Wednesday 23 October 2019

ကရင် မုန့်ဟင်းခါး







ဒီနေ့တော့ ကရင်မုန့်ဟင်းခါး ချက်ပါတယ် ကရင်ပြည်နယ်မှာ ဆယ်နှစ်နီးပါး နေခဲ့တုန်းက မုန့်ဟင်းခါးကို အမျိုးမျိုး ချက်စားဖြစ်ကြပါတယ် အဲဒီအထဲကမှ မကြာမကြာ ချက်စားဖြစ်တဲ့ ကရင်မုန့်ဟင်းရည်ချက်ပြီး စားချင်တဲ့ အသီးအရွက်နဲ့ အကြော်ပေါင်းစုံကြော်ကာ စားကြဖို့ ပြင်ထားပါတယ်။

ကရင်မုန့်ဟင်းခါးလို့ ပြောရင် အရင်ဆုံး လွမ်းမိတာက ကော့ကရိတ်ဆေးရုံပါဘဲ ဆေးရုံမှာ လသာတဲ့ညတို့ အေးအေးချမ်းချမ်း ရှိတဲ့နေ့တို့ဆိုရင် မုန့်ဟင်းခါး ချက်ရင်ချက် မုန့်ဟင်းခါး မချက်ဖြစ်ရင် ခေါပုတ်ထောင်းစားကြတာ တစ်ကယ်ကို သိရစရာတွေပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ ( မိသားစု ၄ယောက်စာအတွက် )
  1. မုန့်ဖတ် - တစ်ကီလို
  2. ငါးခူ - သုံးဆယ်သား
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  4. ငါးပိရည်ကျိုအနှစ် - ထမင်းစားဇွန်း လေးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်သွန်နီ - အလုံးသေး ၁၀လုံး
  8. ငှက်ပျောအူ - မိမိနှစ်သက်သလောက် (သို့)
  9. ကြာစွယ် - မိမိနှစ်သက်သလောက်
  10. ကြက်ဥ - ၇လုံး
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. ငါးငံပြာရည်- ထမင်းစားဇွန်း လေးဇွန်း
  13. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. နံနံပင် - မိမိနှစ်သက်သလောက်
  16. ပဲသီး - မိမိနှစ်သက်သလောက်
  17. ပူစီနံ - မိမိနှစ်သက်သလောက်
  18. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  19. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  20. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  21. သံပုရာသီး - မိမိနှစ်သက်သလောက်
  22. ရေ - ၂၀ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ဟင်းရည်ချက်ရန်
  23. ရေ ၂ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) ငါးပြုပ်ရန်
  24. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂၀မွှာ (ဆီချက်ချက်ရန်)
  25. ဆီ - မုန့်လုပ်ရာတွင် ချင်သောခွက် သုံးဗူးစာ (ဆီချက်ချက်ရန်)
  26. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီချက်ချက်ရန်)
ငါးပြုပ်ရန်
  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ငါးခူ ငါးပိရည်ကျိုအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်  စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
  • အသားနွှင်ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ဟင်းရည်အိုးတည်ရန်
  • ငရုတ်ကောင်းကို မွှေးလာအောင် လှော်ပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့်နှင့် ငါးငံပြာရည်ဆို့ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ငှက်ပျောအူကို အကြောသင်ပြီး ခပ်ပါးပါးလှီးကာ နနွင်းရည်မှာ စိမ်ထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်ဥ နှစ်လုံးကို ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ရည်နှင့် ရေ ဆား ငါးငံပြာရည် အချိုမှုန့် ငါးအသားတို့ကို ထဲ့ပေးပြီး မီးဖိုပေါ်တင်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပါက ငှက်ပျောအူနှင့် ကြက်သွန်နီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  • ငှက်ပျောအူများ နူးလာပါက လှီးထားသော ကြက်ဥများနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ မီးကိုပိတ်လိုက်ပြီး လက်ကျန်မီးအပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ။
  • ငှက်ပျောအူ မရှိပါက ကြာစွယ်ထည့်ပြီး ချက်နိူင်သလို ထဲ့မချက်လဲ ရပါတယ်
ဆီချက်ချက်ရန် (မုန့်ဟင်းခါးထဲ ထည့်စားရန်)
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး ကြက်သွန်ဖြူထောင်းကို ထဲ့ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
  • ကြက်သွန်အားလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးကာ အအေးခံထားပေးပါ
  • ဆီနှင့် ကြက်သွန်ကြော်များ အေးသွားပါက ပန်းကန်တစ်ခုထဲမှာ ရောပြီး ထဲ့ပေးထားပါ။
မုန့်ပွဲပြင်ဆင်ရန်
  • မုန့်ဖတ်နှင့် ဟင်းရည်တို့ကို ပြင်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ
  • ပဲသီးကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပေးပါ
  • ပူစီနံကို ရေဆေးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်ဥကို အခွံခွာပြီး ထက်ဝက်ခြမ်း ထားပေးပါ
  • မိမိနှစ်သက်ရာ အကြော်တို့ကို ပြင်ထားပေးပါ
  • ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပန်းကန်တစ်ခုထဲမှာ မုန့်ဖတ်နှင့်အတူ မိမိနှစ်သက်ရာတို့ကို အနည်းငယ်စီ ထဲ့ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ ကရင်မုန့်ဟင်းခါး ဟင်းရည်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။
မှတ်ချက် ။ ။ အငံအရသာကိုတော့ မိမိတို့စိတ်ကြိုက် ထဲ့ပေးနိူင်ပါတယ် မာမာကတော့ အငံအရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အငံအရသာကို လျှော့ပေးပြီး ချက်ထားပါတယ်။

No comments:

Post a Comment