Wednesday 30 October 2019

ငါးခူ မုန့်ဟင်းခါးချက်ရန် ငါးဆီသတ်နည်း


ငါးဆီသတ်ရန် ကြက်သွန်နီ ငါးအသားများနှင့် 
ငရုတ်သီးထောင်း


ကြက်သွန်နီ ချင်း ကြက်သွန်ဖြူ စပါးလင်ထောင်း

ကြက်သွန်နီ

ဆီနှင့်နနွင်းကို အပူပေးပါ

ဆီပူလာတာနဲ့ ကြက်သွန်နီကို ထဲ့ကြော်ပေးပါ

ကြက်သွန်နွမ်းတာနဲ့ ငရုတ်သီးထောင်းကို 
ထဲ့ကြော်ပေးပါ

ငရုတ်သီးနံ့ သင်းလာတဲ့အထိ ဆီသတ်ပေးပါ

ငရုတ်သီးနံ့လေး သင်းလာတာနဲ့ ငါးကိုထဲ့မွှေပေးပါ

ဆား ငါးငံပြာရည် အချိုမှုန့်တို့ ထဲ့မွှေပေးပါ

ငါးအသားများ ခြောက်လာတာနဲ့ မီးပိတ်ပြီး 
အအေးခံပေးပါ
ဗူးလေးတွေထဲထဲ့ပြီး သိမ်းပေးပါ

ဒီ​နေ့တော့ မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့ ငါးဆီသတ်ပြီး သိမ်းဖြစ်တဲ့ အထဲက နောက်ဆုံးအပိုင်းလေးအတွက် မာမာပြင်ဆင်ပြီး ဆီသတ်ကာ သိမ်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်နည်းနဲ့ ဆီသတ်ရာမှာ ပါဝင်တဲ့ ငါးပြုပ်နည်း ငရုတ်သီးပြိတ်နည်းနှင့် ပါဝင်ပစ္စည်းတွေ ပြင်ဆင်နည်းများကို ဒီ blog မှာဘဲ တစ်ဆင်းချင်းဆီ ရေးထားပေးပါတယ်ရှင်။

ပါ၀င်ပစ္စည်းမျာ (ဆီသတ်ဖို့ပြင်ဆင်ရန်)
  1. ပြုပ်ပြီးအရိုးထွင်ထားသော - ငါးအသားများ 
  2. ကြက်သွန်နီ - 200 g 
  3. ကြိတ်ထားသော ငရုတ်သီးများ
  4. ဆီ - နှစ်ဆယ်သား
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  7. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ပြုပ်ပြီးအရိုးထွင်ထားသော ငါးများကို အဆင်သင့် ပြင်ထားပါ
  • ကြိတ်ထားသော ငရုတ်သီး အစာများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီ 200 gကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဆီ နနွင်းမှုန့် ဆား ငံပြာရည်နှင့် အချိုမှုန့်တို့ကို ပြင်ထားပါ

ငါးဆီသတ်နည်း
  • ဒယ်အိုးထဲမှာ ဆီနှစ်ဆယ်သား နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ခပ်ပါးပါး လှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ကြိတ်ထားသော ငရုတ်သီး အစာများကို ထဲ့ပေးပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နေစဉ် အကျက်ညီစေရန်နှင့် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ငရုတ်သီး ဆီသတ်နံ့  မွှေးလာတဲ့အထိ ဆီသတ်ပေးပါ 
  • ဆီသတ်ချိန် ဆယ်မိနစ်လောက် မွှေပြီးတာနဲ့ အရိုးထွင်ထားသော ငါးအသားများကို ထဲ့ပြီး မွှေပေးပါ
  • အားလုံး သမသွားပြီ ဆိုတာနဲ့ ဆား ငါးငံပြာရည် အချိုမှုန့်တို့ကို ထဲ့မွှေပေးပါ
  • ငါးအသားများ မွလာတာတဲ့အထိ စိတ်ရှည်ရှည်နဲ့ ဆီသတ်ပေးပါ
  • ငါးအသားများ မွလာပြီး ခြောက်လာကာ အိုးထဲမှာ ဆီပြန်ထွက်လာပါက မီးပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့ အိုးကိုမီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံပေးထားပါ
  • ငါးဆီသတ်ထားတာ အေးသွားပါက လေလုံဗူးလေးများနှင့်ထဲ့ပြီး အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပြီး ဟင်းရည်ချက်ခါနီး နှစ်နာရီလောက် ကျိုထုတ်ထားပြီး မိမိလိုသလောက် ယူပြီး ဟင်းရည်ချက်ဖို့ ပြင်ပေးနိူင်ပြီ။

