Wednesday, 4 April 2018

ငါးငပိလုပ်​နည်း (ဒုတိယနည်း)














ကျန်ခဲ့တဲ့၂ပါတ် ကျော်ကျော်လောက်ထဲက ငါးပိရည်ကျို လုပ်မယ်ဆိုပြီး ဘာဆာငါး ၄ကီလို ဝယ်လာခဲ့မိတယ် ဝယ်လာပြီး ရေစိမ်ကာ အပုပ်ခံပြီးကာမှ မုန်တိုင်းက ဝင်လာခဲ့တယ်။

ရေစိမ်ပြီးလက်စကြီးဆိုတော့ မထူးပါဘူးဆိုပြီး ဆားဘဲကူးထားလိုက်တော့တယ် လှမ်းစရာ နေရောင်ကတော့ မရတော့ဘူးပေါ့။

နေရောင်လေးလဲ ရပြီဆိုရော နေထွက်ကနေ နေဝင်ချိန်အထိ ၇ရက်လောက် လှမ်းပေးပြီး ငါးငပိနံ့ လေး သင်းလာတဲ့ ပုလင်းလေးထဲထည့်ကာ နေရောင်ဆက်ပြီး ပြဖို့ ပြင်ထားလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး - တကီလို 
  • ဆား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
ပြင်ဆင်ပုံ

  1. မာမာသိသလောက် ငါးငပိကို ငါးပိရည်စိမ်းငါးပိ ကောင်လတ်ကလေးငါးပိနဲ့ ကောင်လတ်ကြီးငါးပိဆိုပြီး ၃မျိုးခေါ်ကြပါတယ်။
  2. ကျိုလိုက်တဲ့အခါမှာ ငါးပိရည်အရောင် စိမ်းမြမြလေးရတဲ့ ငါးပိရည်စိမ်းကိုတော့ မိုးရွာပြီးတဲ့အချိန် နေရောင်လေး ထွက်လာတဲ့အခါမှာ လယ်ကန်သင်းရိုး ကတွတ်ပေါက်ကနေ ရေနဲ့အတူ ဆင်းလာတဲ့ လယ်တောထဲမှရသော ငါးလက်ကပ် ငါးဇရစ် ငါးနက်ပြာသားပေါက် ငါးတောင်းစင်း လယ်ငါးခူသားပေါက် လယ်ငါးရံ့ သားပေါက် လယ်ငါးဇင်ရိုင်းသားပေါက် လယ်ဂဏန်းလုံးသားပေါက် လယ်ပုဇွန်သားပေါက် လယ်ငါးပြေမသားပေါက် အစရှိတဲ့ ငါးသေးသေးလေးတွေနဲ့ လုပ်ကြပါတယ် ထိုငါးသားပေါက် ကလေးတွေကတော့ စပါးစိုက်ထားတဲ့ လယ်ကွက်တွေထဲကနေ အများဆုံး ရတတ်ကြပါတယ် နီတာရဲနေတဲ့ အကောင်လေးတွေကို ပြောတာပါ။
  3. ဒီငါးလေးတွေကို ငါးပိလုပ်ပြီး ငါးပိရည် ကျိုတဲ့အခါမှာ အစိမ်းရောင် မြမြလေး ရပါတယ် စားရတာလဲ အရမ်းချိုပါတယ်။
  4. ကောင်လတ်ကလေး ငါးပိကိုတော့ လယ်ငါးဇင်ရိုင်း မြစ်ငါးဇင်ရိုင်း ချောင်းငါးဇင်ရိုင်း ငါးနူသန်း ငါးဇင်ဇတ် ငါးနက်ပြာ ငါးရောင် ငါးခုံးမ ငါးဖျင်းစလက် ငါးဗျက် ငါးနီ ငါးခူပေါက် ငါးရံ့ ပေါက် ငါးကြင်းပေါက် ငါးမြစ်ချင်းပေါက် ငါးထွေပေါက် ကံ့ကူရန်ပေါက် စတဲ့အနေတော်ငါးတွေနဲ့ လုပ်ကြပါတယ် ဒီနေရာမှာ ငါးအကောင်ပေါက်ဆိုတာ တလက်မမှ ၆လက်မလောက်ထိ ရှိတဲ့ အနေအထားကို ပြောတာပါ။
  5. ကောင်လတ်ကြီး ငါးပိကိုတော့ ငါးပြေမ ငါးပါတ် ငါးချောင်း ငါးထွေအကောင်ကြီး ငါးရောင်အကောင်ကြီး ငါးမြွေထိုး ငါးကြင်း ငါးရံ့ငါးဖယ်ပိန် ငါးဖယ်အောင်း ငါးမြစ်ချင်း ငါးကြင်း ငါးခူအကောင်ကြီးကြီး ငါးကျည်းအကောင်ကြီးကြီးစတဲ့ အကောင်ကြီးသော ငါးမျိုးနဲ့ လုပ်ကြပါတယ်။
  6. ငါးပိလုပ်နည်းကတော့ တနေရာနဲ့တနေရာ မတူကြတာများပါတယ် အခုလုပ်တဲ့ နည်းကတော့ မာမာတို့အိမ်မှာ လုပ်တဲ့နည်းပါ ။
  7. ငါးပိရည်စိမ်း ငါးပိကတော့ လုပ်ရတာ ပိုမြန်ပါတယ် အထက်ဖော်ပြပါ လယ်တောကရတဲ့ သေးငယ်သော ငါးသားပေါက်လေးတွေ ဖြစ်တဲ့အတွက် ငါးလေးတွေကို ဇောက်နက်သော ဝါးဇကာ ခပ်စိတ်စိတ်ထဲမှာ ထည့်ပေးပြီး အင်တုံလို ဇလုံတလုံးထဲမှာထည့်ကာ ရေအပြည့်ဖြည့်ပြီး တညသိပ် ရေစိမ်ပေးပါ ဇကာမရှိရင်တော့ ဇလုံထဲမှာ ဒီအတိုင်းထည့်ပေးကာ ရေစိမ်ပေးပါ။
  8. နောက်နေ့မနက်မှာ ငါးများပွလာပြီဆိုတာနဲ့ ထိုငါးတွေကို ရေ ၃ထပ်လောက် ဆေးပေးပြီး ရေစစ်ကာ ဆားနှင့်နယ်ပေးပါ။
  9. ဆားနယ်ပြီးသား ငါးတွေကို နေပူပူမှာ လှမ်းပေးပါ မာမာကတော့ ယင်ကောင်လေးတွေ နားမှာကြောက်လို့ ငါးထည့်ထားတဲ့ ဇလုံကို ပလပ်စတစ် ပါးပါးလေး အုပ်ပေးပါတယ် မနက်ထဲက နေလှန်းပြီး ညနေစောင်းလျှင် ထိုငါးများကို ပြန်သိမ်းပေးပါ ထိုနည်းအတိုင်း ၅ရက်လောက် လှမ်းပေးပြီးရင် သိမ်းမည့် ပုလင်း သို့မဟုတ် စဉ့်အိုးလေးတွေထဲမှာ လက်လေးလုံးစာလောက် နေရာအလွတ် ချန်ထားပြီး ဖိသိပ်ထည့်ပေးပါ။
  10. ငါးပိများ ထည့်ပြီးတာနဲ့ ငါးငပိအပေါ်မှာ ဆားကိုငံနေအောင် အရည်ဖျော်ပြီး လက်နှစ်လုံးစာလောက် နေရာချန်ကာ ဆားရည်ကို လောင်းထည့်ပေးပါ။
  11. ပြီးတာနဲ့ ပုလင်းအဖုံးကို ပလပ်စတစ်စခံကာ ပုလင်းအဖုံးကို ဖုံးပေးထားပါ လပြည့်ရက်တွေမှာ ငါးငံပြာရည်အဖြစ် အိုးတက်ငံပြာရည်များ ပုလင်းအပေါ်ကိုလျှံပြီး တက်တတ်တဲ့အတွက် သတိထားပြီး ထိုရက်တွေမှာ အိုးအဖုံးကို ဖွင့်ပေးထားပါ။
  12. တက်လာသော အိုးတက်ရည်ကို ခပ်ယူထားပြီး ဟင်းချက်ရာမှာ အသုံးပြုနိုင်ပါတယ် အိုးတက်ရည် ခပ်ယူပြီးတာနဲ့ ဆားနှင့်ရေကို ငံနေအောင်ဖျော်ပြီး ငါးပိပုလင်းထဲ ထပ်ထည့်ပေးထားကာ လပြည့်နေ့တိုင်း ပြန်လည် ခပ်ယူနိုင်ပါတယ်။
  13. ကောင်လတ်ကလေး ငါးပိကိုတော့ အထက်ပါနည်းအတိုင်း တညသိပ် ရေစိမ်ပေးကာ နောက်နေ့မနက်မှာ ငါးများပွလာပြီဆိုတာနဲ့ ထိုငါးတွေကို ရေစစ်ပြီး ဝါးဆူးချွန်လေးတွေနဲ့ လိုက်ပေါက်ပေးပါ ပြီးတာနဲ့ ရေ ၃ခါလောက်ဆေးပေးပြီး ရေစစ်ကာ ဆားနှင့်နယ်ပေးပါ။
  14. ကောင်လတ်ကြီး ငါးပိလုပ်ရာမှာတော့ ငါးအကောင်ကြီးတဲ့ အမျိုးအစားတွေ ဖြစ်တဲ့အတွက် ငါးတွေကို ဗိုက်ဖောက်ကာ မလိုတာတွေဖယ်ပေးပြီး အကြေးထိုး ခေါင်းဖြတ်ပေးပါ ပြီးတဲ့အခါမှာ အထက်ပါနည်းအတိုင်း ရေစိမ်ပေးပါ သူကတော့ အကောင်ကြီးတဲ့အတွက် တရက်ခွဲ နှစ်ရက်လောက် ရေစိမ်ပေးပါ ငါးများပွလာပြီ ဆိုတာနဲ့ ထိုငါးတွေကို ရေစစ်ပြီး ဝါးဆူးချွန်လေးတွေနဲ့ လိုက်ပေါက်ပေးပါ ပြီးတာနဲ့ ရေ ၃ထပ်လောက်ဆေးပေးပြီး ရေစစ်ကာ ဆားနှင့်နယ်ပေးပါ။
  15. ဆားနယ်ပြီးသား ငါးတွေကို နေပူပူမှာ လှမ်းပေးပြီး ညနေစောင်းလျှင် ပြန်သိမ်းပေးပါ တရက်စာ နေလှန်းထားတဲ့ ငါးတွေကို နောက်နေ့မှာ ဆားနဲ့ထပ်နယ်ပြီး သစ်သားဆုံထဲမှာ ထည့်ထောင်းပေးပါ အရမ်းကြီး ကျေသွားအောင် ထောင်းစရာ မလိုဘဲ ငါးတွေအနည်းငယ် ပျော့သွားရုံလောက်ဘဲ ထောင်းပေးရင် ရပါပြီ။
  16. ပြီးတာနဲ့ ငါးရက်လောက် နေလှန်းပြီးတာနဲ့ သိမ်းမည့် ပုလင်း သို့မဟုတ် စဉ့်အိုးလေးတွေထဲမှာ လက်လေးလုံးစာလောက် ချန်ထားပြီး ဖိသိပ်ထည့်ပေးပါ။
  17. ငါးငပိများ ထည့်ပြီးတာနဲ့ ငါးငပိအပေါ်မှာ ဆားကိုအရည်ဖျော်ပြီး လက်နှစ်လုံးစာလောက် နေရာချန်ကာ ဆားရည်ကို လောင်းထည့်ပေးပါ။
  18. ပြီးတာနဲ့ ပုလင်းအဖုံးကို ပလပ်စတစ်စ တစ်စခံကာ ပုလင်းအဖုံးကို ဖုံးပေးထားပါ လပြည့်ရက်တွေမှာ ငါးငံပြာရည် အိုးတက်ရည် ပုလင်းအပေါ်ကိုလျှံပြီး တက်တတ်တဲ့အတွက် သတိထားပြီး အိုးအဖုံးကို ဖွင့်ပေးထားပါ။
  19. ငါးပိအပေါ်ကို တက်လာသော အိုးတက်ရည်ကို ခပ်ယူထားပြီး ဟင်းချက်ရာမှာ အသုံးပြုနိုင်ပါတယ် အိုးတက်ရည် ခပ်ယူပြီးတာနဲ့ ဆားနှင့်ရေကို ငံနေအောင်ဖျော်ပြီး ငါးပိပုလင်းထဲ ထပ်ထည့်ပေးထားကာ လပြည့်နေ့တိုင်း ပြန်လည် ခပ်ယူနိုင်ပါတယ်။
  20. ငါးငပိနူးနူးနပ်နပ်လေး စားချင်တယ်ဆိုရင်တော ငါးပိများကို ပုလင်းထဲမှာ တလလောက် အနည်းဆုံးထားပြီးမှ ငါးပိရည်ကို ကျိုစေချင်ပါတယ်။
  21. မာမာကတော့ ငါးပိနံ့ ပိုမွှေးပြီး မြန်မြန်နပ်ချင်လို့ ပုလင်းထဲထည့်ပြီး နေပူပူမှာ တပါတ်လောက်ထပ်ပြီး နေပြပေးပါတယ်။

4 comments:

  1. ကျေးဇူးပါ မ ရေ ထမင်းတို့ ဆန်လှော်တို့ မထဲ့တော့ရင်လည်း ရတယ်နော် မ

    ReplyDelete
    Replies
    1. အခုလုပ်​နည်းက တာရှည်​ခံ​အောင်​ လုပ်​တဲ့နည်း​လေး​နော်​ ထမင်းနဲ့ဆန်​မှုန့်​ တခါထဲ ​ရောလုပ်​ထားရင်​ ကြာရှည်​မခံဘဲ ချွပြစ်​ပြစ်​ကြီး ဖြစ်​သွားတတ်​ပါတယ်​ ထမင်းထည့်​ချင်​တယ်​ဆိုရင်​​တော့ ထမင်း​ပျော့​ပျော့ကို ၃ရက်​​လောက်​ကြိုပြီး ငါးပိနဲ့န်​ထားရင်​ အဆင်​​ပြေပါတယ်​ ဆန်​မှုန့်​သုံးရင်​​တော့ ငါးပိကျိုကာနီး ဆန်​မှုန့်​ကို အရညိ​ဖျော်​ပြီး ​ရောကျိုလို့ရပါတယ်​​နော်​။

      Delete
  2. ကျေးဇူးပါ မ ရေ

    ReplyDelete
    Replies
    1. မာမာကလဲ ကျေးဇူးတင်ပါတယ်နော့

      Delete