Wednesday 9 October 2019

ကြမ်မဆိုင်လုပ်နည်း (တတိယနည်း)














အသီးအရွက်လေးတွေ ပေါ်ချိန်ဆို အချဉ်တည် ရတာတို့ အခြောက်လှန်းတာတို့ လုပ်ရတာကို မပျင်းမရိ မရိလုပ်တတ်တဲ့ ဝါသနာလေးတွေကြောင့် ဒီနေ့တော့ ကြံမဆိုင်လုပ်နည်း နောက်တစ်နည်းနဲ့ လုပ်ထားတာ ရသွားပြီမို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်​ပစ္စည်းများ

  1. မုန့်ညှင်းစိမ်း - အပင်ကြီးကြီး နှစ်ပင်
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက်
  3. ချင်းတက်- နှစ်လက်မခန့်
  4. ရေ - ငါးလီတာ
  5. ကျိုပြီး အရွက်ပြုပ်ပြီးသား ရေနွေး - တစ်လီတာသာသာ
  6. ပုလင်းသန့်သန့် - တစ်လုံး
ပြင်ဆင်ပုံ

  1. မုန့်ညှင်းစိမ်း အရွက်များ​ကို ရေစင်အောင် ဆေးပေးပြီး ရေစစ်ထားပါ
  2. အပင်လိုက် အချဉ်တည်မှာဖြစ်လို့ အပင်ရဲ့ အရင်းပိုင်းမှ  အရွက်များရဲ့  ကြားထဲကို သေသေချာချာ ဆေးပေးပါ
  3. ချင်းကိုအခွံခွာပြီး ရေဆေးကာ ကျေသွားအောင် ထုပေးထားပါ
  4. အရွက်များ ရေစစ်ပြီ ဆိုတာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ 
  5. ရေနွေးပက်ပွက် ဆူလာတာနဲ့ အရွက်များကို နှစ်မိနစ်လောက် ထည့်ပြုပ်ပေးပါ
  6. ရေနွေးနှင့် ပြုပ်စဉ် တစ်ပင်လုံးကို ပြုပ်မိစေရန် မုန့်ညှင်းစိမ်းပင်ကို အထက်အောက် လှည့်ပေးပါ
  7. ပြီးတာနဲ့ ရေနွေးထဲမှ ဆယ်ပေးပြီး ရေအေးနှင့် ဆေးပေးပါ
  8. အရွက်ပြုပ်ထားသော ရေနွေးထဲမှ တစ်လီတာသာသာလောက် ချန်ထားကာ ရေနွေးလက်ကျန် အိုးထဲကို ဆားထည့်ပြီး ပျော်အောင် မွှေပေးကာ အအေးခံထားပါ
  9. အရွက်များ အချဉ်တည်နေစဉ် အူလည်လည် မဖြစ်စေရန်  ဆားကို ခပ်​ငံငံ​လေး ထည့်ပေးပါ
  10. ဆားရည်နှင့် အရွက်များ အေးသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ ပုံပါအတိုင်း အပင်လိုက် ဖိထည့်ပေးပါ
  11. အပင်တစ်ပင်ထည့်လိုက် ချင်းတစ်ထပ်ထည့်လိုက် ထည့်​ ပေးပါ
  12. အရွက်များ ထည့်ပြီးတာနဲ့ ဆားရည်များ ထည့်ပေးပြီးပါက အရွက်များ မြုပ်သွားအောင် ဇွန်းသန့်သန့်နှင့် ဖိဖိပေးပါ
  13. ပိုနေသောဆားရည်ကို သွန်မပြစ်ဘဲ သိမ်းထားပါ
  14. သုံးရက်လောက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး ဆားရည်အခြေ အနေကို ကြည့်ပေးပါ
  15. မုန့်ညှင်းပင်ထဲကို ဆားရည်​​လေး​တွေ စိမ့်ဝင်လာပြီး အရွက်များ ရေပေါ်ပေါ်လာခဲ့ရင် အရွက်​များ မြုပ်​​သွားအောင်​ ဇွန်းသန့်​သန့်​နဲ့ ဖိဖိ​ပေးပြီး အဖုံးလုံ​အောင်​ ပြန်​ပိတ်​ထား​ပေးပါ
  16. အရွက်နှင့်ဆားရည် ထည့်ပေးပြီးတာနဲ့ ပုလင်းကို ​လေလုံ​အောင် ​ပိတ်​ထားပြီး အခန်းအပူချိန်အတိုင်း ထားပါက ၁၀ရက်လောက်ဆို ရပါပြီ
  17. ရာသီဥတု ပူရင်တော့ နေပူထဲမှာ ပြပေးရင် ၈ရက်လောက်ဆို ရပါပြီ
  18. ထားရမည့် ရက်ပြည့်တာနဲ့ မိမိနှစ်သက်သလို ပြင်ဆင်ပြီး ချက်ပြုပ်နိုင်မည့် ကြံမဆိုင် ချဉ်ချဉ်မွှေးမွှေးလေးကို ရပါပြီ။
မှတ်ချက် ။ ။ အသီးအရွက်များ အချဉ်တည်တော့မယ်ဆိုရင် ပုလင်းကို သန့်နေအောင် ဆေးထားပြီး အချဉ်တည်မဲ့ အသီးအရွက်များကို ပုလင်းထဲမှာ ကြပ်သိပ်နေအောင် ထည့်ပေးပါ။

No comments:

Post a Comment