Tuesday 29 October 2019

မုန့်ဟင်းခါးချက်ရန် ငါးပြုပ် ငါးအရိုး အရည်ငင်ပုံ








ဒီနေ့တော့ မုန့်ဟင်းခါး ချက်တဲ့အခါမှာ အရမ်းကို အသုံးဝင်တဲ့ ငါးပြုပ်ရည်နဲ့ ငါးအရိုး အရည်ငင် ထားတာလေးတွေကို ပြင်ဆင်ပြီး သိမ်းတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဒီblog ထဲမှာဘဲ ငါးပြုပ်ပုံ ငါးအရိုးထွင်ပုံတို့ကို အဆင့်ဆင့် ရေးပေးထားပါတယ်
ငါးပြုပ်အရည်ငင်ပုံ
  1. ငါးပြုပ်ရည်ထဲမှ စပါးလင်နှင့်ငါးအရိုးများကို ဗလင်ဒါထဲထဲ့ပြီး ညက်နေအောင် ရောပြီကြိတ်ပေးပါ 
  2. ဗလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ
  3. အားလုံးညက်အောင် ကြိတ်ပြီးပါက ငါးပြုပ်ရည် လက်ကျန်နှင့် ရေအနည်းငယ်ရောကာ ထောင်းတာတာတွေကိုထည့်ပြီး အရည်ငင်ပေးပါ
  4. အရည်ငင်တဲ့အခါမှာ အရိုးသေးသေးလေးတွေ မပါရအောင် ဇကာခံ စိတ်စိတ်လေး ခံပေးကာ အရည်စစ်ပေးပါ
  5. အရည်ငင်ပြီးတာနဲ့ အရည်စစ်ပြီးသား စပါးလင်ဖတ်များနှင့် ငါးအရိုးများကို လွှင့်ပြစ်လိုက်ပါ
  6. ပြီးတာနဲ့ အရည်စစ်ပြီးသား ငါးပြုပ်ရည်များကို နောက်တစ်ခါ ဇကာစိတ်စိတ်လေးနှင့် အိုးတစ်လုံးခံကာ အရည်စစ်ပေးပါ
  7. အရည်စစ်ပြီးသော အရည်များကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး အအေးခံထားပေးပါ
  8. ကျိုထားသော ငါးပြုပ်ရည်များ အေးသွားပါက လေလုံသော ဗူးလးများနှင့် ထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာထဲ့ပြီး သိမ်းထားပါ
  9. မုန့်ဟင်းရည် ချက်မည်ဆိုပါက မချက်ခင် နှစ်နာရီလောက် ကျိုထုတ်ထားပြီး အရည်ဖျော်ပြီးမှ မိမိလိုသလောက် ထုတ်ယူကာ ချက်ယူနိူင်ပါတယ်။

Monday 28 October 2019

ငါးဆီသတ်ဖို့ ငရုတ်သီးကြိတ်ပုံ (မုန့်ဟင်းခါးချက်ရန်)


ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း စပါးလင်နှင့် 

ဗလင်ဒါထဲ ထဲ့ပေးပါ

ညက်နေအောင် ကြိတ်ပေးပါ



ဆီသတ်ရန် ကြက်သွန်နီကို ပါးပါးလှီးထားပါ

အရိုးထွင်ထားသောငါး


မုန့်ဟင်းခါး ချက်ရန်အတွက် ဒုတိယ အဆင့်အနေနဲ့ ဆီသတ်ဖို့ ငရုတ်သီးထောင်းဖို့ ပြင်ရပါမယ် ဆီသတ်ဖို့ ငရုတ်သီး ထောင်းရာမှာလဲ ငရုတ်ဆုံနဲ့ ထောင်းရင်လဲ ရသလို အချိန်မြန်မြန် ပြီးချင်ရင်တော့  ဗလင်ဒါထဲ ထဲ့ကြိတ်ရင်လဲ ရပါတယ် မာမာကတော့ ဗလင်ဒါနဲ့ဘဲ ထဲ့ကြိတ်ပေးထားပါတယ်။

ပါ၀င်ပစ္စည်းများ (ငရုတ်သီးထောင်းရန်အတွက်)
  1. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ချင်း - 100 g
  3. ကြက်သွန်နီ - 400 g
  4. ကြက်သွန်ဖြူ - 150 g
  5. စပါးလင် အပင်င်္ကြီးကြီး - ၁၅ပင်
ငရုတ်သီးထောင်းဖို့ပြင်ဆင်ရန်
  • စပါးလင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးပေးကာ မညက်တညက် ထောင်းထားပါ
  • ချင်း၅ကျပ်သားကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူများကို အခွံခွာကာ ရေဆေးထားပါ
  • ကြက်သွန်နီ 200 g ကို အခွံပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ (ဆီသတ်ဖို့ သတ်သတ်ဖယ်ထားပါ)
  • ကြက်သွန်နီ 200 g ကိုအခွံခွာထားပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဘလင်ဒါထဲထည့်ပြီး တစ်မိနစ်ကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ
  • ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲထဲ့ပြီး ညက်နေအောင် ထောင်းပေးထားပါ
  • ပြီးတာနဲ့ မုန့်ဟင်းခါးချက်ရန် ငါးဆီသတ်ဖို့မတွက် ငရုတ်သီး ကြိတ်ပြီးသား အဆင်သင့်လေး ရပါပြီ။

Friday 25 October 2019

ငါးပြုပ်ရန် ပြင်ဆင်ပုံ (ငါးခူနှင့် မုန့်ဟင်းခါးချက်ရန်)


ဆားထဲ့ပြီး သေသေချာချာ နယ်ပေးပါ

ဆားနှင့်သေသေချာချာနယ်ပြီးမှ ရေဆေးပါ

ပါဝင်ပစ္စည်းများ ထဲ့ပေးပါ

ငါးပြုပ်ရန် ပြင်ပေးပါ

အိုးကိုအဖုံးအုပ်ပြီး ပြုပ်ပေးပါ

ငါးအသား နူးလာတဲ့အထိ ပြုပ်ပေးပါ

ငါးပြုပ်ရည်ကို ဟင်းရည်ချက်ရာမှာ 
သုံးရန်သိမ်းထားပါ

ပြုပ်ပြီးသောငါးကို အအေးခံထားပါ
အရိုးနှင့်အသား သပ်သပ်စီထွင်ထားပါ

ဒီနေ့တော့ ငါးခူလေးတွေ ရလာတာနဲ့ မုန့်ဟင်းခါး ချက်တဲ့အခါ အဆင်သင့် ရလေအောင် ဆီသတ်ထားဖို့အတွက် ပြင်ဖြစ်ပါတယ် ဆီသတ်ပြီးတဲ့အထိ တစ်ခါထဲ အတွဲလိုက် တင်ရင် ပုံတွေများလွန်းတဲ့အတွက် ဆီသတ်ပြီး သိမ်းတဲ့အထိကို အပိုင်းလေးတွေခွဲပြီး တင်ပေးသွားပါမယ်ရှင်။

တစ်ခါမှ မချက်ဖူးသေးတဲ့ သူတွေလဲ အဆင်ပြေပြေ ချက်နိူင်အောင် တစ်ဆင့်ချင်းဆီကို သေသေချချာ ရှင်းပြပေးပါ့မယ် အစားကောင်းလေး စားချင်ရင်တော့ စိတ်လေးတော့ ရှည်ရပါမယ် ဒါကြောင့်မို့ မာမာ့အမေ ချက်တဲ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန်ပါ၀င်ပစ္စည်းများ
  1. ငါးခူ - တကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ငါးပြုပ်ထဲထဲ့ရန်)
  4. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးဆေးရန်)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. စပါးလင် - ၃ပင်ရေ
  7.  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ငါးပြုပ်ရန်)
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  • ငါးမှာရှိတဲ့ ဆူးတောင် ခေါင်း ငါးရဲ့ဆူးတောင်အောက်နား အသားထဲမှာရှိတဲ့ အညှိလုံးနှင့် ဗိုက်ထဲမှ အစာအိတ်များ ဖယ်ပေးပါ
  • ငါးကို မလိုတာတွေ ဖယ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ငါးနှင့်ဆားကို ထဲ့ပေးပြီး ခပ်နာနာ နယ်ပေးပါ
  • ငါးမှာကပ်နေတဲ့ အကျိအချွဲများ ကုန်သွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ နယ်ပေးပါ
  • ပြီးတာနဲ့ ငါးမှာကပ်နေတဲ့ အကျိအချွဲများ ကုန်သွားအောင် ရေနိူင်နိူင် ဆေးပေးပါ
  • စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးခူ ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  • ငါးကို အအေးခံထားကာ အေးလာပါက ငါးကို  အရိုးအသား သတ်သတ်စီ ထွင်ထားပေးပါ
  • ငါးခူရဲ့ အရည်ခွံများကို မသုံးချင်ပါက လွှင့်ပလိုက်ပါ
  • မာမာကတော့ ငါးခူအရည်ခွံလေးတွေက မုန့်ဟင်းရည်ကို မွှေးစေတဲ့အတွက် ယူထားပါတယ်ငါး
  • ပြုပ်ရည်နှင့် စပါးလင်ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ။
မှတ်ချက် ။ ။ ငါးပြုပ်အသား ထွင်ထားပြီးပါက ဆီသတ်ရန်နှင့် ငါးအရိုးပြုပ်ရန်တို့ကို ဆက်ပြီးပြင်ဆင်ဖို့ နောက်တစ်ပိုင်းကို ကြည့်ပေးပါ။

Wednesday 23 October 2019

ကရင် မုန့်ဟင်းခါး







ဒီနေ့တော့ ကရင်မုန့်ဟင်းခါး ချက်ပါတယ် ကရင်ပြည်နယ်မှာ ဆယ်နှစ်နီးပါး နေခဲ့တုန်းက မုန့်ဟင်းခါးကို အမျိုးမျိုး ချက်စားဖြစ်ကြပါတယ် အဲဒီအထဲကမှ မကြာမကြာ ချက်စားဖြစ်တဲ့ ကရင်မုန့်ဟင်းရည်ချက်ပြီး စားချင်တဲ့ အသီးအရွက်နဲ့ အကြော်ပေါင်းစုံကြော်ကာ စားကြဖို့ ပြင်ထားပါတယ်။

ကရင်မုန့်ဟင်းခါးလို့ ပြောရင် အရင်ဆုံး လွမ်းမိတာက ကော့ကရိတ်ဆေးရုံပါဘဲ ဆေးရုံမှာ လသာတဲ့ညတို့ အေးအေးချမ်းချမ်း ရှိတဲ့နေ့တို့ဆိုရင် မုန့်ဟင်းခါး ချက်ရင်ချက် မုန့်ဟင်းခါး မချက်ဖြစ်ရင် ခေါပုတ်ထောင်းစားကြတာ တစ်ကယ်ကို သိရစရာတွေပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ ( မိသားစု ၄ယောက်စာအတွက် )
  1. မုန့်ဖတ် - တစ်ကီလို
  2. ငါးခူ - သုံးဆယ်သား
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  4. ငါးပိရည်ကျိုအနှစ် - ထမင်းစားဇွန်း လေးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်နီ - အလုံးသေး ၁၀လုံး
  8. ငှက်ပျောအူ - မိမိနှစ်သက်သလောက် (သို့)
  9. ကြာစွယ် - မိမိနှစ်သက်သလောက်
  10. ကြက်ဥ - ၇လုံး
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. ငါးငံပြာရည်- ထမင်းစားဇွန်း လေးဇွန်း
  13. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. နံနံပင် - မိမိနှစ်သက်သလောက်
  16. ပဲသီး - မိမိနှစ်သက်သလောက်
  17. ပူစီနံ - မိမိနှစ်သက်သလောက်
  18. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  19. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  20. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  21. သံပုရာသီး - မိမိနှစ်သက်သလောက်
  22. ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
  23. ရေ ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ငါးပြုပ်ရန်
  24. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
  25. ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးဗူးစာ (ဆီချက်ချက်ရန်)
  26. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ငါးပြုပ်ရန်
  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ငါးခူ ငါးပိရည်ကျိုအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်  စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
  • အသားနွှင်ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ဟင်းရည်အိုးတည်ရန်
  • ငရုတ်ကောင်းကို မွှေးလာအောင် လှော်ပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်ဆို့ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ငှက်ပျောအူကို အကြောသင်ပြီး ခပ်ပါးပါးလှီးကာ နနွင်းရည်မှာ စိမ်ထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်ဥ နှစ်လုံးကို ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည်နှင့် ရေ ဆား ငါးငံပြာရည် အချိုမှုန့် ငါးအသားတို့ကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  • ငှက်ပျောအူများ နူးလာပါက လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
  • ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိူင်သလို ထဲ့မချက်လဲ ရပါတယ်
ဆီချက်ချက်ရန် (မုန့်ဟင်းခါးထဲ ထည့်စားရန်)
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ကြက်သွန်ဖြူထောင်းကို ထဲ့ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
  • ကြက်သွန်အားလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပေးပါ
  • ဆီနှင့် ကြက်သွန်ကြော်များ အေးသွားပါက ပန်းကန်တစ်ခုထဲမှာ ရောပြီး ထဲ့ပေးထားပါ။
မုန့်ပွဲပြင်ဆင်ရန်
  • မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  • ပဲသီးကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပေးပါ
  • ပူစီနံကို ရေဆေးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်ဥကို အခွံခွာပြီး ထက်ဝက်ခြမ်း ထားပေးပါ
  • မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
  • ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာတို့ကို အနည်းငယ်စီ ထဲ့ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ ကရင်မုန့်ဟင်းခါး ဟင်းရည်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။
မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိူင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။

Monday 21 October 2019

တို့ဟူးနွှေး






ဒီနေ့တော့ တို့ဟူးနွှေး လုပ်စားဖြစ်တာလေးကို မျှဝေပေးချင်ပါတယ် တို့ဟူးနွှေး ဆိုတာမျိုးက ပဲမှုန့်နဲ့ လုပ်ရတာမို့လို့ ပဲမှုန့်က အရမ်းလတ်ဆတ်ဖို့တော့ လိုပါတယ်။

ပထမအကြိမ် မြန်မာပြည်က ဝယ်လာတဲ့ ပဲမှုန့်နဲ့ လုပ်လိုက်တာ ပဲမှုန့်က မလတ်တော့ ကျိုပြီးတဲ့ အခါမှာ ခါးသက်သက်နဲ့ စားလို့မကောင်းတဲ့အတွက် သွန်ပြစ်လိုက်ရပါတယ်။

ဒါကြောင့်မို့လို့ တို့ဟူးနွှေး လုပ်တော့မယ် ဆိုရင်တော့ ကုလားပဲမှုန့် လတ်လတ်ဆတ်ဆတ်နဲ့ လုပ်ပေးပါလို့လဲ အကြံလေး ပေးချင်ပါသေးတယ်။

ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေကတော့ မြန်မာပြည်က အစားအစာ တစ်မျိုးဖြစ်ပြီး ရှမ်းလူမျိုးတို့ရဲ့ အစားအစာ တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်တွေနဲ့ အလှမ်းဝေးပါတယ်။

အလှမ်းဝေးတယ် ဆိုတာက ကိုယ်တွေအနေနဲ့ နေ့စဉ်ပြင်ဆင်ပြီး စားနေကျ မဟုတ်တဲ့အတွက် အလှမ်းဝေးတယ်လို့ ပြောခြင်းမျှသာပါ  မြန်မာပြည်မှာ နေတုံးကတော့ ရန်ကုန်မှာ မကြာမကြာ စားဖူးပေမဲ့ ချက်နည်းပြင်ဆင်နည်းတွေကို မသိခဲ့ပါဘူး ဒါကြောင့်မို့လို့ ရှမ်းအစားအစာများ မျှဝေရာ ဂရုကနေကြည့်ပြီး ပြင်ဆင်ထားပြီး မာမာချက်ထားဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
ကြက်ရင်ပုံသား - ၁၅၀ ဂရမ်
ဆန်စေးခေါက်ဆွဲခြောက် - ၁၂၀ ဂရမ်
ကုလားပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ပဲငံပြာရည်အကြည် - လိုသလောက်
ဆီ - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်
ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
ခရမ်းချဉ်သီး - အလုံးကြီးကြီး သုံးလုံး
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (နှစ်မျိုးသုံးရန်)
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (နှစ်မျိုးသုံးရန်)
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား - ထမင်းစားဇွန်း တစ်ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ရေ - နှစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
နံနံပင် - မိမိနှစ်သက်သလောက်
မုန့်ညှင်းချဉ် - မိမိနှစ်သက်သလောက်
နှမ်းလှေ်ာ - မိမိနှစ်သက်သလောက်

ကြက်သားဟင်းချက်ရန် ပြင်ဆင်ပုံ
ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်သေးသေးလေးတွေ တုံးထားပါ
ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
တခြားပါဝင်ပစည်းများကို ပြင်ထားပါ
ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ 
ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီး ဆား အချိုမှုန့် ငံပြာရည်နှင့် ရေအနည်းငယ်တို့ကို ထည့်မွှေပါ 
ခရမ်းချဉ်သီးများ ကျေလာပြီး ရေအနည်းငယ် ကျန်ချိန်မှာ လှီးထားသော ကြက်သားကို ထဲ့မွှေပေးပါ
ကြက်သားအသား မာလာချိန်မှာ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
ကြက်သား ဆီမပြန်ခင် အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
မိမိစိတ်ကြိုက် အရသာ ရလာပြီး ဆီပြန်လာပါက မီးပိတ်ထားပါ
ဆန်စေးခေါက်ဆွဲပြုပ်ရန်
ဆန်စေးခေါက်ဆွဲကို ရေတစ်နာရီလောက် စိမ်ထားပါ
ရေစိမ်ထားသော ဆန်စေးခေါက်ဆွဲကို ရေနွေးဆူဆူမှာ နှစ်မိနစ်လောက် ပြုပ်ပေးပါ
ခေါက်ဆွဲသားပျော့ပြီး အနေတော် ဖြစ်လာပါက ရေနွေးများသွန်ပြီး ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
တို့ဟူးကျိုရန်
ပဲစိမ်းမှုန့်ကို ဆား သကြား နနွင်းမှုန့်တို့ကိုထည့်ပြီး သမအောင် မွှေပေးကာ ရေတစ်ခွက်ထည့်ပြီး မွှေတံနှင့် ပျော်အောင် ဖျော်ပေးပါ
ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေတစ်ခွက်စာ ထည့်ပေးပြီး အိုးပေါ်မှာ ဇကာစိတ်စိတ်ခံကာ ပဲရည်ကို သွန်ချပေးပါ
ထိုအိုးကို မီးဖိုပေါ်တင်ပြီး ကျိုပေးပါ
ပဲရည်ကျိုနေစဉ် အဆက်မပြတ် မွှေပေးပါ 
ပဲရည်ပျစ်လာပါက မီးပိတ်ကာ မီးပေါ်မှ ဖယ်ထားပေးပါ
တို့ဟူးနွှေးထဲထည့်ရန်
နံနံပင်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
မြေပဲလှော်ပြီးသားကို မညက်တစ်ညက် ထောင်းထားပါ
ပဲငံပြာရည် အကြည်ကို ပြင်ထားပါ
မုန့်ညှင်းချဉ်ကို အနေတော်လေးတွေ လှီးထားပေးပါ

စားပွဲပြင်ရန်
ဇောက်နက်သော ပန်းကန်တစ်ခုထဲမှာ ဆန်စေးဖတ်ကို ထည့်ပေးပါ
ထိုအပေါ်မှ တို့ဟူးရည်ကို ပူပူနွေးနွေးလေးကို ထည့်ပေးပါ
ပဲအရည်အပေါ်မှ ချက်ထားသော ကြက်သားဟင်း ပဲငံပြာရည် နှမ်းလှော် နံနံပင် မုန့်ညှင်းချဉ်နှင့် မြေပဲလှော်ထောင်းတို့ကို ထည့်ပေးပါ
အားလုံးပြင်ပေးပြီးပါက စားလို့ရမ်းကောင်းတဲ့ တို့ဟူးနွှေးလေးကို သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။