိုပါဘဲ အခုလဲ ငါးနီတူသုပ်ကို အလျူတွေမှာ သုပ်ထားတာ စားမိတိုင်း အရသာက တမျိုးစီ ဖြစ်နေတာမို့လို့ နောက်ဆုံးတော့ မိမိ ခံတွင်းနဲ့ လိုက်ဖက်တဲ့ အရသာကို ချက်ပြုပ်စားသောက်တာက အကောင်းဆုံးပါဘဲ။

ဒီနေ့တော ရခိုင်ငါးနီတူသုပ်ကို မှီငြမ်းပြီး မာမာသုပ်စားဖြစ်တဲ့ ငါးနီတူသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးနီတူ - လက်ဖက်ရည် အကြမ်းပန်းကန်လုံးအကြီး တလုံးစာ
  • သရက်သီးစိမ်း - အလုံးကြီးကြီး တလုံး
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငရုတ်သီးအလှော်မှုန့် - စားနိုင်င်သလောက်
  • မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. ငါးနီတူခြောက်ကို ခေါင်းဖြုတ်သန့်စင်ပြီး ရေတနာရီလောက် စိမ်ပေးပါ
  2. ငါးနီတူခြောက်များ ရေပွလာတာနဲ့ သဲများစင်သွားအောင် ရေ၅ထပ်လောက် ဆေးပေးပါ
  3. ပြီးတာနဲ့ အောက်ခြေထူသော ဒယ်အိုးထဲမှာ ငါးနီတူခြောက်ကို ကြွတ်လာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
  4. ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  5. မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တလုံးထဲ ပုဇွန်ငါးပိကိုကပ်ကာ ကင်ပေးပါ
  6. အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  7. ငရုတ်သီးစိမ်းကိုမွှေးနေအောင် လှော်ထားပါ
  8. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  9. မန်ကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေနွေးပူပူနှင့် စိမ်ထားပေးပါ
  10. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးပေးထားပါ
  11. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပေးထားပါ
  12. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အရင်ဆုံး ငါးနီတူလှော်ကို ထောင်းတယ်ဆိုရုံလေး ထောင်းပေးပါ 
  13. ပြီးတာနဲ့ ကြက်သွန်ုဖြူနှင့် ငရုတ်သီးစိမ်းလှော်ကိုထည့်ပြီး ထောင်းပေးပါ
  14. ထိုအဆင့်ပြီးတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ြ့ပီး ပါဝင်ပစ္စည်းများနှင့် မကျည်းသီးမှည့်ရေကို သင့်သလိုထည့်ပေးပြီး သမအောင် နယ်ပေးပါ
  15. သမအောင် နယ်ပြီးတာနဲ့ အရသာကို မြည်းပေးပါ
  16. လိုအပ်သလို ပြင်ပေးပြီး ငါးနီတူအလှော်သုပ် ချဉ်ငံစပ်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment