Thursday, 12 April 2018

မန်ကျည်းသီးစိမ်း ငါးပိချက်







မန်ကျည်းသီးစိမ်းလေးတွေ လက်ဆောင်ရတော့ ချဉ်ငံစပ်လေး ချက်မိပြန်ပါတယ် မန်ကျည်းသီးစိမ်း ငါးပိချက်က ပုဇွန်ခေါင်းချိုးလေးတွေလေးတွေနဲ့ချက်ရင် ပိုပြီးစားလို့ကောင်းပါတယ် မာမာကတော့ ပုဇွန်ခေါင်းချိုး မရှိတဲ့အတွက် ပုဇွန်ထုတ်ကို ထောင်းပြီးချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ
  • မန်ကျည်းသီးစိမ်း - အနေတော် ၅၀တောင့်လောက်
  • ပုဇွန်ထုတ် - အနေတော် ၁၇ကောင်ခန့်
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ဟင်းခတ်ဇွန်းကြီး တဇွန်း 
ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်းကို အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဇကာမှာ ပွတ်တိုက်ပေးကာ ရေဆေးပြီး မညက်တညက် ထောင်းပေးထားပါ
  • ပုဇွန်ကို အခွံခွာကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ထားကာ ညက်နေအောင် ထောင်းထားပေးပါ
  • ပုဇွန်ခေါင်းကို သန့်စင်ပြီး သတ်သတ်ဖယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကို ခပ်သေးသေး လှီးပေးထားပါ
  • ငရုတ်သီးမှုန့်နနွင်းမှုန့် ဆီ ငံပြာရည် အချိုမှုန့်တို့ကို ပြင်ထားပါ
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းအောင်ထည့်ကြော်ပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ပုဇွန်ခေါင်းများနှင့် ထောင်းထားသော ပုဇွန်တို့ကို ထည့်မွှေပါ
  • ပုဇွန်များ ထည့်ပြီးတာနဲ့ ပုဇွန်များကို ဖိချေပြီး ကျေအောင်မွှေပေးပါ
  • ပုဇွန်အသားများ ကျေလာပြီး မာလာတာနဲ့ဆား ငံပြာရည်နှင့်အချိုမှုန့်ကိုထည့်မွှေပါ
  • ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းပေးပါ
  • အရသာမြည်းပြီးတာနဲ့လိုသလို ပြင်ပေးကာ ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို စားရန်ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment